News @ M-Media

Tag: Noble Prize

  • ဓာတုဗေဒနိုဘယ်ဆုကို ဆွတ်ခူးခဲ့သည့် တူနီးရှားနွယ်ဖွား ပညာရှင် မွန်ဂီ ဘာ၀မ်ဒီ

    ဓာတုဗေဒနိုဘယ်ဆုကို ဆွတ်ခူးခဲ့သည့် တူနီးရှားနွယ်ဖွား ပညာရှင် မွန်ဂီ ဘာ၀မ်ဒီ

    အောက်တိုဘာ ၇၊ ၂၀၂၃

    M-Media 


    -၂၀၂၃ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန် သိပ္ပံပညာရှင် ၃ ဦးက ရရှိသွားပါတယ်။ 

    မွန်ဂီ ဘာ၀မ်ဒီ၊ လူး၀စ်ဘရုစ်နဲ့ အလက်စီ အီကီမော့ဗ်တို့ဖြစ်ပြီး ကွမ်တမ်အမှုန်တွေရဲ့ ဆက်စပ်ပေါင်းစည်းမှု သဘောသဘာ၀ကို ဖော်ထုတ်နိုင်ခဲ့တာကြောင့် ဆုရခဲ့တာဖြစ်ပါတယ်။ 

    သူတို့ ၃ ဦးရဲ့ တွေ့ရှိမှုဟာ အလွန်သေးငယ်တဲ့ အာရုံခံစနစ်တွေ၊ ဆိုလာဆဲတွေတည်ဆောက်မှု၊ ပုံဖျက်ထားနိုင်တဲ့ ကွမ်တမ်ဆက်သွယ်ရေးစနစ် ဖွံ့ဖြိုးလာမှုမှာ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။ 

    မွန်ဂီ ဘာ၀မ်ဒီဟာ တူနီးရှားနွယ်ဖွား ဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှာ ဖရော်ဖက်ဆာအဖြစ် ဆောင်ရွက်နေပါတယ်။ 

    ဖခင် မိုဟာမက် ဆာလာ ဘာ၀မ်ဒီက သင်္ချာပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မွန်ဂီကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မွေးဖွားပါတယ်။ 

    မွန်ဂီ ငယ်ငယ်ကတည်းကပဲ သူတို့မိသားစုဟာ အမေရိကန်ကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဟားဗတ်တက္ကသိုလ်ကနေ ၁၉၈၂ ခုနှစ်မှာ ၀ိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်မှာ မဟာဘွဲ့ ရရှိခဲ့ပြီး ၁၉၈၈ မှာတော့ ချီကာဂိုတက္ကသိုလ်ကနေ ဓာတုဗေဒဆိုင်ရာ ဒေါက်တာဘွဲ့ ရရှိခဲ့ပါတယ်။ 

    ဓာတုဗေဒ သုတေသနနယ်ပယ်မှာ မွန်ဂီဟာ အလွန်ကျော်ကြားပါတယ်။ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ဓာတုဗေဒနဲ့ သက်ဆိုင်တဲ့ စာအုပ်၊ စာတမ်းတွေ အများစုမှာ သူ့ရဲ့ တွေ့ရှိချက်တွေကို အဓိကထား ကိုးကားဖော်ပြခဲ့ရပါတယ်။ 

    နိုဘယ်ဆုရရှိစေခဲ့တဲ့ ကွမ်တမ်အမှုန်ဆိုင်ရာ သုတေသနကိုလည်း မွန်ဂီက အဓိက ဦးဆောင်တာဖြစ်ပါတယ်။ 

    Ref: NY Times  

  • ၂၀၂၁ နှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျာနယ်လစ် ၂ ဦး ရရှိ

    ၂၀၂၁ နှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျာနယ်လစ် ၂ ဦး ရရှိ

    အောက်တိုဘာ ၈၊ ၂၀၂၁
    M-Media

    -၂၀၂၁ ခုနှစ်အတွင် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဖိလစ်ပိုင်နဲ့ ရုရှားက ဂျာနယ်လစ်တွေဖြစ်တဲ့ မာရီယာ ရက်ဆာနဲ့ ဒီမီထရီ မူရာတော့ဗ်တို့က ရရှိသွားပါတယ်။

