News @ M-Media

Tag: MMediaTech

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဇန်နဝါရီ ၁၈၊ ၂၀၂၁
    M-Media

    FILE PHOTO: A sign of Foxconn is seen at a glass door inside its office building in Taipei, Taiwan November 12, 2020. REUTERS/Ann Wang/File photo

    ဆမ်ဆောင်း ဒုတိယဥက္ကဌ လာဘ်ပေးလာဘ်ယူကိစ္စဖြင့် ထောင် ၂ နှစ်ခွဲကျ

    တောင်ကိုရီးယားဖုန်းကုမ္ပဏီ ဆမ်းဆောင်းရဲ့ ဒုတိယဥက္ကဌ လီဂျယ်​ယွန်ဟာ ​လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးခဝါချမှုတွေအတွက် ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံလိုက်ရပါတယ်။

    လီဂျယ်ယွန်ရဲ့ကိစ္စဟာ တောင်ကိုရီးယားသမ္မတ ပက်ယုံဂျေး ဖြုတ်ချခံလိုက်ရမှုနဲ့ ပတ်သက်နေတဲ့ အမှုတွဲဖြစ်ပါတယ်။ အာဏာရဖို့ မသမာတဲ့နည်းလမ်းနဲ့ ပက်ရဲ့ဆောင်ရွက်မှုအတွက် လီက ဒေါ်လာသန်းချီပေးခဲ့ပြီး အပြန်အလှန်အားဖြင့် စီးပွားရေးအခွင့်ထူးတွေ ရယူခဲ့တာ ဖြစ်ပါတယ်။

    ဆိုးလ်ခရိုင်တရားရုံးရဲ့အမိန့်မှာ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဂုဏ်ယူရတဲ့ နိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီကြီးက နိုင်ငံရေးအပြောင်းအလဲဖြစ်တိုင်း ရာဇဝတ်မှုတွေမှာ အကြိမ်ကြိမ်ပါဝင်နေတာဟာ စိတ်မကောင်းစရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ထိုင်၀မ်နည်းပညာကုမ္ပဏီက ဗီယက်နမ်တွင် စက်ရုံလာဆောက်မည်

    လက်တော့နဲ့ တက်ဘလက်တွေ အဓိကထုတ်လုပ်တဲ့ ထိုင်ဝမ်ကုမ္ပဏီ Foxconn ရဲ့ ကန်ဒေါ်လာ သန်း ၂၇၀ တန် စက်ရုံစီမံကိန်းကို ဗီယက်နမ်အစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။

    ဒီစက်ရုံကို နိုင်ငံမြောက်ပိုင်းမှာ ဆောက်လုပ်ကာ တစ်နှစ်ကို အလုံးရေ ၈ သန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

    Foxconn ဟာ ဗီယက်နမ်မှာ ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး နောက်ထပ် သန်း ၇၀၀ လောက် ရင်းနှီးဖို့လည်း ရှိပါတယ်။ အခုနှစ်အတွင်း ဗီယက်နမ်ပြည်သူ တစ်သောင်းကျော်လောက် အလုပ်အကိုင်ပေးနိုင်မှာပါ။

    Foxconn ဟာ အက်ပဲလ်ရဲ့ Ipad နဲ့ MacBook တွေကို အဓိကထား ထုတ်လုပ်ပေးနေပြီး အက်ပဲလ်ရဲ့ တောင်းဆိုမှုကြောင့် စက်ရုံကို တရုတ်ကနေ ဗီယက်နမ်ကို ရွှေ့လိုက်တာ ဖြစ်ပါတယ်။

    Huawei ကို အမေရိကန်က ပိတ်ဆို့မှုထပ်လုပ်

    တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးထံ ပစ္စည်းတင်ပို့ခွင့်လိုင်စင်ကို ရုပ်သိမ်းလိုက်တယ်လို့ ကန်အစိုးရက နာမည်ကျော် Intel အပါအဝင် နည်းပညာကုမ္ပဏီတွေကို စာပို့ အကြောင်းကြားလိုက်ပါတယ်။

    ဟွာဝေးဟာ တရုတ်အစိုးရကို သူလျှိုလှုပ်ပေးနေတဲ့အတွက် နိုင်ငံတော်လုံခြုံရေးကိုခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်က သတ်မှတ်ထားတာပါ။ အရင်ကလည်း ဟွာဝေးအပေါ် ပိတ်ဆို့အရေးယူမှု လုပ်ခဲ့ပါတယ်။

