News @ M-Media

Tag: north korea

  • လုံခြုံရေးအာမခံလျှင် နျူစမ်းသပ်မှု ရပ်ပေးမည်ဟု မြောက်ကိုရီးယား ကတိပြု

    လုံခြုံရေးအာမခံလျှင် နျူစမ်းသပ်မှု ရပ်ပေးမည်ဟု မြောက်ကိုရီးယား ကတိပြု

    မတ် ၆၊ ၂၀၁၈
    M-Media

    ချွန်အီယွန်နှင့် ကင်ဂျုံအန်တို့ တွေ့ဆုံစဉ်

    – နိုင်ငံလုံခြုံရေးကို အာမခံပေးနိုင်လျှင် နျူလက်နက် စမ်းသပ်မှုကို ရပ်တန့်ပေးမည်ဟု မြောက်ကိုရီးယားက သဘောတူခဲ့ကြောင်း တောင်ကိုရီးယားအစိုးရ၏ အမျိုးသားလုံခြုံရေးအကြံပေးက ပြောကြားလိုက်သည်။

    ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အကျဉ်းချုပ်တွင် ထိပ်တန်းအကြံပေး ချွန်အီယွန်က မြောက်ကို ရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်တို့မှာ ဧပြီလတွင် သမိုင်းဝင် ထပ်သီးဆွေးနွေးပွဲ ပြုလုပ်မည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ချွန်အီယွန်မှာ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ မြောက်ကိုရီးယားသို့ ၂ ရက်ကြာ သွားရောက်ခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအန်နှင့်လည်း တွေ့ဆုံခဲ့သည်။

    တောင်ကိုရီးယား သတင်းဌာန Yonhap က ကိုရီးယားခေါင်းဆောင်နှစ်ဦးမှာ နှစ်နိုင်ငံနယ်စပ်ရှိ ပန်မူဂျွန်းဒေသတွင် တွေ့ဆုံမည်ဟု ဖော်ပြခဲ့သည်။

    “ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်းရေး စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို မြောက်ဖက်က ထပ်မံပြောကြားခဲ့ပြီး၊ ခေါင်းဆောင်တွေအတွက် လုံခြုံရေးကို အာမခံပေးနိုင်မယ်ဆိုရင်၊ မြောက်ကိုရီးယားအပေါ်ရှိနေတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ဖယ်ရှားပေးမယ်ဆိုရင် နျူလက်နက် ပိုင်ဆိုင်စရာ ဘာအကြောင်းမှမရှိဘူးလို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်” ဟု ချွန်အီယွန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    နျူကင်းစင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေး ကိစ္စများအတွက် အမေရိကန်နှင့် စစ်မှန်သည့် ဆွေးနွေး မှုမျိုး ပြုလုပ်ရန် စိတ်ဆန္ဒရှိကြောင်း၊ ထိုဆွေးနွေးမှု တိုးတက်လာသည့်နှင့်အမျှ နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးကျည်ပစ်လွှတ်မှုများကို ရပ်တန့်ပေးမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်ဟုလည်း ချွန်အီယွန်က ဆိုသည်။

    Ref: Aljazeera

  • ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေးချင်သည်ဟု ကင်ဂျုံအန်ပြော

    ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေးချင်သည်ဟု ကင်ဂျုံအန်ပြော

    မတ် ၆၊ ၂၀၁၈
    M-Media

    – မိမိအနေဖြင့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးကို အလွန်အမင်း တိုးတက်စေချင်ပြီး၊ ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ချင်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။

    အမျိုးသားလုံခြုံရေးအကြံပေး ချွန်အီယွန် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးပါသည့် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်သို့ ရောက်ရှိနေကာ ယမန်နေ့ညပိုင်းတွင် ကင်ဂျုံအန်နှင့် တွေ့ဆုံ ညစာစားခဲ့သည်။

