News @ M-Media

Tag: north korea

  • အစိုးရမူ၀ဒါမှားယွင်းကြောင်း မြောက်ကိုရီးယားက မကြုံစဖူး ဝန်ခံ

    အစိုးရမူ၀ဒါမှားယွင်းကြောင်း မြောက်ကိုရီးယားက မကြုံစဖူး ဝန်ခံ

    ဇန်နဝါရီ ၆၊ ၂၀၂၁
    M-Media

    -ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မူဝါဒအမှားတွေကြောင့် စီးပွားရေး ကျဆင်းဆုတ်ယုတ်မှု ကြုံတွေ့ခဲ့ရတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မကြုံစဖူး ဝန်ခံလိုက်ပြီး ရည်မှန်းချက်အသစ်တွေ ချမှတ်အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

    အာဏာရ မြောက်ကိုရီးယား အလုပ်သမားပါတီရဲ့ ညီလာခံကို ဒီကနေ့မနက်ပိုင်းက မြို့တော် ပြုံးယမ်မှာ စတင်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝှမ်းက ပါတီကိုယ်စားလှယ်တွေနဲ့ လေ့လာစောင့်ကြည့်သူ ထောင်ချီ တက်ရောက်ခဲ့ပါတယ်။

    နောက်ဆုံး ပါတီညီလာခံကို ၂၀၁၆ ခုနှစ်မှာ ကျင်းပခဲ့ပြီး၊ နောက် ၅ နှစ်အတွက် စီးပွားရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ချမှတ်မယ့် ဒီညီလာခံကို ကမ္ဘာတစ်ဝှမ်းက အနီးကပ် စောင့်ကြည့်နေကြပါတယ်။

    အဖွင့်မိန်းခွန်းမှာ ဥက္ကဌ ကင်ဂျုံအွန်က ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တိုင်းပြည်ကို အင်အားတောင့်တင်းအောင်၊ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန် ကုန်းမကြီးအထိ ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်နိုင်တာကို ရည်ညွှန်းပြောဆိုခဲ့တာပါ။

    ဒါပေမယ့် ၂၀၁၆ ခုနှစ်က ချမှတ်ခဲ့တဲ့ စီးပွားရေး မူ၀ဒါတွေကနော နယ်ပယ်အားလုံးနီးပါးမှာ မအောင်မြင်ခဲ့ဘဲ၊ ဒါမျိုး လုံး၀ ထပ်မဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လက်ရှိ ညီလာခံမှာ နောက် ၅ နှစ်အတွက် စီးပွားရေး တိုးတက်မယ့် အစီအမံတွေ ချမှတ်သွားမှာဖြစ်ကြောင်း ကင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အလုပ်သမားပါတီညီလာခံဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံတော်မူဝါဒ ချမှတ်ရာ အစည်းအဝေးမျိုး ဖြစ်ပေမယ့် ဆုံးဖြတ်ချက်တိုင်းကို ကင်ဂျုံအွန်နဲ့ သူ့အတွင်းစည်းကလူတွေသာ ချမှတ်တာ ဖြစ်ပါတယ်။ ဒီညီလာခံမှာ နိုင်ငံတော်မူဝါဒကို ကြေငြာမှာဖြစ်ပြီး ထိပ်တန်းရာထူးတွေအတွက် အယုံကြည်ရဆုံးသူ​တွေကို ကင်က ခန့်အပ်မှာ ဖြစ်ပါတယ်။

    ချွတ်ခြုံကျနေတဲ့ မြောက်ကိုရီးယားစီးပွားရေးဟာ ကိုဗစ်ကပ်ရောဂါနဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီက သဘာ၀ဘေးအန္တရာယ်ကြောင့် ပိုဆိုးလာနေတာ ဖြစ်ပါတယ်။ အခုလနှောင်းပိုင်းမှာ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန် အာဏာရယူမယ့်ကိစ္စကလည်း ကင်အတွက် စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ဂျိုးဘိုင်ဒန်ဟာ ထရမ့်လို နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးတာမျိုးထက် ပိတ်ဆို့မှုတွေထပ်လုပ်ကာ မြောက်ကိုရီးယားကို ဖိအားပေးမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

    Ref: CNA

  • လူတ်သတ်မှုအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားထံ တောင်းပန်စာပို့

    လူတ်သတ်မှုအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားထံ တောင်းပန်စာပို့

