News @ M-Media
Tag: opinion
  • ၀ိုင်းအော် နိုင်ငံရေးနှင့် နှာစေး အနိုင်ပိုင်းနည်းလား
    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင်- သူရမင်းမင်း
    no-action-talk-only
    -မြန်မာပြည်မှာ နိုင်ငံရေးဖိနှိပ်မှု၊ ပြည်သူတွေကို မတော်မတရားလုပ်မှုတွေ နှစ်ပေါင်း ၆၀ ကျော် ကြာ နေ ရတဲ့ အကြောင်းရင်းတွေထဲက တခုက  ပြည်သူတွေရဲ့  အားနည်းချက် အထူးသဖြင့် နိုင်ငံရေး လုပ်ရှားသူတွေ ရဲ့  အားနည်းချက်ကို ထောက်ပြရပါလိမ့်မယ်။ အပြောကြီးပြီး လက်တွေ့ ဖြစ်အောင် မလုပ်နိုင်ဘူးလို့  ဆိုရပါမယ်။ ဘလိုင်းဝင်ကျုံးတယ်လို့  မထင်လိုက်ပါနဲ့ ။  အကြောင်းရှိပါတယ်။
    အစိုးရရဲ့  မဟာဗျူဟာ၊ နည်းဗျူဟာ၊ နိုင်ငံရေး၊ စိတ်ဓာတ်စစ်ဆင်ရေး စတဲ့ နေရာတွေမှာ အစိုးရထက်  တလှမ်းပိုသာအောင်၊ လက်ဦးမှုရအောင် ဘာမှ  လုပ်တာသတိမထားမိပါဘူး။
    မြန်မာပြည်နိုင်ငံရေးမှာ အစိုးရက အမြဲအသာစည်းယူထားပါတယ်။ အတိုက်အခံဆိုသူတွေက အမြဲလိုလိုနောက်လိုက်ပါပဲ။ အစိုးရက တခုလုပ်ရင် နောက်က လိုက်အော်ပါတယ်။ အော်ပြီးရင်လည်း ပြီးသွားတာပါပဲ။ ထိထိရောက်ရောက်ဘာကိုမှ မလုပ်နိုင်တော့ နောက်ဆုံးတော့ အစိုးရက သူဖြစ်ချင်တဲ့အတိုင်း ဖြစ်သွားတာပါပဲ။
    အမျိုးသားညီလာခံကနေဖြတ်ပြီး ကြည့်ကြရအောင်ပါ။ အစိုးရက အမျိုးသားညီလာခံဆိုပြီးလုပ်တော့ အမျိုးသားညီလာခံကို ဆန့် ကျင်ကြောင်း ၀ိုင်းအော်ပါတယ်။ အစိုးရက အမျိုးသားညီလာခံကို ခနနားလိုက်တော့ အသံတွေရပ်သွားတယ်။ ဘာမှလုပ်စရာမရှိတော့ ထုံးစံအတိုင်း ဒီမိုကရေစီရရှိရေး ဒို့ အရေး ဒို့ အရေးကို ပြန်ရောက်သွားပါတယ်။ အစိုးရရဲ့  မဟာဗျူဟာ၊ နည်းဗျူဟာ၊ နိုင်ငံရေး၊ စိတ်ဓာတ်စစ်ဆင်ရေး စတဲ့ နေရာတွေမှာ အစိုးရထက်  တလှမ်းပိုသာအောင်၊ လက်ဦးမှုရအောင် ဘာမှ  လုပ်တာသတိမထားမိပါဘူး။ နောက်တခုဆက်ကြည့်ပါ။
    နိုင်ငံရေး လမ်းပြမြေပုံဆိုပြီး အစိုးရက ဆက်လုပ်တော့ အားလုံးစုပြုံပြီး လိုက်အော်ပါတော့တယ်။ အော်ရုံ ကလွဲပြီး ထိထိရောက်ရောက် ဘာမှမလုပ်နိုင်ခဲ့ပါ။
    အဲ့ဒီကနေတခါ ၂၀၀၈ ဖွဲ့ စည်းပုံဆိုပြီးဖြစ်လာတယ်။ အစိုးရက နောက်တခေါက်လှိမ့်ပေးလိုက်တဲ့ဘီး။ အဲ့ဒီဘီးနောက်ကိုပဲ တန်းစီလိုက်ပါတော့တယ်။ ဖွဲ့ စည်းပုံကို လက်မခံနိုင်ကြောင်း အားလုံးဝိုင်းအော် ကြပြန်တယ်။ နောက်ဆုံးတော့ အားလုံးအသိ အစိုးရဖြစ်ချင်တဲ့အတိုင်း ဖြစ်သွားတာပဲမဟုတ်လား။ ၀ိုင်းအော်ရုံထက် ဘာမှမလုပ်နိုင်ခဲ့ပါ။
    ဒီလိုလဲ၂၀၁၀ ရွေးကောက်ပွဲဖြစ်လာတယ်။ ဒါကိုလဲ ၀ိုင်းအော်ခဲ့ကြတယ်မဟုတ်လား။ ဒါပေမဲ့ အစိုးရက လူဖြစ်ချင်တဲ့အတိုင်း သူ့ အကြိုက် သမ္မတခေါင်းခေါက်ရွေး (ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကရွေးပြီး သားပါ)၊ သူ့ အကြိုက် ၂၅ ရာခိုင်နှုန်းဆိုပြီး ပါလီမန်ထဲ ထည့်ထား၊ ပြည်ထဲရေးကို သူ့ လက်အောက်ထား၊ ပြည်နယ် အစိုးရတွေကို ချွေးသိပ်ထား၊ သူ့ အကြိုက် သူ့ အကြိုက်တွေ နဲ့  သူဖြစ်ချင်တဲ့ အတိုင်းလုပ် လာတာ ရွေးကောက်ပွဲတောင် နောက်တခေါက်ရောက်တော့မယ်။ ၀ိုင်းအော်တဲ့ လူတွေက အော်ရုံထက် အစိုးရ အကွက်တွေကိုတောင် မချေပနိုင်ခဲ့ပါ။ အစိုးရထက် အကွက်ကျော်သွားဖို့ ဝေးစွ။
    သန်းခေါင်စာရင်းကောက်တဲ့ ကိစ္စဆိုရင် ပိုတောင်ဆိုးသေးတယ်။ အစိုးရက သန်းခေါင်စာရင်းကောက် မယ်ဆိုပြီး ဆိုင်းပြင်းနေတာ လူသိရှင်ကြားပါ။ အဲ့ဒီကိစ္စ သတင်းစာမှာလည်း အခေါက်ခေါက်ပါပါတယ်။ တချို့ က စိုးရိမ်တဲ့အကြောင်း၊ သံသယရှိတဲ့အကြောင်း ဟိုနားတိုးတိုး ဒီနားတိုးတိုးပြောကြတယ်။ ဘာမှတော့ မလုပ်ပါ။ စာရေးသူက နိုင်ငံရေးပါတီ တချို့ ကို သတိပေးပါသေးတယ်။ ဘာမှ ကောင်းကောင်း ကမ်းကမ်းလုပ်ဖို့  စိတ်ကူးမရှိခဲ့ကြပါ။ အချိန်ကပ်လာပြီး နောက်ဆုံး ဘာမှပြင်ဆင်လို့ မရတော့တဲ့ အချိန်ကြတော့မှ တချို့ က ထအော်တယ်။ ဒါပေမဲ့ အချိန်နှောင်းသွားပြီးပါပြီ။ ဖောင်တွေကို သေချာ ပုံနှိပ်ထားပြီးပြီ၊ စာရင်းကောက်မဲ့ ဆရာဆရာမတွေကို လေ့ကျင့်ထားပေးပြီ။ နောက်ဆုံးတော့ အစိုးရဖြစ်ချင်တဲ့အတိုင်း အစအဆုံးဖြစ်သွားခဲ့တာပဲမဟုတ်လား။
    ခုလဲလာပြန်ပြီ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် လိုသလို အသုံးချဖို့  မျိုးချစ် စိတ်ဓာတ်ဆိုပြီးတမျိုး၊ အမျိုး ဘာသာသာသနာ ကာကွယ်ဖို့ ဆိုပြီးတနည်း၊ ၉၆၉ လုပ်လိုက် မဘသ လုပ်လိုက် မျိးစောင့် ဥပဒေလုပ်လိုက်နဲ့  သိသိသာသာကြီး ပြသနာမျိုး စမွေးထားပေးတာ။
