News @ M-Media

Tag: north korea

  • ကင်ဂျုံနမ်အသတ်ခံရမှု မလေးရှားက အင်တာပိုလ်နှင့် ပူးပေါင်းဆောင်ရွက်နေ

    ကင်ဂျုံနမ်အသတ်ခံရမှု မလေးရှားက အင်တာပိုလ်နှင့် ပူးပေါင်းဆောင်ရွက်နေ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇
    M-Media

    ပြီးခဲ့သည့်တစ်ပတ်က လုပ်ကြံခံခဲ့ရသည့် ကင်ဂျုံနမ်

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူအမေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနမ် ကွာလာလမ်ပူလေဆိပ်တွင် အသတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူ ၄ ဦးကို ဖမ်းဆီးရေး သတိပေးကြေငြချက်ထုတ်ပြန်ပေးရန် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)အား တောင်းဆိုထားသည်ဟု မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲက ယနေ့တွင် ပြောကြားလိုက်သည်။

    တောင်ကိုရီးယားအာဏာပိုင်များကမူ အဆိုပါ လုပ်ကြံမှုမှာ မြောက်ကိုရီးယားအစိုးရ၏ လုပ်ရပ်ဖြစ်သည်ဟု ပြောကြားထားပြီး မလေးရှားကလည်း လုပ်ကြံမှုတွင် ပါဝင်သည်ဟု သံသယရှိသူ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားသည်။ ထို့ပြင် သံယရှိသူ မြောက်ကိုရီးယား နိုင်ငံသား ၄ ဦးမှာ လုပ်ကြံခံရသည့် နေ့မှာပင် မလေးရှားမှ ထွက်ခွာသွားသည်ဟု ပြောကြားထားသည်။

    မြောက်ကိုရီးယားနိုင်ငံပိုင် လေကြောင်းလိုင်းမှ တစ်ဦး၊ ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးမှ အကြီးတန်းတာဝန်ရှိသူ တစ်ဦးတို့မှာလည်း မလေးရှား၏ သံသယစာရင်းတွင် ပါဝင်နေသည်။

    ရဲတပ်ဖွဲ့အကြီးအကဲ ခါလစ် အဘူ ဘာကာရ်က ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မိမိတို့ ဖမ်းဆီးထားသည့် ဗီယက်နမ်နှင့် အင်ဒိုနီးရှား အမျိုးသမီးနှစ်ဦးမှာ ကင်ဂျုံနမ်အား လုပ်ကြံရန် ငွေရယူထားကြောင်း ပြောကြားခဲ့ပြီး နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီက အသုံးပြုခဲ့ခြင်းလားဆိုသည်ကိုမူ ပြောရန် ငြင်းဆိုခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် နောက်ထပ် မြောက်ကိုရီးယားအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကာ ၇ ဦးကို ရှာဖွေနေကြောင်း မြောက်ကိုရီးယားသို့ ပြန်ရောက်သွားပြီဟု ယူဆရသည့် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးနိုင်ရေး သတိပေးချက်ထုတ်ပြန်ပေးရန် အင်တာပိုလ်အား မေတ္တာရပ်ခံထားပြီး၊ သံသယစာရင်းသွင်းထားသော သံတမန်တစ်ဦးနှင့် လေကြောင်းလိုင်းဝန်ထမ်းတစ်ဦးတို့အား မေးမြန်းရန် မြောက်ကိုရီးယား သံရုံးကို တောင်းဆိုထားကြောင်း အဘူ ဘာကာရ်က ထပ်လောင်းပြောကြားခဲ့သည်။

    “ခင်ဗျားတို့ဘက်က ဖုံးကွယ်ထားတာ ဘာမှမရှိဘူးဆိုရင်တော့ ပူးပေါင်းဆောင်ရွက်ဖို့ ဘာမှ ကြောက်စရာမလိုပါဘူး။ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းကပြောခဲ့ပြီး သံတမန်ဆိုင်ရာ ကင်းလွတ်ခွင့်ရှိနေသောကြောင့် သံရုံးဝန်ထမ်းအား ၀ရမ်းထုတ်သွားမည်ဟုတ်ဟုလည်း ဆိုသည်။

