News @ M-Media

Tag: MMediaTech

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    ဇွန် ၅၊ ၂၀၂၀
    M-Media

    ကိုဗစ်သတင်းတုများကို ဆိုရှယ်မီဒီများ မဖယ်ရှားနိုင်သေး

    ကိုဗစ်သတင်းတုတွေကို ဆိုရှယ်မီဒီယာတွေက ထိထိရောက်ရောက် မဖယ်ရှားနိုင်ဘူးလို့ အွန်လိုင်းအမုန်းစကားစောင့်ကြည့်ရေးအဖွဲ့ Center for Countering Digital Hate က ပြောပါတယ်။ Covid-19 ပေါ်လာတဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီး ကာကွယ်မှု၊ ကုသမှုတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့တာပါ။ ဒါတွေကိုဖယ်ရှားဖို့အတွက် ဆိုရှယ်မီဒီယာကုမ္ပဏီတွေက လုပ်ဆောင်ခဲ့ကြပေမယ့် သတင်းတု ၉၀ ရာခိုင်နှုန်းလောက်က ဒီအတိုင်းရှိနေသေးတယ်လို့ Center for Countering Digital Hate က ထောက်ပြခဲ့ပါတယ်။

    အိန္ဒိယမှ တရုတ်ဆန့်ကျင်ရေး App ကို ဂူးဂဲလ်ဖြုတ်ချ

    အိန္ဒိယက တရုတ်ဆန့်ကျင်ရေး အက်ပလီကေးရှင်း Remove China Apps ကို ဂူးဂဲလ်က Play Store ကနေပြီး ဖယ်ရှားလိုက်ပါတယ်။ နယ်စပ်ပြဿနာကြောင့် တရုတ်နဲ့ တင်းမာနေတဲ့ အိန္ဒိယမှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်လာပြီး တရုတ်ထုတ်ဆော့ဖ်ဝဲတွေကို ရှင်းလင်းတဲ့ Remove China Apps လည်း လွန်ခဲ့တဲ့ ၂ ပတ်အရကစပြီး ထွက်လာပါတယ်။ အိန္ဒိယမှာ ဒီအက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲသူ ၄ သန်းလောက်ရှိခဲ့ပြီး ကြယ် ၅ ပွင့်ပေးသူက ၁ သိန်းကျော် ရှိပါတယ်။ အခြားအက်ပလီကေးရှင်းတွေကို သုံးလို့မရအောင် ဒါမှမဟုတ် ပျက်အောင်လုပ်တဲ့ ဆော့ဖ်ဝဲတွေကို Play Store က တင်ခွင့်မပေးပါဘူး။ တရုတ်ဆန့်ကျင်ရေး အက်ပလီကေးရှင်း ဖြုတ်ချမှုနဲ့ပတ်သက်ပြီး ဂူးဂဲလ်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    လုသွားသည့် iPhone များကို ပြန်လာပေးရန် Apple က သတိပေး

    အမေရိကန်မှာ ဆိုင်တွေကနေ လူယူခံလိုက်ရတဲ့ iPhone တွေကို ပြန်လာပေးဖို့အတွက် Apple က သတိပေးလိုက်ပါတယ်။ လူမည်းအမျိုးသားတစ်ဦး ရဲလက်မှာသေဆုံးမှုနောက်ဆက်တွဲ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုအတွင်း လူအုပ်က ဆိုင်တွေ၊ ဂိုထောင်တွေကို ဖောက်ထွင်းကာ ပစ္စည်းတွေ ယူဆောင်သွားခဲ့ကြပါတယ်။ Apple စတိုင်းတွေကနေ ယူဆောင်သွားတဲ့ iPhone တွေမှာတော့ စက်ကို ပိတ်လိုက်ကာ၊ တည်နေရာကိုခြေရာခံပြီး အာဏာပိုင်တွေဆီ သတင်းပေးသွားမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ပြန်လည်ပေးဖို့တိုက်တွန်းကြောင်း သတိပေးစာတွေ ရောက်နေတာကို ဆိုရှယ်မီဒီယာမှာ မျှဝေနေကြပါတယ်။ Apple က ဒီသတင်းကို အတည်မပြုသလို၊ iPhone တွေရဲ့ တည်​နေရာအတိအကျကို ရဲတပ်ဖွဲ့ထံ ပေးပြီးပြီလားဆိုတာကိုလည်း မဖြေခဲ့ပါဘူး။