    ထိလွယ်ရှိလွယ်တဲ့ ဘာသာရေး မီးကို တမင် မွေးထားပေးတာ။ မီးတင်မွေးထားပေးတာ မဟုတ်ဘူး။ အစမ်းပါ ရှို့ ပြပြီးထားပြီပါပြီ။ မိတ္ထီလာ၊ လားရှိုး၊ မန်းလေး ဒါတွေက အလကား မဟုတ်ပါ။ အစမ်းရှို့ ကြည့်တာပါ။ စစ်တပ်က မတွက်ပဲ မလုပ်ဘူးဆိုတာ မမေ့ပါနဲ့ ။ တွက်ချက်နေတယ်ဆိုတာ သတိရှိပါ။
    ဒီကိစ္စကို တိုင်းပြည်အရေး လှုပ်ရှားသူ များက မသိတာမဟုတ်ပါ။ သိလျက် မြင်လျက် ကြားလျက်နဲ့  ထိထိရောက်ရောက် ဘာမှ မလုပ်သေးပါ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် သက်သက်မဲ့ လုပ်နေတယ်လို့  နိုင်ငံရေးသမားတွေနဲ့  အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြတယ်။ မိတ္ထီလာ၊ မန်းလေး၊ လားရှိုးကိစ္စ တွေမှာ လူစိမ်းတွေက လာလုပ်သွားတာ၊ မလုပ်ခင်ဝါဒဘယ်လိုဖြန့် တာ၊ စစချင်းဘယ်လိုဖြစ်ပြီး နောက်ပိုင်းဘယ်လိုလုပ်တာ၊ အဲ့ဒီအချိန်မှာ ရဲတွေ မီးသတ်တွေက ဘယ်လို တာဝန်ပျက်ကွက်တာ၊ ဒါတွေအားလုံးနဲ့  နောက်ကွယ်မှာ အစိုးရကဘယ်လိုရှိတာ။ ပြောလိုက်ကြတာ ဟိုနားရော ဒီနားရော။
    ဒါပေမဲ့ ထိထိရောက်ရောက် ဘာဆိုဘာမှ မလုပ်ကြသေးပါ။ အဖွဲ့ တချို့ က အစပျိုးလုပ်နေပေမဲ့ တခွန်းပြောရင် တနိုင်ငံလုံးထိ ခရီးတာသွားတဲ့ အဖွဲ့ များ၊ ငြိမ်းချမ်းရေးဆုရထားဆိုသူများနဲ့  ငြိမ်းချမ်းရေးလုပ်နေပါ တယ်ဆိုတဲ့ အဖွဲ့ များကတော့ နှာစေးပြနေပါတယ်။ ၀ိုင်းအော်တာတောင်မနိုင်ခဲ့တဲ့ အစိုးရကို နှာစေးပြနေရင်တော့ အစိုးရက ပိုကြိုက်တာပေါ့။
    အစိုးရချထားတဲ့ အကွက်ကို ကြိုတင်သိနေပြီးလျက်နဲ့  ဘာကြောင့်ငြိမ်နေကြတာလဲ ဆိုတဲ့ မေးခွန်းကိုပဲ  မေးချင်စမ်းပါတယ်။ ထိထိရောက်ရောက်လှုပ်ရှားမှု မပါပဲ သင်္ကြန်အမြောက် ၀ိုင်းအော်နိုင်ငံရေး (သို့ ) နှာစေးပြရုံတင်နဲ့  ဒီမိုကရေစီ၊ လူ့ အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဖယ်ဒရယ် စတာတွေ အတွက် လုံလောက်ပြီလို့  မှတ်ယူထားလေရော့သလားလို့ ပဲ မေးချင်စမ်းပါတယ်။
    * စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
  • ၂၀၁၅ အကြို  အဓိကရုဏ်းပွဲ နံပါတ်တစ် ကတော့ စလိုက်ပါပြီ။
    ၂၀၁၅ အကြို အဓိကရုဏ်းပွဲ နံပါတ်တစ် ကတော့ စလိုက်ပါပြီ။
    စက်တင်ဘာ ၂၁ ၊ ၂၀၁၄
    M-Meida
    ဆွေမွန် ရေးသည်။
    2014-09-21_23.36.42
    မနေ့တစ်နေ့ကပဲ မွတ်ဆလင်ကောင်းကြောင်း သတင်းစာမှာ ၂ မျက်နှာပြည့် ရေးခဲ့သေးတယ်။
    ဒီနေ့ ဗလီတစ်လုံး အဖျက်ခံရပြန်ပြီ။
    ဘုရားကျောင်းကန်ကို ဖျက်ရင် ကိုးကွယ်ယုံကြည်သူတွေရဲ့ နှလုံးသားကို ဓားနဲ့ထိုးခံရသလိုပါပဲ။ လူတိုင်း ဒီလိုပဲ ခံယူကြပါတယ်။
    အရမ်းတွန်းမထုတ်ကြနဲ့။ အစွန်းကို ရောက်သွားအောင် တွန်းထုတ်နေတာ မကောင်းဘူး။ အစွန်းကိုရောက်သွားမှ မင်းတို့ အစွန်းရောက်လို့ မပြောကြပါနဲ့။ အိမ်ကုန်၊ စီးပွားပျက်၊ မိသားစုအားလုံးကုန်သွားတဲ့လူတစ်ယောက်မှာ အစွန်းရောက်ဖို့ အင်မတန်လွယ်ကူသွားတတ်ပါတယ်။ လူကို လူလို့ မြင်နေချိန်လေးကို ထိန်းသိမ်းပေးကြပါ။
    ခွေးကိုက်လို့ ခွေးရှင်အလျော်ပေးရင် တောင်းပန်ရင် ပြီးရမယ့်ကိစ္စ၊ ခွေးကို ရိုက်သတ်ရုံတင် မဟုတ်ဘူး။ ခွေးရှင်ပိုင်တဲ့အိမ်နဲ့ ကိုးကွယ်ဦးချရာ ဗလီကိုပါ လက်တင်ဖျက်ဆီးတယ်၊ ဖျက်ဆီးခွင့်ပေးတယ်ဆိုတာ လူယဉ်ကျေးတွေရဲ့ လုပ်ရပ် မဟုတ်ပါဘူး။
    ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို အဆုံးစွန်ထိ ဆွဲချနေတာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် မတားသရွေ့ ဒီလိုကိစ္စတွေ ရှိလာနေမှာပဲ။
    အစိုးရကတော့ ရည်ရွယ်ချက်ရှိရှိ အရင်ကလည်းလွှတ်ပေးသလို ခုလည်း လွှတ်ပေးနေမှာပဲ။ အစိုးရမလုပ်လို့ ပြည်သူကလည်း မတားရင် ဒီလိုပဲ တစ်ယောက်တစ်လှည့် ပတ်ပြီး ခံနေကြရလိမ့်မယ်။
    ၂၀၁၅ အကြို အဓိကရုဏ်းပွဲ နံပတ် တစ် ကတော့ စလိုက်ပါပြီ။ နောက် အလှည့်ကျမြို့တွေ ထပ်လာနေဦးမှာပဲ။ လှုံ့ဆော်သူတွေက လှုံ့ဆော်နေမှာ ဖြစ်သလို ပါဝင်နေမြဲလူတွေကလည်း မပြင်နိုင်ရင် ……
    ကျွန်တော်တို့အားလုံးရဲ့ အပြောင်းအလဲ ၂၀၁၅ ဟာ ပြီး သွားပြီ။
    ဒီပုံတွေကို ကြည့်ပါ။ အဓိကရုဏ်းလား။ ပွဲကို မဖြစ်ဖြစ်အောင် ဖန်တီးတာလားတွေ့ရပါမယ်။
    မြို့မကျ တောမကျရွာလေးမှာ နိုင်ငံခြားမျိုး အယ်လ်ဇေးရှင်းခွေးကြီးနှစ်ကောင်တိတိ မွေးထားတာကို မန္တလေး မစိုးရိမ်တိုက်က ဦးဝီရသူက သေချာသိနေပြန်ပါတယ်။
    လူကိုရိုက်လို့၊ ခွေးနဲ့ ရှူးတိုက်လို့၊ မီးပြတ်လို့ ဒေါသထွက်ပြီး ဗလီကိုဖျက်ပါသတဲ့…..
