News @ M-Media
Tag: Pakistan
  • ပါကစ္စတန် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျ
    ပါကစ္စတန် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျ
    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media
    paki-2
    – လူ ၄၇ ဦးကို တင်ဆောင်သွားခဲ့သည့် ခရီးသည်တင်လေယာဉ်တစ်စင်းမှာ နိုင်ငံတောင်ပိုင်းတွင် ယနေ့မနက်ပိုင်းက ပျက်ကျသွားခဲ့သည်ဟု ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း PIA က ပြောကြားလိုက်သည်။
    လေယာဉ်အမှတ် PK661 ဖြစ်ပြီး ပြည်တွင်းခရီးစဉ်အဖြစ် မြောက်ပိုင်းရှိ ချစ်ထရယ်မြို့မှ မြို့တော် အစ္စလာမ်မာဘတ်သို့ ပျံသန်းလာစဉ် ဟာဗီလီယံမြို့အနီးရှိ တောင်ထူထပ်ရာနေရာ၌ ပျက်ကျသွားခဲ့ကာ မီးလောင်ပေါက်ကွဲခဲ့သည်။
    အခင်းဖြစ်ပွားရာနေရာသို့ ရောက်နေသည့် ပါကစ္စတန်အစိုးရ တာဝန်ရှိသူ တဂ်ျ မိုဟာမက်ခန်းကမူ လေယာဉ်အပျက်အဆီးများကြားမှ အလောင်း ၇ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ အသက်ရှင်သူ မရှိနိုင်ကြောင်း၊ အလောင်းများမှာ မမှတ်မိနိုင်လောက်အောင် မီးလောင်ပျက်ဆီးနေကြောင်း ပြောကြားခဲ့သည်။
    PIA က တာဝန်ရှိသူတစ်ဦးကမူ လေယာဉ်ပျက်ကျရသည့် အကြောင်းအရငးကို တိတိကျကျပြောရန်အတွက် စောလွန်းနေသည်ဟုဆိုသည်။
    အဆိုပါလေယာဉ်တွင် အဆိုတော်ဘ၀မှ တရားဟောဆရာ ဖြစ်လာခဲ့သူ ဂျူနိုက် ဂျိမ်ရှက်ဒ်နှင့် ၎င်း၏ ဇနီး၊ ချစ်ထရယ်မြို့၏ လက်ထောက် ကော်မရှင်နာမင်းကြီး အိုစာမာ ၀ါရာအစ်ခ်ျတို့လည်း လိုက်ပါသွားခဲ့သည်။
    Ref: Aljazeera
  • ပါကစ္စတန်ရှိ ဆင်းပြည်နယ်တွင် ဖိအားပေးဘာသာပြောင်းမှု တားမြစ်ရေး ဥပဒေထုတ်
    ပါကစ္စတန်ရှိ ဆင်းပြည်နယ်တွင် ဖိအားပေးဘာသာပြောင်းမှု တားမြစ်ရေး ဥပဒေထုတ်
    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media
    paki
    – ပါကစ္စတန်နိုင်ငံ ဆင်းပြည်နယ်တွင် မွတ်စလင်များက လူမှုရေးထုံးတမ်းစဉ်လာအရ ဖိအားပေး ဘာသာပြောင်းခိုင်းမှုကို ပိတ်ပင်သည့် ဥပဒေတစ်ခုကို ပြည်နယ်အစိုးရက ပြည်ဌာန်းလိုက်ပြီး အစိုးရက လူနည်းစုများအပေါ် ကာကွယ်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများကို တုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။
    ကြာသာပတေးနေ့က ပြဌာန်းလိုက်သည့် အဆိုပါ ဥပဒေတွင် အရွယ်ရောက်ပြီးသူများအနေဖြင့် ဘာသာကူးပြောင်းရေး ဆုံးဖြတ်ချက်အတွက် ၂၁ ရက်အတွင်း စဉ်းစားရန် ပြဌာန်းထားပြီး၊ အရွယ်မရောက်သေးသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒဖြင့်ပင် ဘာသာပြောင်းသော်လည်း အကျုံးမ၀င်ဟု သတ်မှတ်ထားသည်။
    “ဖိအားပေး ဘာသာပြောင်းခိုင်းခြင်းဟာ စက်ဆုပ်ကြမ်းတမ်းတဲ့ ပြစ်မှုဖြစ်ပါတယ်။ ဆင်းပြည်နယ်တစ်ခုလုံးမှာ ပြန့်နှံ့နေတဲ့ ဒီပြဿနာကို သည်းခံမှုရဲ့ အရေးပါမှု၊ ငြိမ်းချမ်းရေး၊ ဘာသာအယူဝါဒအားလုံးနဲ့ လူမျိုးအားလုံးအပေါ်မှာ လေးစားမှု စတာတွေကို အသိအမှတ်ပြုခြင်းအားဖြင့် ဖယ်ရှားရမှာ ဖြစ်ပါတယ်” ဟု အဆိုပါဥပဒေတွင် ရေးသားထားသည်။