    ကမ္ဘာတစ်ဝှမ်းမှာ ခြိမ်းခြောက်ခံနေရတဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ထိန်းသိမ်းနိုင်ရေး အားထုတ်ကြိုးပမ်းမှုတွေအတွက် ဒီဆုကို ချီးမြှင့်တာလို့ နိုဘယ်ဆုရွေးချယ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ၁၉၃၅ ခုနှစ်က ဂျာမနီဂျာနယ်လစ် ကားလ်ဗွန် အိုဆစ်ဇကီ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျာနယ်လစ်တွေ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့တာပါ။

    နိုဘယ်ဆုကော်မတီဥက္ကဌ ဘီရစ် ရီအစ် အန်ဒါဆန်က ဖိလစ်ပိုင်နဲ့ ရုရှားတို့မှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူတို့ရဲ့ သူရသတ္တိအတွက် အခုလို ဆုချီးမြှင့်ရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

    “ကမ္ဘာကြီးမှာ ဒီမိုကရေစီနဲ့ လွတ်လပ်စွာပြောဆိုခွင့် နောက်ပြန်ဆုတ်မှု မြင့်လာတဲ့အချိန် ဒါကို ရပ်တည်ကာကွယ်ပေးနေတဲ့ ဂျာနယ်လစ်အားလုံးအတွက် သူတို့နှစ်ဦးက ပြယုဂ်ပါ”

    ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာဟာ လျှို့ဝှက်ကိစ္စတွေကို စုံစမ်းဖော်ထုတ်တဲ့ သတင်းဝဘ်ဆိုက် Rappler ကို တည်ထောင်သူဖြစ်ပါတယ်။ သူမရဲ့ ဝဘ်ဆိုက်ဟာ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂိုဒူတာတေးရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မူးယစ်စစ်ပွဲက အာဏာအလွဲသုံးစားမှုတွေ၊ ကျူးလွန်မှုတွေကို အဓိက ဖော်ထုတ်တာပါ။

    အခုလို နိုဘယ်ဆုရရှိတဲ့အတွက် မယုံနိုင်လောက်အောင် ဖြစ်ရတယ်လို့ မာရီယာက ပြောပါတယ်။

    ရုရှားဂျာနယ်လစ် ဒီမီထရီ မူတာရော့ဗ်ဟာ ရုရှားသတင်းစာ Novaya Gazeta ကို ၁၉၉၃ ခုနှစ်က တည်ထောင်ကာ ၂၄ နှစ်တိုင်တိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ မူတာရော့ဗ်ရဲ့ သတင်းစာဟာ ရုရှားက လွတ်လပ်တဲ့ အနည်းငယ်သော သတင်းစာတွေထဲက တစ်စောင် ဖြစ်နေပါပြီ။

    Novaya Gazeta သတင်းစာဟာ ရုရှားအာဏာပိုင်တွေကို မကြာခဏ ဝေဖန်လေ့ရှိပြီး စတင်တည်ထောင်စဉ်ကနေ ယနေ့အချိန်အထိ သတင်းစာတိုက်က သတင်းသမား ၆ ဦး အသတ်ခံခဲ့ရပါတယ်။

    ရုရှားသမ္မတအိမ်တော်က မူတာရော့ဗ် နိုဘယ်ဆု ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆွတ်ခူးရရှိခဲ့ပါတယ်။

    Ref: Reuters

  • စာပေဆိုင်ရာ နိုဘယ်ဆုကို တန်ဇန်းနီးယားမှ အဘ်ဒွလ်ရာဇတ် ဂူရ်နာ ရရှိ

    စာပေဆိုင်ရာ နိုဘယ်ဆုကို တန်ဇန်းနီးယားမှ အဘ်ဒွလ်ရာဇတ် ဂူရ်နာ ရရှိ

    အောက်တိုဘာ ၇၊ ၂၀၂၁
    M-Media

    -၂၀၂၁ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို တန်ဇန်းနီးယားနိုင်ငံက စာရေးဆရာ အဘ်ဒွလ်ရာဇတ် ဂူရ်နာက ဆွတ်ခူးရရှိသွားပါတယ်။