    စက်တင်ဘာ ၂၅၊ ၂၀၂၀
    M-Media

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်

    -တောင်ကိုရီးယား ငါးလုပ်ငန်းဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦး သတ်ဖြတ်ခံရမှုအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ကို တောင်းပန်လိုက်ပါတယ်။

    အသက် ၄၇ နှစ်အရွယ် အဲဒီတာဝန်ရှိသူဟာ တနင်္လာနေ့က နှစ်နိုင်ငံ ရေပြင်နယ်စပ်မှာ မြောက်ကိုရီးဖက်ကို ဘက်ပြောင်းဖို့ ကြိုးစားစဉ်အတွင်း ပစ်သတ်ခံလိုက်ရပြီး သူ့ရဲ့ရုပ်အလောင်းကိုလည်း မြောက်ကိုရီးယားစစ်သားတွေက မီးရှို့ ဖျောက်ဖျက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။

    ဆယ်စုနှစ်တစ်ခုအတွင်း တောင်ကိုရီးယားသားတစ်ဦးကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် သတ်ဖြတ်ခဲ့တဲ့ ဒီအဖြစ်အပျက်အတွက် တောင်ကိုရီးယားပြည်သူတွေက အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒီကိစ္စအတွက် တောင်းပန်စာတစ််စောင်ကို တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ထံ ပေးပို့ခဲ့ပါတယ်။

    စာထဲမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့ကြောင်း ဝန်ခံခဲ့ပြီး အလွန် စိတ်ပျက်ဝမ်းနည်းရပါကြောင်း၊ ဒီလို ရှက်စရာကောင်းတဲ့ကိစ္စမျိုး နောက်ထပ်မဖြအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

    တောင်းပန်စာနဲ့အတူ ဒီကိစ္စ စုံစမ်းစစ်ဆေးမှုရလဒ်ကိုလည်း မြောက်ကိုရီးယားက တောင်ကိုရီးယားကို ပေးခဲ့ပါတယ်။

    မြောက်ကိုရီးယားရေပြင်ထဲမှာ သက်ကယ်အင်္ကျီဝတ်ထားတဲ့ အမည်မသိသူတစ်ဦးကို စစ်သားတွေက ခပ်ဝေးဝေးကနေ မေးမြန်းစစ်ဆေးခဲ့ပြီး၊ အထက်က ပစ်သတ်ဖို့ အမိန့်ရောက်လာတာကြောင့် သေနတ်နဲ့ ၁၀ ချက်ကျော်ပစ်ခတ်ခဲ့ကြောင်း၊ မည်သူမည်ဝါဖြစ်တယ်ဆိုတာကို မဖော်ထုတ်နိုင်ခဲ့ကြောင်း ဒီရလဒ်မှာ ဖော်ပြထားပါတယ်။

    အလောင်းကိုမီးရှို့ဖျောက်ဖျက်ခဲ့တယ်ဆိုတဲ့ တောင်ကိုရီးယားရဲ့ ပြောကြားချက်ကို မြောက်ကိုရီးယားဖက်က ငြင်းဆိုခဲ့ပါတယ်။ စစ်သားတွေရဲ့ ရှာဖွေမှုအတွင်း ရေပိုင်နက်ကျော် ဝင်ရောက်လာသူကို ရှာမတွေ့ခဲ့ကြောင့်၊ သူစီးနင်းလာတဲ့ ရေယာဉ်ကို ရောဂါကာကွယ်ရေး အမျိုးသားအရေးပေါ်အခြေအနေအရ မီးရှို့ခဲ့ကြောင်း မြောက်ကိုရီးယားရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်မှာ ဖော်ပြထားပါတယ်။

    ကင်ဂျုံအွန်က တောင်ကိုရီးယားဖက်ကို ဒီလိုတောင်ပန်းမှုဟာ မကြုံစဖူး အခြေအနေမျိုးလည်း ဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြောက်ကိုရီးယားဟာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို နေရာတင်ပစ်သတ်ဖို့ အမိန့်ထုတ်ထားတယ်လို့ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်တပ်က အခုလအစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

    Ref: BBC

  • ကိုဗစ်ကာကွယ်ရေးအတွက် တရုတ်မှဝင်လာသူများကို ပစ်သတ်ရန် မြောက်ကိုရီးယားအမိန့်ထုတ်ဟု သတင်းထွက်

    ကိုဗစ်ကာကွယ်ရေးအတွက် တရုတ်မှဝင်လာသူများကို ပစ်သတ်ရန် မြောက်ကိုရီးယားအမိန့်ထုတ်ဟု သတင်းထွက်