    “ထိပ်သီးအစည်းအဝေးပြုလုပ်ဖို့ သမ္မတမွန်ဂျယ်အင်ရဲ့ သဘောထားကို တောင်ကိုရီးယား အထူးကိုယ်စားလှယ်အဖွဲ့ကနေတစ်ဆင့် (ကင်ဂျုံအန်က) နားထောင်ခဲ့ပြီး အမြင်တွေဖလှယ်ကာ ကျေနပ်စရောကောင်းတဲ့ သဘောတူညီချက်ကိုလည်း ရရှိခဲ့ပါတယ်” ဟု မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက (KCNA) က ဖော်ပြ
    ခဲ့သည်။

    သို့သော်လည်း မည်သည့် သဘောတူညီချက်များ ရရှိခဲ့သည်ကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

    တောင်ကိုရီးယားသမ္မတရုံးက မြောက်ကိုရီးယားဖက်မှ တောင်းဆိုသည့် ထိပ်သီးအစည်းအဝေး ကျင်းပရန်ကိစ္စတစ်စိတ်တစ်ပိုင်းကို ပြေလည်အောင် ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ပြီးခဲ့သည့်လက တောင်ကိုရီးယား၌ ကျင်းပပြုလုပ်ခဲ့သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ ကင်ဂျုံအန်၏ညီမ ကင်ယိုဂျွန် တက်ရောက်ခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာ တိုးတက်လာခဲ့သည်။

    တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်မှာ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ စာတစ်စောင် ထည့်ပေးခဲ့ပြီး ကင်ဂျုံအန်ကမူ ထိုစာနှင့်ပတ်သက်၍ လက်တွေ့ကျသည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။

    “ကိုရီးယားကျွန်းဆွယ်မှာ ရှိနေတဲ့ စစ်ရေးတင်းမာမှုတွေကို လျော့ချရေး၊ ပြောင်းလွယ်ပြင်လွယ်တဲ့ ဆွေးနွေးမှု၊ ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ဖလှယ်မှုတွေ လုပ်ဆောင်ရေး စတဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ အမြင်တွေကို နက်နက်ရှိုင်းရှိုင်း ဖလှယ်ခဲ့ကြပါတယ်” ဟု KCNA က ထည့်သွင်းဖော်ပြခဲ့သည်။

    မြောက်ကိုရီးယားသို့ ၂ ရက်ကြာ ရောက်ရှိနေသည့် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့တွင် မြောက်ကိုရီးယား တာဝန်ရှိသူများနှင့် ထပ်မံတွေ့ဆုံရန် ရှိနေသည်။

    Ref: Aljazeera

  • သမိုင်းဝင်ခရီးအဖြစ် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ပြုံးယမ်သို့ရောက်ရှိ

    သမိုင်းဝင်ခရီးအဖြစ် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ပြုံးယမ်သို့ရောက်ရှိ

    မတ် ၅၊ ၂၀၁၈
    M-Media

    – သမ္မတ မွန်ဂျယ်အင်၏ ကိုယ်စားလှယ်အဖြစ် တောင်ကိုရီးယား တာဝန်ရှိသူအဖွဲ့တစ်ခုမှာ ယနေ့တွင် ပြုံးယမ်သို့ ရောက်ရှိလာခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံမည်ဟု သိရသည်။

    ပြီးခဲ့သည့်လ တောင်ကိုရီးယား၌ ကျင်းပခဲ့သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ ကင်ဂျုံအင်၏ ညီမ ကင်ယိုဂျွန် တက်ရောက်ခဲ့ပြီးနောက် ယခုအဖွဲ့မှာ ဆယ်စုနှစ်များအတွင်း မြောက်ကိုရီးယားသို့ ရောက်ရှိလာသည့် တောင်ကိုရီယား၏ အဆင့်အမြင့်ဆုံး အဖွဲ့လည်းဖြစ်သည်။

    ထိုအဖွဲ့မှာ မြောက်ကိုရီးယားနှင့် အမေရိကန်အကြား ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေး တွန်းအားပေးသွားမည်ဖြစ်သည်။