    Ref: BBC, CNN

  • တစ်ပတ်အတွင်း နည်းပညာ သတင်းများ

    တစ်ပတ်အတွင်း နည်းပညာ သတင်းများ

    မေ ၁၈၊ ၂၀၂၀
    M-Media

    Facebook က Giphy ကုမ္ပဏီကို ဝယ်ယူ

    Facebook ဟာ gif ဓာတ်ပုံတွေ ဖန်တီးတဲ့ Giphy ကုမ္ပဏီကို ဝယ်လိုက်ပါတယ်။ ဒေါ်လာ သန်း ၄၀၀ နဲ့ ဝယ်ယူတယ်လို့ သတင်းထွက်ပေမယ့် Facebook က အတည်မပြုပါဘူး။ Giphy ကုမ္ပဏီကို Instagram ကုမ္ပဏီအောက်ထဲကိုထည့်မှာပါ။ တစ်ခြားဆိုရှယ်မီဒီယာကုမ္ပဏီတွေကလည်း Giphy က ထုတ်ကုန်တွေကို ဆက်သုံးလို့ရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Facebook နဲ့ တော့ ပြိုင်ဘက်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

    လျှို့ဝှက်အာကာသယာဉ်တစ်ခု အမေရိကန်လွှတ်တင်

    အမေရိကန်ဟာ သူတို့ရဲ့ အာကာသ စူးစမ်းရေးယာဉ် X-37B ကို မနေ့မှာ လွှတ်တင်ခဲ့ပါတယ်။ ဒါဟာ X-37B ယာဉ်ရဲ့ ၆ ကြိမ်မြောက် အာကာသ ခရီးစဉ်ဖြစ်ပြီး အခုတစ်ခေါက်မှာ power-beaming နည်းပညာကို စမ်းသပ်သွားမှာ ဖြစ်ကာ ကောက်ပဲသီးနှံမျိုးစေ့တွေအပေါ် ဓာတ်ရောင်ခြည်နဲ့ အခြားအရာတွေရဲ့ ရိုက်ခတ်မှုကို လေ့လာသွားမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ X-37B စီမံကိန်းကို ထိပ်တန်းလျှို့ဝှက်အဖြစ် သတ်မှတ်ထားပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြောတာမျိုး မရှိပါဘူး။

    Huawei ထံ ကွန်ပျူတာ Chip ရောင်းချမှုကို ကန်ပိတ်ပင်

    Semiconductor နည်းပညာကို တရုတ်ဖုန်းကုမ္ပဏီ ​Huawei ရယူသုံးစွဲမှုကို အမေရိကန်အစိုးရက ကန့်သတ်လိုက်ပါတယ်။ ဒီကန့်သတ်ချက်ကြောင့် အမေရိကန် အခြေစိုက် ကွန်ပျူတာနဲ့ ဖုန်း chip ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ Huawei ကို ထုတ်ကုန်တွေ ရောင်းလို့ရတော့မှာမဟုတ်ပါဘူး။ တရုတ်ကတော့ အမေရိကန် နည်းပညာကုမ္ပဏီတွေကို တုန့်ပြန်အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ 5G နည်းပညာမှာ ဦးဆောင်နေတဲ့ Huawei ဟာ မိမိတို့ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်က မှတ်ယူပြီး ပိတ်ဆို့တားဆီးမှုတွေ ပြုလုပ်နေတာ​ ဖြစ်ပါတယ်။