    ထရမ့်ရဲ့ သမ္မတသက်တမ်းဟာ ၂ ရက်သာ ကျန်တော့ပြီး ဟွာဝေးကို ထုတ်ကုန်တင်ပို့နိုင်ရေး အမေရိကန်နည်းပညာကုမ္ပဏီတွေရဲ့ လျှောက်ထားမှုအားလုံးကို ပယ်ချသွားမယ်လို့လည်း ဒီကိစ္စနဲ့နီးစပ်သူတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဇန်နဝါရီ ၁၃၊ ၂၀၂၁
    M-Media

    Razor က ထုတ်သည့် နှာခေါင်းစည်း

    သမ္မတသစ်မတက်ခင် သတိဝီရိယဖြင့်နေကြရန် Amazon နှင့် Facebook က ဝန်ထမ်းများကို ညွှန်ကြား

    သမ္မတထရမ့်ကို ထောက်ခံသူတွေရဲ့ ရန်ပြုမှုကို ခံရနိုင်တဲ့အတွက်​ သတိ၀ိရိယနဲ့နေကြဖို့ Amazon နဲ့ Facebook တို့က သူတို့ရဲ့ဝန်ထမ်းတွေကို သတိပေးထားပါတယ်။

    ထရမ့်ကို ထောက်ခံသူတွေ အဓိကအသုံးပြုတဲ့ Parler အက်ပလီကေးရှင်းကို Amazon က သူ့တို့ဝဘ်ဆိုက်ကနေ ဖယ်ရှားခဲ့သလို၊ Facebook ကလည်း ထရမ့်အကောင့်ကို ဖယ်ရှားခဲ့ပါတယ်။

    ရာထူးကနေ လာမယ့်တစ်ပတ်မှာဆင်းရတော့မယ့် ထရမ့်ရဲ့လှုံ့ဆော်မှုကြောင့် သူ့ကို ထောက်ခံသူတွေ ပြီးခဲ့တဲ့တစ်ပတ်မှာ လွှတ်တော်အဆောက်အဦးကို ဝင်စီးခဲ့ပြီး၊ အခုတစ်ပတ်မှာလည်း နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။

    Amazon က ဝန်ထမ်းတွေအနေနဲ့ သတိဝီရိယနဲ့ အလုပ်လုပ်ကြဖို့၊ လုပ်ငန်းခွင်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကြုံရင် ချက်ခြင်း သတင်းပို့ကြဖို့ ညွှန်ကြားထားပါတယ်။

    Facebook ကတော့ ကုမ္ပဏီတံဆိပ်ပါတဲ့ အင်္ကျီတွေ၊ အသုံးအဆောင်ပစ္စည်းတွေ မဝတ်ဖို့၊ အသုံးမပြုဖို့ ဝန်ထမ်းတွေကို တိုက်တွန်းထားပါတယ်။

    ကမ္ဘာ့အန္တရာယ်အကင်းဆုံး နှာခေါင်းစည်းကို Razer ထုတ်ပြ

    ကမ္ဘာ့အန္တရာယ်အကင်းဆုံးလို့ဆိုတဲ့ နှာခေါင်းစည်းကို ဂိမ်းကုမ္ပဏီ Razer က နည်းပြပွဲမှာ ထုတ်ပြလိုက်ပါတယ်။

    N95 တန်းဝင် ဒီနှာခေါင်းစည်းမှာသုံးထားတဲ့ စီလီကွန်ဟာ သက်တောင့်သက်တာရှိမှာဖြစ်ပြီး ပါးစပ်လှုပ်ရှားမှုကို မြင်တွေ့နိုင်ဖို့အတွက် ပါးစပ်နေရာမှာ ပလက်စတစ်အကာကို အသုံးပြုထားပါတယ်။

    သာမန်နှာခေါင်းစည်းတွေမှာ တွေ့ရတဲ့ စကားပြောဖို အဆင်မပြေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် မိုက်နဲ့ စပီကာလည်း နှာခေါင်းစည်းမှာ ထည့်သွင်းထားသလို လေသန့်စနစ်၊ လေအေးကို အနွေးပြောင်းပေးတဲ့စနစ်တွေ ပါဝင်ပါတယ်။