    ရဲက ကတိအတိုင်း မဆောင်ရွက်နိုင်လို့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဗလီကို ဖျက်ရတယ်။ ဖျက်တဲ့လူကို အပြစ်မမြင်အောင် မင်းက အယ်လ်ဇေးရှင်းခွေးကြီးနဲ့ ရှူးတိုက်တာကိုး၊ ဒါကြောင့် ငါတို့ ဗလီကို ဖျက်ရတာလေကွာ….နော်… တရားပါတယ်။ ဒီအမြင်ကို ရိုက်ထည့်ပေးတယ်။
    ဦးဝီရသူ မပါတဲ့ ကိစ္စမရှိပါဘူး။ ကိစ္စအားလုံးကို နှပ်ကြောင်းပေး အဖြေထုတ်ပေးတာ ဦးဝီရသူကိုယ်တိုင်ပါပဲ။ မိတ္ထီလာမှာ ဦးသောဘိတကို မီးရှို့သတ်ပါတယ်လို့ အရင်ဆုံးတင်တာလည်း ဦးဝီရသူပါပဲ။ လားရှိုးမြို့က အရူးနေ၀င်းမီးရှို့တာကို မပွပွအောင် မြို့ကုန်သွားအောင် ဖွတာလည်း ဦးဝီရသူပါပဲ။ ဘာကိစ္စပဲဖြစ်ဖြစ် အဓိကရုဏ်းတိုင်းမှာ ဦးဝီရသူလက်ရာ မပါတဲ့ပွဲ ရှားပါတယ်။
    အခု မြစ်ခြေကိစ္စမှာ U Ya Tha Nanda ဦးရသနန္ဒ အမည်ရတဲ့ ဖေ့စ်ဘုတ်အကောင့် ပိုင်ရှင်နဲ့ Da Na ဒါနအမည်ရ အကောင့်ပိုင်ရှင်နှစ်ဦးဟာ အမိန့်ပေးတဲ့အဖွဲ့ရဲ့ စေခိုင်းချက်ကို မြေပြင်ပေါ်မှာ လက်တွေ့ကွင်းဆင်း အကောင်အထည် ဖော်ခဲ့ကြတယ်။ ဦးဝီရသူ နဲ့ မန်း မဘသ တို့က အတိုင်အဖောက်ညီညီ သတင်းတင်ပေးခဲ့တယ်။ နှပ်ကြောင်းပေး အကွက်ဖော်ပေးခဲ့ကြတယ်။ သာမန်ရန်ပွဲတစ်ခုကြောင့် ဗလီတစ်လုံးကို အကြောင်းမဲ့ ဖျက်ဆီးခဲ့ကြတယ်။ ဘာမှ မပတ်သက်တဲ့ အယ်ကေဒါနဲ့ ဂျီဟတ်ကို မပါပါအောင် ဆွဲထည့်ခဲ့ပါသေးတယ်။
    အစိုးရက အရေးယူမယ်ထင်ပါသလား။ ဘယ်သူတွေက လုပ်ခွင့်ပေးနေကြတာလဲ။ ဒီသင်္ဃန်းဝတ်တွေက ဘုန်းကြီးအစစ်တွေလား။ သာမန်ဗုဒ္ဓဘာသာဝင်တွေရော ဘာလို့ မကန့်ကွက်တာလဲ။ မန္တလေးလိုမြို့ကိုတောင် တစ်ညတည်းနဲ့ မထိန်းနိုင်အောင် လုပ်ပြခဲ့ပြီးပါပြီ။ လုပ်ချင်ရင် လုပ်လို့ရကြောင်း အဓိကရုဏ်းပွဲဖြစ်မြောက်ရေး ဖန်တီးနေသူတွေက ပြပြီးပါပြီ။
    ကျွန်တော်တို့ ဒီလိုပဲ တစ်မြို့ပြီး တစ်မြို့ လည်စင်းပေးကြတော့မှာလား။
    အစွန်းကို ရောက်အောင် တွန်းထုတ်နေတာ ၃ နှစ်ရှိပါပြီ။
    မြန်မာပြည်က မွတ်ဆလင်တွေ ဘာမှ ပြန်မလုပ်ခဲ့သလို ပြန်လုပ်ဖို့ အစီအစဉ်လည်း မရှိပါဘူး။ ၂၀၁၅ ကို မရောက်ရောက်အောင် အပြောင်းအလဲတစ်ခုမြင်ရမလားအတွေးနဲ့ သည်းခံနေကြဆဲပါ။
    ထပ်ပြီး မတွန်းထုတ်ပါနဲ့တော့။ အစွန်းကို တကယ်ရောက်သွားချိန်မှာ လူတွေမှာ ဘာသာတရားမရှိတော့ပါဘူး။ နှစ်ဖက်လုံးအတွက် အဖြေမကောင်းတဲ့ ရွေးချယ်စရာကို မသွားလိုကြပါဘူး။ ဒါပေမယ့် ချောင်ပိတ်မိသွားရင် ဘယ်သတ္တ၀ါမဆို ပြန်လုပ်မိတတ်တဲ့ သဘာဝလေးကို သတိထားကြပါ။
    ဗုဒ္ဓဘာသာဝင်အစစ်တွေကိုယ်တိုင် ဒီလိုဖြစ်ရပ်တွေကို လမ်းပေါ်ထွက် တားမြစ်လာရဲတဲ့တစ်နေ့မှာမှ ဒီပြသနာတွေ အေးချမ်းသွားမှာပါ။ တားကြပါ။ တိုက်တွန်းပါတယ်။ မနှစ်သက်ကြောင်း ထုတ်ဖော်ကြပါ။ ကန့်ကွက်ကြပါ။
    မြန်မာပြည်သူ ပြည်သားအားလုံး အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းခံရတဲ့ဘ၀က ကင်းလွတ်ကြပါစေ။
    မြန်မာပြည်ငြိမ်းချမ်းပါစေ။
    ဆွေမွန်
    ၂၁ စက်တင်ဘာ
  • ပြည်သူ့ ပိုက်ဆံလိမ် ယူနေသည့် အမျိုးသားရေး သူငယ်နာ မစင်သေးတဲ့ မီဒီယာများ
    ပြည်သူ့ ပိုက်ဆံလိမ် ယူနေသည့် အမျိုးသားရေး သူငယ်နာ မစင်သေးတဲ့ မီဒီယာများ
    စက်တင်ဘာ ၂၁၊ ၂၀၁၄
    M-Media
    -ဥိးဦးမှော်ဆရာရေးသည်။
    1486564_389846051168076_5032611482019682157_n
    ပြည်တွင်းဂျာနယ်တစ်စောင်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစည်းစာသား နဲ့ ကာတွန်း ပုံက အကျင့်ပျက်ခြစားတဲ့ ၀န်ထမ်းတွေ၊ အရာရှိတွေရဲ့လုပ်ရပ်တွေကို မီးမောင်းထိုးပြခြင်းလည်း မမြည်.. တိုင်းပြည်ရဲ့ သယံဇာတတွေကို ၀ါးမြိုနေတဲ့၊ ဓနအားကိုးနဲ့ လူထုအပေါ် ဂုတ်သွေးစုတ်နေတဲ့ ပြည်တွင်းခရိုနီတွေ၊ နိုင်ငံခြားသား အရင်းရှင်တွေကို ဆန့်ကျင်ခြင်းလည်း မဟုတ်တာ သေချာပါတယ်။ ဂျာနယ်ရဲ့ မျက်နှာဖုံးစာသားက `မုတ်ဆိတ်´ ဆိုတဲ့ ပြင်ပသွင်ပြင်သဏ္ဍာန်တစ်ရပ်ကို ဇောင်းပေး တိုက်ခိုက်ထားတဲ့အပြင် ကာတွန်းပုံနဲ့တွဲလိုက်တော့ မြန်မာမိန်းကလေးတွေကိုပါ ၀ါးမြိုနေတဲ့ စက်ဆုပ်စရာ လူမျိုးခြား ဘာသာခြားဆိုတဲ့ sense ကို ပညာသားပါပါ သွပ်သွင်းပေးထားတယ်။
    `မုတ်ဆိတ်´ဆိုတဲ့ ပြင်ပသဏ္ဍာန်ဟာ လူဆိုး လူကောင်း ခွဲခြားတဲ့ လက္ခဏာတစ်ရပ်လား..။ ဒါမှမဟုတ် ကိုယ့်လူ သူ့လူ၊ ရန်သူ မိတ်ဆွေ ခွဲခြားသတ်မှတ်မှု ပေတံတစ်ခု လား..။ ဒါမှမဟုတ် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ခွဲခြားတဲ့ နှုန်းစံတစ်ရပ်လား။ အမှန်တော့ ဒါဟာ အောက်တန်းကျကျ တိုက်ခိုက်ခြင်းပါ။ မြန်မာပြည်က ဂျာနယ်တွေရဲ့ ယေဘုယျ အခြေအနေတစ်ရပ်အရ ရောင်းတန်းဝင်ဖို့ လူပြိန်းကြိုက်လုပ်တယ်ဆိုရင်တော့ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ဘယ်လို လူ့အဖွဲ့အစည်းမျိုးလဲဆိုတာ ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုတော့ဘူး။