    စက်တင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်

    -ကိုဗစ်ကပ်ရောဂါ တားဆီးကာကွယ်ရေးအတွက် တရုတ်နိုင်ငံက ဝင်လာသူတွေကို ပစ်သတ်ဖို့ မြောက်ကိုရီးယားက အမိန့်ထုတ်ထားတယ်လို့ တောင်ကိုရီးယားရောက် အမေရိကန်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    Covid-19 ဟာ ရုတ်နိုင်ငံကနေစတင်ပြီး ကမ္ဘာတစ်ဝှမ်းကို ရိုက်ခတ်ခဲ့ပေမယ့် မြောက်ကိုရီးယားကတော့ သူတို့ဆီမှာ ရောဂါကူးစက်သူ တစ်ဦးတောင်မရှိဘူးလို့ ထုတ်ပြန်ထားတာပါ။ ဇန်နဝါရီလကတည်းက မြောက်ကိုရီးယားဟာ တရုတ်နယ်စပ်ကို ပိတ်ထားပြီး၊ ဇူလိုင်လမှာတော့ ​အရေးပေါ်အခြေအနေကို အမြင့်ဆုံးအထိ မြှင့်ထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

    တောင်ကိုရီးယားက အမေရိကန်တပ်ဖွဲ့ USFK ရဲ့ တပ်မှူး ရောဘတ် အေဘရမ်က နယ်စပ်ပိတ်ထားတာကြောင့် တရုတ်ဖက်က မှောင်ခိုပစ္စည်းဝင်ရောက်မှု မြင့်တက်လာခဲ့ပြီး အာဏာပိုင်တွေက ထိန်းချုပ်လာရတယ်လို့ ကြာသာပတေးနေ့ CSIS က ကျင်းပတဲ့ အွန်လိုင်း ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

    တရုတ်နယ်စပ်ကနေ တစ်ကီလိုမီတာ ဒါမှမဟုတ် နှစ်ကီလိုမီတာလောက်ကို buffer zone အဖြစ်သတ်မှတ်ထားပြီး မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင်တွေချထားကာ ၀င်လာသူတွေကို နေရာမှာပဲ ပစ်သတ်ခွင့်ပေးထားတယ်လို့လည်း အေဘရမ်က ဆိုပါတယ်။

    ​နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေရှိနေတဲ့အချိန် ကိုဗစ်ကြောင့် တရုတ်ကုန်ပစ္စည်းတွေ ဝင်ရောက်မှု ၈၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာ၊ မကြာသေးခင်က မေဆက်တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ခံခဲ့ရတာ စတာတွေကြောင့် မြောက်ကိုရီးယားဖက်ကနေ ရန်လိုတဲ့အပြုအမူမျိုး လတ်တလောမှာ မမြင်ရနိုင်သေးဘဲ လာမယ်လ အာဏာရပါတီရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ လက်နက်သစ်တစ်ချို့ကို ထုတ်ပြလာနိုင်တယ်လို့ အေဘရမ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: New Straits Times

  • မြောက်ကိုရီးယားခေါင်းဆောင် ကိုးမားဖြစ်နေသည်ဟု သတင်းထွက်

    မြောက်ကိုရီးယားခေါင်းဆောင် ကိုးမားဖြစ်နေသည်ဟု သတင်းထွက်

    သြဂုတ် ၂၄၊ ၂၀၂၀
    M-Media

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ သတိလစ်မေ့မြောတဲ့အဆင့်ကို ရောက်နေပြီး တိုင်းပြည်ကို ညီမနဲ့ အနီးကပ်အကြံပေးတွေက စီမံနေတယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

    ကင်ဂျုံအွန်ကို လူမြင်ကွင်းမှာ နောက်ဆုံးတွေ့ရတာက လွန်ခဲ့တဲ့ ၃ ရက် ကြာသာပေတးနေ့မှာဖြစ်ပြီး အလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ အစည်းအ၀ေးကို တက်ရောက်ခဲ့တာပါ။

    တောင်ကိုရီးယားသမ္မတဟောင်း ကင်မ်ဒေဂျွန်ရဲ့ အကြံပေး ဖြစ်ခဲ့ဖူးသူ ချန်ဆွန်မင်က ကင်ဂျုံအွန်ဟာ ကိုးမားအခြေအနေကို ရောက်နေပြီး သူ့ကိုဆက်ခံမယ့် အဖွဲ့ကို မဖွဲ့ရသေးကြောင်း မနေ့က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