    ဒါပေမယ့် လေသန့်စနစ်မှာ အသုံးပြုထားတဲ့ဇကာ ဘယ်အချိန်မှာ လဲရမလဲဆိုတာကိုတော့ ထပ်မံ စမ်းသပ်ရအုံးမှာ ဖြစ်ပါတယ်။ အလင်းရောင်နည်းတဲ့အချိန် အလိုအလျောက်လင်းလာမယ့် မီးရောင်စုံစနစ်ကိုလည်း ဒီနှာ​ခေါင်းစည်းမှာ ထည့်သွင်းထားပါတယ်။

    အာကာသအခြေပြု မြန်နှုန်းမြှင့် အင်တာနက်စီမံကိန်းကို ဥရောပက အကောင်အထည်ဖော်မည်

    အာကာသမှာ ဂြိုဟ်တုကွန်ယက်တည်ဆောက်ကာ မြန်နှုန်းမြှင့် အင်တာနက်လိုင်းရရှိရေး စီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ဥရောပကော်မရှင်က ပြောပါတယ်။

    မြေပြင်က အခြေခံအဆောက်အဦး အခက်အခဲကြောင့် အင်တာနက်မရနိုင်တဲ့ဒေသတွေအတွက် ရည်ရွယ်တဲ့ ဒီစီမံကိန်းဟာ နောက်ပိုင်းမှာတော့ မောင်းသူမဲ့ယာဉ်တွေကို အထောက်အပံ့ပေးနိုင်တဲ့အထိ အဆင်မြှင့်မှာ ဖြစ်ပါကာ၂၀၂၄ ခုနှစ်မှာ စသုံးနိုင်ဖို့ရည်မှန်းထားပါတယ်။

    ဥရောပကော်မရှင် အာကာသအေဂျင်စီမှာ ဂြိုဟ်တုကွန်ယက်အသုံးပြုတဲ့ လမ်းကြောင်းပြစနစ် Galileo နဲ့ အကာကာသစူးစမ်းရှာဖွေရေး စီမံကိန်း Copernicus တို့လို ဧရာမ စီမံကိန်းတွေ ရှိနေပြီး အခု အာကာသအခြေပြု အင်တာနက်စနစ်ဟာ နိုင်ငံတကာအာကာသနယ်ပယ်မှာ ဥရောပရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုမြင့်တက်စေမှာ ဖြစ်ပါတယ်။

    Ref: BBC

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဒီဇင်ဘာ ၂၉၊ ၂၀၂၀
    M-Media

    အဆိပ်ခတ် လုပ်ကြံခံရသည့် လင်ကျီ

    အာကာသအမှိုက်လျ​ှော့ချရေး သစ်သားဂြိုဟ်တုများကို ဂျပန်ဖန်တီးမည်

    အာကာသထဲအမှိုက်ပွမှု လျော့ချရေးအတွက် သစ်သားကိုယ်ထည်နဲ့ဂြိုဟ်တု ဖန်တီးရေး ဂျပန်ပညာရှင်တွေက လေ့လာနေပါတယ်။

    ပြီးခဲ့တဲ့ နှစ် ၇၀ အတွင်း ဂြိုဟ်တုလွှတ်တင်မှုတွေ များလာတာကြောင့် အာကာသအမှိုက်တွေ များလာပြီး ဂြိုဟ်တုတွေနဲ့ ပွတ်တိုက် ထိခိုက်မှုအန္တရာယ်လည်း မြင့်တက်လာသလို၊ အကြွင်းအကျန်တွေ ကမ္ဘာမြေပေါ် ကျတဲ့အခါမှာလည်း ​အမှုန်အမွှားတွေက ကမ္ဘာ့လေထုအပေါ်ပိုင်းမှာ နှစ်ပေါင်းများစွာ ကျန်ရှိနေတတ်ပါတယ်။

    ဂျပန် သဘာ၀ပတ်ဝန်းကျင်ကုမ္ပဏီ Sumitomo Forestry က မိမိတို့ဟာ Kyoto တက္ကသိုလ်နဲ့ ပူးပေါင်းပြီး အာကာသထဲမှာ သစ်သားအသုံးပြုနိုင်ရေး လေ့လာနေပြီး၂၀၂၃ ခုနှစ်မှာ သစ်သားကိုယ်ထည်နဲ့ ဂြိုဟ်တု ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

