News @ M-Media

Tag: opinion

  • “9/11 နှစ်ပတ်လည်နေ့ အတွေးများ” (ငြိမ်းချမ်းအေး)

    “9/11 နှစ်ပတ်လည်နေ့ အတွေးများ” (ငြိမ်းချမ်းအေး)

    ငြိမ်းချမ်းအေး
    ၁၁၊ စက်တင်ဘာ၊ ၂၀၁၃
    911

    Artificial Sweeteners တွေက ကျန်းမာရေး နဲ့ ညီညွတ်တယ်။ ဖျက်အားမြင့် ဓါတုလက်နက်တွေ အီရတ်မှာ ရှိတယ်။ လင်ခဏ ခဏ ယူတတ်တဲ့ ရုပ်ရှင်မင်းသမီးချောက အချစ် အတွက် လက်ထပ်တယ်။

    ဒါတွေဟာ စာနယ်ဇင်း မီဒီယာ တွေမှာ တွေ့ရတတ်တဲ့ သတင်းခေါင်းကြီးတွေပါ။

    Die Hard 4 (၂၀၀၇) ဇာတ်ကား အဖွင့်မှာပါတဲ့ IT Geek လက်မမျိုးဆက် ခေတ်လူငယ် ကောင်လေး နဲ့ မျိုးဆက်ဟောင်း ရဲအရာရှိ ဂျွန်မက္ကလိန်း တို့ရဲ့ စကားပြောခန်းက စိတ်ဝင်းစားဖို့ ကောင်းတယ်။

    အိုင်တီပညာရှင် Hacker ကောင်လေးကို စစ်ဆေးမေးမြန်းဖို့ ဝါရှန်တန် ကို ခေါ်လာတဲ့ လမ်း ကားပေါ်မှာ ပထမ ရဲအိုကြီးက CCR ရဲ့ Classic Rock သီချင်းတွေ လွှင့်နေတဲ့ ရေဒီယိုလိုင်းကို ဖမ်း နားထောင်နေတယ်။

    ကောင်လေးက “အိုတိုင်း၊ ဟောင်းတိုင်း ဂန္တဝင်မြောက်တယ်လို့ မဆိုနိုင်ဘူး” လို့ ဆိုလိုက်တယ်။ ရဲအိုကြီးက ပြန် အငြင်းမပွားဘဲနဲ့ ခဏနေတော့ သတင်းလိုင်း ကို ပြောင်းလိုက်တယ်။ အဲဒီအခါမှာလည်း ကောင်လေးက သိပ်ကျေနပ်ပုံ မရဘူး။

    ဒါနဲ့ ရဲအိုကြီးက “ဘာလဲ… မင်းက သတင်းတွေ နဲ့လည်း ပြဿနာ ရှိတာပဲလား (သတင်းတွေကိုလည်း မကြိုက်ပြန်ဘူးလား)” လို့ မေးတယ်။
    ကောင်လေးက ပြန်ဖြေတယ်။

    “ဟုတ်ပါ့ ဗျာ။ ကျနော့် မှာ သတင်းတွေနဲ့ ပတ်သက်လို့ သိပ်ကို ကြီးမားတဲ့ ဘုရားစူး (သောက်) ပြဿနာ တွေ ရှိတာပေါ့..” လို့ ပြန်ဖြေရင်း နေ့စဉ်၊ နေ့တိုင်း ကြားနေရ၊ မြင်နေရသမျှတွေဟာ မီဒီယာ အုပ်စု ကြီးတွေရဲ့ လက်ဝါးကြီးအုပ် ခြယ်လှယ် ကြိုးကိုင် ပြုပြင်ထားတဲ့၊ သူတို့ မြင်စေချင်၊ ကြားစေချင်၊ ပုံဖော်ချင်တဲ့ မျက်နှာစာ အပိုင်းတွေသာ ဖြစ်ကြောင်း၊ လူတွေကို အကြောက်တရား နဲ့ အသက်ရှင် နေထိုင်စေဖို့ အမြဲ ကြိုးစားလေ့ ရှိကြောင်းတွေ ဆက်ပြောတယ်။

    ကောင်လေး ပြောသွားတဲ့ သဘောဟာ အရင်းရှင် ကမ္ဘာ မီဒီယာ ရဲ့ သရုပ် အမှန်ပဲဖြစ်တယ်။ အဓိက ကမ္ဘာ့ မီဒီယာ အားလုံးရဲ့ ယေဘုယျ သဘောလည်း ဖြစ်တယ်။ အာဏာရှင် စနစ်မှာ သတင်းဟာ အင်္ဂါစုံ မွေးဖွားတဲ့ အဆင့်ကို မရောက်ဘူး။ အရင်းရှင် လစ်ဘရယ်လ် ဒီမိုကရေစီ စနစ်မှာကျ အများအားဖြင့် ပုံဖျက် မွေးဖွားခြင်းခံရတယ်။

    ဒီလိုနဲ့ သတင်းတွေဟာ လူတွေကို ယောဂ သင်တန်းတွေ သွားစေတယ်။ “စိတ်ဖိစီးမှု” ဆိုတဲ့ စကားလုံး က လူတွေကို ထပ်ဆင့် စိတ်ဖိစီးစေတယ်။ အစား အစာတွေကို ရှောင်စေတယ်။ လက်ဖက်ရည်လေး၊ ကော်ဖီလေး တခွက် သောက်ဖို့ကို ကြောင့်ကြစေတယ်။ ဘာကို ယုံရမှန်း မသိဖြစ်စေတယ်။ အကြောက်တရား နဲ့ နေထိုင်စေတယ်။
    “War On Terrorism” ဆိုတာ မှန်ပါ့လား၊ ဟုတ်ပါ့လား၊ လိုပါ့လား တွေ ဖြစ်ကုန်စေတယ်။ လူတချို့ကို အစွဲနဲ့ ကြိုတင်ကောက်ချက်တွေ ဖြစ်စေတယ်။ အပေါ်ယံ လူပုံပန်း သဏ္ဌာန် ကို ကြည့်ပြီး အကျင့်၊ စာရိတ္တ ကို မှန်းဆ ကောက်ချက်စွဲမှုတွေ ဖြစ်စေတယ်။

    ဒီလိုနဲ့ “War On War-Mongers” “စစ်ကိုဖန်တီးလိုသူတွေကို ဆန့်ကျင်ဖို့၊ တိုက်ခိုက်ဖို့၊ အပြစ်တင်ဖို့” လူအများ မေ့ကုန်ကြတယ်။ စစ်ကြောင့် ကျိကျိတက် ချမ်းသာ အကျိုးစီးပွားရနေသူတွေ ရဲ့ သတင်းတွေ မှိန်ကုန်တယ်။ ဘဏ္ဍာရေး နဲ့ ငွေကြေး အုပ်စုကြီးတွေ က လူတွေရဲ့ ဦးရေခွံတွေ ခွာနေတာ၊ ပါးပါးလှီးနေတာဟာ နောက်တန်းရောက်ကုန်တယ်။ စီးပွားရေးအုပ်စုကြီးတွေ ကမ္ဘာ အနှံ့ အလုပ်သမားတွေရဲ့ ဘဝကို ချနင်းရင်း ချမ်းသာ သထက် ချမ်းသာ၊ ကြီးထွားသထက် ကြီးထွားလာနေမှုတွေဟာ ခပ်ပါးပါးပဲ မြင်ရတယ်။ လမ်းပေါ်ကလူတွေ အကြောင်း၊ အဖေ ခေါ်စရာမရှိတဲ့ ကလေးတွေ အကြောင်း၊ ငွေကြေးအတွက် သွေးသားကို အရောင်းအဝယ် ပြုနေရသူတွေ အကြောင်းဟာ ထောင့်တနေရာမှာ ရောက်သွားတယ်။

    နည်းပညာ မျိုးဆက် Touch Screen တွေပေါ် လက်ကလေးတွေ ကစားတတ်တဲ့ မျိုးဆက်သစ်က ဒီအနေအထား ကို လက်မခံဘူး။ ဒီလိုနဲ့ မီဒီယာ အုပ်စုကြီးတွေရဲ့ အာဘော်တွေနဲ့ ကင်းလွတ်တဲ့ ကိုယ်ပိုင် Blog တွေ ပေါ်လာတယ်။ Social Media တွေပေါ်ကနေ သတင်း နဲ့ အမြင်၊ အာဘော်တွေကို ဖြန့်တယ်။ ခေတ်သစ် ကွန်ပျူတာ အိုင်တီ Web နည်းပညာမှာ Wiki ဆိုတဲ့ စကား၊ သဘော နဲ့ နည်းပညာ ပေါ်လာတယ်။ Wiki technology ရဲ့ အဓိက အနှစ် သဘောက လူထုကို ပေးတဲ့ သတင်း အချက်အလက် Media ဟာ တလမ်းသွား မဟုတ်ဘဲ လူတိုင်းရဲ့ အမြင်၊ သဘော ဝင်ရောက်ဆွေးနွေး ဖလှယ် ရေးသား လို့ရခြင်း ဖြစ်တယ်။

    (စကားချပ် – ခေတ်သစ် လူထုအခြေပြု လူထုစာနယ်ဇင်း ရဲ့ အားနည်းချက်တွေ အရင် ဖြစ်ရပ် အခြေပြု မျက်မှောက်ရေးရာ ဆောင်းပါးတချို့မှာ ထည့် ထောက်ပြဖူးပါတယ်။ အဓိက က ကျင့်ဝတ် နဲ့ သတင်း ပညာ အဆင့်အတန်းမမီမှု ဖြစ်တတ်ခြင်းပါ။ ဒါက သီးသန့် ဆွေးနွေးရမယ့် အကြောင်း ကိစ္စ ဖြစ်ပါတယ်။)

    ဒီလို နည်းပညာတွေ၊ သဘောတွေနဲ့အတူ ခေတ်လူငယ် မျိုးဆက်သစ်ကို အုပ်စုတစုကနေ လှိမ့်ချင်တိုင်း လှိမ့်လို့ မရဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ မီဒီယာ လုပ်ငန်းကြီးတွေတိုင်းဟာ Web Media မှာ လူထု အသံကဏ္ဍတွေ၊ ဆွေးနွေးပွဲ Forum တွေ ကျယ်ကျယ်ပြန်ထည့်ပေးရရုံသာမက အခြား Media ပုံစံ တွေမှာလည်း ဘက်ပေါင်းစုံ၊ အမြင်ပေါင်းစုံ အတွက် နေရာပိုပေးလာရတယ်။

    မျက်မှောက်ခေတ်ကို သတင်းနည်းပညာ ခေတ်လို့ သတ်မှတ်ကြတယ်။ မီဒီယာ ပေါ်မှာတော့ တကယ့် သဘောက အချက်အလက် Data ခေတ်လို့ပဲ ဆိုနိုင်တယ်။ ဒီအချက်အလက် အကြမ်း Raw Data ကို မှန်ကန်တဲ့ သတင်းအချက်အလက် ဖြစ်စေဖို့က နည်းပညာခေတ် ခေတ်လူသား ရဲ့ ကိုယ်ပိုင် တွေးခေါ်၊ မြော်မြင်၊ သုံးသပ်၊ ဆင်ခြင်နိုင်မှု ဖြစ်စဉ် ကိုယ်ပိုင် ဦးနှောက် Process လိုတယ်။ ဒီ ဖြစ်စဉ် Process အဆင့် ပြီးမှသာ မျက်မှောက် ကမ္ဘာ မီဒီယာ ပေါ်က မြင်ရ၊ ကြားရ၊ ဖတ်ရ သမျှဟာ တကယ့် Information သတင်း အမှန် ကို ဖြစ်စေတယ်။

    ဒါပေမယ့် ဒီသဘောကို လူအများစု လုပ်လေ့ လုပ်ထ မရှိတော့ ယေဘုယျ သဘော နဲ့ အများစု ကတော့ ပြောင်းလဲမသွားပါ။ မီဒီယာရဲ့ လွှမ်းမိုးနိုင်စွမ်း၊ ပေးတဲ့ အချက်က ကြီးမား သက်ရောက်ဆဲပဲ ဖြစ်တယ်။ မီဒီယာ ကို လူတစုက ချုပ်ကိုင်နေဆဲပါပဲ။ ဒီလိုနဲ့ မီဒီယာ ရဲ့ ပုံဖော်မှုဟာ လူမှုဗေဒ၊ အတွေးအခေါ်၊ သမိုင်း နဲ့ ဖြစ်ရပ်တွေမှာ ကြီးကြီးမားမား သက်ရောက်ခဲ့၊ သက်ရောက်နေဆဲ ဖြစ်တယ်။
    9-11Photo_byJimMacMillan
    ဒါကြောင့် အင်အားကြီး မီဒီယာ (စာနယ်ဇင်း၊ ရုပ်ရှင်၊ စာပေ) ကျေးဇူးနဲ့ အပြစ်မဲ့သူတွေကို သတ်တာချင်း အတူတူ နာဇီတွေရဲ့ အဆိပ်ငွေ့ခန်းတွေဟာ ရုပ်လုံးကြွခဲ့ပြီး ကမ္ဘာ့လူအများ အော့နှလုံးနာစရာဖြစ်ခဲ့ရပေမယ့် ဟီရိုရှီးမား၊ နာဂါစာကီ က အဏုမြူ ငရဲခန်းပုံရိပ်တွေက မှေးမှိန်ခဲ့ရတယ်။ ဒါ့အပြင် “သမိုင်းမှာ ဒီလို မှ မလုပ်ရင် လူတွေ ပိုသေစရာ အကြောင်းရှိတယ်” ဆိုတဲ့ “မရယ်ရတဲ့ ဟာသ မှန်းဆသီအိုရီ” ကြီးဟာ ဘုရားဟော အလား တွင်သွားခဲ့တယ်။ နှစ်ပတ်လည် ရောက်တိုင်းမှာ ခံရတဲ့ နိုင်ငံက “ငါတို့ ဘိုးဘေးမျိုးဆက် သောက်သုံးမကျလို့ ခံရတာ၊ နည်းတောင် နည်းသေးတယ်၊ အမေရိကန်နဲ့တည့်အောင် ပေါင်းမှပေါ့” ဆိုတဲ့ အချိုးမျိုးနဲ့ နှစ်ပတ်လည် အခမ်းအနားတွေ ပြန်လုပ်ရသေးတယ်။ ဒါဟာ အားကောင်းတဲ့ မီဒီယာ ရဲ့ ပုံဖော်မှု အကျိုးတခုပဲ။

    အနောက်မီဒီယာတွေဟာ အာရပ်တွေရဲ့ အကြမ်းဖက်မှုတွေ ကို အသားပေး ဖော်ပြတတ်ပေမယ့် အစ္စရေး ရဲ့ လူမျိုးတုံး စာရင်းဝင်တဲ့ ပါလက်စတိုင်းတွေအပေါ် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ရက်စက်မှု ကျူးလွန်ပုံတွေကိုကျ အသာ ဆွံ့အ၊ နှားစေးနေတတ်ကြတယ်။ အာရပ် ကမ္ဘာ က အယ်လ်ဂျာဇီးယား နိုင်ငံတကာ မီဒီယာ လုပ်ငန်း ပေါ်လာတယ် ဆိုတာ အဲဒါကို တိုက်ဖျက်ချင်လို့ပဲ။ ပိုက်ဆံလည်း ချမ်းသာတော့ BBC တို့၊ CNN တို့လို အနောက် အင်အားကြီး မီဒီယာတွေက တကယ့် ပရိုတွေကို ငှား အာရပ်ကမ္ဘာရဲ့ အသံကို ဟစ်လိုက်တော့ အချိန်တိုအတွင်း ကမ္ဘာမှာ သြဇာရှိ နေရာရလာခဲ့တယ်။ ပြန်မှိုင်းတိုက်တယ်။ ဝါဒဖြန့်တယ်။