    Ref : Reuters

  • ကင်ဂျုံနမ်အသတ်ခံရမှု သံသယစာရင်းတွင် မြောက်ကိုရီးယား သံအရာရှိတစ်ဦး ပါဝင်လာ

    ကင်ဂျုံနမ်အသတ်ခံရမှု သံသယစာရင်းတွင် မြောက်ကိုရီးယား သံအရာရှိတစ်ဦး ပါဝင်လာ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏အစ်ကို ကင်ဂျုံနမ် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား သံရုံးမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးကို သံသယရှိသူအဖြစ် မလေးရှားက သတ်မှတ်လိုက်ပြီး အခြားတစ်ဦးမှာ မြောက်ကိုရီးယား နိုင်ငံပိုင်လေကြောင်းလိုင်းနှင့် ဆက်နွယ်နေသည်ဟု ပြောကြားခဲ့သည်။

    မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ ခါလစ် အဘူ ဘာကာရ်က အဆိုပါ သံသယရှိသူ နှစ်ဦးစလုံးမှာ မလေးရှားတွင် ရှိနေပြီး မေးမြန်းရန်အတွက် ဆင့်ခေါ်ထားကြောင်း၊ သံအရာရှိမှာ ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်က ကွာလာလမ်ပူလေဆိပ်တွင် အဆိပ်ဖြင့် လုပ်ကြံခံရသည့် ကင်ဂျုံနမ်အမှုအတွက် လက်ရှိတွင် အင်ဒိုနီးရှားနှင့် ဗီယမ်နမ်တို့မှ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားပြီး သတင်းများကမူ ၎င်းတို့နှစ်ဦးမှာ ဟန်ပြသဘောသာဖြစ်သည်ဟု ဖော်ပြကြသည်။

    သို့သော်လည်း အဘူဘာကာရ်က ၎င်းတိုနှစ်ဦးစလုံးမှာ တိုက်ခိုက်မှုကို သိရှိခဲ့ပြီး၊ အခြားသာ သံသယရှိသူ ၄ ဦးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မလေးရှားမှ လေယာဉ်ဖြင့်ထွက်ခွာကာ ပြုံးယမ်သို့ရောက်ရှိသွားပြီဟု မိမိတို့ရဲတပ်ဖွဲ့က ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အင်ဒိုနီးရှားရဲတပ်ဖွဲ့ကမူ သံသယရှိသူတစ်ဦးမှာ တီဗွီအစီအစဉ်တွင် ပါဝင်ရန်ဟု အယုံသွင်းခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဘူဘာကာရ်က မြောက်ကိုရီးယားမှာ အဆိုပါ အမျိုးသမီးနှစ်ဦး၏ လက်တွင်းသို့ အဆိပ်ထည့်ပေးခဲ့ကြောင်း၊ ထိုအဆိပ်ထည့်ပေးခဲ့သူကို ဖမ်းဆီးထားကာ အခြားသော လူ ၇ ဦးကို ရှာဖွေနေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Alazeera

  • ကင်ဂျုံနမ်အသတ်ခံရမှု တိုင်းပြည်၏ ဥပဒေကို လိုက်နာရန် မလေးက မြောက်ကိုရီးယားကိုပြော

    ကင်ဂျုံနမ်အသတ်ခံရမှု တိုင်းပြည်၏ ဥပဒေကို လိုက်နာရန် မလေးက မြောက်ကိုရီးယားကိုပြော

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူ အမေကွဲအစ်ကို လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ တရားဥပဒေကို လိုက်နာရမည်ဟု မလေးရှားက ပြောကြားလိုက်ပြီး၊ အလောင်းအား ခွဲစိပ်စစ်ဆေးမှု မလုပ်ရန် မြောက်ကိုရီးယား၏ သတိပေးမှုကို တုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