    ဇန်ဇီဘာရ်ဒေသမှာ မွေးပြီး အင်္ဂလန်နိုင်ငံမှာ အခြေချနေထိုင်တဲ့ ဂူရ်နာဟာ Kent တက္ကသိုလ်က ပရော်ဖက်ဆာ ဖြစ်ပါတယ်။

    နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ဂူရ်နာဟာ ကိုလိုနီဝါဒရဲ့ သက်ရောက်မှု၊ ဒုက္ခသည်တွေရဲ့ ကံကြမ္မာတွေကို နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်နိုင်စွမ်းရှိသူ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    ဂူရ်နာဟာ ၀တ္ထုရှည် ၁၀ ပုဒ်နဲ့ ၀တ္ထုတို တော်တော်များများကို ရေးသားခဲ့ပြီး ၁၉၉၄ ခုနှစ်က ရေးသားထုတ်ဝေတဲ့ Paradise ၀တ္ထုက နာမည်ကျော်ပါတယ်။ ဒီ၀တ္ထုဟာ ပထမကမ္ဘာစစ်ကာလအတွင်းက အရှေ့အာဖရိကကို ဇာတ်အိမ်တည် ရေးဖွဲ့ထားတဲ့ ၀တ္ထုဖြစ်ပါတယ်။ Booker Prize for Fiction ဆုအတွက် ဒီ၀တ္ထုက ဇကာတင်စာရင်း ဝင်ခဲ့ပါတယ်။

    စာပေဆိုင်ရာ နိုဘယ်ဆုရွေးချယ်ရေးကော်မတီ ဥက္ကဌ အန်ဒါစ် အိုလ်ဆန်က ဂူရ်နာဟာ ကိုလိုနီခေတ်နောက်ပိုင်း အကြီးကျယ်ဆုံး စာရေးဆရာတစ်ယောက်ဖြစ်တယ်လို့ ကင်းပွန်းတပ်ခဲ့ပါတယ်။

    ဂူရ်နာဟာ ဆုကြေးငွေ ဆွီဒင်ကရိုနာ ၁၀ သန်း (ဒေါ်လာ ၁.၁၃ သန်း) ရရှိမှာ ဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို ပုံမှန် ဒီဇင်ဘာ ၁၀ ရက်နေ့ကျရင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ ကျင်းပလေ့ရှိပေမယ့် ကိုဗစ်ကပ်ရောဂါ မပြီးသေးတဲ့အတွက် ဒီနှစ် ကျင်းပနိုင်ခြင်း မရှိပါဘူး။ ကိုဗစ်ကြောင့် ဆုပေးပွဲမကျင်းပနိုင်တာ ၂ နှစ်ရှိပြီ ဖြစ်ပါတယ်။

    ၁၉၀၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ နိုဘယ်ဆုမှာ စာပေဆိုင်ရာဆုကို ရရှိသူ ၁၁၈ ဦးရှိပြီး အဲဒီအထဲက ၈၀ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ ၉၅ ဦးဟာ ဥရောပနဲ့ မြောက်အမေရိကက စာရေးဆရာတွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • သမ္မတထရမ့်ကို နော်ဝေလွှတ်တော်အမတ်က နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်း

    သမ္မတထရမ့်ကို နော်ဝေလွှတ်တော်အမတ်က နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်း

    စက်တင်ဘာ ၉၊ ၂၀၂၀
    M-Media

    -အစ္စရေးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် စွမ်းဆောင်ပေးနိုင်မှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် စဉ်းစားပေးဖို့ နော်ဝေလွှတ်တော်အမတ်တစ်ဦးက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