    Tab များကို ဂရုဖွဲ့လို့ရမည့် လုပ်ဆောင်ချက် Google Chrome တွင် ထည့်သွင်းမည်

    ဖွင့်ထားတဲ့ Tab တွေ​ကို တစ်စုတစ်စည်းတဲ့ Group လုပ်လို့ရမယ့် လုပ်ဆောင်ချက်အသစ်တစ်ခုကို Chrome browser မှာ Google က မကြာခင်ထည့်သွင်းပေးသွားတော့မှာပါ။ ဒါ့ကြောင့် မတူညီတဲ့ လုပ်ငန်းတွေအတွက် Tab တွေအများကြီးဖွင့် အသုံးပြုရတဲ့သူတွေမှာ လွယ်ကူစေမှာဖြစ်ပါတယ်။ Tab တွေစုထားတဲ့ ဒီ Group တွေကို အမည်ပေးတာ၊ အရောင်ပြောင်းတာ၊ emoji ထည့်သွင်းတာတွေလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    Ref: BBC, CNN

    mmTechNews

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဧပြီ ၂၉၊ ၂၀၂၀
    M-Media

    UFO များ ပျံသန်းနေသည့် ဗီဒီယိုကို အမေရိကန်စစ်ဌာနချုပ် ထုတ်ပြ

    ကောင်းကင်ယံမှာ အမျိုးအမည်မသိ အရာတွေ ပျံသန်းနေတဲ့ ဗီဒီယို ၃ ခုကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မနေ့မှာ ထုတ်ပြလိုက်ပါတယ်။ ၂၀၀၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တုန်းက အမေရိကန် တိုက်လေယာဉ်မှူးတွေ ရိုက်ထားတဲ့ ဗီဒီယိုတွေဖြစ်ပြီး အရင်ကလည်း ပေါက်ကြားဖူးပါတယ်။

    ပင်တဂွန်ကတော့ အရင်က ပေါက်ကြားထားတဲ့ဗီဒီယိုတွေဟာ အမှန်ဖြစ်တယ်ဆိုတာကို အများပြည်သူတွေ သိရှိနိုင်ဖို့ ဒီလိုထုတ်ပြန်ရတာလို့ ပြောပါတယ်။ အမျိုးအမည်မသိ ပျံသန်းတဲ့အရာ UFO တွေဟာ သိပ္ပံလောကမှာ စိတ်ဝင်စားစရာအကောင်းဆုံး ကိစ္စဖြစ်ပြီး အခြားဂြိုဟ်တွေကနေ လာရောက်တာဆိုတဲ့ ယူဆမှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် အသေးစိတ် ဖော်ထုတ် သက်သေပြနိုင်တာမျိုးတော့ မရှိသေးပါဘူး။

    ကိုဗစ်တားဆီးရေး လက်ပတ်အသုံးပြု စောင့်ကြည့်နည်းကို ကမ္ဘာ့နိုင်ငံများ အသုံးပြုလာ

    ကိုဗစ်ကာလအတွင်း ပြည်သူတွေရဲ့ အသွားအလာကို စောင့်ကြည့် ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေဟာ ခြေရာခံနိုင်တဲ့ လက်ပတ်တွေကို အသုံးပြုလာကြပါတယ်။

    လက်ရှိ ဟောင်ကောင်၊ တောင်ကိုရီးယားနဲ့ ဘူလ်ဂေးရီးယားတို့မှာ စမ်းသပ် အသုံးပြုနေပါတယ်။ လက်ပတ်တွေမှာ GPS ခြေရာခံစနစ်ကို အသုံးပြုထားပြီး သတ်မှတ်ဧရိယာထဲက အပြင်ထွက်တာ၊ လက်ပတ်ကို ချွတ်ဖို့ ကြိုးစားတာတွေမှာ အာဏာပိုင်တွေက အလိုအလျောက် သိရှိမှာပါ။