    ဆောင်းပါးရှင်ကိုတော့ ဘယ်သူမှန်းမသိပေမဲ့ ဂျာနယ်တာဝန်ခံတွေ၊ အယ်ဒီတာဆိုသူ တွေက PP တွေဖြစ်နေတာ သိရတော့ အဲဒီပုဂ္ဂိုလ်တွေကို သနားမိတယ်။ ထောင် မကြောက် တန်းမကြောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဂါထာမန္တာန်တွေ ရွတ်ဖတ် သရဇ္ဇျယ်နေကြပေမဲ့ သူတို့ကိုယ်တိုင် အမျိုးသားရေးသူငယ်နာ မစင်သေးပါလားလို့ တွေးမိလို့ပါ။ သူတို့ထက်ပိုပြီး မြန်မာပြည်သူတွေကို စာနာမိတယ်။ ပြည်သူတွေ မျှော်လင့်ချက်ထား၊ အားကိုးနေတဲ့ ရှေ့တန်းရောက် (လို့ပြောရမယ့်)လူတွေထဲမှာ အဲဒီလို အတွေးအခေါ် ချွတ်ခြုံကျနေတဲ့ လူတွေ၊ ခံယူချက် သိမ်ဖျင်းကြုံလှီလှတဲ့ လူတွေ၊ အောက်တန်းကျတဲ့ စိတ်ဓါတ် ပိုင်ရှင်တွေ ရောပါနေတာ တွေ့ရလို့ပါ။ ပြည်သူလူထုရဲ့ ခံစားချက်တွေကို ခေါင်းပုံဖြတ်နေတဲ့ ဒီလိုလူစားမျိုးတွေ နိုင်ငံရေးစင်မြင့်ပေါ် တက်ခွင့် ရနေတာဟာ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။
    ကျနော် သတိထားမိသလောက် ယဉ်ကျေးမှုမြင့်မားပြီး အဆင့်အတန်းရှိတဲ့ လူ့အဖွဲ့ အစည်းတိုင်းမှာ PC လို့ အတိုကောက်ခေါ်တဲ့ (Political Correctness)ကို တက္ကသိုလ် တွေ၊ စာသင်ကျောင်းတွေက စလို့ မီဒီယာတွေ အဆုံး လူထုကို ပညာပေးနှိုးဆော်နေကြပြီဖြစ်တယ်။ PC ဆိုတာ နိုင်ငံရေးအရ မှန်ကန်တည့်မတ်သော အသုံးအနှုန်းကိုသုံးစွဲတာ၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်၊ လူတန်းစား စတာတွေကို အခြေခံပြီးခွဲခြားနှိမ့်ချတဲ့စကားတွေ မပြောစေဖို့ပဲ။ ကျောင်း သင်ခန်းစာတွေ၊ ပြဌါန်းစာအုပ်တွေထဲမှာအဲဒီလို အသုံးအနှုန်းတွေ ရှိမနေဖို့အပြင် စာသင်ခန်းထဲမှာလည်း မသုံးစွဲဖို့ပေါ့။ ပညာရေးကို အဓိကထားရတာတဲ့အကြောင်းက လူ့အဖွဲ့အစည်းတစ်ခုမှာ အိုင်ဒီယိုလော်ဂျီတွေထိထိရောက်ရောက် သွပ်သွင်းပေးနိုင်တဲ့ အကောင်းဆုံးသော အင်စတီကျူးရှင်းဖြစ်နေလို့ပါ။
    `ကုလားဖြူ´တို့၊ `ကျည်းကုလား´တို့ ဆိုတဲ့ အသုံးအနှုန်းတွေကို ကျောင်းနေဘ၀ကတည်းက ယဉ်ပါးစေခဲ့တဲ့ မြန်မာပြည်မှာတော့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကစလို့ပညာရေးစနစ်ကြီးတစ်ခုလုံးက လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင် နဲ့ လိင် ခွဲခြားမှု တွေကို လှိုင်လှိုင်ထွက်ပေါ် လာအောင် မွေးထုတ်ပေးနေတဲ့ အဓိက အင်စတီးကျူးရှင်းကြီးဖြစ်လို့နေပါတယ်။ အာဏာရှင်ယန္တယားကို အထောက်အပံ့ဖြစ်စေဖို့ တရားသေအယူအဆတွေ၊ ဦးနှောက်သေတွေ ဖြစ်လာအောင် အစွမ်းကုန်ရိုက်သွင်းပေးနေတဲ့ ဌာနတစ်ခု ဖြစ်နေတယ်။ ဒါတွေဟာ အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်နေတာပါဆိုရင်၊ လက်ရှိခေတ်မီဒီယာတွေအနေနဲ့ ခုလိုချိန်မှာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ပြီး လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်၊ လိင်၊ လူတန်းစား ကွဲပြားမှုတွေအပေါ် သည်းခံ နိုင်စွမ်းရှိလာအောင် လုပ်ပေးသင့်တယ်။ အဲဒီလိုမဟုတ်ဘဲ ခုလိုမျိုး (ကိုယ့်ကို ကိုယ်တော့ အမျိုးသားရေးနဖူးစီး တပ်ချင် တပ်ထားမှာပေါ့) မျိုးချစ်စိတ်ဓါတ် နဲ့ လူမျိုးရေး ဘာသာရေးမုန်းတီးမှုကို လေလုံးမကွဲဘဲ RACISM ဖိနပ်ဆုတ်ကြီး ဖင်ခုထိုင်ရင်း ခွဲခြားဆက်ဆံမှုနဲ့ မုန်းတီးရေးဝါဒမှိုင်း တိုက်နေဦးမယ်ဆိုရင်တော့ မြန်မာပြည် စစ်အာဏာရှင် သက်ဇိုးရှည်လို့ ငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမှာပါပဲ။
    ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ခုထက်ပိုပြီး အသိဥာဏ် မြင့်မားလာတဲ့ တနေ့မှာ ဒါမျိုး အောက်တန်းကျကျ သွေးထိုးလှုံ့ဆော်မှုတွေ၊ ခွဲခြားဆက်ဆံမှုကို သဘောကျနှစ်ခြိုက် စရာ၊ ကြည်ဖြူလက်ခံစရာတစ်ခုလို့ သဘောထားတော့မှာ မဟုတ်ဘဲ၊ ကိုယ့်ကို အထင် အမြင်သေးစွာနဲ့ ကိုယ့်အရည်အချင်းကို လျော့တွက်ပြီး ခုလို အောက်တန်းနောက်တန်း ကျတဲ့ လုပ်ရပ်တွေ လုပ်ပြရင်း ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံတွေ လိမ်လည်ယူနေတယ် ဆိုတာကို သဘောပေါက်လာ လိမ့်မယ်လို့ မျှော်လင့်တယ်။
  • မရေရာမှုတွေထဲက အရေရာဆုံး သေချာမှုတစ်ခု
    မရေရာမှုတွေထဲက အရေရာဆုံး သေချာမှုတစ်ခု
    စက်တင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင်- ညီသွေး
    fight-for-freedom.4
    အင်အားကြီးတိုင်း ၀ိုင်း အနိုင်ယူခဲ့တဲ့ခေတ်၊ ရာထူးအာဏာရှိတိုင်း ထင်သလို ခြယ်လှယ်မယ်ဆိုတဲ့ခေတ်၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမယ် ဆိုတဲ့ခေတ်က ကုန်ဆုံးစပြုနေပါပြီ။ မတရားလျှင်၊ မမှန်လျှင် အရင်ခေတ်ကလို ငုံ့ခံကြရတဲ့ နင်းပြားတွေ၊ အနှိမ်ခံတွေ၊ လက်နက်မဲ့တွေ၊ အခြေခံပြည်သူလူထုတွေဟာ ရနိုင်သမျှအားတွေနဲ့ ဒီ IT ခေတ်ထဲမှာ မှန်ကန်တဲ့ ဘက်မလိုက်တဲ့ ပြည်သူ့မီဒီယာအားတွေနဲ့ အမှန်တရားကို မက်မက်မောမောဆုပ်ကိုင်လာကြတာ ဒီရာစုထဲမှာ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်အုပ်စုပြီး တစ်အုပ်စု ပိုပိုပြီးတိုးလာတာကို တွေ့မြင်နေရပါတယ်။