    ကင်ဂျုံနမ်မှာ ယခုတစ်ပတ်အစောပိုင်းက ကွာလာလမ်ပူလေဆိပ်တွင် လုပ်ကြံခံခဲ့ရပြီး မြောက်ကိုရီးယားမှ သူလျှိုများလွှတ်ကာ သတ်ခိုင်းခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ မြောက်ကိုရီးယားကမူ ကင်ဂျုံနမ်၏ အလောင်းကို မူလအတိုင်း ပြန်လိုချင်နေပြီး၊ ရရှိသည့် အချက်အလက်များကိုလည်း ၎င်းတို့အား ပေးစေချင်နေသည်။

    မလေးရှားကမူ လုပ်ထုံးလုပ်နည်းအရ ခွဲစိပ်စစ်ဆေးမှု ပြုလုပ်မည်ဆိုသောကြောင့် မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က မိမိတို့အနေဖြင့် ထိုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမည်ဖြစ်ကြောင်း၊ မလေးရှားမှာ ရန်လိုသော အင်အားစုများနှင့် ပူးပေါင်းကာ လျှို့ဝှက်ကြံစည်မှု ရှိနေပြီး မိမိတို့အား လှည့်ဖျားရန် စီစဉ်နေကြောင်း၊ မလေးရှားက ထုတ်ပြန်သော အချက်အလက်များကို မိမိတို့က ပယ်ချမည်ဖြစ်ကြောင်း ယမန်နေ့တွင် ပြောကြားခဲ့သည်။

    သို့သော် မလေးရှားရဲတပ်ဖွဲ့မှ စစ်ဆေးရေးအရာရှိချုပ် ခါလစ် အဘူ ဘာကာရ်ကမူ မြောက်ကိုရီးယားအနေဖြင့် မလေးရှား၏ ဥပဒေကို လိုက်နာရမည်ဟု တုန့်ပြန်ခဲ့သည်။

    “ကျွန်တော်တို့ မလေးရှားမှာ ဥပဒေရှိတယ်၊ လူတိုင်းက ကျွန်တော်တို့ရဲ့ ဥပဒေ၊ ပြဌာန်းချက်တွေကို လိုက်နာဖို့ လိုပါတယ်။ ဒီအထဲမှာ မြောက်ကိုရီးယားလည်း ပါပါတယ်” ဟု ခါလစ်က ပြောကြားခဲ့သည်။

    ထို့ပြင် ကင်၏ မိသားစုထံမှ DNA နမူနာယူကာ စုံစမ်းစစ်ဆေးမှု မပြီးမချင်း အလောင်းအား မည်သူ့ကိုမှ ထုတ်ပေးမည်မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNA

  • ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက် အမျိုးသမီးတစ်ဦးကို မလေးရှား ဖမ်းဆီး

    ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက် အမျိုးသမီးတစ်ဦးကို မလေးရှား ဖမ်းဆီး

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    လုပ်ကြံခံလိုက်ရသည့် ကင်ဂျုံနမ်

    – မြောက်ကိုရီးယားခေါင်းဆောင်၏ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ်ကို ကွာလာလမ်ပူလေဆိပ်၌ လုပ်ကြံမှုနှင့် ဆက်စပ်၍ မလေးရှားရဲတပ်ဖွဲ့က သံသယရှိသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ပြီး ၎င်းမှာ ဗီယက်နမ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည်ဟု သိရသည်။

    ယနေ့တွင် လေဆိပ်ရှိ စရိတ်နည်း လေကြောင်းလိုင်းဝင်ပေါက်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသည့်အချိန်တွင် သူမတစ်ယောက်တည်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ကင်ဂျုံနမ်ကို မြောက်ကိုရီးယားမှ အမျိုးသမီး သူလျှို နှစ်ဦးက လုပ်ကြံခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး လေဆိပ် CCTV ကင်မရာတွင် မှတ်တမ်းတင်ထားသည့် သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကို မလေးရှားက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ယခုဖမ်းဆီးလိုက်သည့် အမျိုးသမီးမှာ ထိုမှတ်တမ်းမှ အမျိုးသမီးနှင့် တူညီနေပြီး Doan Thi Huong ဟု အမည်ရကာ ၁၉၈၈ ခုနှစ် မေလ ၃၁ ရက်နေ့တွင် မွေးသွားသည်ဟု နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသည်။