    သစ်သားဂြိုဟ်တုတွေဟာ အာကာသထဲမှာ အလွယ်တကူ လောင်ကျွမ်းနိုင်ပြီး ကမ္ဘာကြီးရဲ့ သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်မယ့် အမှိုက်တွေလည်း လေထုထဲမှာ မကျန်နိုင်တော့ပါဘူး။

    ယူကေရှိ အလှအပဆိုင်ရာ ခွဲစိပ်ဆေးရုံထံမှ ဟက်ကာများက ငွေညှစ်

    ဟက်ကာတွေဟာ လူနာတွေရဲ့ ဓာတ်ပုံတွေကို ခိုးယူသွားပြီးနောက် အွန်လိုင်းပေါ်မှာ လွှင့်တင်မယ်လို့ ခြိမ်းခြောက်ကာ ငွေညှစ်နေတယ်လို့ ယူကေက ခန္ဓာကိုယ်ပြုပြင်ရေး ခွဲစိပ်ဆေးရုံ The Hospital Group က ထုတ်ပြန်ပါတယ်။

    REvil လို့ အမည်ရတဲ့ ဟက်ကာအဖွဲ့က လူနာတွေရဲ့ မြင်မကောင်းတဲ့ပုံတွေနဲ့ အခြား အချက်အလက် ၉၀၀ ဂီဂါဘိုက်လောက် ရရှိထားတယ်လို့ အွန်လိုင်းမြေအောက်ကွန်ယက် (darknet) ဝဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    The Hospital Group ဟာ ယူကေက အလှအပနဲ့ ခန္ဓကိုယ် ပြုပြင်ခွဲစိပ်ရေးနယ်ပယ်မှာ နာမည်ကြီးပြီး ရင်သားပြုပြင်တာ၊ နှာခေါင်းခွဲစိပ်တာ၊ အဆီပို ခွဲစိပ်ဖယ်ရှားပေးတာလို ထိပ်တန်းခွဲစိပ်မှု ၁၁ မျိုးအထိ ဝန်ဆောင်မှုပေးပါတယ်။

    ဒီဆေးရုံမှာ နယ်ပယ်အသီးသီးက နာမည်ကျော်တွေ လာရောက်ခွဲစိပ်ခဲ့တဲ့ သမိုင်းလည်း ရှိပါတယ်။ လူနာတွေရဲ့ဓာတ်ပုံ တော်တော်များများမှာ မျက်နှာတွေ မပါဝင်ဘဲ ဘဏ်ကဒ်အချက်အလက်တွေလည်း ပေါက်ကြားမှုမရှိဘူးလို့ ဆေးရုံက လူနာတွေဟောင်းတွေထံ အီးမေးလ်ပို့ခဲ့ပါတယ်။

    ဟက်ကာတွေက ငွေဘယ်လောက်တောင်းလဲဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။

    တရုတ်နာမည်ကျော် ဂိမ်းကုမ္ပဏီ စီအီးအို အဆိပ်ခတ် လုပ်ကြံခံရ

    နာမည်ကျော် တရုတ်ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီ Yoozoo ရဲ့ စီအီးအို အသက် ၃၉ နှစ်အရွယ် လင်ကျီ သေဆုံးမှုဟာ အဆိပ်ခတ်သတ်ခံရတာဖြစ်တယ်လို့ ရှန်ဟိုင်းရဲတပ်ဖွဲ့က မနေ့မှာ ထုတ်ပြန်ပါတယ်။ လင်ကျီဟာ ခရစ္စမတ်နေ့မှာ သေဆုံးသွားခဲ့တာပါ။

    ‘ရှူ’ လို့အမည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက အဆိပ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပေမယ့် အသေးစိတ်ကို မပြောပါဘူး။

    တရုတ်ပြည်တွင်း မီဒီယာတွေက လင်ကျီဟာ ရေနွေးကြမ်းထဲမှာ အဆိပ်ခတ်ခံခဲ့ရတာဖြစ်ပြီး၊ Yoozoo ရဲ့ ဗီဒီယိုထုတ်လုပ်ရေးဌာန အကြီးအကဲ ရှူယောင်က လုပ်တာ ဖြစ်နိုင်တယ်လို့ ဖော်ပြနေကြပါတယ်။