    လူ့အခွင့်အရေးမပြောနဲ့ တိရစ္ဆာန်အခွင့်အရေးတောင် အပြည့်အ၀ရှိပါတယ်ဆိုတဲ့ အမေရိကပြည်ထောင်စု၊ တရားဥပဒေစိုးမိုးမှုကလည်းအပြည့်၊ ဒီလိုနိုင်ငံမှာတောင် လူမည်းဆယ်ကျော်သက် လက်နက်မဲ့တစ်ယောက်ကို ရဲကပစ်သတ်လိုက်မိပြီးနောက် ဖြစ်ပွားခဲ့ရတဲ့ ဂယက်တွေဟာ လှိုင်းထန်တဲ့ အခြေအနေရောက်သွားရပါတယ်။ မှားပြီးသွားပြီ၊ မှားတာက ရဲတပ်ဖွဲ့၊ အာဏာပိုင်အဖွဲ့၊ ပြည်သူကို ပြန်လည်တောင်းပန်၊ လျော်ကြေးကျေနပ်အောင်ပေး၊ တာဝန်ရှိသူကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူ။ ဒီလိုဆိုလျှင် အားလုံးအလျင်အမြန် အေးအေးချမ်းချမ်းပြီးဆုံးသွားနိုင်သည့်ကိစ္စ။ ဒါကို လက်နက်အားကိုး၊ အာဏာအားကိုးပြီး ပြည်သူကို အကြမ်းဖက်နှိမ်နှင်း လိုက်တာကစပြီး၊ မရှုနိုင်မကယ်နိုင်၊ မီးတောက်တွေကြီးလာရတာ အဓိက တာဝန်ရှိသူတွေရဲ့ မတော်မတည်မှု၊ ဘက်လိုက်မှု၊ အသားအရောင်ခွဲခြားမှုတွေကြောင့် ဆိုတာသိသာနေပါတယ်။ ဒါကြောင့် မတရားမှုကို မတရားမှုနှင့် ငြိမ်းသက်လို့မရဘူးဆိုတာ ဒီပြည်သူတွေက ပြသခဲ့တာပါ။ အမှားတစ်ခုရဲ့ ဂယက်ဟာ ဖိနှိပ်ထားလေ အုံကြွလေ၊ လှိုက်လောင်လေ၊ အနာဆွေးကြီးတစ်ခုကို အန္တရယ်များလေပါပဲ။ ဖုံးအုပ်ထားလေ အနံ့ထွက်လေ၊ ကာကွယ်ထားလေ စည်းပေါက်လေပါပဲ။
    ပြည်သူတွေတစ်ကယ် အာရုံမလွဲဖို့ ကတော့ ဟောင်းလောင်း ခေါင်းလောင်းတွေထက် ပိုအရေးကြီးလာတဲ့ ခေါင်းပေါင်း အရေးပါခင်ဗျ။
    ကတိမတည်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ မတရားဖမ်းဆီးအမိန့်ချမှုတွေ၊ အဓမ္မမြေယာ သိမ်းမှုတွေ နှိုင်းချင်နဲ့ မြန်မာ အနာဂတ်အရေးကလည်း တွေးကြည့်တိုင်း ရင်လေးစရာတွေချည်းများပါတယ်။ ဂုဏ်သိက္ခာနဲ့ ဂတိသစ္စာ တည်ကြည်မှုနဲ့ စိတ်ချယုံကြည်မှုကို ပြရမည့် ရွေးကောက်ပွဲကော်မရှင်က မြန်မာသိ ကမ္ဘာသိ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည့်ဆိုသည့် ဂတိကို မီးဖုတ်စားလိုက်ပါပြီ။ ခိုးဖူးဇရှိတဲ့ ကလေးတစ်ယောက်ဟာ ပစ္စည်းပျောက်တိုင်း ယိုးစွပ်ခံရတတ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဂတိမတည်တဲ့ဇဟာ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ရိုက်ခက်လာနိုင်ပါတယ်။ တန်ဖိုးရှိတဲ့ ပြည်သူတွေရဲ့မဲတွေကို ယုံကြည်စိတ်ချစွာ အပ်နှံခံရမည့် အဖွဲ့အစည်းဟာ အခုလို ဂတိမတည်မှန်းကြိုသိရတဲ့အတွက် ရွေးကောက်ပွဲဝင်မည့်ပါတီတွေအနေနဲ့ စုပေါင်းတိုင်ပင်ဆွေးနွေးပြီး နောင်တစ်ကြိမ် ဒီလိုဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ၊ ပြောင်းလဲသင့်တာတွေ ပြောင်းလဲဖို့ ခိုင်မာမှုရှိတဲ့ နည်းဥပဒေစည်းမျဉ်းတွေချမှတ်ထားဖို့ တောင်းဆိုသင့်ပါတယ်။ ကော်မရှင်ရဲ့ ဒီဂတိဖျက်မှုဟာ “ဒီပုတ်ထဲက ဒီပဲ” “ပုလင်းတူဗူးဆို့” စတဲ့ စကားပုံတွေကို ပြန်အမှတ်ရစေပြီး ကြံ့ခိုင်ရေးပါတီရဲ့ စိုးရိမ်မှုတွေနဲ့ ကော်မရှင်အဖွဲ့ဝင်လူကြီးတွေရဲ့ စိုးရိမ်မှုတွေဟာ တစ်ထပ်တည်းကျသွားပုံရတယ်လို့ပဲ ဖြေတွေးလေးတွေးမိပါတယ်။
    နောက်ထပ်ရင်လးစရာတစ်ခုက ကျောက်မီးသွေးစက်ရုံတွေ တစ်ရုံပြီးတစ်ရုံ တိုးချဲ့ဆောက်လုပ်ဖို့ကြိုးစားနေတာဟာ “ပြည်သူ့အစိုးရ” ဆိုတဲ့ သံသယဖြစ်လာစရာ အကြောင်းပါ။ ပြည်သူ့အကျိုးစီးပွားကို ဦးစားပေးရမည့် အစိုးရက ပြည်သူတွေရေရှည် အနာဂတ်မှာ ဆိုးကျိုးတွေနဲ့သာ ကျိန်းသေရင်ဆိုင်ရမယ်လို့ တက်သိပညာရှင်တွေ ကျွမ်းကျင်သူတွေက ထောက်ပြပြီး တစာစာပိတ်သိမ်းဖို့တောင်းဆိုနေတဲ့ကြားက ပိုတိုးပြီး အကောင်အထည်ဖော်နေတာဟာ ဘာသဘောတရားလဲဆိုတာ လေ့လာ ဆန်းစစ်သင့်ပါတယ်။ ကုန်ခါနီးမီးစာအရမ်းတောက်နေသလို ကုန်ဆုံးသွားတော့မယ့် အခွင့်အရေးတွေကို ရသရွေ့တော့ သိမ်းကျုံးထည့်သွားမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ဇွတ်မှိတ်လုပ်နေသလားလို့ ထင်စရာပါပဲ။ ဒီစီမံကိန်းတွေ အကောင်အထည်ဖော်ပြီးရင် ဘယ်သူတွေပဲ လတ်တလော အခွင့်ထူးခံစားရမယ်ဆိုတာ အားလုံးအသိပါပဲ။
    နောက်ရင်မောစရာ တစ်ခုကလည်း မိကျောင်းကန်သပိတ်စခန်းအရေးပါ။ အမှတ်တမဲ့ကြည့်ရင် ဒီလူလေးတစ်ခုရဲ့မြေယာမဲ့နေတဲ့ ဒုက္ခတစ်ခုပါပဲ။ ဒါပေမဲ့ ဒီဒုက္ခသည်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာ စစ်တပ် ဒါကြောင့် ဖြေရှင်းပေးမယ်ဟု ပြောဆိုနေသော်လည်း လက်တွေ့မှာတော့ သပိတ်စခန်းခေါင်းဆောင်ကို ထောင် (၂) နှစ်ချမှတ် ခံလိုက်ရတဲ့ သတင်းကအဖြေပါပဲ။ “ငါတို့တွေကိုမထိနဲ့၊ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဘူး”၊ ဦးကျိုးသွားအောင် ချိုးပြမယ်ဆိုတာကို ပြနေသလဲပါပဲ။ ကမ္ဘာအကြံပေးအဖွဲ့ဝင်အရေအတွက် အများဆုံးပါဝင်တဲ့ အစိုးရအဖွဲ့အနေနဲ့လည်း တိုင်းပြည်အရေးကိစ္စတစ်ခုကို (၆) လခန့်ကြာမြင့်နေပြီဖြစ်ပေမယ့် ပြေလည်အောင် ဖြေရှင်း မပေးနိုင်တဲ့အတွက် အချိန်အကြာဆုံး ပဋိပက္ခမဖြေရှင်းနိုင်သော အစိုးရဆိုပြီး နောက်ထပ် စံချိန်တစ်ခုထပ်ရနိုင်စရာ ရှိပါတယ်။