    မလေးရှားရဲတပ်ဖွဲ့ကမူ ယခုဖမ်းဆီးရမိသူမှာ ဗီယက်နမ်နိုင်ငံသား ဟုတ်၊ မဟုတ်ကို အတည်ပြုရန်အတွက် မြောက်ကိုရီးယား၊ ဗီယက်နမ်သံရုံးများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

    ယခု သံသယရှိသူအပြင် မလေးရှား ရဲတပ်ဖွဲ့မှာ အခြားအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပြီး၊ အမျိုးသား ၄ ဦး၊ အမျိုးသမီးတစ်ဦးအပါအ၀င် လူအများအပြားကို ရှာဖွေနေသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုကို လုပ်ကြံသူ လက်စဖျောက်ခံလိုက်ရပြီလား

    မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုကို လုပ်ကြံသူ လက်စဖျောက်ခံလိုက်ရပြီလား

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    ကင်ဂျုံနမ်အား လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ယူဆရသည့် သှူလျှို ၂ ဦးမှ တစ်ဦး၏ ပုံ

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အဖေတူ အမေကွဲ အစ်ကိုကို မလေးရှားလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အမျိုးသမီး ၂ ဦးဟာ သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

    ခေါင်းဆောင်ဟောင်း ကင်ဂျုံအီလ်ရဲ့ အကြီးဆုံးသား ကင်ဂျုံနမ်ဟာ တနင်္လာနေ့မနက်ပိုင်း ကွာလာလမ်ပူ လေဆိပ်မှာ သတ်ဖြတ်ခံလိုက်ရတာဖြစ်ပြီး၊ မြောက်ကိုရီးယားက စေလွှတ်လိုက်တဲ့ သူလျှို အမျိုးသမီးနှစ်ယောက်က လုပ်ကြံလိုက်တာဖြစ်တယ်လို့ တောင်ကိုရီးယား သတင်းဌာနကတွေက ဖော်ပြပါတယ်။

    လုပ်ကြံသူ အမျိုးသမီးနှစ်ဦးထဲက ဖြစ်နိုင်တဲ့ တစ်ဦးရဲ့ CCTV မှတ်တမ်းဓာတ်ပုံလည်း တွက်လာခဲ့ပြီး၊ မလေးရှား ဆီလန်ဂေါပြည်နယ် စီအိုင်ဒီအကြီးအကဲ ဖဒ်ဇီလ်က ကင်ဂျုံနမ်ဟာ တစ်ယောက်က ဖက်လိုက်တာ ဒါမှမဟုတ် မျက်နှာကို အနောက်ကနေ အုပ်လိုက်တာကို ခံရပြီးတဲ့နောက် မူးနောက်နောက်ဖြစ်သွားပြီး လေဆိပ်က ကောင်တာတစ်ခုမှာ အကူအညီတောင်းခဲ့ကြောင်း၊ လေဆိပ်က ဆေးကုခန်းမှာ ကုသပေးခဲ့ပေမယ့် မသက်သာတာကြောင့် ပူထရာဂျာယာ ဆေးရုံကို ပို့ဆောင်နေစဉ် လူနာတင်ယာဉ်ပေါ်မှာပဲ သေဆုံးသွားကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “အ၀တ်စလား၊ အပ်လားဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဧည့်ကြိုကတော့ တစ်ယောက်ယောက်ဟာ သူ့ရဲ့ မျက်နှာကို အနောက်က သိုင်းဖက်လိုက်ပြီး၊ သူ မူးသွားတယ်လို့ ပြောကြားခဲ့ပါတယ်” လို့ ဖဒ်ဇီလ်က ဆိုပါတယ်။

    ဒီကနေ့မှာတော့ ဂျပန်မီဒီယာတစ်ခုက ကင်ဂျုံနမ်ကို လုပ်ကြံခဲ့တဲ့ အမျိုးသမီး စပိုင်နှစ်ယောက်ဟာ သေဆုံးသွားပြီဖြစ်ကြောင်း ဂျပန်အစိုးရကတာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြခဲ့ပြီး သေဆုံးရခြင်းရဲ့အကြောင်းကိုတော့ မပြောခဲ့ပါဘူး။

    Ref: CNA