    အရင်က ဖုန်းအက်ပလီကေးရှင်း အသုံးပြုတဲ့ စောင့်ကြည့်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပေမယ့် လူတွေဟာ ဖုန်းကို အိမ်မှာထားပြီး အပြင်ထွက်ကြတဲ့အတွက် အခုလို လက်ပတ်နည်းကို ပြောင်းလဲအသုံးပြုလာတာ ဖြစ်ပါတယ်။

    ယူကေထောက်လှမ်းရေးတွင် AI နည်းပညာကို အသုံးပြုရန် လိုအပ်နေ

    ရန်သူတွေရဲ့ ခြိမ်းခြောက်မှု မြင့်လာတဲ့အတွက် ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ဟာ ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြုဖို့ လိုအပ်တယ်လို့ တတ်သိပညာရှင်များအဖွဲ့ Rusi က ဆိုပါတယ်။

    Rusi အဖွဲ့ဟာ ယူကေထောက်လှမ်းရေးဌာနကို နက်နက်နဲနဲ လေ့လာဆန်းစစ်ခွင့် ရခဲ့တာပါ။ ရန်သူတွေထဲမှာ နိုင်ငံတွေသာမကဘဲ၊ ရာဇဝတ်ကောင်တွေပါ ပါဝင်နေပြီး အနာဂတ်မှာ AI ကို အသုံးပြုထားတဲ့ တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တဲ့အတွက် AI နဲ့ ပြန်လည်တုန့်ပြန်ဖို့ ပြင်ဆင်ထားရမှာဖြစ်ကြောင်း Rusi အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    AI ကို အသုံးပြုရင် တစ်ကိုယ်ရယ်အချက်အလက် ကာကွယ်မှု၊ လူ့အခွင့်အရေးကိစ္စတွေကို ထည့်သွင်းစဉ်းစားကာ စည်းကမ်းအသစ်တွေ ချမှတ်ဖို့ လိုအပ်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    Ref: BBC

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    မတ် ၂၃၊ ၂၀၂၀
    M-Media

    COVID-19 တိုက်ဖျက်ရေး စူပါကွန်ပျူတာကွန်ယက်တစ်ခုကို ဖန်တီးအသုံးပြုမည်

    လက်ရှိ ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းမှာ သုတေသနပညာရှင်တွေ စူပါကွန်ပျူတာစွမ်းအားကို ပိုမိုအသုံးချနိုင်ရေး ကမ္ဘာကျော် ကွန်ပျူတာကုမ္ပဏီ IBM နဲ့ အိမ်ဖြူတော်တို့ ပူးပေါင်းကာ High Performance Computing Consortium အမည်နဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။

    IBM ကုမ္ပဏီ၊ အမေရိကန် အမျိုးသားစာကြည့်တိုက်တွေ၊ တက္ကသိုလ်တွေ၊ Amazon၊ Google၊ မိုက်ခရိုဆော့ဖ်နဲ့ အခြားရင်းမြစ်တွေက စူပါကွန်ပျူတာစနစ် ၁၆ ခုကို ချိတ်ဆက်အသုံးပြုမယ့် အစီအစဉ်ပါ။ ပညာရှင်တွေဟာ ဒီကွန်ယက်ရဲ့ စွမ်းအားကို အသုံးချပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး သုတေသနလုပ်ငန်းတွေကို ပိုမိုလျင်လျင်မြန်မြန် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    လိုအပ်တဲ့ နည်းပညာအကူအညီပေးနိုင်ဖို့နဲ့ ကွန်ယက်ကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့အတွက် ထိပ်တန်းကွန်ပျူတာပညာရှင်အဖွဲ့တစ်ခုလည်း ဒီအစီအစဉ်မှာ ပါဝင်မှာ ဖြစ်ပါတယ်။ ရိုးရိုးကွန်ပျူတာတွေ နှစ်ချီဆောင်ရွက်ရတဲ့ ပရောဂျက်တွေကို စူပါကွန်ပျူတာတွေက ရက်အနည်းငယ်နဲ့ လုပ်ပေးနိုင်သလို ကူးစက်ရောဂါဗေဒလို နယ်ပယ်မျိုးမှာ အပြင်ကအနေအခြေနေနဲ့မခြား စူပါကွန်ပျူတာတွေပေါ်မှာ သုတေသန လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    ယူကေမှ တီထွင်လိုက်သည့် စက်တစ်ခုကြောင့် နှလုံးအစားထိုးနိုင်မှု ၄ ဆအထိ မြင့်တက်တော့မည်