    ၂၀၀၉ ခုနှစ်က Yoozoo ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ လင်ကျီဟာ အသားတင်ကြွယ်၀မှု ဒေါ်လာ ၁.၃ ဘီလီယံရှိပါတယ်။ နာမည်ကျော် ဂိမ်းတစ်ခုဖြစ်တဲ့ Game of Thrones: Winter Is Coming ကို ဖန်တီးမှုအတွက် Yoozoo က ကမ္ဘာ့နည်းပညာလောကမှာ ကျော်ကြားပါတယ်။

    Ref: BBC

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    ဒီဇင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    အဆိုးဆုံးဆိုက်ဘာတိုက်ခိုက်မှု ရုရှားလက်ချက်ဟု အမေရိကန် စွပ်စွဲ

    တက္ကဆက်အခြေစိုက် အိုင်တီကုမ္ပဏီ SolarWind ရဲ့ Network စီမံခန့်ခွဲရေး ဆော့ဖ်ဝဲကိုအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်မှုဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ အမေရိန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို့က ပြောကြားလိုက်ပါတယ်။

    အခုနှစ်မတ်လလောက်ကတည်းက ဒီဆိုက်ဘာတိုက်ခိုက်မှု စတင်ခဲ့တာ ဖြစ်ပြီး နျူလက်နက်ထိန်းချုပ်ရေးဌာနအပါအဝင် အမေရိကန်အစိုးရအဖွဲ့အစည်း ၅၀ လောက် ထိခိုက်လိမ့်မယ်လို့ ဒီတိုက်ခိုက်မှုကို ဖော်ထုတ်ခဲ့တဲ့ FireEye ကုမ္ပဏီက ပြောပါတယ်။

    ဒါဟာ အမေရိကန်သမိုင်းတစ်လျှောက် အဆိုးဆုံး ဆိုက်ဘာတိုက်ခိုက်မှုပါ။ ဒီတိုက်ခိုက်မှုဟာ ကွန်ပျူတာစနစ်တွေကို နှောက်ယှက်တာမျိုးထက် အချက်အလက်တွေ ရယူဖို့ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပေမယ့် သမ္မတထရမ့်က ထိခိုက်မှု ကြီးကြီးမားမား မရှိဘူးလို့ ပြောပါတယ်။

    လသု​တေသနအတွက် ကမ္ဘာနိုင်ငံများနှင့် ပူးပေါင်းမည်ဟု တရုတ်ပြော

    လပေါ်ကယူလာတဲ့ မြေကြီးနမူနာ လေ့လာမှုမှာ နိုင်ငံတကာပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

    တရုတ်ရဲ့ Chang’e 5 အာကာသယာဉ်ဟာ အခုလစောပိုင်းက ၂ ကီလိုဂရမ်အလေးချိန်လောက်ရှိတဲ့ လမြေကြီးကို ယူဆောင်ကာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကမ္ဘာမြေပေါ်ကို ပြန်ရောက်လာတာပါ။ အမေရိကန်နဲ့ ဆိုဗီယက်ပြီးနောက် လမြေကြီးယူလာနိုင်တဲ့ တတိယမြောက်နိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။

    တရုတ်အာကာသအေဂျင်စီ CNSA ရဲ့ တာဝန်ရှိသူ ဖေကျောက်ယွီက လနဲ့ပတ်သက်တဲ့ လေ့လာမှုတွေ၊ နည်းပညာတွေ မျှဝေနိုင်မယ့် နိုင်ငံတကာ လသုတေသနစင်တာတစ်ခု ဖြစ်ပေါ်လာရေး ကမ္ဘာ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ် ဒရုန်းကုမ္ပဏီနှင့် ချစ်ပ်ကုမ္ပဏီတို့ကို အမေရိကန်က အရေးယူ

    အမေရိကန်နည်းပညာတွေအသုံးပြုခွင့် ပိတ်ပင်တဲ့ ကုမ္ပဏီ ၇၇ ခုကို အမေရိကန်အစိုးက ထပ်ကြေငြာခဲ့ရာမှာ တရုတ်ဒရုန်းကုမ္ပဏီ DJI နဲ့ ကွန်ပျူတာချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ SMIC လည်း ဒီအထဲမှာ ပါဝင်လာပါတယ်။

    သောကြာနေ့က ဒီစာရင်းမှာ တရုတ်ကုမ္ပဏီတွေက အများစုဖြစ်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဌာနရဲ့ ပိတ်ဆို့မှုစာရင်း Entity List မှာ ဟွာဝေးအပါအဝင် တရုတ်ကုမ္ပဏီ ၂၇၅ ခုအထိ ရှိလာပါတယ်။