    မီဒီယာ ကို မီဒီယာ နဲ့ တိုက် ဆိုတဲ့ ဗိုလ်ကျော်ဆန်း ဟာ အဲဒီ ဖြစ်စဉ်တွေကို ကြည့်ပြီး ခိုးတာပဲ။ မီဒီယာ ရဲ့ အား၊ ပုံဖော်နိုင်မှု၊ လမ်းကြောင်းနိုင်မှုဟာ သိပ်ကြီးကျယ်တယ်။ သိပ်ထိရောက်တယ်။ ဗမာ့နိုင်ငံရေး နဲ့ ဆက်စပ်ဆိုရရင် အခု စစ်အုပ်စုရဲ့ “လွှတ်တော်နိုင်ငံရေး” လမ်းကြောင်း အောင်မြင်သွားခြင်းက သူတို့ မီဒီယာ ကို အုပ်စီးနိုင်ခဲ့လို့ပဲ။ အင်အားကြီး၊ သြဇာရှိတဲ့ မီဒီယာ ကနေ “တတိယအုပ်စု” အမည်ခံ “စစ်အုပ်စုရဲ့ ဒူးမနာသား” တွေက “ချောတိုင်တက်” ဇာတ်လမ်း နေ့စဉ်ရက်ဆက် ခင်းပြခဲ့တာ ဘယ်ခံနိုင်မလဲ။ နောက်ဆုံး ဒီလမ်းပဲ လိုက်ကုန်တော့တာပေါ့။ သေတဲ့လူလည်းသေ၊ တချို့လည်း သေခါနီး နဲ့ ဒီကိစ္စ ထားပါ။ မီဒီယာ အား ကို မြင်သာအောင်သာ ဥပမာ ပေး ထည့်ဆိုတာပါ။ ကမ္ဘာ ကိုပဲ ပြန်သွားပါမယ်။

    ဒီသဘောပဲ။ “ဓါတုလက်နက် ရှိတယ်” ဆိုတဲ့ ဝှက်ဖဲ ကို စစ်တိုက်ဖို့ လိုတိုင်း (စစ်တိုက်ချင်တိုင်း) ထုတ်သုံးတတ်တဲ့ အမေရိကန် ရဲ့ ဗီယက်နမ်က ဓါတု နပမ်းမီးဗုံးစစ် ဆယ်စုနှစ် တခုကြာ ဆင်နွှဲမှုဟာ၊ တနည်းအားဖြင့် ရက်စက်မှုဟာ ဟောလီဝုဒ် ရမ်ဘို ရုပ်ရှင်အောင်မြင်မှုကို မကျော်လွှားနိုင်ခဲ့ဘူး။

    ဒီလိုနဲ့ အီရန်-အီရတ် စစ်မှာ မိမိ သြဇာ မခံတော့တဲ့ အီရန်ကို မလိုလားတဲ့ အတွက် အီရန်ကို ချေမှုန်းနိုင်ဖို့ အလို့ငှာ အီရတ် ကို ဓာတုလက်နက် စတင် တပ်ဆင်ပေးခဲ့သူ အမေရိကန်ဟာ ဓါတုလက်နက် ပိုင်ဆိုင်မှု အကြောင်းပြချက်နဲ့ပဲ နောက်ဆုံးမှာ အီရတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။

    ဒီလိုနဲ့ “ဒါဟာ လွတ်လပ်မှု အတွက်ပါ၊ ရေနံအတွက် မဟုတ်ပါဘူး” ဆိုပြီး မီဒီယာ ရှေ့မှာ ဂုဏ်ယူ၊ ဝံ့ကြွားစွာ နဲ့ ဆိုမှုတွေဟာ ကမ္ဘာ့ လူထု လူပြိန်းများ၊ မကျက်တကျက် လူတန်းစားများ ရဲ့ သည်းခြေကြိုက် ဖြစ်ခဲ့၊ ဖြစ်နေတယ်။

    အာဏာရှင် တိုင်းပြည်တွေ၊ စနစ်တွေ မှာ တူညီတဲ့ ဝိသေသ လက္ခဏာ တခု က လူထု ကို ကြောက်အောင် “ဘုံရန်သူ” တခု ဖန်တီး ခြောက်ပြခြင်း ဖြစ်တယ်။ ဗမာပြည်မှာ ဆိုရင် “ဗကပ” နဲ့ လှည့်ခြောက်တတ်တယ်၊ “ပြည်ပအားကိုး ပုဆိန်ရိုး”၊ “ခေတ်သစ်ကိုလိုနီနယ်ချဲ့လက်သစ်များ” နဲ့ လူထု ကို လှည့် တိုက်တတ်တယ်။
    ALIVE
    အလားတူပဲ အရင်းရှင် လစ်ဘရယ်လ် ဒီမိုကရေစီ စနစ်မှာလည်း “ဘုံရန်သူ” တခု ဖန်တီး တဲ့ နည်းက ရှိတာပါပဲ။ စစ်အေးခေတ်တုန်းက ကွန်မြူနစ် တစ္ဆေ အိမ်မက်ဆိုးကြီး ကို လူထု ကို အမြဲမပြတ်မက်စေတယ်။ ဒီ “ဘုံရန်သူ” ကို အကာအကွယ်ပြုပြီး အစိုးရ နဲ့ အပေါင်းအပါ ကော်ပိုရေးရှင်းကြီးတွေဟာ မိမိအကျိုးစီးပွား စိတ်ကြိုက်လုပ်နိုင်ခဲ့တယ်။

    စစ်အေး ခေတ် အလွန်မှာကျ “ကွန်မြူနစ် တစ္ဆေ” နေရာမှာ “အကြမ်းဖက်မှု တစ္ဆေ” ကို အစားထိုးခဲ့တယ်။ လွှမ်းမိုးနိုင်စွမ်းတဲ့ မီဒီယာ တွေကနေတဆင့် လူထုကို အကြောက်တရားမှာပဲ ဆက်နေစေတယ်။ အကြမ်းဖက်မှု အန္တရာယ် ကို အော်ဟစ်နေသူတွေရဲ့ အကြမ်းဖက်မှု ဖြစ်စဉ်၊ လုပ်ရပ်တွေကျတော့ “War on Terrorism” ခေါင်းစဉ်အောက်မှာ ပျောက်ကုန်တယ်။

    အကြမ်းဖက်သမားကို လက်နက်တပ်ပေးခဲ့တာ၊ အကြမ်းဖက်သမားနဲ့ စီးပွားပေါင်းရှာခဲ့တာတွေဟာ သတင်းခေါင်းကြီးတွေရဲ့ ခြောက်လှန့်မှုအောက်မှာ ရောက်သွားတယ်။ မိမိနဲ့ နိုင်ငံရေး လမ်းစဉ် ဝါဒ မတူသူကို တိုက်တုန်းကကျ “လွတ်မြောက်ရေး တိုက်ပွဲဝင် သူရဲကောင်းတွေ” ဖြစ်ခဲ့ပြီး မိမိ နဲ့ ထိပ်တိုက်တွေ့တော့ကျတော့ “အကြမ်းဖက်သမားတွေ” ဖြစ်ကုန်တယ်။ ဗုံးခွဲမှုတခု၊ စစ်ပွဲ တပွဲ ကို မီဒီယာ ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုဟာ အခြေအနေ အချိန်အခါ၊ အကျိုးစီးပွား အပေါ်မူတည်ပြီး “တော်လှန်ရေးဖြစ်စဉ်” (သို့မဟုတ်) “အကြမ်းဖက်မှုလုပ်ရပ်” ဆိုပြီး အစွန်းနှစ်ဘက် ကွဲပြားသွားတယ်။ တော်လှန်ရေးသမားခေါ်ခေါ်၊ အကြမ်းသမားပဲ ဆိုဆို အားလုံးဟာ စနစ်ရဲ့သားကောင် ဖန်တီးခံတွေပဲ ဖြစ်ကြောင်း အတွင်းသဘောဟာ မီဒီယာ မှာ ရေးရေးပဲ ပုံပေါ်တယ်။

    အခု ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမား ပုံရိပ်ကို မီဒီယာ ကျေးဇူးနဲ့ လူအများ အလွယ်သိကြတယ်။ ဗမာပြည်က ခေတ်ပညာတတ်ဆိုသူ ပြုတ်မနူးများ တောင် အကြမ်းဖက်မှု နဲ့ ဘာသာရေးကို တံဆိပ် အတူကပ်ချင်ကြတယ်။ အမှန်တော့ အကြမ်းဖက်မှုဆိုတာ ပုံစံမျိုးစုံမှာရှိတယ်။

    နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အစွန်းရောက် မှု အားလုံးရဲ့ အဆုံးသတ်ဟာ အကြမ်းဖက်မှုပဲ။ ဘာသာတခု၊ လူမျိုးတခု၊ ဝါဒ တခု နဲ့ ပုံဖော်လို့ မရ။ နိုင်ငံရေး အရ ဆိုရင်လည်း လက်ဝဲ၊ လက်ယာစွန်းအားလုံးမှာ အကြမ်းဖက်မှု ရှိတယ်။ လူမျိုး ရေး အရဆိုရင်လည်း ကေသုံးလုံး က အကြမ်းဖက်သလို ဘလက်စက်တင်ဘာ ကလည်း အကြမ်းဖက်ခဲ့တာပဲ။ လက်ယာစွန်း ဟစ်တလာ လူသတ်ခဲ့သလို၊ လက်ဝဲစွန်း ပိုပေါ့ လူသတ်ခဲ့တာပဲ။

    ဒါပေမယ့် မျက်မှောက်ခေတ် အင်အားကြီး မီဒီယာ အများစုမှာတော့ အုပ်စုအကျိုးစီးပွား အတွက် အကြမ်းဖက်မှု ပုံရိပ်၊ သဘောကို စိတ်ကြိုက် လိုသလို ပုံဖော်တယ်။ ဘာသာတခု ရဲ့ နာမည်ခံ ရာဇဝတ်မှု ကျူးလွန်သူတွေကို ဘာသာရေးနာမည်တပ် အကြမ်းဖက်သမား ခေါင်းစဉ်အောက် ပို့တတ်ပေမယ့် အလိုမရှိတဲ့ အခါမှကျ အပြစ်မဲ့သူတွေကို အုပ်စုလိုက် သတ်တာ အတူတူချင်း ရိုးရိုး ရာဇဝတ်မှု စာရင်းသွင်း မီဒီယာက ပုံဖော်တတ်တယ်။

    9/11 အပြီးမှာ ဒီသဘောကို မီဒီယာ မှာ ပိုလို့ ပုံဖော်သွားနိုင်ခဲ့တယ်။

    အခုလို 9/11 ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီး ဆယ်စုနှစ် တခု ကျော်လာတဲ့ အချိန်မှာ စေ့စေ့တွေးရင် ရေးရေးပေါ်စေတာက လူတွေရဲ့ ပူဆွေး၊ သောက၊ မျက်ရည် တွေဟာ အရင်းရှင်ကမ္ဘာ ရဲ့ အစိုးရတွေနဲ့ ကော်ပိုရေးရှင်း မီဒီယာကြီးတွေရဲ့ ကြိုးကိုင်၊ ပုံဖျက်မှုကို ခံခဲ့ရတယ် ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။ ကမ္ဘာ့ပုလိပ် လုပ် သြဇာညောင်း ခြယ်လှယ်ချင်တဲ့ အရင်းရှင် အစိုးရတွေ နဲ့ အပေါင်းအပါ စစ်ပွဲ နဲ့ လက်နက်တွေ က နေ အကျိုးစီးပွား ဖြစ်နေတဲ့ ကော်ပိုရေးရှင်းကြီးတွေ၊ ရေနံလုပ်ငန်းကြီးတွေ၊ စီးပွားရေးဘီလူးကြီးတွေ ကောင်းဖို့အတွက်ချည်းဖြစ်ရတယ်။

    ဒါတွေကို ပုံဖျက် camouflage အကာအကွယ် ယူထားတာကတော့ အကြမ်းဖက်မှုကာကွယ်ရေး၊ အမျိုးသားရေး၊ မျိုးချစ်စိတ် စတဲ့ လူတွေ အတွက် သည်းခြေကြိုက်စေတဲ့ စကားတွေပဲ ဖြစ်တယ်။ ဒီလိုနဲ့ စစ်ပွဲတွေကို ဖန်တီးသူ၊ စစ်ပွဲတွေကနေ အကျိုးမြတ်ရနေသူတွေရဲ့ ရဲ့ သားသမီးတွေဟာ စစ်မြေပြင်နဲ့ ဝေးရာမှာ နေနိုင်ပေမယ့် လူထုအများစု ရဲ့ သားသမီးတွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲ အမည်ခံ စစ်မြေပြင်တွေမှာ သေနေရတယ်၊ စစ်ရဲ့ အနိဋ္ဌာရုံတွေကို ခံစားနေရတယ်၊ စစ်ဒဏ်၊ စစ်အခွန်တော်တွေ ဖိစီးနေရတယ်။
    120910055201-education-teaching-9-11-story-top
    နိဂုံးချုပ်ရရင် 9/11 လို ဖြစ်စဉ်မျိုးဟာ ငွေကြေး၊ အာဏာ ရူး များ နဲ့ ဘာသာရေး အရူးများ ထိပ်တိုက်တွေ့ခြင်းရဲ့ ရလဒ်ဖြစ်ပြီး 9/11 အလွန် (၁၀) စု နှစ်တွေမှာလည်း ဘက်နှစ်ဘက်စလုံး က အဆိုပါ သောက်ရူးများသာ အနိုင်ရလျက်၊ သာမန် ပြည်သူလူထု မှာတော့ စနစ်ရဲ့ သားကောင် မြေစာပင် ဖြစ်ရတဲ့ ဝမ်းနည်းဖွယ် ဖြစ်စဉ် သတင်းဖြစ်တယ်။ ဒီသတင်းမျိုးကို၊ ဒီသဘောကို အခုလို ဒဲ့ မီဒီယာ မှာတော့ တွေ့ရ၊ ဖတ်ရမှာ မဟုတ်ပါ။

    ငြိမ်းချမ်းအေး
    ၁၁၊ စက်တင်ဘာ၊ ၂၀၁၃

    မိုးမခ မှ ကူးယူဖော်ပြပါသည်။

    http://www.moemaka.blogspot.com/2013/09/nyein-chan-aye-911-thoughts.html

  • ကျွန်တော်တွေးမိတဲ့ ဇဝါရီ၊ အလ်ကိုင်ဒါ၊ မြန်မာနိုင်ငံ၊ အရှုံးနဲ့ အမြတ် ဇာတ်လမ်း

    ကျွန်တော်တွေးမိတဲ့ ဇဝါရီ၊ အလ်ကိုင်ဒါ၊ မြန်မာနိုင်ငံ၊ အရှုံးနဲ့ အမြတ် ဇာတ်လမ်း

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    -ခေတ်လူ ရေးသည်။
    piecework_security
    အလ်ကိုင်ဒါ ခေါင်းဆောင် အလ်ဇဝါရီရဲ့ အိန္ဒိယတိုက်ငယ် အခြေစိုက် အဖွဲ့ ခွဲတည်ထောင်မှုနဲ့ ပစ်မှတ် နယ်မြေသစ်တွေအဖြစ် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတွေ ပါဝင်မယ်ဖြစ်ကြောင်း ကြေငြာချက် ဗီဒီယိုထွက်ပေါ်ကြောင်း ကမ္ဘာ့ သတင်းမီဒီယာကြီးတွေကနေ ဒီနေ့ ထွက်ပေါ်လာပါတယ်။