    တောင်ကိုရီးယား နာမည်ကြီး သတင်းဌာန Yonhap က ကင်ဂျုံအွန်ဟာ ညီမဖြစ်သူ ကင်ယိုဂျွန်နဲ့ အနီးကပ်အကြံပေးတွေကို အဖွဲ့တစ်ခုဖွဲ့ကာ တိုင်းပြည်ကို စီမံဖို့ တာ၀န်ပေးခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ ရင်းမြစ်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

    မေလတုန်းကလည်း ကင်ဂျုံအွန် သေဆုံးသွားပြီဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ရောဂါကြောင့် လူမြင်ကွင်းကနေ ရက် ၂၀ ကြာ ပျောက်ကွယ်သွားပြီးတဲ့နောက် နောက်ပိုင်းမှာ ပြန်ပေါ်လာခဲ့ပါတယ်။

    Ref: Alarabiya

  • မြောက်ကိုရီးယားက နျူစီမံကိန်း ဆက်လုပ်နေမှုကို နိုင်ငံတကာက သတိပေး

    မြောက်ကိုရီးယားက နျူစီမံကိန်း ဆက်လုပ်နေမှုကို နိုင်ငံတကာက သတိပေး

    ဩဂုတ် ၄၊ ၂၀၂၀
    M-Media


    -မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်ထိပ်ဖူးမှာ ထည့်သွင်းအသုံးပြုနိုင်လောက်တဲ့အထိ သေးငယ်တဲ့ နျူလက်နက်မျိုးကို ထုတ်လုပ်ထားပြီးဖြစ်တယ်လို့ ယုံကြည်ရကြောင်း ကုလလုံခြုံရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြောက်ကိုရီးယားဟာ အရင်က နျူစမ်းသပ်မှု ၆ ခုအထိ လုပ်ဆောင်ထားပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှာတော့ လုပ်ဆောင်မှု မရှိတော့ပါဘူး။

    ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအရေးယူရေး ကော်မတီကို တနင်္လာနေ့က အဖွဲ့ဝင်နိုင်ငံတွေ တင်သွင်းတဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားဟာ နျူသန့်စင်မှု၊ နျူဓာတ်ပေါင်းဖိုတည်ဆောက်မှု၊ နျူလက်နက်ထုတ်လုပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်ဆိုတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

    နိုင်ငံတစ်ခုကလည်း မြောက်ကိုရီးယားဟာ ​ဒုံးခွင်းစနစ်ကို ဖောက်ထွက်နိုင်တဲ့ စွမ်းရည်၊ ထိပ်ဖူးအများအပြား ပါတဲ့ ဒုံးကျည်စနစ် ရရှိဖို့အတွက် လက်နက်တွေကို အသေးစားအထိ ချုံ့နိုင်အောင် ဆက်လက်ကြိုစားနေတယ်လို့ တွေ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ၂၀၁၈ ခုနှစ်ကစလို့ ၃ ကြိမ်တွေကဆုံကာ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ဆွေးနွေးခဲ့ကြပေမယ့် ထိရောက်တဲ့ တိုးတက်မှုတွေကို မတွေ့ရပါဘူး

    ပြင်ပက ဖိအားတွေ၊ စစ်ရေးခြိမ်းခြောက်မှုတွေ မပြတ်ရှိ​နေပေမယ့် နျူလက်နက်တွေက တိုင်းပြည်ရဲ့ အနာဂတ်နဲ့ လုံခြုံရေးကို အာမခံပေးထားနိုင်တာကြောင့် နောက်ထပ်စစ်ပွဲတွေ ရှိလာမှာ မဟုတ်တော့ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    အဓိက နျူစမ်းသပ်ရာနေရာ Punggye-ri မှာ လှိုင်ခေါင်းတစ်ချို့ကို မြောက်ကိုရီးယားက ဖြိုချပြခဲ့ပေမယ့် ဧရိယာတစ်ခုလုံးကို ဖျက်ဆီးလိုက်တာမဟုတ်ဘဲ ၃ လအတွင်း နျူစမ်းသပ်ရာနေရာအဖြစ် ပြန်လည်တည်ဆောက်နိုင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြောက်ကိုရီးယားဟာ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်သလို ကမ္ဘာတစ်ဝှမ်း ဘဏ်တွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ကာ ဒေါ်လာဘီလီယံချီ ခိုးယူခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဖက်က တုန့်ပြန်တာမျိုး မလုပ်သေးပါဘူး။

    Ref: Reuters