News @ M-Media

Tag: MMediaTech

  • ဉာဏ်ရည်တုနည်းပညာ (AI) ကို ဖန်တီးမှုအတွက် နောင်တရနေတဲ့ ဟင်တန်

    ဉာဏ်ရည်တုနည်းပညာ (AI) ကို ဖန်တီးမှုအတွက် နောင်တရနေတဲ့ ဟင်တန်

    မေ ၃၊ ၂၀၂၃

    M-Media


    -AI ရဲ့ ခေါင်းကိုင်ဖခင်လို့ သတ်မှတ်ခံထားရတဲ့ ဂျီယိုဖရေး ဟင်တန်က သူတီထွင်ခဲ့တဲ့ နည်းပညာဟာ လူသားတွေအတွက် အလွန်အန္တရာယ်ရှိနေပြီလို့ ပြောကြားလိုက်ပါတယ်။ 

    ဟင်တန်ဟာ အသက် ၇၅ နှစ်အရွယ်ရှိပြီး မနေ့က Google က နေနှုတ်ထွက်ခဲ့ပါတယ်။ AI ကို ဖန်တီးပေးခဲ့မှုအတွက် နောက်တရနေတယ်လို့လည်း သူက ဆိုပါတယ်။ 

    “အခုအချိန်မှာ AI ဟာ လူသားတွေလောက် အသိဉာဏ် မရှိသေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင်မှာ လူသားအသိဉာဏ်ကို ကျော်ဖြတ်သွားမယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်” 

    လူသားဦးနှောက်လို အလုပ်လုပ်တဲ့ Neural Networks နည်းပညာ၊ အလိုအလျောက် သင်ယူလေ့လာတဲ့ Deep Learning နည်းပညာတို့ကို ဟင်တန်က စတင် လေ့လာဖော်ထုတ်ခဲ့ပြီး အဲဒီကနေတစ်ဆင့် AI နည်းပညာ ထွန်းကားလာတာပါ။ 

    လက်ရှိ AI လောကမှာ နာမည်အကြီးဆုံးက Chat GPT ဖြစ်ပါတယ်။ ဒီလို ဆော့ဖ်၀ဲတွေဟာ လူသားဦးနှောက်က သိုမှီးတဲ့ အသိပညာတွေထက်ကို နောက်ပိုင်းမှာ ကျော်လွန်သိုမှီးလာနိုင်မယ်လို့ ဟင်တန်က ပြောပါတယ်။ 

    လူသားတစ်ယောက် သိရှိထားတဲ့ အသိပညာဟာ နောက်တစ်ယောက်ကို လက်ဆင့်ကမ်းဖို့ မလွယ်ပေမယ့် AI နည်းပညာတစ်ခုက ရရှိထားတဲ့ အချက်အလက်ဟာ နောက်ထပ် AI စနစ် ၁၀၀၀၀ လောက်ကို မဆိုင်းမတွ ကော်ပီလုပ်နိုင်ပါတယ်။ 

    ရုရှားသမ္မတ ပူတင်လို လူဆိုးတွေက AI နည်းပညာကို အဖျက်ဖက်မှာ သုံးစွဲလာမှာကို စိုးရိမ်တယ်လို့လည်း ဟင်တန်က ဆိုပါတယ်။ 

    AI ဖန်တီးမှုကို လက်ရှိအဆင့်မှာတင် ရပ်တန်ဖို့အတွက် ကမ္ဘာထိပ်တန်း ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက မတ်လမှာ စုပေါင်းလက်မှတ်ရေးထိုးပြီး အစိုးရတွေကို တောင်းဆိုခဲ့ပါတယ်။ 

    ဟင်တန်က AI ရဲ့ ကောင်းကျိုးဟာ အန္တရာယ်ထက် ပိုများတဲ့အတွက် ဖန်တီးမှုကို မရပ်တန့်သင့်ဘူးလို့ သုံးသပ်ပါတယ်။ 