    “ကင်ဂျံအန်ရဲ့ ညစာစားပွဲမှာတွေ့ဖို့ သူတို့ သဘောတူထားပါတယ်” ဟု တောင်ကိုရီးယားသမ္မတ၏ ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့သည်။

    တောင်ကိုရီးယားသို့ ကင်ယိုဂျွန်လာရောက်မှုမှာ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲပြီးနောက် မြောက်ကိုရီးယား အာဏာရှင်မိသားစုဝင်တစ်ဦး ပထမဆုံး လာရောက်မှု ဖြစ်သည်။

    တောင်ကိုရီးယား၌ ကျင်းပခဲ့သည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အခြေပြု၍ ကိုရီးယားနှစ်နိုင်ငံမှာ ဆက်ဆံရေးတိုးတက်လာခဲ့သည်။

    ကင်ယိုဂျွန်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်အား မြောက်ကိုရီးယားသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး မွန်က အချိန်အခါသင့်မှ လာရောက်မည်ဟု ပြောကြားခဲ့သည်။

    ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး ချွန်အီယွန်က မိမိတို့မှာ ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးမှုသာမဟုတ်ဘဲ၊ မြောက်ကိုရီးယားနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအကြား ဆက်ဆံရေးအတွက်လည်း နက်ရှိုင်းစွာ ဆွေးနွေးသွားမည်ဟု မြောက်ကိုရီးယားသို့ မသွားခင် ပြောကြားခဲ့သည်။

    Ref : CNA

  • အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    မတ် ၃၊ ၂၀၁၈
    M-Media

    – အမေရိကန်အနေဖြင့် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင်မှု ဆောင်ရွက်ပါက မိမိတို့ကလည်း ပြန်လည်တုန့်ပြန်မည်ဖြစ်ပြီး ဆွေးနွေးမှုပြုလုပ်ရန် တောင်းပန်နေမည်မဟုတ်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်သည်။

    အမေရိကန်မှာ ဧပြီလဆန်းတွင် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု တောင်ကိုရီးယား သမ္မတ၏ လုံခြုံရေးအကြံပေးက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားသည်။

    “မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုတွေ ဆက်လုပ်ထားပြီး အမေရိကန်က ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်မယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့လည်း ကိုယ့်အစွမ်းအစနဲ့ တုန့်ပြန်သွားမှာပါ။ နောက်ဆက်တွဲကိစ္စတွေအားလုံးအတွက် အမေရိကန်က တာဝန်ယူရပါလိမ့်မယ်” ဟု မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက KCNA က ယနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုများက ကိုရီးယားကျွန်းဆွယ် ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုများကို ထိခိုက်စေမည်ဟုလည်း ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ နျူနှင့် ဒုံးကျည်အစီအစဉ်ကို စွန့်လွှတ်စေရန် ဖိအားပေးသည့်အနေဖြင့် ပိတ်ဆို့မှုများ ထပ်မံပြုလုပ်သွားမည်ဟု အမေရိကန်က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွက် ပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်က ယခု ပိတ်ဆို့မှုများ အလုပ်မဖြစ်လျှင် အဆင့် ၂ ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုအဆင့် ၂ က
    ကမ္ဘာကြီးအတွက် အလွန်အမင်း ကံဆိုးစေမည်ဟု သတိပေးခဲ့သည်။

    မြောက်ကိုရီးယားက ထရမ့်၏ တစ်ဖက်သတ်ပိတ်ဆို့မှုများကို ရှုတ်ချထားသည်။ သို့သော်လည်း အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် လမ်းဖွင့်ထားသည်ဟု ပြီးခဲ့သည့်လ အိုလံပစ်ပြိုင်ပွဲသို့ သွားရောက်ခဲ့သည့် မြောက်ကိုရီးယား အကြီးတန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အိမ်ဖြူတော်ကမူ မြောက်ကိုရီးယားနှင့် မည်သည့်ဆွေးနွေးမှုမျိုးမဆို နျူကလီးယားအစီအစဉ် ရပ်တန့်မှုဆီသို့ ဦးတည်မည်ဟု ပြောကြားခဲ့သည်။

