News @ M-Media
Tag: north korea
  • မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ ပစ်ခတ်မှုဖြစ်ပွား
    မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ ပစ်ခတ်မှုဖြစ်ပွား
    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media
    north
    – ကိုရီးယားနှစ်နိုင်ငံနယ်ခြား အနောက်ဘက်ရှိ တောင်ကိုရီးယားတပ်ဖွဲ့များကို မြောက်ကိုရီးယားက ဒုံးကျည်ဖြင့် ထုခဲ့ပြီးနောက် မိမိတို့ဘက်ကလည်း ပြန်လည်တုံ့ပြန် ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။
    “အဲဒီဒုံးကျည်က ကျွန်တော်တို့ဘက်ကို ကျခဲ့ပါတယ်။ ဒါပေမယ့် ဘယ် စစ်ဘက်ပစ်မှတ်ကိုမှ မထိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
    တောင်ကိုရီးယား စစ်တပ်ကလည်း ဒုံးကျည်ပစ်လွှတ်သည်ဟု ယုံကြည်ရသော နေရာသို့ ၁၅၅ မမ အမြောက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    “ကျွန်တော်တို့ရဲ့စစ်တပ် အသင့်ဖြစ်မှုကို ခိုင်မာအောင် ဆောင်ရွက်ထားပါတယ်။ ပြီးတော့ မြောက်ကိုရီးယားစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပြီး၊ ပြောရေးဆိုခွင့်ရှိသူကလည်း မိမိတို့၏ စစ်တပ်ကို တပ်လှန့်ထားသည်ဟု ဆိုသည်။
    ယခုလအစောပိုင်းက တောင်ကိုရီးယားနယ်စပ်တွင် နယ်ခြားစောင့်တပ်ဖွဲ့မှာ မိုင်းနင်းမိခဲ့ပြီး စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါမိုင်းမှာ မြောက်ကိုရီးယားမှ ထောင်ထားခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • တနင်္လာနေ့အစီအစဉ် မရပ်ပါက အမေရိကန်ကို တိုက်ခိုက်သွားမည်ဟု မြောက်ကိုရီးယားပြော
    တနင်္လာနေ့အစီအစဉ် မရပ်ပါက အမေရိကန်ကို တိုက်ခိုက်သွားမည်ဟု မြောက်ကိုရီးယားပြော
    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media
    north
    – တနင်္လာနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ရပ်တန့်ခြင်းမပြုပါက မိမိတို့အနေဖြင့် အမေရိကန်အား တိုက်ခိုက်သွားမည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်သည်။
    Ulchi Freedom Guardian ဟု အမည်ပေးထားပြီး နှစ်စဉ်ပြုလုပ်နေကြဖြစ်သော အဆိုပါစစ်ဆင်ရေးကို အမေရိကန်၊ တောင်ကိုရီးယားနှင့် အခြားသော မဟာမိတ်နိုင်ငံများက တနင်္လာနေ့တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
    ထိုစစ်ဆင်ရေးမှာ ဒေသတွင်း စစ်ရေးအဆင်သင့်ဖြစ်မှုနှင့် ကာကွယ်နိုင်မှုကို တိုးမြှင့်ရန်၊ ကိုရီးယားကျွန်းဆွယ်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကိုရီးယား-အမေရိကန် ပူးပေါင်းစစ်ဌာနချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    သို့သော်လည်း မြောက်ကိုရီးယားကမူ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ကျေနပ်ခြင်းမရှိပေ။