    အလ်ကိုင်ဒါကို လွန်ခဲ့နှစ်တွေကတည်းက နိုင်ငံတကာ မွတ်စလင်ပညာရှင်များအဖွဲ့ (IUMS)၊ OIC နဲ့ မွတ်စလင်မ်ကမ္ဘာတစ်ခုလုံးက ပညာရှင်တွေ၊ အစိုးရတွေနဲ့ လူအသိုင်းအဝန်းတွေက နိုင်ငံတကာအသိုင်းအဝန်းနဲ့ အတူ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်၊ အစ္စလာမ့်တရားတော်ရဲ့ ဘောင်အပြင်ကို ရောက်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီးသားပါ။

    IS နဲ့ အလ်ကိုင်ဒါ

    အရှေ့ အလယ်ပိုင်းမှာ ISIS/ ISIL ထွက်ပေါ်လာခဲ့ပြီးနောက်မှာ အလ်ကိုင်ဒါနဲ့ ISIS ကြားမှာ ပါဝင်အားပြိုင်မှု ဖြစ်ခဲ့ပါတယ်။ ISISနဲ့ အလ်ကိုင်ဒါကြားမှာ နည်းဗျူ ဟာရော ပေါ်လစီချင်းပါကွဲပါတယ်။

    ISIS က အီရတ်နဲ့ ဆီးရီးယားတို့ ကိုနယ်မြေစိုးမိုးပြီး နိုင်ငံတစ်ခု အစိုးရတစ်ခုအဖြစ် ရပ်တည်ဖို့ လက်ဦးမှာ ရည်ရွယ်ထားပြီး ပေါ်ပေါ်တင်တင်ကို လှုပ်ရှားတယ်။ IS ခေါင်းဆောင်ရဲ့ ခေလာဖသ် ( မွတ်စလင်မ် ကမ္ဘာရဲ့ ခေါင်းဆောင်) အဖြစ်ကြေငြာလိုက်မှု၊ ရန်သူလို့ သတ်မှတ်ထားတဲ့ သူအပေါ်မှာ မွတ်စလင်မ်တွေ အပါအဝင် လူမျိုးဘာသာမရွေးအပေါ် ရက်စက်မှု၊ ဆီးရီးယားပြည်တွင်းစစ်အတွင်းမှာ လေ့ကျင့်ရေးပိုင်းရော စစ်မြေပြင်လက်တွေ့ ပိုင်းပါ စစ်ရေးပြည့်ဝနေမှုနဲ့ နယ်မြေသိမ်းယူနိုင်မှုတွေက အကြမ်းဖက်ကွန်ရက်တွေအကြားမှာ ပေါ်ပျူလာဖြစ်သွားစေခဲ့ပါတယ်။

    အဲ့ဒီ့ အချက်ဟာ ၂၀၁၄ခုနှစ်အစကတည်းက IS ရဲ့ ရက်စက်မှုကို အကြောင်းပြု လမ်းခွဲခဲ့တဲ့ အလ်ကိုင်ဒါအတွက် သြဇာပိုင်းအရ အကြီးအကျယ် ထိုးနှက်မှုဆိုတာက လုံးဝ ငြင်းလို့မရပါ။ အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှဒေသအချို့ မှာ အလ်ကိုင်ဒါရဲ့ သြဇာသက်ရောက်မှုကို လုံးဝကို ကျဆင်းသွားစေခဲ့ပါတယ်။ အဲ့တော့ သြဇာပြန်ထိန်းဖို့ အတွက် အလ်ဇဝါရီက အိန္ဒိယတိုက်ငယ်အတွင်းက နယ်စည်းတွေကို ဖျက်ပစ်ရမယ်ဆိုပြီး ကြွေးကျော်လာတာလားဆိုတာ စဉ်းစားစရာကောင်းနေပါတယ်။ အဲ့ဒီမှာ ပိုစဉ်းစားစရာကောင်းတာက ဇဝါရီနဲ့ အလ်ကိုင်ဒါက ဘာလို့ အိန္ဒိယတိုက်ငယ်ကို မျက်စိကျတာလဲဆိုတဲ့ အချက်ပါ။

    ဘာပဲဖြစ်ဖြစ် အလ်ကိုင်ဒါရဲ့ ကြေငြာမှုအသစ်က မီဒီယာတွေကနေတစ်ဆင့် လူထုဆီကို ရောက်ပြီး အနည်းအများတော့ စိုးရိမ်မှုတွေက ရှိလာမှာပဲလေ။ စောစောက စိတ်ဝင်စားတဲ့ မေးခွန်းကို ဖြေဖို့ အရင်ဆုံး ISIS ဘယ်လို အရှိန်ရသွားတာလဲဆိုတာကို ကြည့်ကြည့်ရအောင်ပါ။

    IS ဘယ်လို ကြီးထွားလားသလဲ

    စစ်အာဏာရှင် ဆက်ဒမ်ဟူစိန်ရဲ့ ကျဆုံးခန်း အပြီး  ဒီမိုကရေစီ နာမည်တပ်ထားတဲ့ မာလကီ အစိုးရတက်လာတယ်။ အမေရိကန်က နောက်ခံထားပေးတယ်၊ ရှီအာအစိုးရဖြစ်တဲ့ အပေါ်မှာ ပရိုအီရန်ပေါ့။ ဆက်ဒမ် ခေတ်က ကောင်းစားနေတဲ့ စွန္နီ လူ့အသိုင်းအဝန်း ဒုတိယ တန်းစားနေရာ ရောက်သွားတယ်။ ဒါတင်မက နောက်ပိုင်းမှာ မာလကီရဲ့ စွန္နီလူထုအပေါ်မှာ မမျှတမှုက ပိုကြီးလာတယ်။ နောက်ဆုံးမှာ အမေရိကန်၊ အီရတ်ရဲ့ သြဇာအကြီးဆုံး ရှီအာ ဘာသာရေးခေါင်းဆောင်အလ်စစ်တန်နီ တို့ကပါ ထုတ်ပြီးပြောရတဲ့ အခြေအနေထိရောက်လာတယ်။ ဒါပေမယ့် အဲ့ဒီ့အချိန်က တော်တော်လေး နောက်ကျနေပါပြီ။ အဲ့ဒီ မမျှမတလုပ်ခံနေရတဲ့ နိုင်ငံရေးကွက်လပ်ကို ISISက အမိအရနင်းပြီး အီရတ်ထဲဝင်လာ နယ်မြေတွေသိမ်း နယ်မြေခံတွေရဲ့ ထောက်ခံမှုကို ရခဲ့တာပါ။ IS သန္ဓေတည်ရာ ဆီးရီးယားကို ကြည့်ပြန်ရင်လည်း အာလ်ဝီယာ လူနည်းစု အသိုင်းအဝန်းက လူများစုကြီးဖြစ်တဲ့ စွန္နီမွတ်စလင်မ်တွေကို အာဏာရှင်အုပ်ချုပ်ရေးစနစ်နဲ့ မျိုးဆက်လိုက်အုပ်ချုပ်လာတယ်၊ အာရပ် နွေဦးတော်လှန်ရေးရဲ့ အဖျားခတ်မှုကစပြီး အာဏာရှင် အာဆဒ်က ပြည်သူတွေကို ထောင်ချီသောင်းချီ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ မွတ်စလင်မ်ကမ္ဘာနဲ့ အနောက်ကမ္ဘာက အာဏာရှင် အာဆဒ်ကို ဖိအားပေး ဆန့် ကျင်နေချိန်မှာ ရုရှနဲ့ အီရန်က အမာခံကျောထောက်နောက်ခံပေးခဲ့တယ်၊ အခုလည်း ပေးနေဆဲပဲ။ အဲ့ဒီမှာ အမေ၇ိကန်၊ ရုရှ၊ အီရန်ရဲ့ ရှီအာ၊ ဆော်ဒီ ကာတာစတဲ့ စွန္နီစတဲ့ အားပြိုင်မှုတွေ ဒေသတွင်း ပါဝါကစားပွဲတွေကလည်း သက်ဆိုင်ရာ အခန်းကဏ္ဍတွေအနေနဲ့ ပါခဲ့တယ်။

    အဲ့တော့ ပြန်အနှစ်ချုပ် သုံးသပ်ကြည့်ရင် အစိုးရတွေရဲ့ မမျှတမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ ညီညွတ်ရေး မတည်ဆောက်နိုင်မှု၊ အာဏာတည်မြဲရေးကိုသာ ရှေ့ ရှုမှု၊ နောက်ဆက်တွဲ အနိဌာရုံတွေ၊ ဒေသတွင်း အင်အားစုတွေနဲ့ ကမ္ဘာ့ ပါဝါတွေရဲ့ အားပြိုင်မှု စတာတွေက IS အတွက် ရေခံမြေခံတွေကို ဖန်တီးပေးခဲ့တာပါပဲ။

    ဇဝါရီရဲ့ စစ်မျက်နှာသစ်

    ဇဝါရီရဲ့ စစ်မျက်နှာ အသစ်ဖွင့်မှုကို ဆက်ပြီးကြည့်ရအောင်ပါ။ ဇဝါရီရဲ့ ပြောထားတဲ့စကားအရ အခု အဖွဲ့ ခွဲသစ်ဟာ အာဖဂန်က တာလီဘန်နဲ့ ပါကစ္စတန်က တိုက်ခိုက်ရေးသမားအချို့ကို အားပြုထားတယ်လို့ ယူဆလို့ရပါတယ်။ အာဖဂန်ရဲ့ မတည်ငြိမ်မှုကတော့ ပြောဖို့ မလိုလောက်ပါဘူး။

    ပါကစ္စတန်ကလည်း စစ်အာဏာရှင် မုရှရဖ် ပြုတ်ကျအပြီး လုပ်ကြံခံလိုက်ရတဲ့ အတိုက်အခံခေါင်းဆောင်ဘူတို အရှိန်နဲ့ တက်လာတဲ့ သူ့ ယောက်ျားကလည်း အုပ်ချုပ်ရေးကို ကောင်းကောင်း မဖော်ဆောင်နိုင်ပါဘူး။ လက်ရှိ နာဝဖ်ရှရက်ဖ်အစိုးရကလည်း လာဘ်စားမှုတွေနဲ့ နာမည်ဆိုးကျော်ခဲ့ပြီး လောလောဆယ်ကို ရွေးကောက်ပွဲမှာ မဲသမာမှုတွေနဲ့ ပတ်သက်ပြီး အတိုက်အခံအချို့ ရဲ့ ဆန္ဒပြမှုကို ခံနေရပါတယ်။

    တခါ အိန္ဒိယနဲ့ ပါကစ္စတန်က ဒေသတွင်း အင်အားကြီး နိုင်ငံတွေလည်းဖြစ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် အကြားမှာ ကရှ်မီးယားဒေသ၊ တစ်ဆက်တည်း ချန်ထားလို့ မရတာက ပါကစ္စတန်ရဲ့ မဟာမိတ်ကြီး တရုတ်နဲ့ အိန္ဒိယကြားမှာလည်း တိဘက်ဒေသ ပြဿနာတွေကလည်း ၇ှိနေပြီးသားပါ။
    ဘင်္ဂလားဒေ့ရှ်ကတော့ secular ဆန်ဆန်သွားနေတယ်၊ ဒါပေမယ့် နိုင်ငံရေးအရ အိန္ဒိယသြဇာခံပြီး ပါကစ္စတန်နဲ့ ကတော့ ခွဲထွက်ထားတာဆိုတော့ သမိုင်းကြွေးနဲ့ ဆောင်နေတာပဲလေ။

    မြန်မာနိုင်ငံ

    သူများနိုင်ငံတွေကို ခဏ ထားပြီး ကိုယ့်နိုင်ငံကို ကြည့်ရအောင်။ အကောင်းဆုံးမြင်ပြီးပြော့ကြည့်ရင် စစ်အာဏာရှင်စနစ်ကို ကြားကာလတစ်ခုခံပြီး ဒီမိုကရေစီဆီသွားနေတဲ့ကာလ။ မြန်မာ့နည်းဒီမိုကရေစီဆိုပြီး အရပ်ဝတ်လဲထားတဲ့ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ လွှတ်တော်။ ကြားထဲမှာ ဘာသာရေးနဲ့ လူမျိုးရေးအဓိကရုန်းတွေ ဆက်တိုက်နည်းပါး ဖြစ်ထားတယ်။

    တိုင်းရင်းသားလူနည်းစုတွေကို ထိခိုက်နစ်နာစေတဲ့ ပြည်တွင်းစစ်တွေကလည်း ရှိတယ်။ အကြမ်းဖက်မှုတွေမှာ ထိရောက်ပြီး ပွင့်လင်းမြင်သာတဲ့ အရေးယူမှုတွေက သိသိသာသာမတွေ့ ရဘူး။ အကြမ်းဖက်မှုတွေတိုင်း သမ္မတက ရုပ်သံနဲ့ ရေဒီယိုတွေမှာ နိုင်ငံကို မိန့် ခွန်းတွေပြော ကတိတွေပေးပေမယ့် အကြမ်းဖက်မှုတွေက ဆက်ဖြစ်ခဲ့တယ်။ နောက်ဆုံး လတ်တလော မန္တလေးအကြမ်းဖက်မှုဖြစ်ထားတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ identity ပြဿ နာကလည်း လိပ်ခဲတည်းလဲ။ ကချင်တွေ၊ ရိုဟင်ဂျာတွေ၊ မိထ္ထီလာကမြန်မာမွတ်စလင်မ်တွေ ဒုက္ခသည်တွေ အဖြစ်ရှိနေကြတယ်။ ဒီနေရာမှာ ကချင်အရေးက ဆက်စပ်ပေမယ့် မြန်မာမွတ်စလင်မ်အရေးကို အလေးအနက်ထားပြောရရင် ရိုဟင်ဂျာတွေ မိတ္ထီလာမွတ်စလင်မ်တွေ အခုထိ ဒုက္ခသည်တွေ အဖြစ်ရပ်တည်နေရတုန်း၊ အကြမ်းဖက်ခံတွေထဲမှာ သူတို့ ရှေ့ မှာ မိသားစုဝင် လူမမယ်တွေ သက်ကြီးရွယ်အိုးတွေကို မျက်စိရှေ့မှာရော နောက်ကွယ်မှာပါ ရက်ရက်စက်စက်သတ်ခံထားရတဲ့သူတွေ အများကြီး၊ သူတို့အတွက် တရားမျှတမှုဆိုတာ အကြမ်းဖက်မှုရဲ့ နောက်ကွယ်က မပြောနဲ့ ရှေ့ က လက်သည်တွေကိုတောင် အရေးယူတဲ့ ကိစ္စမှာ နှောင့်နှေးတာ ပွင့်လင်းမြင်သာမှုမ၇ှိတာ အငြင်းပွားစရာတွေ ထိရောက်မှု မရှိတာတွေက အများကြီး၊ အဲ့ဒီအကြမ်းဖက်ခံရမှုမှာ လူတွေတွင်မက ဘာသာတရားရဲ့ အထွတ်အမြတ်နေရာဖြစ်တဲ့ ဝတ်ကျောင်းတော်တွေပါ အကြမ်းဖက်ခံခဲ့ရတာ။ နိုင်ငံတကာက ပညာရှင်တွေ ထောက်ပြဝေဖန်နေတဲ့ အဲ့ဒီဘာသာရေးအကြမ်းဖက်မှုတွေရဲ့ အဓိက အခြေခံဖြစ်တဲ့ ဘာသာရေး အမုန်းတရားဖြန့် ဝေမှုတွေက ပြန့် ခဲ့ ပြန့်် ဆဲ။ အရေးယူနိုင်လျက်သားနဲ့ နယ်ရုပ်တွေလောက်ကိုသာ ဆွဲဆွဲစားပြနေတဲ့ စစ်တုရင်ထိုးပွဲတစ်ခုလိုဆိုတော့ အဲ့ဒီ အမုန်းတရားတွေက ဆက်ရှိနေဦးမှာပဲ။