    နေတိုးဆိုင်ရာ နော်ဝေကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နော်ဝေလွှတ်တော်က သက်တမ်းလေးကြိမ်မြောက် လွှတ်တော်အမတ်လည်းဖြစ်တဲ့ Christian Tybring-Gjedde က နိုဘယ်ဆုရွေးချယ်ရေးကော်မတီကို ထရမ့်ရဲ့အမည် တင်သွင်းခဲ့တာပါ။

    ထရမ့်ဟာ နိုင်ငံတွေအကြား ငြိမ်းချမ်းရေးကို နိုဘယ်ဆုရ အခြားသူတွေထက် ပိုမိုလုပ်ဆောင်ခဲ့တယ်လို့ သူက Fox News နဲ့ အင်တာဗျူးမှာ ထည့်သွင်းကြေားခဲ့ပါတယ်။

    အမေရိကန်ရဲ့ကြားဝင်ပေးညှိနှိုင်းပေးမှုကြောင့် အစ္စရေးနဲ့ ယူအေအီးတို့ဟာ ပြီးခဲ့တဲ့လမှာ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ဂျော်ဒန်၊ အီဂျစ်တို့ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ ဆက်ဆံတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

    Christian Tybring-Gjedde ရဲ့ အမည်စာရင်းတင်သွင်းတဲ့ လျှောက်ထားလွှာမှာ နှစ်နိုင်ငံအကြား မကျေလည်မှုတွေ လျော့ပါးရေး ထရမ့်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြောင်း၊ အခြား အရှေ့အလယ်ပိုင်းနိုင်ငံတွေလည်း ဒီလမ်းကြောင်းကို ဆက်လျှောက်မယ်လို့ မျှော်လင့်ရတာကြောင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးမှာ ဒီသဘောတူညီချက်က အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ရှိနေတဲ့ ကက်ရှ်မီးယားကိစ္စ၊ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ တင်းမာမှု လျော့ပါးရေးကိစ္စတွေမှာ ထရမ့်က ကြာင်းဝင်ဆောင်ရွက်ပေးခဲ့မှုတွေကို ဒီလျှောက်ထားလွှာမှာ ထောက်ပြထားသလို၊ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်ဖွဲ့တွေ လျော့ချမယ့် ထရမ့်ရဲ့အစီအစဉ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

    ထရမ့်အနေနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းခံရမှုဟာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ သဘောတူညီချက်ရခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထရမ့်ကို အမည်စာရင်းတင်သွင်းခဲ့ဖူးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

    ထရမ့်ကို အမည်စာရင်းတင်သွင်းတာဟာ အရမ်းနှစ်သက်လို့မဟုတ်ကြောင်း၊ သူ့ရဲ့အပြုအမူထက် သူလုပ်ခဲ့တာတွေကို ကော်မတီက သုံးသပ်သင့်ကြောင်း၊ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သူတွေဟာ ထရမ့်လောက် အလုပ်မလုပ်နိုင်ခဲ့ကြောင်း Tybring-Gjedde က Fox News နဲ့ အင်တာဗျူါ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: The Hill

  • ၂၀၁၉ ခုနှစ်အတွက် နိုဘယ်ဆုတွေကို ဘယ်သူတွေရထားလဲ

    ၂၀၁၉ ခုနှစ်အတွက် နိုဘယ်ဆုတွေကို ဘယ်သူတွေရထားလဲ

    အောက်တိုဘာ ၁၁၊ ၂၀၁၉
    M-Media

    -၂၀၁၉ ခုနှစ်အတွက် နိုဘယ်ဆုတွေကို အောက်တိုဘာ ၇ ရက်ကနေ စတင် ကြေငြာခဲ့ပါတယ်။

    လက်ရှိအချိန်အထိ ဆေးဘက်ဆိုင်ရာ၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ စာပေဆိုင်ရာ နိုဘယ်ဆုတွေကို ကြေငြာထားပြီးဖြစ်ပါတယ်။ နိုဘယ်ဆုတွေထဲမှာ စိတ်ဝင်စားမှုအခံရဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကိုတော့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ကြေငြာမှာဖြစ်ပြီး၊ အောက်တိုဘာ ၁၄ ရက်နေ့မှာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ကြေငြာမှာ ဖြစ်ပါတယ်။