    အမေရိကန်က AI ဖန်တီးမှုကို ရပ်တန့်ရင်တောင် တရုတ်လိုနိုင်ငံမျိုးက ဆက်လက်လုပ်ဆောင်နေမှာဖြစ်တဲ့အတွက် AI လုံး၀ရပ်တန့်ရေး မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။ 

    ဒီလိုဖန်တီးရာမှာ တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိဖို့ ကမ္ဘာတစ်၀ှမ်းက အာဏာပိုင်တွေကို ဟင်တန်က တိုက်တွန်းခဲ့ပါတယ်။

    Ref: BBC

  • ရင်သပ်ရှုမောစရာဂျူပီတာ


    သြဂုတ် ၂၃၊ ၂၀၂၂
    M-Media

    -ကမ္ဘာတည်ရှိတဲ့ နေအဖွဲ့အစည်းက အကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ကြာသာပတေးဂြိုဟ် ဂျူပီတာရဲ့ ရင်သပ်ရှုမောစရာ ဓာတ်ပုံတွေကို အမေရိကန် အာကာသအေဂျင်စီ နာဆာက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ဒီပုံတွေကို လူသားသမိုင်းမှာ အကြီးဆုံးနဲ့ အဆင့်မြင်ဆုံး တယ်လီစကုပ် James Webb နဲ့ ဇူလိုင်လတုန်းက ရိုက်ကူးထားတာပါ။

    ဂျူပီတာြဂိုဟ်က ဧရာမ မုန်တိုင်းကြီးတွေ၊ လတွေ၊ ဂြိုဟ်ပတ်လည်မှာ ရှိတဲ့ကွင်း၊ ဂြိုဟ်ရဲ့ မြောက်နဲ့ တောင်၀င်းရိုးစွန်းမှာရှိတဲ့ အလင်းရောင် စတာတွေကို ဒီဓာတ်ပုံမှာ အသေးစိတ် မြင်ရပါတယ်။

    “ဂျူပီတာဂြိုဟ်ရဲ့ ဒီလိုပုံမျိုးမြင်ရတာ ဒါပထမဆုံးပါပဲ။ သိပ်ကို ရင်သပ်ရှုမောစရာ ကောင်းပါတယ်။ ရိုးရိုးသားသားပြောရရင် ပုံတွေ ဒီလောက် ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး” လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က နက္ခတ္တဗေဒပညာရှင် အင်မီကီ ဒီ ပါတာကိုက ပြောပါတယ်။

    Great Red Spot လို့ အမည်ပေးထားတဲ့ မုန်တိုင်းဆိုရင် ကမ္ဘာကြီးကိုပါ ၀ါးမြိုသွားနိုင်တဲ့အထိ အင်အား ပြင်းထန်ပါတယ်။

    ကမ္ဘာတည်ရှိရာ နေအဖွဲ့အစည်းက ၅ လုံးမြောက်ဖြစ်တဲ့ ဂျူပီတာြဂိုဟ်ဟာ ဒြပ်ထု အလွန်ကြီးမားတဲ့ ဂြိုဟ်တစ်ခုဖြစ်ပြီး အခြားဂြိုဟ်တွေအားလုံးပေါင်း ဒြပ်ထုရဲ့ နှစ်ဆခွဲကျော် ရှိပါတယ်။

    လပေါင်း ၇၉ လုံးရှိပြီး အပူချိန်က အနှုတ် ၁၀၈ ဒီဂရီဆဲလ်စီးယပ်စ်ရှိပါတယ်။ ဂျူပီတာဂြိုဟ်က တစ်နှစ်ဟာ ရက်ပေါင်း ၄၃၃၃ ရက် ကြာပါတယ်။