    မြန်မာမွတ်စလင်မ်လူ့အသိုင်းအဝန်းက အစ္စလာမ့်သွန်သင်ချက်နဲ့ တစ်ဖက်က ဖွင့်ဆိုသလို မဟုတ်ပါဘူးဆိုတာကို နိုင်ငံသိ ရှင်းပြထားတဲ့ ၇၈၆ကို တန်ပြန်တဲ့ ၉၆၉ လှုပ်ရှားမှုက အချိန်တစ်ခုကြာသွားပြီးမှ မဟာသံဃနာယကအဖွဲ့ က စာထုတ်ကန့် ကွက်ခဲ့ပေမယ့် အရှိန်ကောင်းနေဆဲဖြစ်ပြီး၊ ကန့် ကွက်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ခြိမ်းခြောက်ခံခဲ့ရတဲ့ မျိုးစောင့်ဥပဒေ လှုပ်ရှားမှုကနေ တစ်ဆင့် မဘသဆိုတဲ့ အဖွဲ့ ပေါ်လာခဲ့ပြီး နောက်ဆုံးမှာ သမ္မတက အဆိုပါ ဥပဒေကို လွှတ်တော်ထဲ ရောက်ဖို့ နောက်ခံပေးခဲ့ပါတယ်။

    အဲ့ဒီအချက်အလက်တွေပေါ်စောင့်ကြည့်ပြီး နိုင်ငံတကာက ပညာရှင်အချို့  က state-sponsored ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးလာတာလည်း ရှိခဲ့တယ်။ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရနဲ့ အစိုးရနဲ့ နီးစပ်တဲ့ ဘာသာရေးခေါင်းဆောင်ပိုင်းတွေ ပညာရှင်ပိုင်းတွေက ဘယ်လိုပဲ ဘူးခံငြင်းနေ ရှင်းချက်ပေးနေပေမယ့် မြန်မာပြည်က ဘာသာရေးအကြမ်းဖက်မှုတွေနဲ့ ပြည်တွင်းစစ်တွေဟာ ကုလသမဂ္ဂ  ရဲ့ စားပွဲပေါ်က စိုးရိမ်စာရင်းထဲ ချိတ်နေတာကတော့ ကမ္ဘာသိပါ။

    တချိန်တည်း ၂၀၁၅ ရွေးကောက်ပွဲအကြို အာဏာရပါတီနဲ့ အတိုက်အခံပါတီ၊ တိုင်းရင်းသားပါတီတွေ ကြားသာမက ခေါင်းဆောင်ပိုင်း တစ်ဦးချင်းကြားမှာလည်း အားပြိုင်မှုတွေ ၇ှိနေတယ်ဆိုတာကတော့ ပေါ်လွင်နေပါတယ်။ စစ်အစိုးရလက်ထက်ကစလို့ ယနေ့အထိ သြဇာလွှမ်းမိုးဆဲ အင်အားကြီး တရုတ်နဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်ကမ္ဘာရဲ့ မြန်မာနိုင်ငံအပေါ် အားပြိုင်မှုကလည်း အရှိန်ကောင်းနေဆဲပါ။ အဲ့တော့ အကျဉ်းချုပ်ရရင် တစ်ဖက်သတ်မှု၊ မတရားမမျှတမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ အာဏာရှေ့ ရှုမှု၊ ဒေသတွင်းက အင်အားကြီးနိုင်ငံတွေရဲ့ အချင်းချင်းအားပြိုင်မှု၊ မဟာပါဝါတွေရဲ့ အားပြိုင်မှုတွေ အပြည့်ရှိနေတယ်ဆိုတာပါပဲ။

    အရှုံး

    အကြမ်းဖက်မှုတွေ ဖြစ်လာရင် ဘယ်သူတွေ နစ်နာပြီး ဘယ်သူတွေ အကျိုးရှိမလဲ။ ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့ ကတော့ နစ်နာမှာ ရာနှုန်းပြည့်ပါပဲ။ သမိုင်းတစ်လျှောက် အင်္ဂလိပ်ခေတ်က ကုလား-ဗမာအဓိကရုဏ်းကစလို့ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် နိုင်ငံရေးကစားကွက်သားကောင် scapegoat ဖြစ်ခဲ့တဲ့ မြန်မာမွတ်စလင်မ်လူထု အသိုင်းအဝန်းက အနစ်နာဆုံးဖြစ်ပါလိမ့်မယ်။

    ထိခိုက်နစ်နာရမယ့်ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ မြန်မာမွတ်စလင်မ်တွေ ထိခိုက်နစ်နာပြီး၊ ဒါ့အပြင် ကစားပွဲတွေအတွက် အကြမ်းဖက်ဆိုတဲ့ ဆိုင်းဘုတ် တစ်ခု အဓမ္မချိတ်ခံရပြီး နိုင်ငံရေး ယဇ်ပူဇော်ခံရဦးမှာပါ။

    ဒါပေမယ့် ဂျာအေသူ့ အမေရိုက်တဲ့ သံသရာမို့ မြန်မာမွတ်စလင်မ်ပြည်သူတွေနစ်နာတာက တစ်တိုင်းပြည်လုံးက ပြည်သူတွေအတွက် နစ်နာမှုပါပဲ။ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတို့ကို ဥပမာ မြင်ကြည့်ရင်တော့ ပိုသိသာမြင်သာပါလိမ့်မယ်။

    ရိုဟင်ဂျာတွေကို သတ်လို့ သူတို့ ရွာတွေကိုမီးရှို့ မြို့ ပြင်ထုတ်လို့ ရခိုင်တွေနဲ့ ရခိုင်ပြည်နယ် ဒုတိယအဆင်းရဲဆုံး စာရင်းက မြန်မြန်လွတ်ဖို့ ရှိသွားလား ဘယ်လိုဖြစ်နေတယ်ဆိုတာ စိတ်ကိုဖွင့်ပြီး ကြည့်ရင် ရှင်းရှင်းကြီးမြင်နိုင်ပါတယ်။

    အဲ့လိုပါပဲ…တိုင်းရင်းသားလူနည်းစုတွေကို ထိုးစစ်တွေ ဆင်လို့ ခွဲခြားနှိပ်ကွက်လို့ ဘာသာရေး အမုန်းစကားတွေဖြန့် လို့ လူနည်းစုဘာသာဝင်တွေကို ရန်ဆောင်လို့ ကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်တဲ့ ငြိမ်းချမ်းဖွံ့ ဖြိုး တဲ့ မြန်မာဒီမိုကရေစီနိုင်ငံကြီးဆီကို ပိုနီးသွားလား၊ ပိုဝေးသွားလားဆိုတာ စိတ်ရှင်းရှင်းတွေးရင် ထင်းနေတာပါပဲ။

    အဲ့တော့ အကြမ်းဖက်မှုတွေက တစ်တိုင်းပြည်လုံးက လူမျိုးဘာသာမရွေး တိုင်းသူပြည်သားအားလုံးကို ထိခိုက်နစ်နာစေပါမယ်။

    အမြတ်

    ဘယ်သူတွေ အကျိုးရှိမလဲ… ပထမဦးဆုံးကတော့ အလ်ကိုင်ဒါ မဟုတ်ပါဘူး၊ ဇဝါရီ ကိုယ်တိုင်ပါ၊ သူ့ ရဲ့ အကြမ်းဖက်မှု ခေါင်းဆောင်မှုကို ပြနိုင်မယ်လေ။ နောက် ဆက်တွဲကတော့ အကြမ်းဖက်မှု ကွန်ရက်တွေကြား သြဇာပြန်ဆယ်နေတဲ့ အလ်ကိုင်ဒါ ပေါ့။ နောက်ပြီးတော့…။

    မြန်မာနိုင်ငံထဲမှာ ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်စကရော ကြားပေါက်ပါ အထောက်အထား မခိုင်လုံဘဲနဲ့ အကြမ်းဖက်တွေ ဝင်လာပြီ အကြမ်းဖက်ဖွဲ့တွေနဲ့ ဆက်စပ်တယ် ဘာညာဘာဝါဆိုပြီး ရွှေသမင် ထွက်ထွက်နေတဲ့ တာတွေကနေ ထွက်ထွက်လာတာမျိုးတွေ ရှိနေခဲ့ပါတယ်။

    အဲ့တုန်းက ISIS ဆိုတာ ကမ္ဘာမှာ ဘယ်သူမှ သတိမထားမသိသေးသလို၊ ဇဝါရီတောင် ဒီအစီအစဉ် သူ့ ခေါင်းထဲရောက်မရောက် အကောင်အထည်ဖော်မဖော် ဘယ်သူမှ တပ်အပ်မပြောနိုင်သေးတဲ့ ကာလပါ။

    အဲ့တော့ အဲ့ဒီ ဗေဒင်ဆရာတွေပဲ အဟောတော်တာလား၊ ဖြစ်စေချင်တာတွေ ရမ်းမှန်းရင်း ကြက်ကန်းဆန်အိုးတိုး လက်ခမောင်းခတ်တော့မှာလားတော့ မပြောတတ်ပါ။

    တစ်နေ့ က အလ်ဂျဇီရာမှာ နိုက်ဂျီးရီးယားက ဘိုကိုဟရမ်သူပုန်အဖွဲ့ နဲ့ ပတ်သက်ပြီး ရုရှပညာရှင်တစ်ယောက်က သူများတွေ သမရိုးကျ တင်ပြပုံမျိုးကနေ ခွဲထွက်ပြီး နိုင်ငံရေးနဲ့ တြွဲပီး တင်ပြထားတာလေး တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ lateral thinking တွေးပြထားလို့ စိတ်ဝင်တစား ဖတ်မိပြီး ခေါင်းထဲအတွေးပေါ်လာတာက အာဖရိကရဲ့ သံယံဇာတတွေနဲ့ ချမ်းသာတဲ့ အင်အားကြီး နိုက်ဂျီးရီးယားနိုင်ငံရဲ့ လက်ရှိအစိုးရ၊ ပြီးတော့ ဘိုကိုဟရမ်က အကြမ်းဖက်အဖွဲ့လို့ ကမ္ဘာ့ မွတ်စလင်မ်ထုရော အနောက်ကမ္ဘာကပါ ရှုံ့ချပြီး နိုင်ငံရေးအရ ထောက်ခံမှုပေးတာခံနေရတဲ့ အစိုးရ၊ ဒေသတွင်း အာဖရိကနိုင်ငံတွေစုပေါင်း အဲ့ဒါကို နှိမ်နှင်းဖို့ ဘာညာဆိုပြီး အစည်းအဝေးတွေ ခေါ်ဘာညာလုပ်နေတဲ့ အစိုးရက တလောက ဘိုကိုဟရမ်ကို တိုက်ဖို့ဆိုပြီး လက်နက်မပြည့်မစုံ မကောင်းနဲ့ စစ်တပ်ကို ပို့ လို့ စစ်သားတွေနဲ့ ဇနီးတွေက ကန့် ကွက် ဝေဖန်သံတွေ ဘာလို့ ထွက်ခဲ့ပါလဲပေါ့။

    ရုရှပညာရှင်ရဲ့ အမြင်လေးတစ်ခုက အဲ့ဒီပြည်တွင်း ပဋိပက္ခပြဿနာက ရွေးကောက်ပွဲကာလအထိ သက်ဆိုးဆန့် ထားခံရပြီး နိုင်ငံလုံခြုံရေး အရေးပေါ်အခြေအနေ ဘာညာဆိုပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်းများဖြစ်လေမလားတဲ့။

    ဒီကြားထဲ ဒေသတွင်းနဲ့ မဟာအင်အားကြီးတွေကလည်း ဘာတွေ အစီအစဉ်တွေရှိ ဘယ်လို အမြတ်ထုတ်မယ်ဆိုတာ မသိနိုင်ပါ။ အမြတ်ထွက်သူတွေကတော့ မရရအောင် လုပ်ယူပြီးတော့ အမြတ်ထုတ်ကြ ထွက်ကြဦးမှာပဲ။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေကတော့ ပေ ဖြစ်နေဦးမှာပါ။

    နိဂုံး

    အဲ့တော့ ဘယ်လိုကြည့်ကြည့် နစ်နာမှုတွေ သယ်လာမယ့် ဇဝါရီနဲ့ အလ်ကေဒါရဲ့ ကြေညာချက်ကို ကျွန်တော်ကတော့ လုံးဝ ရှုံ့ ချကန့် ကွက်ပါတယ်။ ပြည်သူတွေထဲက မြန်မာမွတ်စလင်မ်ထုလည်း ကျန်တဲ့ပြည်သူတွေနဲ့ အတူ ပြတ်ပြတ်သားသား ကန့် ကွက်ဖို့ ပါပဲ။ ကျွန်တော်တို့ အမိမြေရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ ဖြိုးရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအတွက် ကျွန်တော့်တို့ ပြည်သူတွေအားလုံး ဘယ်သူတွေ ဘယ်လိုသွေးထိုးထိုး နှောင့်ယှက်လည်း သွေးမကွဲကြဘဲ လက်တွေ ခိုင်ခိုင်မြဲမြဲ တွဲထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။။ ။

  • သီတဂူဆရာတော်ကြီး ထံသို့ လျှောက်ထားချက်

    သီတဂူဆရာတော်ကြီး ထံသို့ လျှောက်ထားချက်

    သြဂုတ် ၂၉ ၊ ၂၀၁၄
    -ရေးသူ – အောင်ကျော်မိုး
    10592775_10201823743315425_9007539890073353291_n
    ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် အမေရိကန်အဖွဲ့ကို ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ပတ်သက်ပြီး သီတဂူဆရာတော်ကြီး ထံသို့ လျှောက်ထားချက်

    သီတဂူဆရာတော်ကြီး ထံသို့ လျှောက်ထားချက် (၁)
    ———————————————————
    အခုတစ်လော နာမည်ကြီးနေတဲ့ သီတဂူဆရာတော်ကြီး ရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် အမေရိကန်အဖွဲ့ ကို တိုက်ရိုက်ပြောကြားခဲ့တဲ့ မိန့်ခွန်း ကို အင်္ဂလိပ်လို လေ့လာ ဖတ်ရှုခဲ့ပါတယ်။

    http://thesitagu.org/index.php/news-info/announcement/444-2014-08-22-04-15-23

    သီတဂူဆရာတော်ကြီးကို မေးမြန်းလျှောက်ထားချင်တဲ့ အချက်ကလေး တွေ ကို တွေ့ ရပါတယ်။

    ((Therefore every religion has full responsibility for the removal of fear which is sticking on the mind of people. But, on the contrary, it is regrettable that a fearful religion and its followers emerged in the world.))

    ဒီနေရာမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘာသာတရားတစ်ခု နဲ့ သူ့ရဲ့ နောက်လိုက်တွေ ကိုးကွယ်ယုံကြည်သူတွေ လို့

    အကုန်လုံးကို သိမ်းကျုံး ပြီး ပြောသွားပါတယ်။ ဘယ်ဘာသာတရား ကို ရည်ညွှန်းတယ်ဆိုတာ အောက်ဖက်မှာ ပါလာပါတယ်။ တပည့်တော် မေးချင်တာကတော့ ဒီလို အားလုံးကို ခြုံပြီး Hasty Generalization လုပ်သင့်ပါသလား အရှင်ဘုရား။ ဒီလိုလုပ်ခြင်းဟာ ရော အမုန်းပိုပွားစေမဲ့ အမုန်းစကား Hate Speech တစ်ခု ဖြစ်တယ်ဆိုတာ အရှင်ဘုရား လက်ခံပါသလား။

    နောက် အောက်မှာ ဒီလို ပြောထားတာ ကို ထပ်တွေ့ပါတယ်။

    ((Buddhism appeared on the birth place of Hinduism and Jainism and peacefully coexisted with them for ages. There was no traceable history of bloodshed and conflict among them. Also there was no violence and quarrel even on the statement issued by the Hindus saying that the Buddha was an incarnation of God Vishnu))

    ဗုဒ္ဓဘာသာဟာ ဟိန္ဒူတွေ ရဲ့မြေမှာ ပေါ်ခဲ့ပေမဲ့ ဒီ ဘာသာတရားတွေ ဟာ ငြိမ်းချမ်းစွာ အတူ နေထိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

    ဒီလိုဆိုရင် တပည့်တော် မေးစရာရှိတာက မောရိယမင်းဆက်တွေ နောက်တက်လာတဲ့ ဆုန်ဂမင်းဆက်တွေ ဟာ ဟိန္ဒူဘာသာကိုးကွယ်သူတွေ ဖြစ်ပြီးတော့ ဗုဒ္ဓရဟန်းတော်တွေ အများအပြားသတ်ဖြတ်ခဲ့တယ်ဆိုတာ အရှင်ဘုရားသိပါသလား။

    နောက်ပြီးတော့ မိဟိရကုလ ခေါ်တဲ့ ဟုဏ်းလူမျိုး ဟိန္ဒူဘာသာဝင် ဘုရင်တစ်ပါးဟာ ဗုဒ္ဓဘာသာဝင် သန်းချီပြီးသတ်ဖြတ်ခဲ့ဖူးတာ သီဟိုဠ်မှာ ဒုဋ္ဌဂါမဏိမင်းကြီး က စောဠလူမျိုး ဟိန္ဒူတွေ ကို သန်းချီသတ်ခဲ့တာ ဒီနေ့ခေတ်အထိ ဆင်ဟာလိ တွေ နဲ့ တမီလ် ဟိန္ဒူတွေ ရဲ့ သွေးမြေကျ တိုက်ပွဲတွေ ကို အရှင်ဘုရား မသိခဲ့တာပဲလား ဘုရား။

    သီတဂူဆရာတော်ကြီး ထံသို့ လျှောက်ထားချက် (၂)
    ———————————————————
    နောက်ပြီးတော့ အရှင်ဘုရား က အခုလို ဆက်မိန့်တော်မူပါတယ်။

    ((Christian missions tried to flourish their faith when they came to the East Asian countries such as India, Sri Lanka, Myanmar, Thailand, Korea and Japan. The people of those countries were non-Christians. But, even after the arrival of Christianity also there was peaceful coexistence between Christians and non-Christians. No history of conflict can be traced to any side. ))

    အရှေ့ အာရှ နိုင်ငံတွေ ကို ခရစ်ယာန်တွေ ရောက်လာပေမဲ့ ခရစ်ယာန်တွေ နဲ့ ခရစ်ယာန် မဟုတ်သူတွေ ဟာ အတူတူ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြတယ်

    လို့ ဆိုပါတယ်။

    ဒီအချက် ကရော ဟုတ်ရဲ့ လား မှန်ပါရဲ့ လား အရှင်ဘုရား။

    ဥပမာ= ၁၈၆၂ ခုနှစ်က သီဟိုဠ်မှာ ဖြစ်ခဲ့တဲ့ ပန်နဒူရ ဘာသာရေးတိုက်ပွဲ အကြောင်း အရှင်ဘုရား လဲ ဖတ်ဖူးမှာ ပါ။ ဒီတိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ အရှင် ဂုဏနန္ဒ မထေရ်ကြီး က ခရစ်ယာန်ဆရာတွေ နဲ့ ဘယ်လို ငြင်းခုန်တိုက်ခိုက်ခဲ့ရတာတွေ ကစလို့ မြန်မာပြည်မလဲ လယ်တီ နဲ့ ရွှေချိန်ခွင်တိုက်ပွဲတွေ ရှင်ဥက္ကဋ္ဌ ရဲ့ ကျောက်ကွင်း အရေးတော်ပုံတွေ ကစလို့ အခုနောက်ပိုင်းကာလ အထိ ချင်း နဲ့ ကချင် တောင်တန်းဒေသတွေမှာ ဖြစ်ပေါ်နေခဲ့တဲ့ ဘာသာရေးအားပြိုင်မှုတွေ ကို အရှင်ဘုရား မသိချင်ယောင်ဆောင် နေတယ်လို့ ထင်မိပါတယ်။ ဒီကိစ္စ ကို တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေ က ပိုပြီး သိရှိမယ်လို့ ထင်ကြောင်း လျှောက်ထား ပါရစေ အရှင်ဘုရား။

    နောက်တစ်ခုကတော့ သမိုင်းအချက်အလက်လေးတစ်ခုပါ။ ကလေးတွေ အမှတ်မမှားစေဖို့ ပါ။ အနောက်တိုင်း မှာ ခရူးဆိတ် စစ်ပွဲ က နှစ် ၄၀ ဖြစ်တယ်လို့ အရှင်ဘုရား က အခုလို မိန့်ကြားပါတယ်။

    (( Look at the Crusade that prolonged about forty years. It was recorded in the history of the world.))

    ဒါမမှန်ပါဘူး။ ပထမ ခရူးဆိတ်က အေဒီ ၁၀၉၅ မှ စဖြစ်ပါတယ်။ န၀မ ခရူးဆိတ် က အေဒီ ၁၂၇၂ အထိ ဖြစ်ပါတယ်။ ဒီမှာတင် နှစ် တစ်ရာကျော်မက ဖြစ်နေပါပြီ။ ဒီနောက်မှာ လဲ ၁၄-၁၅ ရာစုထဲ အထိ ခရူးဆိတ်တွေ ဆက်ဖြစ်ပါတယ်။ အနှစ် (၄၀) မဟုတ်ပါ။ မွန် မြန်မာ အနှစ် ၄၀ စစ်ပွဲနဲ့ အရှင်ဘုရား ရောထွေးပြော မိလေသလား လို့ တပည့်တော် တွေးဆကြည့် မိပါတယ် အရှင်ဘုရား။

    သီတဂူဆရာတော်ကြီး ထံသို့ လျှောက်ထားချက် (၃)
    ———————————————————
    နောက်တစ်နေရာမှာ တော့ အရှင်ဘုရား က အခုလို ဆက်ပြောပြန်ပါတယ်။

    ((There was a recorded history that in the thirteenth century A.D, a Muslim army marched from Turkey through India and destroyed Pala Buddhist dynasty and converted it into Islamic state. Pala Buddhist dynasty was none other than present Bangladesh.))

    အေဒီ ၁၃ ရာစု မှာ တူရကီ မွတ်စလင် စစ်တပ်ကြီးကြောင့် ဗုဒ္ဓဘာသာဝင် ပါလ မင်းဆက် ပျက်သုဉ်း ရတယ် အားလုံးကို အစ္စလာမ် ဘာသာနိုင်ငံ ဖြစ်အောင် လုပ်ပစ်တယ်

    လို့ အရှင်ဘုရား က ပြောပါတယ်။ ဒီ မှာ တပည့်တော် ဟိုက် ကနဲကို ဖြစ်သွားရပါတယ်။

    ပါလမင်းဆက်တွေ အကြောင်း ကို တပည့်တော် သပ်သပ် ရေးပါဦးမယ်။ မဟာယာနဗုဒ္ဓဘာသာသမိုင်း အတွက် အလွန် အရေးကြီးလို့ပါပဲ။ဒါပေမဲ့ အရှင်ဘုရား သမိုင်း ကို မကျေညက်တာ အတော်လေး ထင်ရှားလို့ နေပါတယ်။ ဘင်္ဂလားဒေရှ် က အလယ်တန်း ကျောင်းသားလေးတွေ ကို မေးရင်တောင် ပါလမင်းဆက် ဘယ်လို ပျက်သုဉ်းရသလဲ ဆိုတာ အရှင်ဘုရား ကို သူတို့ ပြောပြပါလိမ့်မယ်။

    ပါလမင်းဆက်တွေ ဟာ အေဒီ ၇၅၀ လောက်ကနေပြီးတော့ အေဒီ ၁၀၂၃ လောက်အထိ တောက်ပခဲ့ ပါတယ်။ ပါလမင်းဆက် ပျက်သုဉ်း ရတာဟာ တူရကီတွေ ကြောင့် မဟုတ်ပါဘူး။ တောင်ပိုင်းက စောဠဟိန္ဒူ ဘုရင်တွေ တိုက်ခိုက်လို့ ပါပဲ။ ၀ိကြမဒိတျ ဆိုတဲ့ ချာလုကျအင်ပိုင်ယာ မင်းဆက်ရဲ့ ထိုးနှက်မှုကြောင့် ပါလတွေ ဆုံးခန်းတိုင်ခဲ့တယ်။ သူတို့ နောက်မှာ သေန မင်းဆက်တွေ အုပ်စိုးတယ်။ သေနမင်းဆက်ကို ထူထောင်တဲ့ ဗီဂျေဆန် ဟာ နောက်ဆုံးပါလဘုရင် မာဒါနပါလ ကို အေဒီ-၁၁၆၂ ခုနှစ် မှာ ကွပ်မျက်ပြီးတော့ မှ ဟိန္ဒူ သေန မင်းဆက် ကို တည်ထောင်ခဲ့တဲ့ အကြောင်း အရှင်ဘုရား သမိုင်း ကို ပြန်လည်လေ့လာ သုံးသပ်ဖို့ လျှောက်ထားပါရစေ အရှင်ဘုရား။ သမိုင်းအချက်အလက် အမှားတွေ နဲ့ လူတွေ ရဲ့ အမုန်းမီးတောက်တွေ ကို သွေးမထိုးပေးစေချင်ပါဘူး အရှင်ဘုရား။

    သီတဂူဆရာတော်ကြီး ထံသို့ လျှောက်ထားချက် (၄)
    ———————————————————
    အဲဒီနောက်မှာတော့ အစွန်းရောက် အစ္စလာမ် ဆိုသူတွေကို အရှင်ဘုရား က အခုလို ဝေဖန်ခဲ့ပါတယ်။

    ((Every religion, according to me, should perform its activities only for the good and welfare of the people. But, today, Islamic extremists are trying to establish Islamic states by waging war against non-Muslims. It is regrettable that they are performing the holy war (Jihad) on the name of God.))

    ဒီကနေ့မှာ အိုင်ဆစ် (ISIS) လို အစွန်းရောက် အစ္စလာမ် ဆိုသူတွေကို အစ္စလာမ်ဘာသာဝင်တွေ အပါအ၀င် တစ်ကမ္ဘာလုံးက မျက်မုန်းကျိုး နေကြပါပြီ။ သူတို့ ရဲ့ လူမဆန်တဲ့ အစ္စလာမ်တရားတော်နဲ့ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ အပေါ် ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေလဲ နှစ်သက်လိမ့်မယ်လို့ တပည့်တော် မမြင်ပါဘူး။

    ဒါပေမဲ့ ဒီ အစွန်းရောက် အစ္စလာမ် ဆိုသူတွေဟာ အစ္စလာမ် မဟုတ်သူတွေ ကိုတင် သတ်ဖြတ်နေတာမဟုတ်ပါဘူး။ သူတို့ နဲ့ သဘောမညီမျှတဲ့ အစ္စလာမ်ဘာသာဝင်တွေ ကို လဲ သူတို့ သတ်နေတာပါပဲ။ ဒီလို ဘာသာရေးအစွန်းရောက်မှု မျိုး ကိုတော့ ယဉ်ကျေးတဲ့လူသားတိုင်းလက်ခံ လိမ့်မယ်လို့ မထင်ပါဘူး။

    အစွန်းရောက် အစ္စလာမ် ဆိုသူတွေကြောင့် အစ္စလာမ်ဘာသာဝင်မှန်ရင် အတူတူပဲ ကြောက်စရာကောင်းတယ် ဆိုတဲ့ ၀ါလုံးရှည်နဲ့ ရမ်းတဲ့ အမြင်မျိုးကို ကို ပြည်သူတွေ ခေါင်းထဲ ထည့်မပေးချင်ပါဘူး အရှင်ဘုရား။

    နောက် အရှင်ဘုရား က ကုလားမှန်ရင် အာဖရိက က ကျွန်တွေလိုကောင်တွေပဲလို့ အခုလို သွယ်ဝိုက်ပြီးပြောဆိုပါတယ်။

    ((Many Africans were imported as slaves when the United States of America was established. In the same way, the English rulers illegally imported labourers from India and Bangladesh to Myanmar for the hard labour during their rule.))