    CMIC ဟာ တရုတ်စစ်တပ်ရဲ့ ဒုံးကျည်ထုတ်လုပ်ရေးနဲ့ စစ်တပ်သုံး Exoskeleton ဝတ်စုံတွေ ထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်နေသလို၊ DJI ကလည်း တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်နေတယ်လို့ အမေရိကန်က ပြောပါတယ်။

    ၂၀၀၀ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ CMIC ဟာ တရုတ်နိုင်ရဲ့ အကြီးဆုံး ကွန်ပျူတာချစ်ပ် ထုတ်လုပ်ရေးကုမ္ပဏီလည်း ဖြစ်ပါတယ်။

    Ref: BBC

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဒီဇင်ဘာ ၁၄၊ ၂၀၂၀
    M-Media

    အမေရိကန်နှင့် အင်္ဂါဂြိုဟ်မှ ဂြိုဟ်သားများ မဟာမိတ်ဖွဲ့ထားကြောင့် အစ္စရေးအာကာသပညာရှင် ဖွင့်ဟ

    အင်္ဂါဂြိုဟ်မှာ အခြေချနေထိုင်တဲ့ ဂြိုဟ်သားတွေနဲ့ အမေရိကန်တို့ မဟာမိတ်ဖွဲ့ထားကြသလို၊ ဂြိုဟ်သားတွေလည်း ကမ္ဘာကြီးကို ရောက်နေကြတယ်လို့ အစ္စရေး အာကာသပညာရှင် ဟာအင် အက်စ်ဟဒ်က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖွင့်ဟလိုက်ပါတယ်။

    အသက် ၈၇ နှစ်အရွယ် အက်စ်ဟဒ်ဟာ အစ္စရေးစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဂြိုဟ်တု အလုံး ၂၀ လွှတ်တင်ရာမှာ ကြီးကြပ်ခဲ့သူပါ။ သူဟာ ၂၀၁၁ ခုနှစ်မှာ အနားယူခဲ့ပါတယ်။

    ထရမ့်က ဒီအကြောင်းကို လူသိရှင်ကြားပြောချင်ပေမယ့် Aalactic Federation ဂြိုဟ်သားအဖွဲ့က ထုတ်မပြောဖို့ မေတ္တာရပ်ခံထားပြီး၊ လူသားတွေကို လေ့လာနေကြောင်း၊ ဂြိုဟ်သားတွေနဲ့ အာကာသယာဉ်တွေအကြောင်း လူသားတွေ နားလည်တဲ့အချိန်ရောက်မှ ထုတ်ပြောခိုင်ထားကြောင်း အက်စ်ဟဒ်က ဆိုပါတယ်။

    ဒီဂြိုဟ်သားတွေဟာ အင်္ဂါဂြိုဟ်ရဲ့မြေအောက်မှာ နေထိုင်ပြီး၊ အမေရိကန်အာကာသယာဉ်မှူးတွေလည်း အဲဒီမှာရှိနေကြောင်း သူက​ ပြောပါတယ်။

    ကမ္ဘာ့ ပထမဆုံး Solid state ဘတ္ထရီကားကို တိုယိုတာက မိတ်ဆက်မည်

    Solid state ဘတ္ထရီပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကားကို ဂျပန်ကားကုမ္ပဏီ တိုယာတာက လာမယ့်နှစ်မှာ မိတ်ဆက်ဖို့ ရှိ​တယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

    ဒီဘတ္ထရီဟာ တစ်ခါအားသွင်းထားရင် မိုင် ၃၀၀ လောက် မောင်းနှင်နိုင်မှာဖြစ်ပြီး အားသွင်းချိန်ကလည်း ၁၀ မိနစ်လောက်သာ ကြာမြင့်မှာပါ။ Solid state ဘတ္ထရီဟာ သာမန် လစ်သီယံဘတ္ထရီတွေထက် မီးလောင်မှုအန္တရာယ်ကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

    Solid state ဘတ္ထရီနဲ့ လျှပ်စစ်ကားတွေကို ဂျပန်က အခြားကားကုမ္ပဏီ Nissan၊ ဂျာမနီက Volkswagen တို့ကလည်း ထုတ်လုပ်ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။ တိုယိုတာဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီလည်း ဖြစ်ပါတယ်။

    Ref: Nikkei Asia, NBC