    Ref: BBC

  • James Webb တယ်လီစကုပ်ကပြောသည့် စကြာ၀ဠာကြီးအကြောင်း

    James Webb တယ်လီစကုပ်ကပြောသည့် စကြာ၀ဠာကြီးအကြောင်း

    ဇူလိုင် ၁၃၊ ၂၀၂၂
    M-Media

    -လူသားသမိုင်းမှာ စွမ်းအားအမြင့်ဆုံး အာကသတယ်လီစကုပ် James Webb ကနေ ရိုက်ကူးထားတဲ့ အာကာသပုံရိပ်တွေကို အမေရိကန် အာကာသအေဂျင်စီ နာဆာက ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်တွေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ရင်သပ်ရှုမောစရာ ဒီဓာတ်ပုံတွေဟာ လူသားတွေ အရင်က မမြင်ဖူး မတွေ့ဖူးတဲ့ အာကာသပုံရိပ်တွေလည်း ဖြစ်ပါတယ်။

    အာကာသက အနက်ရှိုင်းဆုံးနေရာ၊ ကြယ်သင်္ချိုင်း၊ ဂလက်ဆီပေါင်းစည်းမှု၊ ကြယ်သစ်မွေးဖွားခြင်းအကြောင်းတွေကို တစ်ပုံချင်းစီမှာ ဖတ်ရှုနိုင်ပါတယ်။


    စကြာ၀ဠာ၏ အနက်ရှိုင်းဆုံး

    နာဆာက ပထမဆုံးထုတ်ပြတဲ့ ဓာတ်ပုံဟာ စကြာ၀ဠာရဲ့ အနက်ရှိုက်ဆုံး အပိုင်းကို ရိုက်ကူးထားတာပါ။

    SMACS 0723 လို့ အမည်ပေးထားတဲ့ ဂလက်ဆီအစုအ၀ေးရဲ့ ပုံ ဖြစ်ပါတယ်။ အဖြူရောင်တောက်တောက်တွေက ကြယ်တွေ၊ ဂြိုဟ်တွေပါ၀င်တဲ့ နေအဖွဲ့အစည်းတွေရဲ့ ပုံရိပ်တွေပါ။

    ဒီဂလက်ဆီအစုအ၀ေးဟာ ကမ္ဘာကနေမြင်ရတဲ့ နေလုံးကြီးနဲ့ သက်တမ်းအတူတူပဲဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၆ ဘီလီယံက ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

    ကြယ်တွေအပေါ်မှာ အမိုးခုံးလိုဖြစ်နေနဲ့ အနီရောင် အခုံးလေးတွေကတော့ စကြာ၀ဠာ စတင်ဖြစ်ပေါ်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃ ဘီလီယံက တည်ရှိခဲ့တဲ့ ဂလက်ဆီတွေက ပြန့်ထွက်လာတဲ့ အလင်းတန်းတွေပါ။

    စကြာ၀ဠာကြီး ဖွဲ့စည်းမှုမှာ ၈၅ ရာခိုင်နှုန်းလောက်အထိ ပါ၀င်နေတဲ့ အနက်ရောင်ဒြပ်ထု (dark matter) တွေအကြောင်းကို ဒီပုံရိပ်ကနေ ပိုမို လေ့လာနိုင်လိမ့်မယ်လို့ နာဆာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    ကြယ်သင်္ချိုင်း

    ဒီပုံကတော့ ကမ္ဘာကနေ အလင်းနှစ် ၂၅၀၀ လောက်မှာ ရှိနေပြီး Southern Ring Nebula လို့ခေါ်တဲ့ ကြယ်သင်္ချိုင်းကြီးပါ။

    လူသားတွေရဲ့သမိုင်းမှာ ကြယ်သင်္ချိုင်းရဲ့ ဗဟိုကို ပထမဆုံး ရှင်းရှင်းလင်းလင်း တွေ့မြင်ရတာဖြစ်ပါတယ်။