    ဒီနေရာ မှာ အချက် ၂ ခု က မှားနေတယ်။ အင်္ဂလိပ်ခေတ်မှာ မြန်မာပြည်ကို ရောက်လာတဲ့ ကုလားတိုင်းဟာ အလုပ်သမားတွေ ချည်းပဲ မဟုတ်ပါဘူး။ လူတန်းစား အသီးသီး က ပါ ပါလိမ့်မယ်။ လယ်မြေဧက ၁၂ သန်းလောက်ကို ထုတ်ဖော်ခဲ့တဲ့ ဂျမား လို မွတ်စလင်ကုလားတွေ လယ်ပိုင်ရှင် ငွေတိုးချေးတဲ့ ချစ်တီး ကုလားတွေ ကအစ အခြား အတတ်ပညာရှင် နဲ့ အစိုးရ၀န်ထမ်းတွေ လဲ များစွာ ပါ ပါလိမ့်မယ်။

    မြန်မာပြည်ကို အရှေ့ အိန္ဒိယကုမ္မဏီ ကသိမ်းပိုက်ပြီး အိန္ဒိယတိုက်ငယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာမို့ သူတို့ ရောက်လာတာဟာ တရားမ၀င်ရောက်လာတာ the English rulers illegally imported လို့ မပြောနိုင်ပါဘူး အရှင်ဘုရား။

    သီတဂူဆရာတော်ကြီး ထံသို့ လျှောက်ထားချက် (၅)
    ———————————————————
    ဒီလိုနဲ့ တပည့်တော် အရှင်ဘုရားရဲ့ မိန့်ခွန်း ကို ဆက်ဖတ်ရင်း အောက်က စာပိုဒ်ကို တွေ့မြင်ရတော့ အသက်ရှုတောင် ရပ်သွားမတတ် ဖြစ်ရပါတယ် ဘုရား။
    အရှင်ဘုရား လို ငြိမ်းချမ်းရေးကို တွင်တွင်ပြောဆိုနေတဲ့ သူတစ်ယောက် ရဲ့ နှုတ်ဖျား ကထွက်တဲ့ စကားမှ ဟုတ်ပါလေစ ရယ်လို့ တပည့်တော် ခေါင်းနပမ်းကြီး မိပါတယ် ဘုရား။ ဒီ စာပိုဒ်လေး ပါပဲ ဖတ်ကြည့်တော်မူပါ။

    ((There is also another bad consequence caused by English colonial rule. During hundred years of British rule, Burmese nationals were not formed as an army. But it was ridiculous that the English rulers administered Myanmar forming different groups of indigenous minorities as an army. When the British rulers went back to England, the minority groups revolted against the Burmese government. We cannot solve those problems until today. These are the natural sufferings faced by the colonial countries.))

    ကိုလိုနီ အင်္ဂလိပ်တွေ ရဲ့ လက်အောက်မှာ တိုင်းရင်းသား ((ခရစ်ယာန်တွေ)) ကို စစ်တပ်ဖွဲ့ပေးတယ် လက်နိုင်တပ်ဆင်ပေးတယ်။ ဗမာ ((ဗုဒ္ဓဘာသာဝင်တွေ)) ကိုတော့ တပ်ဖွဲ့ခွင့်မပေးခဲ့ဘူး။ ဒါကြောင့် အုပ်စိုးသူ အင်္ဂလိပ်တွေ မရှိတော့တဲ့ အခါ လူနည်းစုတိုင်းရင်းသားတွေ က ဗမာအစိုးရ ကို လက်နက်ကိုင် ပုန်ကန်တယ် ဒီနေ့အထိ ဒီပြသနာ ကို ရှင်း လို့ မပြီးသေးဘူး လို့ ဆိုလိုပါတယ်။

    အရှင်ဘုရားရဲ့ မူရင်စကားထဲမှာ ခရစ်ယာန်လို့ မပါပေမဲ့ မြန်မာဘာသာပြန်ထဲ မှာတော့ ပါလာ ခဲ့တယ်။ ဒီတော့ ရှေ့ က ပြောခဲ့တဲ့ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန် ဘာသာဝင်တွေ မြန်မာပြည်မှာ ငြိမ်းချမ်းစွာ အတူနေကြတယ် ဆိုတဲ့ အရှင်ဘုရား ရဲ့ အဆို ကို ပြန်ပြီး နင်းချေဖျက်ထားတာ ရှေ့နောက် ယုတ္တိ မညီတာ ကို တပည့်တော် တွေ့မြင်ရပါတယ် ဘုရား။

    ဒါတွေက သမိုင်း အမှန်တရားတွေ ပါ။ တိုင်းရင်းသားတွေ ဖက်က လဲ ပြောစရာတွေ များစွာ ရှိနေပါလိမ့်မယ်။ ပြသနာ က အခု မြန်မာနိုင်ငံ တစ်ခုလုံးဟာ သီပေါမင်းလက်အောက်မှာ မရှိခဲ့ ကုန်းဘောင်မင်းတွေ အောက်မှာ မရှိခဲ့ပဲ အင်္ဂလိပ်က သီးခြား စစ်နိုင်စာချုပ်တွေနဲ့ နေမ၀င်အင်ပါယာထဲ သိမ်းသွင်းခဲ့ ရလို့ ပါပဲ။ ပင်လုံစာချုပ် နဲ့ လွတ်လပ်ရေးယူပြီးတဲ့ နောက် တန်းတူအခွင့်အရေးမရလို့ တိုက်ကြတာပါပဲ။

    ဒါကို ဘာသာရေး ဇောင်းဖက်ဆွဲ ပြီး အရှင်ဘုရား မိန့်ကြားခဲ့တာ ကတော့ တိုင်းရင်းသားတွေ အကြား အမုန်းတရား တွေ ပိုလို ပွားစေမဲ့ စကားလို့ တပည့်တော် သတိပေးလျှောက်ထား ပါရစေ ဘုရား။

    ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအနေနဲ့ မိမိ ဘာသာတရားကို ဗဟိုပြုပြီးစဉ်းစားတာ တိုးတက်စေချင်တာ အပြစ်မဆိုသာပေမဲ့ အတိတ်သမိုင်း သမိုင်းနောက်ကြောင်းလှန်ပြီး ရန်တွေ ကို အသစ်ဖြစ်အောင် မဆွ စေချင်ပါဘူး အရှင်ဘုရား။ ဒီလိုသာ လှန်ကြစတမ်းဆို ရခိုင်တွေ မွန်တွေ ရှမ်းတွေ အတွက်လဲ ပြောစရာတွေ အများကြီး ရှိလာပါလိမ့်မယ်။

    နောက်ပိုင်းမှာ အရှင်ဘုရား ဆက်လက်မိန့်ကြားတာတွေ ကတော့ အစ္စလာမ်ဘာသာကို ပစ်မှတ်ထားပြီးတော့ အစ္စလာမ်ကမ္ဘာ က မီဒီယာတွေ ကို ငွေနဲ့ပေါက် ၀ယ်ယူပြီးတော့ မြန်မာပြည် ကို အပုပ်ချနေတဲ့ အကြောင်းတွေပါပဲ။ ဒါတွေ က မှန်ချင် မှန်ပါလိမ့်မယ်။ တပည့်တော်ရဲ့ အမြင်ကတော့ ဒီအတွက်တော့ ဒီအချက်ကိုထောက်ပြီး ပြည်တွင်းနေ ဘာသာဝင်တွေ အချင်းချင်း မုန်းဖို့အတွက်တော့ နှပ်ကြောင်းမပေးစေချင်ပါဘူး။ အရှင်ဘုရားမိန့်ခဲ့သလိုပဲ တပည့်တော်တို့ တိုင်းပြည်က နုနု မှာ ဘာသာရေးပဋိပက္ခတွေ ရဲ့ မုန်တိုင်းတွေက ထန်ထန် မို့ ဘာသာရေး အစွဲမဖက်ပဲ နိုင်ငံသူ နိုင်ငံသားအားလုံး ဘာသာလူမျိုး မခွဲခြားပဲ မေတ္တာတရား နဲ့ တည်ဆောက်ကြမှသာ အရာရာ အေးချမ်းအောင်မြင်ပါလိမ့်မယ်လို့ တပည့်တော် လျှောက်ထား ပါရစေ အရှင်မြတ်ဘုရား။

    (အောင်ကျော်မိုး)

    ** စာရေးသူ ကိုအောင်ကျော်မိုး ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

    စာရေးသူ ကိုအောင်ကျော်မိုး၏ FB စာမျက်နှာ Click Here

    ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်အဖွဲ့အား သီတဂူဆရာတော်မိန့်သည့်စကား မြန်မာဘာသာဖြင့်

    http://thesitagu.org/index.php/news-info/announcement/445-2014-08-22-04-43-49

    အထက်ဖော်ပြပါ ဘာသာပြန်သည် ပြန်လည်ပြင်ဆင်ထားသည့် ဘာသာပြန်ဖြစ်သည်။

    မူလ ကနဦးတင်ခဲ့သည့် ဘာသာပြန်မှာ အစ္စလာမ်သာသာနာကို စော်ကားသည့် အသုံးအနှုန်းများ၊ မူရင်း အင်္ဂလိပ် မိန့်ခွင့်တွင် မပါသည့် အပိုစာသားများ ပါဝင်ခဲ့ပြီး ဝေဖန်မှုများ ထွက်ဖော်လာပြီးနောက် ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန်ထိ သတင်းထုတ်ပြန်မှု တစုံတရာ မရှိသေးပေ။

    မူလ ပထမ ဘာသာပြန် ဖတ်လိုလျှင် =>  Click Here

    Screen Short => Click Here

  • အစ္စလာမ်ဟာ ကမ္ဘာမှာ ကြောက်စရာ ကောင်းသော ဘာသာတရား (သို့) သာသနာတခုလား

    အစ္စလာမ်ဟာ ကမ္ဘာမှာ ကြောက်စရာ ကောင်းသော ဘာသာတရား (သို့) သာသနာတခုလား

    သြဂုတ် ၂၃ ၊ ၂၀၁၄
    M-Media
    ရေးသူ- ဘရန်ဆိုင်း
    Religions-world-map-watermarked
    အစ္စလာမ်ဘာသာဝင်တွေဟာ ကြောက်စရာကောင်းသူတွေ ဖြစ်လာနေပြီလား …။

    ဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင် … ကျနော်တို့ အစ္စလာမ်သာသနာရဲ့ ကျမ်းစာတွေ အဆုံးအမတွေ တရားတော်တွေကို အရင်လေ့လာကြရပါမယ် …။

    အစ္စလာမ့်သမိုင်း နဲ့ ဒီကနေ့ အစ္စလာမ်ဘာသာဝင်အစွန်းရောက်များကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။ အစ္စလာမ်သာသနာရဲ့ရင်းမြစ် ဆုံးမစကားတွေ သြ၀ါဒတော်တွေမှာ လူသားတို့ ကြောက်ဖွယ်ကောင်းတဲ့အချက် တခုတလေမှ မပါဝင်ပါဘူး …။ လူသားဆန်ပြီး အင်မတန် ရိုးရှင်းသလို … လူသားကောင်းကျိုးကို အထူးပြု လုပ်ဆောင်ကြဖို့ တိုက်တွန်းချက်များသာလျှင် ပါဝင်နေတာကိုတွေ့ရပါလိမ့်မယ် …။

    ဥပမာ အနည်းငယ်ကို ထုတ်နုတ်တင်ပြပါရစေ …။

    သီလပိုင်းမှာ အစ္စလာမ်ဟာ တင်းကြပ်လွန်းတယ်လို့ ထင်ရလောက်အောင်ပဲ စောင့်ထိန်းခိုင်းထားတာကို တွေ့ရပါတယ်။ အစ္စလာမ်ဘာသာဝင်ကောင်း တယောက်ဟာ အမြဲအားဖြင့်စိတ်နှလုံးသား ဖြောင့်မတ်တည်ကြည် သန့်စင်နေဖို့ လိုပါတယ် …။

    သူတပါး မကောင်းလုပ်ဖို့မဆိုထားနဲ့ … စိတ်နဲ့ပင် မပြစ်မှားရပါ … ပြစ်မှားမိပါက အပြစ်ရောက်စေပါတယ် …။

    စိတ်နှလုံးသား ဖြူစင်သန့်ရှင်းနေလျှက် ဗလီဝတ်ကျောင်းတော်သို့ နေ့စဉ် တနေ့ ငါးကြိမ်ဘုရားသခင်အား ကျေးဇူးတော်တင် ၀တ်ပြုဆုတောင်းကြရပါတယ် …။  ဒါဟာ ဆိုရင် လူသားတို့မကောင်းမှုကို တွေးတောချိန်ပင် မရလောက်အောင် ကာလအပိုင်းအခြား ကန့်သတ်၍ ဖော်ဆောင်ထားသော ဆုံးမသွန်သင်ချက် တခုပင် ဖြစ်ပါသည်။

    ကရုဏာတရားထားရှိဖို့အတွက် အဆိုအမိန့်တခု ရှိပါတယ် ။

    “ အို – အာအေရှာဟ် ၊ အသင်မသည်မိမိတံခါးမှမည်သည့်ဆင်းရဲသားတဦးတယောက်ကိုမျှ ( ဘာသာကိုးကွယ်မှု မခွဲခြားရ )၊ တစုံတရာ မပေးကမ်းဘဲ မလွှတ်ပါနှင့်။ စွန်ပလွံသီးတခြမ်းပင်ဖြစ်စေ၊ ပေးကမ်းလိုက်ပါ၊ ဆင်းရဲသားတို့ကို ချစ်ခင်သနားပါ၊” ဟု တမန်တော်မြတ်က ၎င်း၏ ဇနီးအား ဆုံးမ သွန်သင်ခဲ့ပါတယ်။ ကိုယ်ချင်းစာစိတ် ၊ သနားကြင်နာစိတ်ကို အမြဲထားဖို့ ဆုံးမသွန်သင်ထားပါတယ်။

    မေတ္တာတရားနှင့် ပတ်သက်၍ …
    “ ငါသည် ကမ္ဘာသူ ကမ္ဘာသားတို့အား ကျိန်ဆဲရန် စေလွှတ်တော်မူခြင်း ခံခဲ့ရသည် မဟုတ်ပေ။ မေတ္တာပွားရန် စေလွှတ်တော်မူခြင်း ခံရသော တမန်တော်သာ ဖြစ်သည်။ ”  ဒါကလည်းတမန်တော်ရဲ့ မိန့်ဆိုချက်တခွန်းပါ …။

    ရန်သူကိုပင် အပြစ်မယူဘဲ ခွင့်လွှတ်ခဲ့သည် အပြင် ဆုမွန်ကောင်းပါ တောင်းပေးနိုင်သောတမန်တော် ပင် ဖြစ်ပါတယ်။ ကျမ်းကြီးကျမ်းငယ် များစွာ တင်ပြရမည် ဖြစ်၍ စာသိပ်ရှည်မည်စိုးရိမ်ပါတယ် …  ဒါကြောင့် လေ့လာကြည့်ဖို့ကိုသာ တိုက်တွန်းလိုပါတယ် …။

    ပြောလိုတာက အစ္စလာမ်ဟာ သီလ၊ မေတ္တာနဲ့ ကရုဏာ ကို အခြေခံပါတယ်လို့ ဆိုလိုတာပါ … တိရစ္ဆာန်တွေကို အကြောင်းမဲ့ သတ်ဖြတ်ခွင့် မရှိပါဘူး …။  ဒီနေရာမှာ ထောက်ပြနိုင်တာကနွားတွေကို လည်လှီးသတ်နေတာ ဘာလဲ ဆိုတာပေါ့ ….။

    ဒါကလည်း သမိုင်းကြောင်း အရပြောရရင် သိပ်ရှည်ပါတယ် …။ အနီးစပ်ဆုံး ပြောရရင် စွန့်လှူခြင်း ဆိုတဲ့ အဓိပ္ပါယ်ပါ။ သာသနာအတွက်ဆိုရင် အသက်ကိုပင် စွန့်လှူနိုင်ပါတယ် ဆိုတဲ့ ဘုရားသခင်အပေါ် ယုံကြည်ကိုးစားမှုကို ပြခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်အသက်ကိုယ်စား အဲဒီ ဖန်ဆင်းခံ သတ္တ၀ါကိုဘုရားသခင်ဆီမှာ စွန့်လှူလိုက်တဲ့သဘောပါ ။  ဒီနေရာမှာ စွန့်လှူလိုက်တယ် ဆိုလို့ အဲဒီ သတ္တ၀ါရဲ့အသွေးအသားကို ဘုရားသခင် ရတာမဟုတ်ပါဘူး ။ ဖန်ဆင်းခံ သတ္တ၀ါကို ဖန်ဆင်းသူထံ ပြန်အပ်ခြင်း မျိုးပါပဲ ။