    ကမ္ဘာ့အရည်အသွေး အမြင့်ဆုံး ပတ္တမြားဒီမြေမှာ ရှိပါတယ်။ ကမ္ဘာ့ အကြီးဆုံးကျောက်စိမ်းတုံး ဒီမြေမှာထွက်ခဲ့တယ်။ ကမ္ဘာ့အကြီးဆုံး ဓါတ်ငွေ့သိုက် ဒီမြေအောက်မှာ ရှိပါတယ်။ ကမ္ဘာ့ အကောင်းဆုံးရေမြေ တောတောင်သဘာဝ ဒီမြေမှာရှိနေပါသေးတယ်။ ဒါပေမဲ့ ကမ္ဘာ့ အဆင်းရဲဆုံး တိုင်းပြည်တွေထဲမှာလည်း ဒီနိုင်ငံပါနေဆဲ။ စစ်ဘေးဒုက္ခသည် အများဆုံးထဲမှာလည်း ဒီနိုင်ငံပါတယ်။ ဂျီဒီပီအချိုး အနိမ့်ဆုံးထဲကလည်း မလွတ်သေး။ ဒါဘာကြောင့်လဲလို့ အမေးရှိခဲ့လျှင် ကမ္ဘာ့အရှည်ကြာဆုံး အာဏာရှင်စနစ်နဲ့ ကမ္ဘာ့လောဘ အကြီးဆုံး အစိုးရအဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ခဲ့လိုက်တဲ့ အတွက် အခုလို ကမ္ဘာ့ စံချိန်သစ်တွေကို ရရှိခဲ့တာပါလို့ပဲ အဖြေပေးရမှာပါပဲ။
    ဘယ်စံချိန်မှ မချိုးနိုင်ရင်သာ နေရမယ်။ ဟောင်းလောင်း စံချိန်ကျတော့ မြန်မာ့မယ်တွေ စွမ်းနိုင်သမျှနော်။ ဒါတောင် ခရောင်းပြန်တောင်းနေလို့ ဟောင်းလောင်း ဒုက္ခရှုပ်သမျှကလည်း မြန်မာ့အရေး ဒုက္ခတွေကို ခေတ္တခဏ လွှမ်းမိုးလိုက်ပါသေးတယ်။ ဟောင်းလောင်းအတူ ခေါင်းလောင်းကလည်း ဒဏ္ဍရီတွေ၊ တဘောင်တွေ၊ နဂါးသိုက်တွေ၊ ယတြာတွေနဲ့ ပြည်သူကို ဖမ်းစားဖို့ အလံတလူလူနဲ့ တာဆူလိုက်ပါသေးတယ်။ အစာမကြေလို့ မက်တဲ့ အိမ်မက်တွေနဲ့ ဘာအဖြေမ မထွက်ဘူးဆိုတာ တဖြည်းဖြည်းလူတွေ သဘောပေါက်လာပါပြီ။ ပြည်သူတွေတစ်ကယ် အာရုံမလွဲဖို့ကတော့ ဟောင်းလောင်း ခေါင်းလောင်းတွေထက် ပိုအရေးကြီးလာတဲ့ ခေါင်းပေါင်း အရေးပါခင်ဗျ။
    ကျွန်တော်တို့ရဲ့ခေါင်းပေါင်းတွေ ဘယ်လောက် ခေါင်းကောင်းသလဲဆိုတာကြည့်ပါ။ သူများနိုင်ငံ တော်တော်များများ ကျောက်မီးသွေး စက်ရုံတွေစွန့်ပြီး၊ ဓါတ်ငွေ့တွေလေအား လျှပ်စစ်တွေနဲ့ သွားနေပြီဆိုမှ ဆိုးကျိုးများမယ့် ကျောက်မီးသွေးကို ပြန်အစပြု ဓါတ်ငွေ့တွေရောင်းထုတယ်ခင်ဗျ။ သဘာဝသံယံဇာတ အရင်းအနှီးလုံးဝမရှိတဲ့ စင်ကာပူမှာ ကျည်ဆံ ရထားပြေးဆွဲနေပေမယ့် မြေပေါ်မြေအောက် သံယံဇာတ အပြည့်အ၀ရှိတဲ့ မြန်မာမှာ မြို့ပတ်ရထားတောင် အချိန်မှန် မပြေးဆွဲနိုင်သေးဘူးဗျ။ သူများတွေက စွန့်ပစ်ရေကိုတောင် ပြန်အသုံးချဖို့ ကြိုးစားနေကြတဲ့အချိန် ကိုယ့်မှာရှိတဲ့ ရေချိုရေသန့်တွေထဲ ရေပုပ်ရေညစ်တွေ စီးဝင်ဖြစ်ပေါ်စေမယ့် စီမံကိန်းတွေတစ်ခုပြီးတစ်ခု ခွင့်ပြုနေတယ်ခင်ဗျ။ ဥရုချောင်းဆိုလည်း ညောင်းသွားပြီ။ သံလွင်မြစ်လည်း ကြံဖန်စစ်ပြီးမှ သုံးလို့ရတော့မယ်။ မြစ်ဆုံကိုတောင် အချစ်ကုန်အောင်လုပ်ကြံပြီးမှ ပြည်သူအပေါင်းက သောင်းသောင်းဖြဖြ၀ိုင်းကာကွယ်ကြလို့ ကံကောင်းထောက် မကျန်ခဲ့ရတာဆိုတော့ ကျွန်တော်တို့ ခေါင်းပေါင်းတွေရဲ့ လာရာနဲ့ လားရာ စေတနာကို ခန့်မှန်းလို့ရပါပြီ။
    ဒီပုံအတိုင်းသာ ဆက်သွားမယ်ဆိုလျှင်ဖြင့် စစ်မှန်တဲ့ ဒီမိုကရေစီ၊ ပြည့်ဝတဲ့ ဒီမိုကရေစီ အရသာ ဟင်းလျာကို ကျွန်တော်တို့ပြည်သူတွေ ခံစားရဖို့ဆိုတာတော့ ၂၀၁၅ မပြောနဲ့ ၂၀၂၀ နဲ့လည်း မသေချာပါဘူး။ ပြင်ရမယ်။ ပြင်ရပါမယ်။ အချိန်မီအားလုံး ပြင်ပါမှ ပြည်သူအားလုံးရင်မှာ အေးချမ်းရပါလိမ့်မယ်။ ဘာတွေပြင်ရမလဲ။ ဂတိမတည်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ပြင်ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အမြီးအမှောက်မတည့်မှုတွေကို ပြင်ရမယ်။ လွှတ်တော်ထဲက စစ်တပ် အချိုးအစားကို ပြင်ရမယ်။ စီတန်းလမ်းလျှောက်လို့ ဖမ်းဆီးထောင်ချမှုတွေကို ပြင်ရမယ်။ မီဒီယာတွေဖိနှိပ်မှုတွေကို ပြင်ရမယ်။ သမ္မတမိန့်ခွန်းနဲ့ အလုပ်တစ်ခြား စီဖြစ်နေတာ ကိုပြင်ရမယ်။ အထက်နဲ့အောက် တစ်လွဲစီ ဖြစ်နေရတာတွေကိုပြင်ရမယ်။ ဥပဒေရဲ့အထက်ရောက်နေတဲ့ အဲဒီအထက်ကလာတဲ့ အမိန့်တွေ ဆိုတာကို ပြင်ရမယ်။ တစ်ဖက်သက်အကျိုး ခံစားခွင့်တွေနဲ့ ချုပ်ဆိုခဲ့ကြတဲ့ စီမံကိန်းတွေကို ပြင်ရမယ်။ ပြင်ရမှာတွေ များလွန်းလို့ ပြင်ဆင်စရိတ်နဲ့ ဖြိုချ အသစ်ပြန်ဆောက်ဖို့ စရိတ်သိပ် မကွာတော့လို့ ဖြိုချလိုက်တော့လည်း “အားလုံးကောင်းဖို့လုပ်ကြတာပဲ ဘယ်သူတွေဘာပြောလို့လဲ” ခင်ဗျာပေါ့ဗျာ။ အင်း…. အခုပြောခဲ့တဲ့ ပြင်ဖို့ဟာတွေ အားလုံးဟာ သေသေချာချာ ဖြစ်လာဖို့ဆိုတာကတော့ ဘာမှမသေချာဘူးလို့ ပြောလို့ရပါတယ်။
    သေချာတာတစ်ခုကတော့ ပြည်သူတွေဟာ သမ္မတကြီး ကယ်လိမ့်နိုး၊ လွှတ်တော် ဥက္ကကြီး ကယ်လိမ့်နိုး၊ လွှတ်တော်အမတ်တွေ ကယ်လိမ့်နိုး၊ ဒေါ်အောင်ဆန်း စုကြည်ပဲ  ကယ်လိမ့်နိုး “အဲဒီ ကယ်လိမ့်နိုး” ဆိုတာလေးတွေနဲ့ပဲ နေ၀င်လို့ မိုးချုပ်ပြီးရင် နောက်တစ်နေ့ နေအထွက်မှာ စားမှုနေမှုအတွက် ၀မ်းစာရှာဖို့ ကိုးခြောက်ကိုးသုံး နဲ့ကိုယ်အားကိုယ်ကိုပြီး လမ်းပေါ်ထွက်လာရမှာကတော့ အားလုံးသော အားလုံးသော မရေရာ မသေချာမှုတွေထဲကမှ လုံးဝအသေချာဆုံး တစ်ခုဖြစ်တာပါပဲ။
    ညီသွေး
  • အရှေ့အလယ်ပိုင်း ဒေသကို ကျူးကျော်ဝင်ရောက်ဖို့ အတွက် IS ဟာ အသုံးချခံ အသစ်လား?