    ဆေးဘက်ဆိုင်ရာနိုဘယ်ဆု

    ဇီဝကမ္မဗေဒနဲ့ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကိုတော့ သိပ္ပံပညာရှင် ၃ ဦးက ပူးတွဲရရှိခဲ့ပါတယ်။

    ဝီလီယံ ဂျီ ကေလင်၊ ဂျေအာရ် ပီတာ ဂျေ ရက်ခ်ျကလစ်ဖ်၊ ဂရက်ဖ် အလ် ဆီမန်ဇာတို့ ဖြစ်ပြီး အောက်ဆီဂျင်ရရှိမှုအပေါ်လိုက်ပြီး ဆဲလ်တွေရဲ့ တုန့်ပြန်၊ ပြောင်းလဲဖြစ်တည်မှုနဲ့ ပတ်သက်လို့ ဖော်ထုတ်ကြသူတွေ ဖြစ်ပါတယ်။

    နိုဘယ်ဆုရွေးချယ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီသိပ္ပံပညာရှင် ၃ ဦးရဲ့ ရှာဖွေမှုတွေဟာ ဇီဝကမ္မဗေဒရဲ့ အရေးပါတဲ့ အခြေခံအချက်တစ်ခုဖြစ်ပြီး သွေးအားနည်းရောဂါ၊ ကင်ဆာနဲ့ အခြားရောဂါ တော်တော်များများကို ကုသရေး ထိရောက်တဲ့ နည်းလမ်းတွေ ပေါ်ပေါက်လာစေတယ်လို့ ဖော်ပြထားပါတယ်။

    ရူပဗေဒနိုဘယ်ဆု

    ၂၀၁၉ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ကမ္ဘ္ဘ္ဘာကြီးနဲ့ စကြာဝဠာ အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှုတွေကို လေ့လာရာမှာ ထူးထူးခြားခြား ရှာဖွေ ဖော်ထုတ်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင် ၃ ဦးကို ချီးမြှင့်ခဲ့ပါတယ်။

    နိုဘယ်ဆုရရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေကတော့ ကနေဒါက ဂျိမ်းစ် ပီဘလက်စ်၊ ဆွီဒင် နက္ခတဗေဒပညာရှင်တွေဖြစ်တဲ့ မိုက်ကယ်မေယာ၊ ဒီဒီယာ ကူလို့ဇ်တို့ ဖြစ်ပါတယ်။ ဂျိမ်းစ်ဟာ စကြ၀ဠာကြီး အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှုနဲ့ပတ်သက်ပြီး ထူးခြားတဲ့ သီအိုရီပိုင်းဆိုင်ရာတွေကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သူပါ။ ဆွီဒင်ပညာရှင် ၂ ဦးကတော့ ‘ကျွန်ုပ်တို့ နေအဖွဲ့အစည်း’ အပြင်ဘက်က ပထမဆုံးဂြိုဟ်တစ်ခုကို ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။

    ဓာတုဗေဒနိုဘယ်ဆု

    ဓာတုဗေဒနိုဘယ်ဆုကို ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ရာမှာ လစ်သီယံ-အိုင်းယွန်း ဘတ္ထရီကို တီထွင်ခဲ့သူ သိပ္ပံပညာရှင်တွေက ပူးတွဲ ရရှိသွားပါတယ်။