    အဲဒီမှာ တိရစ္ဆာန်တွေကိုတော့ သတ်လို့ရသလား ဆိုရင် ဟုတ်ကဲ့ ( အကြောင်းမဲ့ မဟုတ်ရင် ) သတ်လို့ရပါတယ်။  ( ညှင်းပန်း နှိပ်စက်ခြင်းတော့ လုံးဝမပြုရပါ ) ဒါကြောင့်လဲ အလျင်အမြန် အသက်ထွက်နိုင်တဲ့ နည်းလမ်းနဲ့ လည်ပင်း သွေးကြောကိုဖြတ်တောက်ရခြင်းပဲ ဖြစ်ပါတယ်။ နောက်တချက်က အစ္စလာမ် ဘာသာဝင်တွေ အတွက် သွေးဆိုတာအညစ်အကြေးပါ။ ဒါကြောင့် သတ္တ၀ါရဲ့ ခန္ဓာကိုယ်ထဲက သွေးစင်အောင် သွေးကြော မကြီးကို ဖြတ်တောက် ကြရခြင်း ဖြစ်ပါတယ် …။  အသားစားဖို့ လိုအပ်ရင် သတ်လို့ရပါတယ်။ ဘာသာတိုင်းကော သတ်နေကြတာပဲ မဟုတ်လား ။ သူသတ်ကိုယ်သတ်ပဲကွာပါတယ် …။ တခုက အစ္စလာမ်မှာ အလိုအလျောက်သေတဲ့ အသားကို မစားဖို့တားမြစ်ထားပါတယ်။ ရောဂါကြောင့်သေသလား ဘာလား မသိတဲ့ တိရစ္ဆာန်ရဲ့ အသားကို မစားစေခြင်းဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း သိပ်မှန်ပါတယ်။ နောက်တချက် အန္တရာယ်ပြု လာမယ်ဆိုရင် သတ်လို့ရပါတယ်။ မြွေဆိုးကို ကျားရဲကိုမေတ္တာထားပါ ( အဖန်ဆင်းခံတွေမို့ ) သို့သော် ရန်မူလာမယ် အသက်ချင်းလုရမယ် ဆိုရင် အရင်သတ်ရပါမယ် …။ ခုပြောနေတာတွေက အထက်ကပြောခဲ့တဲ့ ခုခံစစ် သဘောထားတွေပါ ။

    အစ္စလာမ်သာသနာဟာ သမိုင်းကြောင်းအရ အလွန်ပဲ ဖြောင့်မတ် မျှတခဲ့ပါတယ် …။ အာရပ်ကမ္ဘာမှာ တမန်တော် ပွင့်တော်မူခဲ့တဲ့အခါ … အဲဒီခေတ်က ရဟူဒီ ဘာသာဝင်တွေ ခရစ်ယာန် ဘာသာဝင်တွေရဲ့ ဖိနှိပ်တိုက်ခိုက်မှုကို များစွာ တွန်းလှန်ကျော်လွှားခဲ့ရပါတယ် …။

    စစ်ပွဲတွေ ဆင်နွဲရခြင်း မှန်သမျှ တို့ဟာ ခုခံစစ်များသာ ဖြစ်ပါတယ် ။  အစ္စလာမ်တရားမှာကိုက ခုခံတိုက်ခိုက်ခွင့်ရှိသည်။ ကျူးကျော် စော်ကားခွင့်မရှိ ဆိုတဲ့ မိန့်ဆိုချက်ရှိပါတယ်။ ဒါပေမဲ့ ကျူးကျော်ခြင်းတွေ မရှိဘူးလား ဆိုတော့ နိုင်ငံပေါင်းစုံကို ပျံ့နှံ့လာတဲ့အခါ အလေ့အထအရ ရှိနေနိုင်ပါတယ် ။ ဒါကတော့ ဘာသာတရားရဲ့အဆုံးအမကို ကျော်လွန်လုပ်ဆောင်တာမျိုးပါပဲ …။ သူတို့တွေဟာ အစ္စလာမ့်အဆိုအမိန့်နဲ့တရားကို မသိသူတွေလို ဆိုရမှာပါ ။

    ဒါကြောင့် အစ္စလာမ်စစ်တပ်ကြီးက ပါလနိုင်ငံကို တိုက်ခိုက်ပါတယ် ဆိုတာမျိုးဟာ ပဒေသရာဇ် နိုင်ငံငယ်တွေ ၊ ကိုလိုနီပြုကြတဲ့ ခေတ်ကာလမှာ မထူးဆန်းတဲ့ ကိစ္စပါ ။ အတင်းအကျပ် သာသနာပြုခဲ့တယ် ဆိုတဲ့ သမိုင်းအထောက်အထားကိုတော့ ရှာမတွေ့ပါ။ လူတို့မှန်းဆ ရေးသားခြင်းမျိုးသာ ဖြစ်ပါတယ် …။ မြန်မာကိုယ်တိုင် တိုင်းရင်းသားပေါင်းစုံ ပဒေသရာဇ် နိုင်ငံငယ်လေးတွေကို တိုက်ခိုက် သိမ်းယူခဲ့တာပါပဲ …။ ဒီကနေ့အထိ မြန်မာပြည်က ခရစ်ယာန်ဘာသာဝင်တွေဟာ အရာရာမှာ ဖိနှိပ်ခံနေရတာဟာလည်း ခရစ်ယာန် ဘာသာဝင် အားလုံးသိပြီးသား ဖြစ်တဲ့ အမှန်တရားတခုပါပဲ ။ ခရစ်ယာန်ဖြစ်တာနဲ့ ရာထူးတက်မပေးတော့တာ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှာ ရာထူးကြီးမပေးတော့တာတွေ အားလုံးသိမြင်နေရပါတယ် …။ အင်္ဂလန် ဆိုရင် တကမ္ဘာလုံးကိုတောင် ပတ်သိမ်းခဲ့သေးတာပဲ မဟုတ်လား ။
    ဒါပေမယ့် အဲဒီအချိန်ကတည်းက အင်္ဂလိပ်တွေဟာ အင်မတန် လစ်ဘရယ် ဆန်ခဲ့ကြပါတယ်။ အတင်းအကျပ်သဘောနဲ့ မဟုတ်ဘဲ ရိုးရှင်းစွာ သာသနာပြုခဲ့ကြတဲ့ အတွက် တိုင်းရင်းသားများစွာ ခရစ်ယာန်ဘာသာဝင် ဖြစ်ခဲ့ရပါတယ် ….။

    အစ္စလာမ်ဟာ သမိုင်းတလျှောက်မှာ ဓားမိုးပြီး သာသနာပြုခဲ့ပါတယ် ဆိုရင် …  ဒီနေ့ခေတ်မှာ အဲသလို မမှန်မကန်တဲ့သာသနာတခုဟာ ရုတ်ချည်း လျှင်မြန်စွာ တိုးတက်များပြားလာစရာ မရှိသလို တည်မြဲ နေနိုင်မှာလည်း မဟုတ်ပါဘူး … ပြန်လည်သုံးသပ်စေချင်တယ်။ ဘာလို့လည်း ဆိုတော့ လူ ဆိုတာ ဖိနှိပ်ကွပ်ညှပ်မှု မှန်သမျှကို တွန်းလှန်ဖယ်ရှားလိုတဲ့ အမျိုးမို့ပါ။

    နောက်တချက်က လက်ရှိခေတ် အစ္စလာမ် သာသနာကို ကိုးကွယ်တဲ့ လူတချို့မကောင်းတာ ရှိနိုင်ပါတယ် …။ ဒါဟာလည်း သဘာဝပါပဲ ။ လူတိုင်း ဘာသာတရားတွေရဲ့ အဆုံးအမကို တသွေမတိမ်းသာ လိုက်နာခဲ့ကြရင် ဒီနေ့ စစ်ပွဲတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး ။ အင်မတန် သာတောင့်သာယာ ငြိမ်းချမ်းတဲ့ ကမ္ဘာမြေကြီး ဖြစ်နေမှာပါ ။ အဓိက ပြောချင်တာက သာသနာကြောင့် မဟုတ်ဘဲ လူတွေကြောင့် ဖြစ်ပျက်ခဲ့သမျှကို သာသနာအပေါ်အမြင်မမှားစေချင်လို့ ရှင်းပြနေခြင်းပဲ ဖြစ်ပါတယ်။

    ဒီကနေ့ လက်ရှိဖြစ်ပွားနေတဲ့ ….
    အီရတ်ကိစ္စလို IS ကို မွတ်စလင်နိုင်ငံများ နဲ့ မွတ်စလင်အများစု လုံးဝ ထောက်ခံအားပေးခြင်းမရှိပါ။ ဆော်ဒီဘုရင်ဆိုရင် ကြေငြာချက်တောင် ထုတ်ပြီးပါပြီ ….။ အာဖရိကလို ကိစ္စမျိုးဟာလည်း အဖြစ်အပျက်များစွာထဲက တခုပါ …။ တကမ္ဘာလုံး အဲသလို ဖြစ်နေပြီလို့ ပြောရင် ဒါဟာ မှားယွင်းနေပါတယ် …။ အစွန်းရောက်ကို အစွန်းရောက်လို့သာ မြင်သင့်ပါတယ် …။ လက်ရှိ ကာတာ၊ ကူဝိတ်နဲ့ ဆော်ဒီ လို နိုင်ငံမျိုးတွေကို အလုပ်သွားလုပ်နေသူတွေ ပိုသိနိုင်ပါတယ်။ အတင်းအဓမ္မ သာသနာ သွတ်သွင်းခြင်း ရှိမရှိပေါ့ …။

    ဒီနေ့ကမ္ဘာမှာ မွတ်စလင်နိုင်ငံတချို့မှ လွဲလို့ ပြန့်ကျဲနေတဲ့ လူနည်းစုမွတ်စလင်မ်တွေဟာ အဖိနှိပ်ခံနေရပါတယ်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ပညာရေးအရ အစစမှာ ဖိနှိပ်ခံနေရတာတွေ ရှိနေပါတယ် …။ ဒီလိုတွန်းအားပေးတဲ့ အချက်တွေကြောင့်လည်း အစ္စလာမ်တွေ ပြည်နယ်ခွဲထွက်ဖို့ တောင်းဆိုခဲ့ကြတာပါ။

    မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် အစ္စလာမ်တွေဟာ အင်္ဂလိပ်လက်အောက်ရောက်မှ မြန်မာပြည်ကို ရောက်လာကြတာ မဟုတ်ပါဘူး ။ ဗျတ်ဝိ ၊ ဗျတ္တ ခေတ်က စလို့ မြန်မာ့ရေမြေ ထိတွေ့ခဲ့ကြတာ ၊ နောက် ပါရှန်း ကုန်သည်တွေ ကသည်းတွေ ကမန်တွေ အများကြီးပါ ။ မြန်မာ ဘုရင်တိုင်းရဲ့ အားကိုးအားထား ကိုယ်ရံတော်တွေ၊ စာတော်ဖတ်တွေ၊ ကုန်သွယ်ရေးဝန်တွေ အဖြစ်အထိ သစ္စာရှိစွာ တာဝန်ထမ်းခဲ့ကြသူတွေပါ ။ ဒါကြောင့် မြန်မာဘုရင် အဆက်ဆက် ချီးမြှင့် မြောက်စားခဲ့တဲ့ သမိုင်းအဖြစ် ဆောက်လုပ်ပေးထားခဲ့တဲ့ ဗလီဝတ်ကျောင်းတော်များကို လေ့လာနိုင်ပါတယ်။ အဲဒီအချိန်ကတည်း ဒီကနေ့ ဘာပြသနာမှ မပေါ်ဘဲ အေးတူပူအမျှ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာပါ။

    မူဂျာဟစ် သူပုန်တခုတည်းကိုဟိုက်လိုက် လုပ်လို့ မရပါဘူး …။ အဲဒီ အချိန် မူဂျာဟစ်သူပုန်ဘက်က တပြည်လုံး မွတ်စလင်မ်တွေမပါဝင်ခဲ့ဘူး ဆိုတာလည်း သေချာတဲ့ သမိုင်းအထောက်အထားတွေ ရှိခဲ့ပါတယ် …။ လက်ရှိ နိုင်ငံအတွင်းနေထိုင်ကြတဲ့ ပြည်ပေါက် မွတ်စလင်မ်တွေဟာ အကြမ်းဖက်မှု လုပ်ဆောင်နေသူတွေလား အကြမ်းဖက်ခံတွေလား ဆိုတာကိုလည်း သုံးသပ်ကြည့်ပေးပါ ….။

    အစ္စလာမ့် မီဒီယာတွေကြောင့် မြန်မာနိုင်ငံ ပုံရိပ်ကျဆင်းခြင်း ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အထောက်အထားတွေ မြန်မာပြည်သူအများစု သိထားကြပါတယ်။ နောက်တခု ရခိုင်ပြည်နယ်က ဘင်္ဂလီပဲ ခေါ်ခေါ် ၊ ရိုဟင်ဂျာ ခေါ် ရွာဟောင်းစား လို့ပဲ ခေါ်ခေါ် ( ဘဘဦးတင်ဦး၏ အဆို ) တွေ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ပြသနာရှာနေပါတယ် ဆိုတာကတော့ အမှန်တရားနဲ့အတော် ဝေးကွာလှပါတယ်။ စစ်ဆေးရေးအဖွဲ့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေမှာ သက်သေတွေ အများကြီးတွေ့ရပါတယ်။

    မုဒိမ်းမှုတမှုလောက် ခိုက်ရန်ဖြစ်ပွားမှု တခုလောက်ကို တပြည်လုံးစာ ပြောလို့ မရပါ။ လူသားဖြစ်တဲ့ အတွက် အကောင်းရှိသလို အဆိုးလည်း အနည်းအကျဉ်း ရှိနေတာပါ။ တကယ်တမ်း စစ်တမ်းကောက်ယူရင်လည်း ပြစ်မှုမြောက်များစွာထဲမှာ အင်မတန်နည်းတဲ့ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု ရှိရင် ဒါကလည်း ပြီးသွားမယ့် ကိစ္စပါ။ နောက်တချက်က ကမ္ဘာတ၀ှမ်းလုံးမှာ အစွန်းရောက်တွေကို မကြိုက်လို့ လက်မခံလို့ ပြန်လည်တွန်းလှန် တိုက်ခိုက်နေတာလည်း မွတ်စလင်မ်တွေ အချင်းချင်းပဲ မဟုတ်လား ဗျာ …။

    နောက်ဆုံး နိဂုံးချုပ်ပြောလိုတာကတော့ အစ္စလာမ်နဲ့ ဘယ်ဘာသာနဲ့မဆို အတူယှဉ်တွဲနေလို့သိပ်ကို ဖြစ်နိုင်ပါတယ်။ တခုကိုပဲ ကိုးကားပြပါ့မယ်။