    အရှေ့အလယ်ပိုင်း ဒေသကို ကျူးကျော်ဝင်ရောက်ဖို့ အတွက် IS ဟာ အသုံးချခံ အသစ်လား?
    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    AP907411981477
    – “စိတ်ချစမ်းပါ! အာရပ်နိုင်ငံတွေဟာ စာမဖတ်တဲ့နိုင်ငံတွေပါ။ တကယ်လို့ သူတို့ ဖတ်ခဲ့ရင်လည်း နားမလည်ပါဘူး။ တကယ်လို့ နားလည်ရင်လည်း သူတို့ မကျင့်သုံးကြပါဘူး” လို့ အစ္စရေးကာကွယ်ရေး ၀န်ကြီးဟောင်း မိုရှေး ဒါယန်းပြောခဲ့တဲ့ ကျော်ကြားတဲ့ ဒီစကားဟာ မှန်ခဲ့ပါတယ်။
    အာရပ်နဲ့ အစ္စလာမ်ကမ္ဘာက အမှတ်သည်းခြေ မရှိတော့ဘူးလား? ကျွန်တော်တို့ဟာ အတိတ်က အကြောင်းအရာတွေကို လျင်လျင်မြန်မြန်ပဲ မေ့ပစ်ခဲ့ကြပြီး လွတ်မြောက်ဖို့ခက်တဲ့ ဒီထောင်ချောက်ထဲကိုပဲ ပြန်ပြန်ဆင်းသက်နေပါတယ်။ “ယုံကြည်သူတစ်ယောက်ကို  ချိုင့်တစ်ခုက နှစ်ခါဒုက္ခပေးလို့မရဘူး” ဆိုတဲ့ ကိုယ့်တော့်ရဲ့ ဒီဟဒီးစ်ကို တွင်တွင်ပြောကြပေမယ့် ဒီချိုင့်ထဲက မြွေတစ်ကောင်ကပဲ ကျွန်တော်တို့ကို ဘာ့ကြောင့် ထပ်ခါထပ်ခါ ကိုက်နေရတာလဲ?
    အာဖဂန်မှာ ကြုံတွေ့ရတာတွေကနေ အစ္စလာမ့်မစ်တွေဟာ ဘာ့ကြောင့် မသင်ယူကြတာလဲ? ဆိုဗီယက်နဲ့တိုက်တဲ့ သမိုင်းဝင်စစ်ပွဲမှာပါဝင်ဖို့ အမေရိကန်က သူတို့ကို ဖြားယောင်းခဲ့တာ မဟုတ်ဘူးလား? ပြီးတော့ အမေရိကန်က သူတို့လိုဘ ပြည့်သွားပြီး အသုံးမလိုတော့တဲ့အခါ သူတို့(အစ္စလာမ့်မစ်)တွေကို နှိပ်စက်ပြီး ရှင်းခဲ့တာ  မဟုတ်ဘူးလား? အသုံးချခံတွေ ဖြစ်နေတယ်ဆိုတာ မသိခဲ့တဲ့သူတို့ တောင့်တခဲ့တဲ့ အာဖဂန်ဟာ အစ္စလာမ့်မစ်နိုင်ငံတော်ဖြစ်လာရေးကို အမေရိကန်က ကတိပေးခဲ့တာပဲ မဟုတ်ဘူးလား?
    အလ်ကိုင်းဒါးကို အများစုက သြဘာပေးကြပြီး ရပ်နီး ရပ်ဝေးက အဖိနှိပ်ခံမွတ်စလင်တွေရဲ့ ကယ်တင်ရှင်အဖြစ် သတ်မှတ်ကြတဲ့အချိန်က ခဏလေးပါ။ ဒါပေမယ့် ဒါရဲ့ရလဒ်က ဘာလဲ? ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ၊ ကျွေးကြော်မှုတွေ လှိုင်လှိုင်ပေါခဲ့တဲ့ ဒီအဖွဲ့အစည်းနဲ့ အခြာသောအဖွဲ့တွေဟာ အသုံးချခံတွေသာ ဖြစ်ခဲ့ပြီး တခြားသူတွေရဲ့ အမြတ်ထုတ်ခြင်းကိုသာ ခံခဲ့ရပါတယ်။
    အလ်ကိုင်းဒါးဟာ ဆိုဗီယက်စစ်ပွဲက သူတို့ရဲ့အခန်းကဏ္ဍတွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပေမယ့် နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ သူတို့ဟာ ညှင်းပမ်းနှိပ်စက်ခြင်း ခံခဲ့ရပါတယ်။ ပြီးတော့ သူတို့အဖွဲ့ဝင်တွေဟာလည်း ဂွာတာနာမိုလို အကျည်းတန်ဆုံး အကျဉ်းစခန်းမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဟာ ဂွာတာနာမိုမှာ အာဏာပါးကွက်သားတွေရဲ့ နှိပ်စက်မှုတွေကို တွေ့ကြုံခံစားနေရတာ သိသိကြီးနဲ့ ဘာ့ကြောင့် အခုအချိန်မှာလည်း ဒီလိုအမှားမျိုးကို ထပ်ကျူးလွန်နေကြတာလဲ။
    Is the Islamic State
    IS ရဲ့ အခြေအနေဟာ ယခင်အလ်ကိုင်းဒါးရဲ့ အခြေအနေနဲ့ ကွဲပြားတယ်လို့ တစ်ချို့က ပြောပါလိမ့်မယ်။ ပြီးတော့ သူတို့နှစ်ဖွဲ့ကို နှိုင်းယှဉ်လို့မရဘူးလို့လဲ ဆိုကြပါလိမ့်မယ်။ IS ဟာ အီရတ်မှာ အခြေတည်ခဲ့တဲ့ အလ်-ဇာကွာဝီရဲ့အဖွဲ့ကနေ ဆင်းသက်လာတာပါ။ အလ်-ဇာကွာဝီရဲ့ အဖွဲ့ဟာ အမေရိကန်နဲ့ သူ့ကိုထောက်ခံသူတွေကို စိတ်ပျက်စေခဲ့ပါတယ်။
    ယူကရိန်းပိုင်နက်ထဲကို ရုရှား စစ်ကားတွေ မြန်မြန်ဆန်ဆန် ၀င်ရောက်ခဲ့တာကို အမေရိကန်ရဲ့ ဂြိုဟ်တုတွေက မတွေ့ခဲ့ဘူးလား? ဒါဆို IS ရဲ့ စစ်ကားတွေ အစုလိုက်အပြုံလိုက် မူဆိုးလ်မြို့တဲ့ ၀င်တာကို အမေရိကန်ရဲ့ ဂြိုဟ်တုတွေက မတွေ့လိုက်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား? အီရတ်မှာရှိတဲ့ IS ကြီးစိုးတဲ့ ဒေသအချို့ကို အမေရိကန်က ဗုံးကြဲတယ်ဆိုတာကရော အမှန်ပဲလား?