    “Ulchi Freedom Guardian ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ထပ်မြှင့်လာပြီဆိုရင်၊ သူတို့ကို ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့ စစ်ရေးအရ တန်ပြန်တုံ့ပြန်မှုကို (မြောက်ကိုရီးယား) က ပြုလုပ်သွားမှာပါ” ဟု မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ထို့ပြင် အမေရိကန်အနေဖြင့် စစ်ရေးလေ့ကျင့်မှုကို မရပ်တန့်ပါက မြောက်ကိုရီးယားမှာ ပြင်းပြင်းထန်ထန် တုန့်ပြန် လက်စားချေသွားမည်ဖြစ်ကြောင်း အမေရိကန် နျူလက်နက်များကို ရိုင်ဖယ်နှင့် တန်ပြန်တွန်းလှန်ရာတွင် မြောက်ကိုရီးယားစစ်တပ်နှင့် ပြည်သူများမှာ ယခင်ကကဲ့သို့ မဟုတ်တော့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ်များမှ စစ်သားပေါင်း ထောင်နှင့်ချီ၍ ပါဝင်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ ၁၂ ရက်တာ ကြာမြင့်မည်ဖြစ်သည်။ ထို့ပြင် အမေရိကန်၏ အခြား မဟာမိတ်နိုင်ငံများဖြစ်သော သြစတေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ကိုလံဘီယာ၊ ဒိန်းမတ်၊ ပြင်သစ်နှင့် နယူးဇီလန်တို့မှ စစ်သည်များလည်း ထိုလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။
    မြောက်ကိုရီးယားတွင် မမြင်နိုင်သော စွမ်းအားရှိနေပြီး၊ ကမ္ဘာကြီးက မသိရှိသေးသော နောက်ဆုံးပေါ် ကာကွယ်ရေးနှင့် ထိုးစစ်ဆင်ရေး နည်းလမ်းများကိုလည်း ပိုင်ဆိုင်ထားသည်ဟု ကာကွယ်ရေးကော်မရှင်၏ အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: PressTV
  • တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ စစ်ရေးတင်းမာမှု မြင့်တက်လာ
    တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ စစ်ရေးတင်းမာမှု မြင့်တက်လာ
    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media
    jikra
    – နှစ်နိုင်ငံနယ်စပ်တွင် ပတ္တယောင်လှည့်နေသည့် စစ်သားနှစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့မှုတွင် အဆိုပါမိုင်းအား မြောက်ကိုရီးယားက ထောင်ထားသည်ဟု တောင်ကိုရီးယားက စွပ်စွဲလိုက်ပြီး နှစ်နိုင်ငံ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့သည်။
    ပြီးခဲ့သည့်အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ မိုင်းနင်းမှုတွင် မိုင်း ၃ လုံးပေါက်ကွဲခဲ့ပြီး စစ်မဲ့ဇုန်တွင် ပတ္တယောင်လှည့်နေသော စစ်သားများအား ထိမိခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်မဲ့ဇုန်မှာ နှစ်နိုင်ငံနယ်စပ်မှ ၂ ကီလိုမီတာစီ ပါဝင်သော နယ်မြေဖြစ်သည်။
    “အဲဒါဟာ မြောက်ကိုရီးယားက မြေမြှုပ်မိုင်းတွေဆိုတာ သေချာပြီး ကျွန်တော်တို့ရဲ့ ရန်သူတွေက သေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ နယ်စပ်ကိုတိတ်တိတ်လေးဝင်ပြီး ထောင်တားတာပါပဲ” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    အဆိုပါ မိုင်းနင်းမိမှုတွင် စစ်သားတစ်ဦးမှာ ခြေထောက်နှစ်ဖက်စလုံး ဖြတ်ခဲ့ရပြီး၊ အခြားတစ်ဦးမှာ ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရသည်။