    ထို့ပြင် ထိုကဲ့သို့ ဖိအားပေး ဘာသာပြောင်းမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ရန်၊ ထိုကိစ္စ၏ သားကောင်ဖြစ်ရသူများကို ကာကွယ်မှုပေးရန်အတွက်လည်း ဥပဒေတွင် ပြဌာန်းထားသည်။ ပြစ်မှုကျူးလွန်သူကို အနိမ့်ဆုံး ထောင်ဒဏ် ၅ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ် ချမှတ်နိုင်မည်ဖြစ်သည်။
    အဆိုပါ ဆင်းရာဇ၀တ်မှုဥပဒေ (လူနည်းစုများ ကာကွယ်ရေး) ဥပဒေကြမ်းကို ပြီးခဲ့သည့်တစ်နှစ်က ပါကစ္စတန်မွတ်စလင်လိဂ်မှ အမတ်တစ်ဦးဖြစ်သူ ဟိန္ဒူဘာသာဝင် နန်ဒ် ကူမာရ် ဂေါ့က်လာနီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဆင်းပြည်နယ်မှာလည်း ပါကစ္စတန်တွင် ထိုကဲ့သို့ ဥပဒေမျိုး ပြဌာန်းသည့် ပထမဆုံးပြည်နယ် ဖြစ်သည်။
    “လူတိုင်းဟာ သူတို့ရဲ့ ဘာသာတရား၊ အယူဝါဒကို လိုက်နာကျင့်သုံးခွင့် ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာနဲ့ ဖိအားပေး ဘာသာပြောင်းခိုင်းတာမျိုး မဖြစ်အောင် ဆောင်ရွက်ရပါမယ်။ ဒီလို လုပ်ရပ်မျိုးကို တားဆီးဖို့အတွက် အခု ကျွန်တော်တို့မှာ ဥပဒေတစ်ခု ရှိပါပြီ။ ဒါဟာ သမိုင်ဝင်ဆောင်ရွက်ချက်ပါပဲ” ဟု ဂေါ့က်လာနီက ပြောကြားခဲ့သည်။
    လူဦးရေ သန်း ၂၀၀ ရှိပြီး မွတ်စလင်အများစုရှိရာ ပါကစ္စတန်တွင် ဖိအားပေးဘာသာပြောင်းသည့်ကိစ္စမှာ နာတာရှည်ပြဿနာတစ်ရပ် ဖြစ်နေပြီး၊ နိုင်ငံလူဦးရေ၏ ၂.၅ ရာခိုင်နှုန်းရှိကာ ဆင်းပြည်နယ်တွင် ၉၀ ရာခိုင်နှုန်း နေထိုင်သည့် ဟိန္ဒူများက ထိုဒဏ်ကို အဓိကခံစားနေရသည်။
    ထိုကဲ့သို့ ဖိအားပးဘာသာပြောင်းခိုင်းမှုနှင့် ပတ်သက်၍ ကိန်းဂဏန်းအတိအကျ မရှိသော်လည်း အန်ဂျီအိုအဖွဲ့ဖြစ်သည့် Movement for Solidarity and Peace ကမူ နှစ်စဉ် မွတ်စလင်နှင့်လက်ထပ်သည့် အမျိုးသမီး အနည်းဆုံး ၁၀၀၀ ခန့်မှာ ဖိအားပေး ဘာသာပြောင်းခြင်း ခံနေရသည်ဟု ဆိုသည်။
    ယခုဥပဒေအရ ထိုကဲ့သို့ ဖိအားပေး ဘာသာပြောင်းခံရသူအနေဖြင့် တရားရုံးသို့ တိုက်ရိုက် တိုင်ကြားနိုင်မည်ဖြစ်ပြီး၊ တရားရုံးကလည်း ပထမဆုံး ကြားနာမှုကို ၇ ရက်အတွင်း ပြုလုပ်ရမည်ဖြစ်သည်။
    Ref: Aljazeera
  • Honour killings ကို တိုက်ဖျက်မည့် ဥပဒေသစ်ကို ပါကစ္စတန်အတည်ပြု
    Honour killings ကို တိုက်ဖျက်မည့် ဥပဒေသစ်ကို ပါကစ္စတန်အတည်ပြု
    အောက်တိုဘာ ၇၊ ၂၀၁၆
    M-Media
    honour
    – နိုင်ငံအတွင်း ဂုဏ်သိက္ခာအတွက်သတ်ဖြတ်ခြင်း (Honour killings) ကို ဆန့်ကျင်တားမြစ်သည့် ဥပဒေတစ်ခုကို ပါကစ္စတန်လွှတ်တော်က ယမန်န့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ပြီး ထိုဥပဒေအရ ပြစ်မှုကျူးလွန်သူအတွက် ကျူးလွန်ခံရသူဘက်မှ ကျေအေးပေးသော်လည်း အမြင့်ဆုံး ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။
