News @ M-Media

လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်နေသည့် ၆၆(ဃ) ကို ပြင်မည်ဟု ဒေါ်စုပြော

ဇူလိုင် ၆၊ ၂၀၁၇
M-Media

– လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ထိခိုက်စေပြီး ဂျာနယ်လစ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောင်သွင်းအကျဉ်းချရာမှာ အသုံးပြုတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောကြားထားတဲ့ ဥပဒေတစ်ခုကို ပြင်ဆင်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

နှစ် ၅၀ နီးပါးအတွင်း ပထမဆုံး အရပ်သားအစိုးရ တက်လာပေမယ့် မြန်မာနိုင်ငံမှာ လတ်တလော သတင်းထောက်တွေ ဆက်တိုက် အဖမ်းခံရမှု၊ စာနယ်ဇင်းလုပ်ငန်းမှာ ပိတ်ပင်တားဆီးမှုတွေ ကြုံတွေနေရတဲ့အတွက် စိုးရိမ်မှုတွေ ရှိတယ်လို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က သိပ်မကြာခင်ကပဲ ပြောကြားထားပါတယ်။

လွှတ်တော်မှာ အများစုနေရာရထားတဲ့ NLD ပါတီက လွှတ်တော်အမတ်တွေဟာ အရင်အစိုးရတွေလက်ထက်က သဘောထားကွဲသူတွေကို နှိပ်ကွပ်ဖို့ အသုံးပြုတဲ့ ဥပဒေကို ပယ်ဖျက်ဖို့ အားထုတ်မှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

“၆၆(ဃ) အတွက် လွှတ်တော်အမတ်တွေက ပြင်ဆင်တာတွေလုပ်ဖို့ စဉ်းစားနေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဘယ်လိုပြင်ဆင်မှုတွေလုပ်မယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း မရှိပါဘူး။ မြန်မာအာဏာပိုင်တွေက ဒီဥပဒေနဲ့ တရားစွဲခံရသူတွေကို တရားသူကြီးတွေက အာမခံပေးပြီး လွှတ်နိုင်လောက်အောင်သာ ပြင်ဆင်မယ့်အနေအထားရှိကြောင်း သံတမန်တွေက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အင်တာနက်သုံးစွဲမှု ကျယ်ပြန့်လာတဲ့ မြန်မာနိုင်ငံမှာ အမုန်းစကားတွေ၊ သတင်းမှားတွေကို ဟန့်တားဖို့ ၆၆ (ဃ) လိုအပ်တယ်လို့ တစ်ချို့ NLD ပါတီ အကြီးတန်းပုဂ္ဂိုလ်တွေက ပြောကြားထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုရဲ့ သတင်းကို သွားယူတဲ့ ဂျာနယ်လစ် ၃ ဦးဟာ ပြီးခဲ့တဲ့လက စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တရားမ၀င်အသင်းအဖွဲ့နဲ့ ဆက်သွယ်မှုအတွက် တရားစွဲဆို ခံထားရပါတယ်။

နေ့စဉ်ထုတ်သတင်းစာရဲ့ အယ်ဒီတာတစ်ဦးကလည်း စစ်တပ်အကြောင်း သရော်စာရေးတဲ့အတွက် တရားရင်ဆိုင်နေရပြီး ဒီအဖြစ်အပျက်တွေက မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာတွေဖြစ်လာကာ နိုင်ငံတကာလည်း ၀ိုင်းဝန်း ရှုတ်ချခဲ့ကြပါတယ်။

မကြာခင်က ဖမ်းဆီးခံရတဲ့ သတင်းထောက် ၃ ဦးကိစ္စ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ရပ်တည်ချက်ကို ဖြေကြားခြင်းမရှိဘဲ သတင်းထောက် ၃ ယောက်နဲ့ စစ်တပ်ကိစ္စလောက်သာ ကွက်ကြည့်လို့မရကြောင်း၊ လက်ရှိဥပဒေတွေဟာ တရားမျှတမှု၊ ဒီမိုရက်စီနည်းကျမှုဆိုတဲ့ မိမိတို့ရဲ့ ဆန္ဒနဲ့ ကိုက်ညီမှုရှိလားဆိုတာကို ဆန်းစစ်ရမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

Ref: Reuters