    သက်တမ်းကုန်တော့မယ့် ကြယ်တစ်လုံးကနေ ဓာတ်ငွေ့တွေ၊ အမှုန်တွေ ဘေးဘယ်ညာကို ပြန့်ကားထွက်နေတာပါ။ ဒီပြန့်ထွက်မှုဟာ နှစ်ပေါင်း ထောင်ချီ ကြာတတ်ပြီး နောက်ဆုံးမှာ ဒီကြယ်က သေဆုံးသွားပါတယ်။

    ကြယ်တစ်လုံးသေဆုံးမှုဟာ နောက်ထပ် ကြယ်သစ်တစ်လုံး ပေါ်ပေါက်လာဖို့ အစပျိုးမှုလည်း ဖြစ်ပါတယ်။

    ဂလက်ဆီများ ကခုန်ခြင်း

    Stephan’s Quintet လို့ သိပ္ပံပညာရှင်တွေ အမည်ပေးထားတဲ့ စကြာ၀ဠာထဲက အစုအ၀ေးကြီးဟာ ဂလက်ဆီ ၅ ခု ပေါင်းစည်းထားတာဖြစ်ပြီး ဂလက်ဆီစုအဖွဲ့တွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ Pegasus ကြယ်အစုအ၀ေးထဲမှာ ရှိပါတယ်။

    ဒီပုံက Stephan’s Quintet ကို အနီးကပ်မြင်ရတာပါ။ ဂလက်ဆီ ၄ ခုဟာ တစ်ခုနဲ့တစ်ခု အကြိမ်အကြိမ်၀င်တိုက်ပြီး ကြီးမားတဲ့ ဂလက်ဆီအသစ်ကြီးတစ်ခု ဖွဲ့စည်းဖို့ အစပျိုးနေတာ ဖြစ်ပါတယ်။

    ဒီပုံကနေ ဂလက်ဆီတွေ ဖြစ်တည်လာမှု၊ ပညာရှင်တွေ အခုအချိန်အထိ အဖြေမထုတ်နိုင်သေးတဲ့ ‘စကြာ၀ဠာတွင်းနက်’ (Black Hole) တွေ အကြောင်းတွေကို ပိုမို လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။

    ကမ္ဘာရှိရာ နေအဖွဲ့အစည်းပါ၀င်တဲ့ ဂလက်ဆီကြီးဟာ ဂလက်ဆီငယ်ပေါင်း ၁၀၀၀ လောက် ပေါင်းပြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

    ကြယ်သစ်တစ်ခု မွေးဖွားခြင်း

    ဒီပုံက Carina Nebula လို့ခေါ်တဲ့ ကြယ်သစ်တစ်ခု မွေးဖွားနေတဲ့ ပုံရိပ် ဖြစ်ပါတယ်။

    ကြယ်သစ်တစ်ခုဖွဲ့စည်းမှုမှာ အမှုန်အစုအ၀ေးတွေ၊ ဟိုက်ဒရိုကာဘွန် မော်လီကျူးတွေရဲ့ အရင်က မမြင်ဖူးခဲ့တဲ့အနေအထားကို ဖော်ထုတ် ရိုက်ကူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    အမှုန်တွေဟာ တောင်တန်းလို့ဖြစ်နေပြီး အမြင့်ဆုံးထိပ်က အလင်းနှစ် ၇ နှစ်လောက် ရှိပါတယ်။ အ၀ါရောင်တွေက ဟိုက်ဒရိုကာဘွန် မော်လီကျူးတွေ ဖြစ်ပါတယ်။

    သက်ရှိတွေ ရှင်သန်ရပ်တည်နိုင်မယ့် ဂြိုဟ်တွေမှာ သက်ရှိ၊ သက်မဲ့တွေကို ဖြစ်ပေါ်စေမယ့် ကာဘွန်ကို စကြာ၀ဠာကြီးက ဘယ်လို ဖြည့်တင်းပေးလဲဆိုတာ နောက်ပိုင်းမှာ အသေးစိတ် လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။