    ဂျာမနီဖွား အင်ဂျင်နီယာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု တက္ကသိုလ်တက္ကသိုလ်မှာ ပရော်ဖက်ဆာအဖြစ် ဆောင်ရွက်နေတဲ့ အသက် ၉၇ နှစ်အရွယ် ဂျွန် ဘီ ဂွဒ်အီနက်ဖ်၊ နယူးယောက်တက္ကသိုလ်က ပရော်ဖက်ဆာ ဗြိတိန်-အမေရိကန် ဓာတုဗေဒပညာရှင် အသက် ၇၇ နှစ်အရွယ် အမ် စတန်လေ ၀ှိုက်တင်ဟမ်၊ အသက် ၇၁ နှစ်အရွယ် ဂျပန် သိပ္ပံပညာရှင် အကီရာ ယိုရှီနိုတို့က ဖြစ်ပါတယ်။

    သူတို့ ၃ ဦး တီထွင်ခဲ့တဲ့ လစ်သီယံ-အိုင်းယွန်း ဘတ္ထရီဟာ စွမ်းအင်သိုလှောင်မှု နည်းလမ်းကို တစ်ဆစ်ချိုး ပြောင်းလဲနိုင်ခဲ့ပြီး ကားတွေ၊ မိုဘိုင်းဖုန်းတွေ၊ အခြားကိရိယာတွေ တီထွင်ဖန်တီးမှုကိုလည်း တစ်မူထူးခြားစေခဲ့ပါတယ်။ ဒီဘတ္ထရီကြောင့် ကမ္ဘ္ဘ္ဘာကြီး ပူနွေးမှုကို ဖြစ်စေတဲ့ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုနေရမှုကိုလည်း လျှော့ချနိုင်ခဲ့ပါတယ်။

    အသက် ၉၇ နှစ်အရွယ် ဂွဒ်အီနက်ဖ်ဟာ နိုဘယ်ဆုရရှိသူတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ပါတယ်။

    စာပေနိုဘယ်ဆု

    ၂၀၁၉ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို သြစတြီးယားနိုင်ငံသား စာရေးဆရာ ပီတာ ဟန်ကီက ရရှိသွားပါတယ်။ ဟန်ကီဟာ ပြဇာတ်၊ ၀တ္ထုနဲ့ ကဗျာ တော်တော်များများကို ရေးသားသူပါတယ်။

    ဘာသာဗေဒဆိုင်ရာ တီထွင်ဉာဏ်ရင့်သန်ပြီး လူသားတွေရဲ့ ဖြစ်တည်၊ ဖြတ်သန်းမှုကို ပေါ်လွင်အောင် ရေးသားထားတဲ့ သူ့ရဲ့ လက်ရာတွေဟာ စာဖတ်သူတွေအပေါ် လွှမ်းမိုးမှုရှိတဲ့အတွက် ချီးမြှင့်ရတာဖြစ်တယ်လို့ နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ပီတာ ဟန်ကီဟာ အငြင်းပွားဖွယ်ရာ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်တွေကဖြစ်ပွားတဲ့ ယူဂိုဆလပ်စစ်ပွဲမှာ တရားလက်လွတ်ပြုတဲ့ ဆာ့ဘ်တပ်ဖွဲ့ကို ထောက်ခံမှု၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ဆာ့ဘ်ခေါင်းဆောင် မီလိုဆီဗစ်ရဲ့ ၂၀၀၆ ခုနှစ် ဈာပနမှာ မိန့်ခွန်းပြောမှုတွေအတွက် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

    စာပေဆိုင်ရာ နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ ၂၀၁၈ ခုနှစ် စာပေနိုဘယ်ဆုကိုလည်း ဒီနှစ်မှာ တစ်ခါတည်း ကြေငြာခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုကိုတော့ ပိုလန်စာရေးဆရာမ အိုလ်ဂါ တိုကာဇက်က ရရှိခဲ့ပါတယ်။


    ၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဆွီဒင်က အသက် ၁၆ နှစ်အရွယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂရီတာ သွန်ဘာ့ဂ်၊ အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အဟ်မဒ်၊ ဘရာဇီလ်းက ဌာနေလူမျိုးစုခေါင်းဆောင် ရိုအာနီ မီတွတ်တီရီတို့ထဲက တစ်ဦးဦး ရရှိမယ်လို့ တစ်ပြေးနေပါတယ်။

    Ref : Times, BBC, The Guardian