    ယူကေက Royal Papworth ဆေးရုံဟာ နှလုံးနဲ့ အဆုတ်ထဲကို သွေးလှည့်ပတ်အောင် လုပ်နိုင်တဲ့ စက်တစ်ခု တီထွင်လိုက်ပြီး၊ ဒီစက်ကြောင့် နှလုံးနဲ့ အဆုတ် အစားထိုးကုသနိုင်မှုပမာဏဟာ ၄ ဆအထိ မြင့်တက်လာနိုင်မယ်လို့ ဆိုပါတယ်။

    နှလုံးနဲ့ အဆုတ် အစားထိုးကုသမှုကို များသေားအားဖြင့် ဦးနှောက်သေတဲ့ လူနာတွေထံကနေ ရယူလုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုစက်ကြောင့် နှလုံးရပ်တန့်သေဆုံးတဲ့သူတွေထံကနေပါ ရယူကုသနိုင်တော့မှာပါ။

    ဆေးရုံရဲ့ ခွဲစိပ်ဆရာဝန် ဒေါက်တာ ပက်ဒရို ကာတာရီနိုက ဦးနှောက်သေဆုံးတဲ့ လူနာတွေထံကနေ နှလုံးထုတ်ယူကာ အစားထိုးကုသဖို့အတွက် အချိန် ၄ နာရီရကြောင်း၊ နှလုံးရပ်သွားသေဆုံးရင်တော့ သွေးလှည့်ပတ်မှုရပ်ကာ ကိုယ်တွင်းအင်္ဂါတွေ အမြန်ပျက်ဆီးတတ်တဲ့အတွက် နာရီဝက်သာ အချိန်ရကြောင်း၊ အခုစက်က နှလုံးနဲ့ အဆုတ်တွေကို မူလအတိုင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်တာ​ကြောင့် ​အစားထိုးဖို့ စောင့်နေကြတဲ့လူနာတွေ အသက်ဆုံးရှုံးမှုကို လျော့ကျစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Royal Papworth ဆေးရုံဟာ မကြာသေးခင်ကပဲ ဒီစက်နဲ့ လူနာတစ်ဦးကို ပထမဆုံး နှလုံးနဲ့ အဆုတ် အစားထိုးကုသပေးခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း အဆိပ်ဓာတ်ငွေ့ထုတ်လွှတ်မှု စံချိန်တင် ကျဆင်း

    လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေတဲ့ကာလအတွင်း ကမ္ဘာပေါ်က အချို့ဒေသတွေနဲ့ မြို့တွေမှာ လေထုညစ်ညမ်းမှုတွေ သိသိသာသာ လျော့ကျသွားတယ်လို့ နယူးယောက်အခြေစိုက် သုတေသန ပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    ကားတွေကနေ ထုတ်လွှတ်တဲ့ ကာဘွန်မိုနောက်ဆိုက်တွေဟာ မနှစ်က ဒီလိုအချိန်နဲ့ယှဉ်ရင် ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသလို၊ ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကလည်း သိသိသာသာကို လျော့ကျသွားခဲ့ပါတယ်။

    ဗိုင်းရပ်စ် အဓိကပြန့်နှံရာ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း စွမ်းအင်သုံးစွဲမှုနဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုဟာ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။ ကားတွေ၊ စက်ရုံတွေကြောင့်ထွက်လာတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ပမာဏကတော့ တရုတ်နဲ့ အီတလီတို့မှာ စံချိန်တင် လျော့ကျသွားခဲ့ပါတယ်။

    ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွားတဲ့အခါ လေထုညစ်ညမ်းမှု ပြန်လည်ဖြစ်လာလိမ့်မယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

    Ref: BBC, CNN

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    မတ် ၉၊ ၂၀၂၀
    M-Media

    Android ကိရိယာ သန်းတစ်ထောင်ကျော် လုံခြုံရေးအန္တရာယ်ရှိနေ

    လုံခြုံရေးဆိုင်ရာ Update မရတာကြောင့် ကမ္ဘာတစ်ဝှမ်းက Android ကိရိယာ သန်းတစ်ထောင်ကျော်လောက်ဟာ ဟက်ခံရမယ့်အန္တရာယ် ရှိနေတယ်လို့ နည်းပညာရေးရာ စောင့်ကြည့်အဖွဲ့ Which? က သတိပေးလိုက်ပါတယ်။ ၂၀၁၂ ခုနှစ်နဲ့ အဲဒီအရင်ထွက်တဲ့ Android ဖုန်းတွေမှာ ဒီအန္တရာယ်ရှိနေတာဖြစ်ပြီး အချက်အလက်တွေ ခိုးခံရတာ၊ ​ပြန်ပေးငွေ တောင်းတာနဲ့ အခြား ဗိုကွန်ပျူတာဗိုင်းရပ်စ် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ Android ကို ဖန်တီးထားတဲ့ Google ကုမ္ပဏီကတော့ ဒီသတိပေးချက်အတွက် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ထရမ့်၏နိုင်ငံရေးအမြတ်ထုတ်ကြော်ငြာများကို Facebook က ဖယ်ရှား

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စစ်တမ်းကောက်ယူမှု ကြော်ငြာတွေဟာ အသုံးပြုသူတွေကို လှည့်စားတဲ့သဘော ပါဝင်တဲ့အတွက် ဖယ်ရှားလိုက်တယ်လို့ Facebook က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့က the Official 2020 Congressional District Census ခေါင်းစဉ်နဲ့လုပ်တဲ့ အဲဒီစစ်တမ်းတွေဟာ ၁၀ နှစ်တစ်ကြိမ်ပြုလုပ်ပြီး မတ်လ ၁၂ ရက်နေ့ စတင်မယ့် အမေရိကန်သန်းခေါင်းစာရင်းကောက်ယူမှုနဲ့ မှားယွင်းနိုင်တာပါ။ ကြော်ငြာကိုနှိပ်လိုက်တာနဲ့ ထရမ့်ရဲ့ ဝဘ်ဆိုက်ထဲဝင်ကာ သူ့ရဲ့ပေါ်လစီတွေ၊ နိုင်ငံရေးတိမ်းညွှတ်မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းထားတဲ့ဖောင်ကို အသုံးပြုသူက ဖြေဆိုရပါတယ်။ ဖြေဆိုပြီးရင်တော့ အလှူငွေလှူဒါန်းနဲ့ ဝဘ်စာမျက်နှာကို ရောက်ရှိသွားပါတယ်။ ဒီလိုကြေငြာတွေ ရာနဲ့ချီရှိ​နေပြီး အမေရိကန် သန်းခေါင်စာရင်းကောက်ယူမှုနဲ့ပတ်သက်ပြီး မှားယွင်းမှုကို တားဆီးရေး ပေါ်လစီအတိုင်း ထရမ့်ရဲ့ ကြော်ငြာတွေကို ဖယ်ရှားလိုက်တာလို့ Facebook က ပြောကြားခဲ့ပါတယ်။

    အင်္ဂါဟ်ဂြိုဟ်ဆင်းမည့် ယာဉ်ငယ်ကို အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးက အမည်သတ်မှတ်