    ပါကစ္စတန်နိုင်ငံ၌ အမျိုးသမီးငယ်များကို မိသားစုဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုကာ မိသားစုဝင်များက သတ်ဖြတ်မှုမှာ တစ်နှစ်လျှင် ၅၀၀ ခန့်ရှိနေပြီး၊ ချစ်သူနောက်ခိုးရာလိုက်ပြေးခြင်း၊ အမျိုးသားများနှင့် အရောတ၀င်ဆက်ဆံခြင်း သို့မဟုတ် အမျိုးသမီးများအပေါ် ရှိနေသည့် ရှေးရိုးစွဲ သတ်မှတ်ချက်များကို ချိုးဖောက်မှုများကြောင့် ဖြစ်သည်။
    ထိုအဖြစ်အပျက်အများစုတွင် သတ်ဖြတ်ခံရသူများမှာ အမျိုးသမီးများနှင့် ကျူးလွန်သူမှာ ထိုပြစ်မှုအတွက် မိသားစုထံမှ ခွင့်လွှတ်မှုကို ရယူပြီးနောက် အပြစ်ပေးခံရမှုမှ လွတ်မြောက်ခဲ့သည့် ဆွေမျိုးများ ဖြစ်တတ်သည်။
    “နိုင်ငံတစ်ဝှမ်းမှာ ဒီဥပဒေကို အပြည့်အ၀ ကျင့်သုံးသွားမှာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ သူတို့ကို စွမ်းအားမြှင်တင်ပေးဖို့၊ ကာကွယ်ပေးဖို့နဲ့ လွတ်မြောက်စေဖို့ လိုအပ်တယ်တယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
    ယခုကဲ့သို့ ဥပေဒပြဌာန်းနိုင်ခဲ့သော်လည်း တရားရုံးက ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်း ဟုတ်၊ မဟုတ် ဆုံးဖြတ်ရမည့် အခြေအနေရှိနေခြင်း၊ အမျိုးသမီးများ ချစ်သူနောက်လိုက်ပြေးသည့်ကိစ္စအား မဖြေရှင်းနိုင်ခြင်းနှင့် ထိုဥပေဒမှာ အနောက်တိုင်း ယဉ်ကျေးမှုကို သွတ်သွင်းပေးနေခြင်း စသည့် ဝေဖန်းမှုများလည်း ရှိနေသည်။
    ဂုဏ်သိက္ခာအတွက်သတ်ဖြတ်ခြင်းအား ဆန့်ကျင်သည့် ဥပဒေအပြင် အရွယ်မရောက်သူများ၊ မသန်စွမ်းသူများအပေါ် အဓမ္မပြုကျင့်မှုများကို တစ်သက်တစ်ကျွန်း၊ သေဒဏ် စသဖြင့် အပြစ်ဒဏ် တိုးမြှင့်နိုင်မည့် ဥပေဒတစ်ခုကိုလည်း အတည်ပြုခဲ့သည်။
    Ref: Aljazeera
  • အင်ဒို-ပါကစ္စန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    အင်ဒို-ပါကစ္စန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    indo
    – အင်ဒိုနီးရှား၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာ ညှိုနှိုင်းရေးဝန်ကြီး ၀ီရန်တိုက ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ရာရှဒ် မာမွတ်နှင့် တွေ့ဆုံခဲ့ပြီး သတင်းအချက်အလက်နှင့် လက်နက်ဖလှယ်ရေးတို့ အပါအ၀င် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။
    “လက်နက်တင်ဆင်ထားတဲ့ Anoa ကား၊ မောင်းပြန်ရိုင်ဖယ်နဲ့ CN-235 တိုက်လေယာဉ်တို့အပါအ၀င် ကျွန်တော်တို့ရဲ့ကာကွယ်ရေး လက်နက်ကိရိယာတွေကို ပေးဖို့ သူတို့ကို ကမ်းလှမ်းထားပါတယ်” ဟု ၀ီရန်တိုက အင်္ဂါနေ့တွင် ပြုလုပ်သည့် အစည်းအဝေးအပြီး၌ ပြောကြားခဲ့သည်။
    အင်ဒိုနီးရှားနှင့် ပါကစ္စတန်အကြား ပူးပေါင်းဆောင်ရွက်မှုမှာ နှစ်အတော်ကြာပြီဖြစ်ပြီး ကျောင်းသားများနှင့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဗိုလ်မှူးများ အပြန်အလှန်စေလွှတ်ရေးသာမက အမျိုးသားကာကွယ်ရေးဌာန အဖွဲ့ဝင်များ ဆွေးနွေးဖလှယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