    Ref: CNA

  • ပိတ်ပင်ထားသည့် လက်နက်များကို မြောက်ကိုရီးယားက မြန်မာနှင့် ဆီးရီးယားသို့ တင်ပို့ဟု ကုလပြော

    ပိတ်ပင်ထားသည့် လက်နက်များကို မြောက်ကိုရီးယားက မြန်မာနှင့် ဆီးရီးယားသို့ တင်ပို့ဟု ကုလပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားက ကုလရဲ့ ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး တိုက်ချင်းပစ်ဒုံးကျည်နဲ့ ဓာတုလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဆီးရီးယားနိုင်ငံကို ပို့ဆောင်ကာ၊ ပိတ်ပင်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်စနစ်တွေ မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့ ကုလက ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

    မြောက်ကိုရီးယားအပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို စောင့်ကြည့်နေတဲ့အဖွဲ့က ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြောက်ကိုရီးယားက ဆီးရီးယားကို တားမြစ်ထားတဲ့ ဒုံးကျည်တွေ၊ သာမန် လက်နက်တွေ၊ နှစ်မျိုးသုံး ကုန်ပစ္စည်းတွေကို အကြိမ် ၄၀ ကျော်လောက် တိတ်တဆိတ် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံကလည်း တိုက်ချင်းပစ်ဒုံးကျည်စနစ်တွေ၊ မြေပြင်ကဝေဟင်ပြစ်ဒုံးကျည်တွေ၊ ဒုံးပစ်လောင်ချာ အမျိုးမျိုးနဲ့ သာမန်လက်နက်တွေကို မြောက်ကိုရီးယားထံကနေ ရရှိခဲ့တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ဒီအဖွဲ့က ပြောပါတယ်။

    ကုလ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာကို ကိုးကားပြီး AP သတင်းဌာနရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ သတင်းဖော်ပြချက်မှာ မြောက်ကိုရီးယားဟာ ဆီးရီးယား၊ မြန်မာတို့နဲ့ တားမြစ်ထားတဲ့ ဒုံးကျည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွ ရှိခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် ၉ လအတွင်းမှာ ကန်ဒေါ်လာ သန်း ၂၀၀ နီးပါး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို တရားမ၀င် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံဟာ ကမ္ဘာတစ်ဝှမ်း လက်နက်ဝယ်ယူရေး ကွန်ယက်တစ်ခုကို ချိတ်ဆက်ထားနိုင်ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်နေတဲ့ ဒုံးကျည်စနစ်အတွက် နိုင်ငံခြားရင်းမြစ်တွေကနေ ပစ္စည်းတွေ ရယူနေတယ်လို့ ကုလက စောင့်ကြည့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာစစ်တပ်က ၂၀၁၂ ခုနှစ်မှာ နျူလက်နက်နဲ့ ဆက်စပ်တဲ့ တားမြစ်ပစ္စည်းတွေကို လွှဲပြောင်းရယူဖို့ ကြိုးပမ်းရာမှာ စိုးမင်းထိုက်ဆိုတဲ့ ကုမ္ပဏီလည်း ပါဝင်ခဲ့တယ်လို့ ကုလက အရင်တုန်းကလည်း ပြောကြားခဲ့ဖူးပါတယ်။

    မြန်မာအစိုးရက သူတို့ဟာ မြောက်ကိုရီးယားနဲ့ သာမန် သံတမန်ဆက်ဆံရေးသာရှိနေပြီး စစ်ဖက်ဆက်ဆံရးမရှိတော့ဘူးလို့ ပြီးခဲ့တဲ့နှစ်မှာ ပြောကြားခဲ့ပြီး ကုလ စောင့်ကြည့်အဖွဲ့ရဲ့ သတင်းအချက်အလက်တောင်းဆိုမှုကိစ္စအတွက် စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Wahington Times