    ဒီအကြောင်းအရင်းက အလ်-ဇာကွာဝီရဲ့ အဖွဲ့ကို ရင်ဆိုင်ဖို့အတွက် ဆာဟ်ဝပ်လို့ခေါ်တဲ့ အဖွဲ့တစ်ခုကို ဖန်တီးဖို့ စေ့ဆော်ပေးခဲ့ပါတယ်။ ဒီအဖွဲ့ကနေ ဒေသအတွင်း အထူးသဖြင့် အီရတ်မှာ ဘာအကျိုးကျေးဇူးများ ရခဲ့ပါသလဲ? အီရတ်မှာ အမေရိကန်နဲ့ အီရန်တို့ရဲ့ လွှမ်းမိုးမှု ပျောက်ပျက်သွားခဲ့ပါသလား? တကယ်တော့ မပျောက်ပါဘူး။ ဒီအဖွဲ့က ပြိုင်ဘက်လို့ ကျွေးကျော်ထားတဲ့ အီရန်ဟာ အီရတ်မှာရှိတဲ့ အဖွဲ့တွေကို ထိန်းချုပ်ထားပြီး၊ သူ့ရဲ့သြဇာဟာ ဆီးရီးယား၊ လက်ဘနွန်၊ ယီမင်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေအထိ ပြန့်နှံ့သွားခဲ့ပါတယ်။ အမေရိကန်ကတော့ အီရတ်နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ အကြပ်ရိုက်နေတုန်းပါပဲ။
    -ရေနံကြွယ်ဝတဲ့ ကက်စပီယံပင်လယ်ကို အမေရိကန်က ထိန်းထားချင်တဲ့အခါ အာဖဂန်ကို သိမ်းပိုက်ရပါတယ်။ အာဖဂန်မှာ အလ်ကိုင်းဒါးတွေရှိနေလို့ ဆိုတာက ဆင်ခြေတစ်ခုသာဖြစ်ပါတယ်။ အမေရိကန်တွေ အဲဒီမှာ ၁၀ နှစ်ကျော်လောက်နေခဲ့ပြီး အခုအချိန်ထိလည်း ရှိနေတုန်းပါ။ အီရတ်ကို ကျူးကျော်စဉ်ကလည်း အဲဒီမှာ ဖျက်အားပြင်းလက်နက်တွေရှိပြီး အလ်ကိုင်းဒါးတွေလည်း ရှိနေပြီလို့ အမေရိကန်က လုပ်ဇာတ်ခင်းခဲ့ပါတယ်။
    IS ဟာ ဆီးရီယားကနေ အီရတ်ကိုဝင်ပြီး အမေရိကန်ရဲ့ အလိုနဲ့ ဆန့်ကျင်ကာ မူဆိုးလ်နဲ့ အီရတ်က ပြည်နယ်အချို့ကို တကယ်သိမ်းခဲ့လား ဆိုတာနဲ့၊ ဒါမှမဟုတ် အမေရိကန်ရဲ့ အကူအညီနဲ့ သူတို့ဟာ ဆင်ကန်းတောတိုးနေတာလားဆိုတဲ့ မေးခွန်းဟာ အရေးကြီးဆုံးပါ? ယူကရိန်းပိုင်နက်ထဲကို ရုရှား စစ်ကားတွေ မြန်မြန်ဆန်ဆန် ၀င်ရောက်ခဲ့တာကို အမေရိကန်ရဲ့ ဂြိုဟ်တုတွေက မတွေ့ခဲ့ဘူးလား? ဒါဆို IS ရဲ့ စစ်ကားတွေ အစုလိုက်အပြုံလိုက် မူဆိုးလ်မြို့တဲ့ ၀င်တာကို အမေရိကန်ရဲ့ ဂြိုဟ်တုတွေက မတွေ့လိုက်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား? အီရတ်မှာရှိတဲ့ IS ကြီးစိုးတဲ့ ဒေသအချို့ကို အမေရိကန်က ဗုံးကြဲတယ်ဆိုတာကရော အမှန်ပဲလား?
    ဒါပေမယ့် ဗုံးကြဲချတာဟာ IS ထိန်းချုပ်ထားတဲ့ ဒေသအကုန်လုံးမဟုတ်ဘဲ အမေရိကန်ရဲ့ သတ်မှတ်နယ်နမိတ်ကိုကျော်တဲ့ အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အကျိုးစီးပွားတွေ တည်ရှိတဲ့ ကာ့ဒ်ဒေသမှာပါပဲ။
    IS က အိပ်မက်မက်တဲ့ပုံစံအတိုင်း ဆီးရီးယားနဲ့ အီရတ်ကြားမှာ နိုင်ငံတစ်ခုတည်ထောင်ဖို့ ကမ္ဘာကြီးက အထူးသဖြင့် အနောက်နိုင်ငံတွေက ခွင့်ပြုမှာလား? IS ပေါ်ထွက်လာမှုနဲ့ သူတို့ရဲ့ ချဲ့ထွင်မှုက ကျွန်တော်တို့ဒေသအတွင်းမှာ စီစဉ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေမယ်ဆိုတာကို သူတို့က မစိုးရိမ်ကြဘူးလား? မြေပုံကိုပြန်ရေးပြီး ဒေသတွေကို ပြန်ခွဲဖို့ဆိုတာတွေကို ရှင်းချက်ထုတ်ဖို့ ဒေသတွင်းက နိုင်ငံတကာတပ်တွေရဲ့ ဆင်ခြေတစ်ခုတော့ မရှိလောက်ဘူး မဟုတ်လား?
    နေရာတိုင်းမှာ သူတို့ရဲ့ အကျိုးစီးပွား ဖြစ်ထွန်းစေဖို့အတွက် အင်အားကြီးနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းအားလုံးကို အသုံးချနေတာမျိုး မဟုတ်ဘူးလား? ရေနံကြွယ်ဝတဲ့ ကက်စပီယံပင်လယ်ကို အမေရိကန်က ထိန်းထားချင်တဲ့အခါ အာဖဂန်ကို သိမ်းပိုက်ရပါတယ်။ အာဖဂန်မှာ အလ်ကိုင်းဒါးတွေရှိနေလို့ ဆိုတာက ဆင်ခြေတစ်ခုသာဖြစ်ပါတယ်။ အမေရိကန်တွေ အဲဒီမှာ ၁၀ နှစ်ကျော်လောက်နေခဲ့ပြီး အခုအချိန်ထိလည်း ရှိနေတုန်းပါ။ အီရတ်ကို ကျူးကျော်စဉ်ကလည်း အဲဒီမှာ ဖျက်အားပြင်းလက်နက်တွေရှိပြီး အလ်ကိုင်းဒါးတွေလည်း ရှိနေပြီလို့ အမေရိကန်က လုပ်ဇာတ်ခင်းခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင် အင်အားကြီးနိုင်ငံဟာ သူတို့ရဲ့အကျိုးစီးပွား ရယူချင်တဲ့အခါ အကြမ်းဖက်အဖွဲ့တွေကို ဆင်ခြေပေးပြီး အသုံးချခဲ့တာပဲ မဟုတ်ဘူးလား?
    သူတို့ရဲ့ မဟာဗျူဟာတွေအောင်မြင်ဖို့အတွက်လည်း ဒီလှုပ်ရှားမှုကို အသုံးပြုခဲ့တာပဲ မဟုတ်ဘူးလား? အကြမ်းဖက်အဖွဲ့အစည်းတွေဆိုတဲ့ ဥပါယ်တံမျဉ်အောက်မှာ ကျွန်တော်တို့ရဲ့ ဒေသတစ်ခုလုံးဟာ အနီးနားကသူတွေ၊ အဝေးကသူတွေရဲ့ ကျူးကျော်ချိုးဖောက်မှုကို ခံခဲ့ရပါတယ်။ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက် မှာလည်း သူတို့ဟာ ကြိုက်ရာ လုပ်ခဲ့ကြပါတယ်။ အခုဆိုရင်လည်း IS ကိုတွန်းလှန်ဖို့ဆိုတဲ့ အခြေခံအပေါ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ဒေသတွင်း ဘယ်လို စစ်ရာဇ၀တ်မှုမျိုးကိုမဆို ကျူးလွန်နိုင်ပြီး၊ အစီအစဉ်တွေလည်း ချမှတ်နိုင်ကြပါတယ်။ IS ဟာ ဆက်လက်ရှိနေသည်ဖြစ်စေ ရှိမနေသည်ဖြစ်စေ ဆက်လက်ပြန့်နှံ့နေသည်ဖြစ်စေ ပြန့်နှံ့မနေသည်ဖြစ်စေ သူတို့ကို ထောက်ခံသူများကတော့ ဒေသရဲ့ပထ၀ီအနေအထားကို ချဲ့ထွင်မယ်လို့ ဆိုကြပါလိ့မ်မယ်?
    IS ရဲ့ အကြမ်းဖက်ဝါဒကို တိုက်ပွဲဝင်ဖို့ဆိုတဲ့ ဥပါယ်တံမျဉ်ရဲ့ ကန့်လန့်ကာနောက်ကွယ်က နိုင်ငံတကာ၊ အာရပ်နိုင်ငံတွေနဲ့ ဒေသတွင်း ဘာသဘောတူညီချက်တွေ ရှိနေသလဲ? မီဒီယာတွေမှာ IS အကြောင်းကို ချဲ့ကားပြောဆိုလာတဲ့အခါ ဒေသအတွင်းမှာ ပေါက်ကွဲမှုကြီး ဖြစ်တော့မယ်ဆိုတာ ဘယ်သူမှ မစိုးရိမ်ကြဘူးလား?  အလ် ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင် ပင်လယ်ထဲမှာ ငါးစာမဖြစ်ခင် အလ်ကိုင်းဒါးရဲ့ အန္တရာယ်ကိုလည်း မီဒီယာတွေမှာ ချဲ့ကား ပြောဆိုခဲ့ကြပါတယ်။ IS နဲ့ ဒေသတွင်းက သူတို့လိုအဖွဲ့တွေ ပေါ်ထွက်လာမှုက အာရပ်တော်လှန်ရေးကို ဦးဆောင်ခဲ့ကြတာမဟုတ်ဘဲ ရူးနှမ်းတဲ့ သြဘာပေးမှုသာဖြစ်ပါလိမ့်မယ်။
    Dr Faisal Al-Qassem  ၏ Is the Islamic State the new justification for violation of the region?  သုံးသပ်ချက် ဆောင်းပါးကို လေးမောင် မြန်မာမှုပြု ဘာသာပြန်ဆိုသည်။