    အခုနှစ်နွေရာသီမှာ အင်္ဂါဂြိုဟ်ကို လွှတ်တင်မယ့် ဂြိုဟ်ဆင်းယာဉ်ငယ်ကို Perseverance လို့ အမေရိကန်အာကာသအေဂျင်စီ နာဆာက အမည်ပေးလိုက်ပါတယ်။ ​ဒီယာဉ်ငယ်ဟာ ကျောက်တုံးနမူနာတွေကို ကမ္ဘာမြေပေါ် ယူဆောင်လာမှာဖြစ်ပြီး အင်္ဂါဂြိုဟ်မှာ သက်ရှိနေ ရှင်သန်မှု ရှိ၊ မရှိကို သိပ္ပံပညာရှင်တွေက လေ့လာဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ ယာဉ်ငယ်ကိုအမည်ပေးရေး ပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့ရာမှာ အမေရိကန်နိုင်ငံတစ်ဝှမ်းက လူပေါင်း ၂၈၀၀၀ လောက် ဝင်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲဝင်တွေဟာ နာမည်တစ်ခု မှည့်ပေးရပြီး ဘာ့ကြောင့် ဒီလိုမှည့်ခေါ်ရလဲဆိုတာကို ရှင်းပြတဲ့ အက်ဆေးတစ်ပုဒ်လည်း ရေးပေးရပါတယ်။ Perseverance ဆိုတဲ့အမည်ကို ဗာဂျီးနီးယားပြည်နယ်က အသက် ၁၃ နှစ်အရွယ် အလက်ဇန်းဒါး မာသာက ပေးခဲ့တာဖြစ်ပါတယ်။ နာဆာဟာ အရင်ကလည်း စက်ရုပ်တွေ၊ အာကာသယာဉ်ငယ်တွေကို အမည်ပေးဖို့အတွက် ဒီလိုပြိုင်ပွဲတွေ လုပ်ခဲ့ဖူးပါတယ်။

    ကမ္ဘာ့စွမ်းဆောင်ရည်အကောင်းဆုံး ကွမ်တန်ကွန်ပျူတာကို Hoenywell ကုမ္ပဏီက ဖန်တီးမည်

    နည်းပညာလောကမှာ အပူထိန်းစနစ် ထုတ်လုပ်မှုနဲ့ နာမည်ကြီးတဲ့ Hoenywell ကုမ္ပဏီဟာ ကမ္ဘာ့စွမ်းဆောင်ရည်အကောင်းဆုံး ကွမ်တန်ကွန်ပျူတာတစ်ခု တီထွင်ဖန်တီးနေတယ်လို့ ကြေငြာလိုက်ပါတယ်။ ဒီကွန်ပျူတာဟာ Google၊ IBM နဲ့ JPMorgan Chase တို့က ဖန်တီးထားတဲ့ ကွမ်တန်ကွန်ပျူတာတွေထက် ပိုမိုကောင်းမွန်မယ်လို့ ဆိုပါတယ်။ ကွမ်တန်ကွန်ပျူတာတွေဟာ ယနေ့ နည်းပညာလောကမှာ သာမန်ကွန်ပျူတာတွေ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။ Hoenywell ကုမ္ပဏီဟာ လေကြောင်းနယ်ပယ်၊ ကာကွယ်ရေးနယ်ပယ်အပါအဝင် နယ်ပယ်တော်တော်များများမှာ ရင်းနှီးမြှုပ်နှံထားပြီး အဲဒီက ကျွမ်းကျင်သူတွေ စုပေါင်းကာ ကွမ်တန်ကွန်ပျူတာဖန်တီးဖို့ စီစဉ်ခဲ့တာပါ။ ဒီကွန်ပျူတာကို အွန်လိုင်းလိမ်လည်မှုဖြေရှင်းရေး၊ ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ ဉာဏ်ရည်တုနည်းပညာတွေမှာ အသုံးပြုသွားမယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။

    Ref: BBC, CNN