    “နှစ်နိုင်ငံကြား စစ်တပ်တွေရဲ့ အပြန်အလှန်ဆက်သွယ်ရေးက အလွန်နီးကပ်မှုရှိပါတယ်။ ဗိုလ်ချုပ်ကြီး ရာရှဒ် မာမွတ်က အဲ့ဒီဆက်ဆံရေး တည်တံ့ဖွံ့ဖြိုးအောင် ထိန်းသိမ်းဖို့တောင်းဆိုထားပါတယ်” ဟု ၀ီရန်တိုက ထည့်သွင်းပြောကြားခဲ့သည်။
    အင်ဒိုနီးရှားကြည်းတပ်၏ ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သူ ၀ီရန်တိုက အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး၊ ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်စေရန် အားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် အင်ဒိုနီးရှားအစိုးရက စိတ်အားထက်သန်လျက်ရှိသည်ဟု အလေးထား ပြောကြားခဲ့သည်။
    Ref : IINA
  • အိန္ဒိယမှာ နယ်စပ်တွင် စစ်အင်အား တိုးချဲ့နေသည်ဟု ပါကစ္စတန် စွပ်စွဲ
    အိန္ဒိယမှာ နယ်စပ်တွင် စစ်အင်အား တိုးချဲ့နေသည်ဟု ပါကစ္စတန် စွပ်စွဲ
    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    paki-warn
    – နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာစဉ် အိန္ဒိယက ၎င်း၏ နယ်စပ်တစ်လျှောက်တွင် စစ်အင်အား တိုးမြှင့်နေသည်ဟု ပါကစ္စတန်က စွပ်စွဲပြောဆိုလိုက်ပြီး ထိုလုပ်ရပ်တွက် လိုအပ်သော ဆောင်ရွက်မှုများအားလုံးကို ပြုလုပ်သွားမည်ဟု ဆိုသည်။
    ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ မိန့်ခွန်း၌ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ‘ပိုင်နက် ကာကွယ်ထိန်းသိမ်းရေးအတွက် လုပ်လို့ရတာမှန်သမျှ လုပ်သွားမယ်” ဟုလည်း သတိပေးခဲ့သည်။
    ထို့ပြင် နျူလက်နက်ပိုင်ဆိုင်သည့် နှစ်နိုင်ငံအကြား ၂၇ နှစ်ကြာပဋိပက္ခကို အဆုံးသတ်ရန် ကရှ်မီးယားအရေးနှင့် ပက်သက်၍ ဖြစ်နိုင်ချေရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ လက်သင့်မခံနိုင်သော ရှေ့ပြေးအခြေအနေများကို ပြုလုပ်လာမှုအတွက်လည်း သမ္မတက အိန္ဒိယကို ပြစ်တင်ရှုတ်ချခဲ့သည်။
    “ဆွေးနွေးမှုတွေဟာ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားအတွက်ပါပဲ၊ ဒီဆွေးနွေးမှုတွေဟာ ကျွန်တော်တို့ရဲ့ ခြားနားချက်တွေ အထူးသဖြင့် ဂျမ်မူးနဲ့ ကရှ်မီးယား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့နဲ့ ဘယ်လိုတင်းမာမှု အန္တရာယ်မျိုးကိုမှ မဖြစ်လာအောင် တားဆီးဖို့ အထူးအရေးပါပါတယ်”
    တနင်္ဂနွေနေ့က ကရှ်မီးယားရှိ အိန္ဒိယစစ်အခြေစိုက်စခန်းကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့မှုကြောင့် အိန္ဒိယစစ်သား ၂၀ သေဆုံးပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာခဲ့ပြီး အိန္ဒိယကမူ ထိုစစ်သွေးကြွများကို ပါကစ္စတန်က ထောက်ပံ့ပေးထားသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်း ထိုစွပ်စွဲမှုကို ပါကစ္စတန်က ငြင်းဆိုခဲ့သည်။
    Ref : Presstv