    တောင်ကိုရီးယား စစ်ဦးစီးချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် မိမိတို့မှာ မြောက်ကိုရီးယား၏ ရန်စမှုအတွက် “ပြင်းထန်သည့် တန်ဖိုး”ကို ပေးဆပ်ရမည်ဟု ဖော်ပြထားသည်။
    သို့သော်လည်း “ပြင်းထန်သည့် တန်ဖိုး” မှာ မည်သည်ကို ရည်ရွယ်ခြင်းဆိုသည်နှင့် စစ်ရေးအရ ရွေးချယ်မှုအတွက် စဉ်းစားမည်ဆိုသည့် ကောလဟာလများအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ လေ့လာဆန်းစစ်သူများကမူ တောင်ကိုရီးယား၏ တုံ့ပြန်မှုကို ခန့်မှန်းရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • မြောက်ကိုရီးယားတွင် ဆိုးရွားစွာ မိုးခေါင်နေ
    မြောက်ကိုရီးယားတွင် ဆိုးရွားစွာ မိုးခေါင်နေ
    ဇွန် ၁၈၊ ၂၀၁၅
    M-Media
    nk
    – မြောက်ကိုရီးယားနိုင်ငံတွင် ရာစုနှစ်အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုနှင့် ကြုံတွေ့နေရပြီး အဓိက စိုက်ပျိုးရာသီအတွင်း လယ်ယာစိုက်ပျိုးရေးတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်နေရသည်ဟု သိရသည်။
    ထိုကဲ့သို့ မိုးခေါင်မှုကြောင့် နိုင်ငံအတွင်းရှိ စပါးခင်းများမှ ၃၀ ရာခိုင်နှုန်းကို ခြောက်သွေ့စေခဲ့သည်ဟု Korean Central သတင်းအေဂျင်စီက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    “မကြာသေးမီ ကာလအတွင်းက ကျွန်တော်တို့တိုင်းပြည်မှာ ရုတ်တရက် အပူချိန် အလွန်အမင်းမြင့်လာမှုနဲ့အတူ မိုးလည်း ဆိုးဆိုးဝါးဝါးကို ခေါင်နေပါတယ်။ အခုဆိုရင် ဒီမိုးခေါင်မှုက ရေပြတ်လတ်မှုကို ဖြစ်ပေါ်စေပြီး လယ်ယာစိုက်ပျိုးရေးကိုလည်း တော်တော်လေး ထိခိုက်ပါတယ်။ မိုးခေါင်မှု အချိန်အနည်းငယ်ကြာ ထပ်ရှိမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်” ဟု မြောက်ကိုရီးယား မိုးလေ၀သဌာနမှ အကြီးတန်းတာဝန်ရှိသူ ရီယန်းက ပြောကြားခဲ့သည်။
    တောင်ကိုရီးယားတွင်လည်း ထိုကဲ့သို့ မိုးခေါင်မှုများနှင့် ရင်ဆိုင်နေရပြီး တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနကမူ မြောက်ကိုရီးယားမှာ မေလအတွင်း ပုံမှန်ထက် ပိုဆိုးခဲ့သည်ဟု ပြောကြားခဲ့ကာ ဆက်လက်မိုးခေါင်နေပါက အစားအသောက်ထုတ်လုပ်မှု သိသိသာသာ လျော့ကျနိုင်သည်ဟု ပြောကြားခဲ့သည်။
    ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျိန်း ဟောင်းဝပ်က မြောက်ကိုရီးယားမှာ မိုးရွာမှုနှင့် ဆီးနှင်းကျဆင်းမှု နည်းသောကြောင့် ပြီးခဲ့သည့်နှစ်မှစ၍ ရေပြတ်လတ်မှုကို ခံစားခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    ကုလသမဂ္ဂလည်း မြောက်ကိုရီးယား၏ မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာရှားပါးကာ အငတ်ဘေးနှင့် ကြုံတွေ့ရနိုင်သည်ဟု စောစောပိုင်းက သတိပေးထားသည်။ မြို့တော်ပြုံးယမ်ရှိ Taedong မြစ်ရေမှာ ဗုဒ္ဓဟူးနေ့ တိုင်းတာမှုများအရ အလွန်အမင်း လျော့နည်းနေသည်ကို တွေ့ခဲ့ရသည်။
    Ref: Aljazeera
  • မြောက်ကိုရီးယား နျူအစီအစဉ်ကို အမေရိကန် ကွန်ပျူတာဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်ခဲ့