    Ref: AFP

  • ရင်သပ်ရှုမောဖွယ် စကြာ၀ဠာကြီး၏ ပထမဆုံး ပုံရိပ်

    ရင်သပ်ရှုမောဖွယ် စကြာ၀ဠာကြီး၏ ပထမဆုံး ပုံရိပ်

    ဇူလိုင် ၁၂၊ ၂၀၂၂
    M-Media

    -စကြာ၀ဠာကြီးရဲ့ ပထမဆုံး ရောင်စုံပုံရိပ်ကို အမေရိကန်အာကာသအေဂျင်စီ နာဆာက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    စကြာ၀ဠာကြီးရဲ့ တောင်ဖက်ပိုင်းက ကြယ်စင်စု(ဂလက်ဆီ)တွေ SMACS 0723 ရဲ့ ပုံရိပ်တွေကို James Webb တယ်လီစကုပ်ကနေ ရိုက်ကူးထားတာပါ။

    ဒီကြယ်စင်စုတွေဟာ နေအဖွဲ့အစည်းကနေ အလင်းနှစ် ၄.၆ ဘီလီယံ အကွာအ၀ေးမှာရှိနေပြီး အခုထုတ်ပြန်တဲ့ပုံရိပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံကျော်ကပုံ ဖြစ်ပါတယ်။

    James Webb တယ်လီစကုပ်ရဲ့ ရည်ရွယ်ချက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလီယံအရင်က စတင်တဲ့ စကြာ၀ဠာကြီးရဲ့အစကို လေ့လာဖို့နဲ့ စကြာ၀ဠာထဲမှာ သက်ရှိတွေနေထိုင်နိုင်မယ့် ဂြိုဟ်တွေ ရှာဖွေဖို့ ဖြစ်ပါတယ်။

    အခုပုံရိပ်က တယ်လီစကုပ်ရဲ့ ပထမရည်ရွယ်ချက် အောင်မြင်တာကို ပြသနေပါတယ်။ နာဆာဟာ စကြာ၀ဠာကြီးရဲ့ နောက်ထပ်အသေးစိပ် ပုံရိပ်တွေကို ထပ်မံထုတ်ပြဖို့ ရှိနေပါတယ်။

    Ref: BBC

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဇန်နဝါရီ ၂၆၊ ၂၀၂၁
    M-Media

    ကိုဗစ်ကာကွယ်ဆေးစင်တာများ Google Map တွင် ကြည့်နိုင်တော့မည်

    မိမိအနားမှာရှိနေတဲ့ ​ကိုဗစ်ကာကွယ်ဆေးစင်တာကို ကြည့်ရှုရှာဖွေနိုင်မယ့် ဝန်ဆောင်မှုတစ်ခုကို Google Map က အမေရိကန်ပြည်ထောင်စုမှာ အခုတစ်ပတ်အတွင်း မိတ်ဆက်မှာ ဖြစ်ပါတယ်။

    အခုနှစ်အစပိုင်းကစပြီး ‘vaccines near me’ (ငါ့အနားမှာရှိတဲ့ ကာကွယ်ဆေး) ဆိုတဲ့ ရှာဖွေမှု ၅ ဆ မြင့်တက်လာတာကို တွေ့ရတဲ့အတွက် ဒီဝန်ဆောင်မှု ဖန်တီးပေးတာဖြစ်တယ်လို့ ဂူးဂဲလ်က ပြောပါတယ်။

    ကာကွယ်ဆေးအတွက် အပွိုင့်မန့်ယူဖို့လိုလား၊ ဘယ်သူတွေကို ဦးစားပေးထိုးပေးလဲ၊ သွားရင် ဘယ်လောက်ကြာနိုင်လဲ စတဲ့ အသေးစိတ်အချက်အလက်တွေကိုပါ Google Map က ပြပေးမှာပါ။ ဒီအချက်အလက်တွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဂူးဂဲလ်က ဆိုပါတယ်။