    “ နဂ်ျရာန် မှ ခရစ်ယာန် ကိုယ်စားလှယ်အဖွဲ့ မဒီနာမြို့သို့ ရောက်ရှိလာသည့်အခါ တမန်တော်မြတ်သည်ယင်း ကိုယ်စားလှယ်အဖွဲ့ဝင်များအား မိမိကိုယ်တော်တိုင် ဧည့်ခံတော်မူ၏။ ဗလီဝတ်ကျောင်းတော်တွင် တည်းခိုစေတော်မူ၏။ ထိုမျှမက ယင်းကိုယ်စားလှယ်အဖွဲ့ဝင်များအား ဗလီတော်တွင် ၎င်းတို့ဘာသာအယူဝါဒ အလျောက် ကျင့်စဉ်များကို ၀တ်ပြုခွင့် ပေးခဲ့လေသည်။ ”

    ဒါအပြင် အစ္စလာမ့်တိုင်းနိုင်ငံအတွင်း၌ ရှိသော ဘာသာခြားများ၏ ၀တ်ကျောင်းများကို စောင့်ရှောက်ဖို့အမိန့်ပေးခဲ့သည်။ အယူဝါဒ မတူသူများအား အစ္စလာမ်ဥပဒေဖြင့် တရားစီရင်ခြင်း မပြုဘဲ သီးခြားဥပဒေ ပြဌာန်းပေးတော်မူခဲ့သည်။ …

    ဒါတွေဟာ အကျဉ်းမျှ ထုတ်နှုတ်တင်ပြခြင်းဖြစ်ပါတယ်။

    သမိုင်းကြောင်းအရကော လက်ရှိမြန်မာပြည်မွတ်စလင်မ်အများစုရဲ့ အကြောင်းကိုကော ထဲထဲဝင်ဝင်လေ့လာလိုက်ရင်သိနိုင်ပါတယ်။

    အစ္စလာမ်ဘာသာဝင် ဖြစ်တာကလွဲလို့ ဒီမြန်မာနိုင်ငံမှာမွေး ၊ ဒီမြေမှနေ၊ ဒီရေသောက်လာတာ မျိုးဆက် ၇ ဆက်ကျော်ပြီဖြစ်တဲ့ မွတ်စလင်မ်တွေဟာ ဒီနိုင်ငံကလွဲပြီး သစ္စာရှိစရာလည်း မရှိပါဘူး ။ အတူတကွ ယှဉ်တွဲနေထိုင်ရေး မဖြစ်နိုင်ဘူး လို့ သုံးသပ်လိုက်တာနဲ့ ဒါဟာ ပဋိပက္ခ ကို ဦးတည်သွားစေပါလိမ့်မယ် ။

    မြန်မာပြည်သား မွတ်စလင်မ်များကတော့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး နဲ့ တရားဥပဒေစိုးမိုးရေး ကိုသာ အစဉ်တစိုက် တောင်းဆိုသွားမှာပဲ ဖြစ်ပါတယ်။ အစွန်းရောက်များကို လက်တွဲပူးပေါင်း ဆန့်ကျင်သွားမှာပါ။ လက်ရှိကမ္ဘာမှာ အစ္စလာမ် တွေ အစွန်းရောက်မှု ရှိနေတာကို မငြင်းလိုပါ …။ အမေရိကန်တို့ အစ္စရေး တို့ရဲ့ဖိနှိပ်မှုကို တုံ့ပြန်လာတဲ့ အချက်တခု အဖြစ်လည်း သုံးသပ်မိပါတယ် ။ လုံးဝ အမှန်တရားတခုလို့တော့ မဆိုနိုင်ပါဘူး…..။ အကြောင်းတရား တခုတော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော အစ္စလာမ်တိုင်း အစွန်းရောက်နေတယ်ဆိုတဲ့ အမြင်ကိုတော့ လူထုကို မြင်မသွားစေချင်ပါ။ ဟုတ်လည်း မဟုတ်ပါ။

    ဒီစာကိုရေးမိခြင်းဟာ အစ္စလာမ် အပေါ်မှာ လူထု ပိုပြီး အမြင်စောင်းမသွားစေရန်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လိုလားမှုကြောင့်ပဲ ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့ နည်းနဲ့ ပြသနာအားလုံးကို ဖြေရှင်းဖို့ အတွက်တော့ ပြည်သူအားလုံးက လက်ကမ်းကြိုနေမယ်လို့ ယုံကြည်ပါတယ် ခင်ဗျား ။

    ငြိမ်းချမ်းပါစေ မြန်မာပြည်။

    ဘရန်ဆိုင်း ။

    *စာရေးသူ ဘရန်ဆိုင်း ခွင့်ပြုချက်ဖြင့် ၄င်း ၏ FB စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • အစွန်း / အထင်း

    အစွန်း / အထင်း

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media
    အိမ်ဝေးသူ(KZ)
    10629367_550389565067201_1812935903258270389_o
    ကျွန်တော်သည် အပြစ်အနာအဆာ ကင်းစင်လွန်းသော လူသားတစ်ဦး မဟုတ်ပါ။ သို့သော်…ကျွန်တော်သည် အစွန်းအထင်း များကို ကြောက်ပါသည်။ သေးငယ် ပမွှားလွန်းသော အစွန်းအထင်းတစ်ခုခုကို ကျွန်တော် ကြောက်ပါသည်။ မြင်သာထင်သာလွန်းသော အစွန်းအထင်းတစ်ခုခုကိုလည်း ကျွန်တော် ကြောက်ပါသည်။

    ကျွန်တော့် ဘဝနှင့်ချီသော အတွေ့အကြုံတစ်ခုကို စာဖတ်သူတို့အား မျှဝေပါမည်။

    ကျွန်တော့်ဘဝ သက်တမ်းတစ်လျှောက် အရက်သေစာ သောက်စားမူးယစ်ခဲ့ခြင်း လုံးဝမရှိပါ။

    ဘာသာတရား အဆုံးအမကြောင့် အရက်သည် တားမြစ်ကုန်စည်ဖြစ်ကြောင်း ကျွန်တော် နားလည်ထားပါသည်။ အရက်သောက်လျှင် မူးတတ်ကြောင်း ကျွန်တော်သိထားသည်။

    အရက်သောက်လျှင် မကောင်းမှုများ ကျူးလွန်တတ်ကြောင်း ကျွန်တော် မှတ်သားထားသည်။ ထို့ကြောင့် ထိုအရက်နှင့် အဝေးဆုံးမှာ ကျွန်တော် နေဖြစ်သည်။

    လုပ်ငန်းသဘောအရကြောင့် ဖြစ်စေ၊ မိတ်ရင်းဆွေရင်းများက တိုက်တွန်း၍ ဖြစ်စေ၊ ကျွန်တော့်ထံပါးတွင် သတိနှင့် အသိ ရှိနေသရွေ့  ကျွန်တော် အရက်ခွက်ကို မကိုင်ခဲ့။ အရက်ကို လုံးဝမသောက်ခဲ့။

    အရက်သောက်သည်ဆိုသော ကိစ္စတစ်ခုကြောင့် ကျွန်တော့်ဘဝကို ဘယ်တော့မှ အစွန်းအထင်းမခံ။ အရက်သောက်ခြင်း၊ အရက်ကို ထိတွေ့ ကိုင်တွယ်ခြင်းများကို ရှောင်ကြဉ်သည့် အတွက် ကျွန်တော့်ဘက်က နစ်နာမှုအချို့ ရင်ဆိုင်ရသည်။

    ဥပမာ။။ အလုပ်အကိုင် အခွင့်အရေးနှင့် ပတ်သက်၍ နစ်နာရသည်။ နိုင်ငံခြား ရောက်ခါစက ဟိုတယ်အချို့ နှင့် စားသောက်ဆိုင် အချို့တွင် လုပ်ခငွေကောင်းမွန်သော အခြေအနေများစွာကို ကြုံတွေ့ခဲ့ရသည်။ အခွင့်အရေးကောင်းဟု ဆိုနိုင်သော်လည်း မိမိဆွဲကိုင်ထားသော အယူအဆကြောင့် ထိုငွေကြေး၊ ရာထူးဆိုင်ရာ အခွင့်အရေးများကို ကျေကျေနပ်နပ် လက်လွှတ်ခဲ့သည်။

    “သေးငယ်လွန်းသော အစွန်းအထင်းတစ်ခုသည် ကြီးကျယ်ခမ်းနားလွန်းသော သင့်ဘဝတစ်ခုလုံးကို ထိခိုက် နစ်နာမှုများဖြင့် ပြည့်လျှံ သွားအောင်…  နှစ်မြှုပ် ပစ်နိုင်စွမ်းရှိသည်။”

    ဤနေရာတွင် “သင်၏ ကုလားအုတ်ကိုလည်း ကြိုးဖြင့် တိုင်တွင်မြဲမြံစွာ ချည်နှောင်ပါလေ။ ထိုကုလားအုတ် မပျောက်မပျက် ရှိစေရန် ဘုရားသခင်ထံပါးတွင်လည်း ဆုပန်ပါလေ”  ဟူသော ဘာသာတရား အဆုံးအမတစ်ခုကို လေ့လာမှတ်သားဖူးခဲ့ပါသည်။

    ကုလားအုတ်ကို ကြိုးဖြင့် တိုင်တွင် ချည်နှောင်ခြင်း မပြုဘဲ ဆုတောင်းရုံသက်သက်သည် အချည်းအနှီးဖြစ်သည်။ ထို့အတူ ကုလားအုတ်ကို ချည်နှောင်ထားသော်လည်း ဆုတောင်းခြင်း လုံးဝ ပြုစရမလိုဟု သတ်မှတ်ခြင်းသည်လည်း မပြည့်စုံဟု ဆိုလိုခြင်း ဖြစ်ပေသည်။

    ကျွန်တော့်အနေဖြင့်…

    “ငါ အရက်သောက်တာမှ မဟုတ်တာ၊ အရက်လာသောက်မယ့် Customers ကို ဧည့်ခံတာပဲ၊ ဘာဖြစ်မှာလဲ” ဟူသော အတွေးမျိုး မရှိစေရ။ ကျွန်တော်သည် ထိုအစွန်းအထင်း တစ်ခုကို မကျူးလွန်ချင်သူ အမှန်တကယ် ဖြစ်ပါက ကျွန်တော် ပထမဆုံး လုပ်ရမည့် အလုပ်မှာ “ အရက်များနှင့် ဝေးရာမှာ နေခြင်း၊ အရက်ရှိသည့် နေရများနှင့် ဝေးရာမှာ နေခြင်း” မဟုတ်ပါလား။ အရက် အလွယ်တကူ ရရှိနိုင်သည့် နေရာတွင် နေထိုင်ပြီး “ငါ လုံးဝ အရက်မသောက်ဘူး”ဟု စိတ်ပိုင်းဖြတ် ထားသော်လည်း ထိုဆုံးဖြတ်ချက်သည် မည်မျှ ခိုင်မာတည်တံ့နိုင်ပါမည်နည်း။ ပတ်ဝန်းကျင်က ကျွန်တော့်ကို တွန်းအားပေးလွန်းသည့် တစ်နေ့တွင် ထိုအစွန်းအထင်းကို ကျွန်တော်ကိုယ်တိုင် ကျူးလွန်မိပေလိမ့်မည်။

    အစွန်းအထင်းများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိသည်။ အရက်သောက်ခြင်း ဟူသော အစွန်းအထင်း တစ်ခုသည် သူတစ်ပါး သားပျိုသမီးပျိုများကို ဖျက်ဆီးခြင်း၊ သူတစ်ပါးအသက်အန္တရာယ်ကို ထိပါးရန်စခြင်း၊ မိမိကိုယ်ကိုယ် မထိန်းသိမ်းနိုင်ဘဲ အသက်ဘေးဖြင့် ကြုံစေနိုင်ခြင်း စသည့် ဆင့်ကဲအစွန်းအထင်းများစွာနှင့် ဆက်စပ်လျက်ရှိသည်။

    ကျွန်တော် အရက်မသောက်သော်လည်း အရက်ဆိုင်မှာ အလုပ်လုပ်မည်ဆိုပါက အချိန်ကာလ ကြာမြင့်သောအခါ ပတ်ဝန်းကျင်၏ တွန်းပို့မှုကြောင့် ကျွန်တော် အရက်သောက်တတ်လာမည်။

    တစ်လမှာ အရက်တစ်ခွက်၊ တစ်ပတ်မှာ အရက်တစ်ခွက်၊ နေ့စဉ် အရက်တစ်ခွက် အစရှိသဖြင့် တစ်ဖြည်းဖြည်း မိမိကိုယ်ကို တစ်ဆင့်စီ လျှော့ချပစ်လိုက်မိမည်။

    အရက်ကိုပါ တွဲရောင်းသည့် စားသောက်ဆိုင်တွင်ပင် အလုပ်မလုပ်နိုင်ဟု သတ်မှတ်ထားခဲ့သည့်အတွက် ထိုခိုင်မာသော စိတ်ဓာတ်က ကျွန်တော့်ကို အရက်မှ ကင်းဝေးအောင် ထိန်းသိမ်းသည်။ အကယ်၍ ကျွန်တော်သာအလွယ်လမ်းကိုလိုက်၍ အရက်ဆိုင်တွင် တစ်လမျှ အလုပ်လုပ်ခဲ့ဖူးသူဖြစ်လျှင် အလုပ်အကိုင် အကျပ်အတည်းဖြင့် ကြုံတွေ့လာပါက “ အရင်တုန်းက ငါ… ဒီအလုပ်ကို လုပ်ခဲ့သေးတာပဲ၊ ဒီတစ်ခါလေး လုပ်တော့လည်း ဘာဖြစ်သွားမှာလဲ” ဟူသော စိတ်က အနိုင်ယူပေလိမ့်မည်။

    မိမိဘဝတွင် အစွန်းအထင်း တစ်ခုမျှ မရှိစေလိုလျှင် မိမိကိုယ်တိုင် ထိုအရာကို ရွံရှာတတ်ရမည်။ ထိုအစွန်းအထင်းမျိုးနှင့် ဝေးကွာစွာနေရမည်။ “တစ်ခါလောက်တော့ စမ်းကြည့်တာပေါ့” ဟူသော စူးစမ်းစိတ်မျိုးကို ရှောင်ကြဉ်ရမည်။ အစွန်းအထင်းတစ်ခု ရှိနေပြီဆိုပါက နောက်ထပ်အစွန်းအထင်းတစ်ခု မိမိဘဝထဲသို့ ဝင်ရောက်ဖို့ လွယ်ကူသည်။ အစွန်းအထင်းများစွာဖြင့် ပြည့်နှက်လာပြီဆိုပါက မိမိဘဝ လူလုံးမလှ ဖြစ်ရပေလိမ့်မည်။

    နိဂုံးချုပ်ပါမည်။

    အစွန်းတစ်ခုသည် သေးငယ်သည် ဖြစ်စေ၊ ကြီးမားသည် ဖြစ်စေ အများအမြင်၌ မတင့်တယ်ဘဲ အထင်းသား ဖြစ်နေပေလိမ့်မည်။

    အိမ်ဝေးသူ(KZ)

    ဝန်ခံချက်။

    {အရက်သောက်ခြင်းဟူသော အစွန်းအထင်း} ကို ဖော်ပြခြင်းမှာ မြင်လွယ်သော ဥပမာတစ်ခု ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ယမကာကို သုံးစွဲနေရသူများကို နစ်နာစေလိုသောစိတ်ဖြင့် တင်ပြခဲ့ခြင်း အလျဉ်းမဟုတ်ပါကြောင်း။