    မြောက်ကိုရီးယား နျူအစီအစဉ်ကို အမေရိကန် ကွန်ပျူတာဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်ခဲ့
    မေ ၃၀၊ ၂၀၁၅
    M-Media
    norht
    – လွန်ခဲ့သည့် ၅ နှစ်ခန့်က မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်အား တိုက်ခိုက်ရန်အတွက် စတက်စ်နက် (Stuxnet) ကွန်ပျူတာဗိုင်းရပ်စ်ကို အမေရိကန်က မြောက်ကိုရီးယား၏ ကွန်ပျူတာ စနစ်ထဲသို့ ထည့်သွင်းရန် ကြိုးစားခဲ့ဖူးသော်လည်း အောင်မြင်မှုမရရှိခဲ့ဟု ထိုလှုပ်ရှားမှုနှင့် နီးစပ်သူများက ပြောကြားလိုက်သည်။
    အဆိုပါ ကွန်ပျူတာဗိုင်းရပ်စ်ဖြင့် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းကာ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်များတွင် အီရန်၏ နျူကလီးယား အစီစဉ်များကိုလည်း တိုက်ခိုက်ခဲ့ဖူးသည်။
    အမေရိကန် ထောက်လှမ်းရေးရင်းမြစ်၏ ပြောကြားမှုအရ အဆိုပါ စတက်စ်နက် ဗိုင်းရပ်ကို တီထွင်သူများမှာ ဗိုင်းရပ်စ်ရှိနေသော စက်အတွင်းမှ ကိုရီးယား ဘာသာစကားဖြင့် ရေးသားထားသော setting နှင့် ထိတွေ့အသည့်အခါ အသက်ဝင် အလုပ်လုပ်နိုင်သော စတက်စ်နက် ဗိုင်းရပ်စ်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့သည်ဟု သိရသည်။
    သို့သော်လည်း အမေရိကန် အေးဂျင့်များမှာ အဆိုပါ ဗိုင်းရပ်စ်ဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ် လည်ပတ်နေသော အဓိကကွန်ပျူတာများသို့ ၀င်ရောက်နိုင်ခြင်း မရှိခဲ့ဟု ထိုအစီအစဉ်တွင် အသေးစိတ်ပါဝင်ခဲ့သော အမေရိကန် အဆင့်မြင့်ထောက်လှမ်းရေး ၀န်ထမ်းဟောင်းက ပြောကြားခဲ့သည်။
    အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက ဦးဆောင်ပြုလုပ်သည့် အဆိုပါ တိုက်ခိုက်မှုမှာ မြောက်ကိုရီးယား၏ အလွန်လျှို့ဝှက်မှုနှင့် သီးခြားဖြစ်နေသော ဆက်သွယ်ရေးစနစ်ကြောင့် အောင်မြင်မှုမရခဲ့ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ အမေရိကန်ထောက်လှမ်းရေးတွင် ပါဝင်ခဲ့သော အခြားဝန်ထမ်းဟောင်း တစ်ယောက်ကမူ မိမိအနေဖြင့် မအောင်မြင်သော
    ထိုတိုက်ခိုက်မှုအကြောင်းကို ကြားခဲ့သော်လည်း အသေးစိတ်မသိခဲ့ရဟု ဆိုသည်။
    မြောက်ကိုရီးယားတွင် ကမ္ဘာပေါ်၌ တစ်သီးတစ်ခြားအဖြစ်ဆုံး ဆက်သွယ်ရေးကွန်ယက်များထဲမှ အချို့ရှိနေပြီး ကွန်ပျူတာပိုင်ဆိုင်မှုပင်လျှင် ရဲတပ်ဖွဲ့၏ ခွင့်ပြုချက် လိုအပ်သည်။ ထို့ပြင် ပြင်ပကမ္ဘာနှင့် အင်တာနက်သုံးစွဲမှုကိုလည်း တရုတ်နိုင်ငံမှတစ်ဆင့် ပြုလုပ်နေသည်။
    အီရန်နိုင်ငံကမူ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်၍ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲပြီး ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီများနှင့်လည်း အဆက်အသွယ်ရှိနေသည်။
    မြောက်ကိုရီးယားအား ကွန်ပျူတာဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်သည်ဆိုသော ယခုသတင်းအတွက် အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ အီရန်အား တိုက်ခိုက်မှုတွင်လည်း ၎င်းတို့က ယခုကဲ့သို့ပင် ငြင်းဆိုခဲ့သည်။
    Ref: Reuters