    Space X ကုမ္ပဏီက အာကာသသမိုင်းတွင် မှတ်တမ်းသစ်ရေးထိုး

    အာကာသကုမ္ပဏီ SpaceX ဟာ သူတို့ရဲ့ Falcon9 ဒုံးပျံနဲ့ ဂြိုဟ်တု ၁၄၃ လုံးကို တနင်္ဂနွေနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အာကသသမိုင်းတစ်လျှောက် တစ်ကြိမ်တည်းနဲ့ ဂြိုဟ်တုအများဆုံးလွှတ်နိုင်တဲ့ မှတ်တမ်းသစ်တစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    အရင်က ဒီမှတ်တမ်းကို အိန္ဒိယက တစ်ကြိမ်တည်း ၁၀၄ လုံးလွှတ်ပြီး ရထားတာဖြစ်ပါတယ်။ အခုလွှတ်တင်တဲ့ Transporter-1 အစီအစဉ်ကို Space X က ၂၀၁၉ ခုနှစ် စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ဂြိုဟ်တုအကြီးတွေထက်၊ အသေးစားဂြိုတုလေးတွေကိုပဲ များများစားစား လွှတ်တင်ပေးသွားမယ်လို့ ပြောထားပါတယ်။

    ပြီးခဲ့တဲ့နှစ်​တွေအတွင်း အာကာသနယ်ပယ်မှာ ဖုန်းအရွယ်လောက်ကနေ၊ ရေခဲသေတ္တာအသေး အရွယ်လောက်အထိသာရှိတဲ့ နည်းပညာမြင့် ဂြိုဟ်တုငယ်တွေ လွှတ်တင်မှု များပြားလာပြီး ဆက်သွယ်ရေး၊ လမ်းကြောင်းရှာဖွေရေး၊ ထောက်လှမ်းရေး စတဲ့ နယ်ပယ်အသီးသီးမှာ အသုံးပြုလာကြတာ ဖြစ်ပါတယ်။

    အွန်လိုင်းငွေကြေးလိမ်လည်မှု ကပ်ရောဂါသဖွယ်ဖြစ်နေ

    ယူကေမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုဟာ ကပ်ရောဂါသဖွယ်ဖြစ်လာပြီး နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာတယ်လို့ တတ်သိပညာရှင်များအဖွဲ့ RUSI က ပြောပါတယ်။

    အကြွေးဝယ်ကဒ်လိမ်လည်မှု၊ ဆိုက်ဘာလိမ်လည်မှု စတာတွေကြောင့် ယူကေဟာ တစ်နှစ်ကို ဒေါ်လာ ဘီလီယံ ၁၉၀ လောက် ဆုံးရှုံးနေတာပါ။ လိမ်လည်မှုတွေဟာ ပုဂ္ဂလိကလုပ်ငန်းတွေကို ပစ်မှတ်ပိုထားပြီး ယူကေထောက်လှမ်းရေး၊ ရဲတပ်ဖွဲ့တို့အနေနဲ့ ဒါတွေကို တိတိကျကျ မကိုင်တွယ်နိုင်ဘူးဆိုရင် ယူကေဟာ စီးပွားရေးလုပ်လို့ကောင်းတဲ့ နိုင်ငံမျိုးဆိုတဲ့ ဂုဏ်ပုဒ်ကို ထိခိုက်စေလိမ့်မယ်လို့ RUSI က သတိပေးခဲ့ပါတယ်။

    ဒါ့အပြင် အစိုးရအေဂျင်စီတွေ ဆိုက်ဘာ လိမ်လည်မှုခံရတာကြောင့် ပြည်သူတွေ အစိုးရအပေါ် ယုံကြည်မှု ပျက်ယွင်းလာကြလိမ့်မယ်လို့လည် RUSI က ဆိုပါတယ်။

    Ref: CNN, BBC