News @ M-Media

Tag: Pakistan

  • စာရင်းလိမ်ကာ ထောက်ပံ့ကြေးရယူနေသော စာသင်ကျောင်းများကို ပါကစ္စတန်ဖော်ထုတ်

    စာရင်းလိမ်ကာ ထောက်ပံ့ကြေးရယူနေသော စာသင်ကျောင်းများကို ပါကစ္စတန်ဖော်ထုတ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    paki

    – နိုင်ငံအတွင်း အမှန်တကယ် လည်ပတ်နေခြင်းမရှိဘဲ စာရင်းသာရှိသည့် ရာနှင့်ချီသော စာသင်ကျောင်းများအား ဖော်ထုတ်ကာ ရန်ပုံငွေ ထောက်ပံ့ပေးနေရမှုများကို ပါကစ္စတန် အာဏာပိုင်များက ရပ်တန့်လိုက်ပြီး အလုပ်မလုပ်ဘဲ လခယူနေသော ကျောင်းဆရာ ၄၅၀ ကိုလည်း ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင်ဖြစ်ပြီး ပြည်နယ်ပညာရေးဝန်ကြီး ရာဇာမိုဟာမက် ခန်း ဘာရက်ခ်ျက မိမိတို့မှာ ထိုကိစ္စအတွက် စုံစမ်စစ်ဆေးမှုများကို ပြီးခဲ့သည့်နှစ်က စတင်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒေသအတွင်း စာရွက်ပေါ်မှာသာရှိတဲ့ စာသင်ကျောင်းက လေးငါးရာလောက် ရှိနေပါတယ်။ ပြီးတော့ အလုပ်မလုပ်ဘဲ လခယူနေတဲ့ ကျောင်းဆရာက ၄၅၀ လောက် ရှိပါတယ်။ အဲဒီကျောင်းတွေထဲက ထက်ဝက်လောက်ဟာ လုံးဝ ပိတ်ထားရပြီး ကျောင်းသားတွေလည်း မရှိပါဘူး” ဟု ဘာရက်ခ်ျက ပြောကြားခဲ့သည်။

    ဒေသတွင်း ပညာရေးအာဏာပိုင်များကမူ ငွေးကြေးအကျိုးအမြတ်ရရှိရန်အတွက် ထိုကျောင်းများတွင် ကျောင်းသားများနှင့် ဆရာများရှိသည်ဟု လိမ်လည်စာရင်းသွင်းကာ အထက်သို့ တင်ပြကြသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ပါကစ္စတန်၏ ဖွဲ့စည်းပုံအခြေခံဥပအေရ အသက် ၅ နှစ်မှ ၁၆ နှစ်အထိ ကလေးငယ်များကို အခမဲ့ပညာရေး ရရှိအောင် ဆောင်ရွက်ပေးရန် ပြဌာန်းထားသည်။

    ထိုကဲ့သို့ စာရင်းသာရှိပြီး လက်တွေ့တွင် လည်ပတ်ခြင်းမရှိသည့် ကျောင်းများမှာ ပါကစ္စတန်၏ ကျေးလက်ဒေသများတွင် အများအပြားရှိနေပြီး အစိုးရကလည်း ပြီးခဲ့သည့်နှစ်မှစ၍ ထိုကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့သည်။

    ပါကစ္စတန်တွင် ပညာတတ်မှုရာခိုင်နှုန်းမှာ အလွန်အမင်းကျဆင်းနေပြီး ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ မူလတန်းကျောင်းနေအရွယ် ကလေးများ၏ ၃ ပုံ ၁ ပုံမှာ ကျောင်းမနေဘဲ၊ အသက် ၁၀ နှစ်နှင့်အထက် ကလေးငယ်များ၏ ၄၂ ရာခိုင်နှုန်းမှာ ပညာမတတ်ကြပေ။အမျိုးသမီးများတွင် အသက် ၁၅ နှစ်နှင့်အထက် မိန်းကလေးငယ်များ၏ ၃ ပုံ ၂ ပုံမှာ စာမရေးတတ်၊ မဖတ်တတ်ကြဘဲ၊ ၃၅ ရာခိုင်နှုန်းမှာမူ လုံးဝကျောင်းနေခြင်း မရှိပေ။

    Ref: Aljazeera

  • ကက်ရှ်မီးယားပြဿနာကို နိုင်ငံတကာက ဖြေရှင်းပေးရန် ပါကစ္စတန် တောင်းဆို

    ကက်ရှ်မီးယားပြဿနာကို နိုင်ငံတကာက ဖြေရှင်းပေးရန် ပါကစ္စတန် တောင်းဆို

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    pak

    – အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ဖြစ်ပွားနေသော ကက်ရှ်မီးယားပြဿနာ၏ အဓိက ရင်းမြစ်ကို ရှာဖွေရန်နှင့် ထိုကိစ္စအား ကုလ၏ ဆုံးဖြတ်ချက် မူဘောင်များနှင့်အညီ OIC နှင့် ကုလတို့က ဖြေရှင်းပေးရန် ပါကစ္စတန်က တိုက်တွန်း ဆော်သြလိုက်သည်။

    ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ရှိ ပါကစ္စတန်သံရုံး၌ သောကြာနေ့ ညနေပိုင်းက ပြုလုပ်ခဲ့သော Kashmir Black Day အောက်မေ့ဖွယ်အခမ်းအနားတွင် ပါကစ္စတန် သံအမတ် မန်ဇူးရ် အူလ်ဟက် အပါအ၀င် အခမ်းအနားသို့ တက်ရောက်လာခဲ့ကြသည့် ပါကစ္စတန်နှင့် ကက်ရှ်မီးယားတို့မှ ထင်ရှားသည့် ခေါင်းဆောင်များက ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

    ထို့ပြင် မိမိတို့ ကံကြမ္မာအား ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရှိရေးအတွက် ရုန်းကန်နေရသည့် ကက်ရှ်မီးယား ပြည်သူများနှင့် ပါကစ္စတန်အစိုးရက အတူတကွ ရပ်တည်ရန်လည်း အဆိုပါခေါင်းဆောင်များက ဆော်သြခဲ့သည်။

    သံအမတ် ဟက်ကမူ ပါကစ္စတန်အနေဖြင့် အိန္ဒိယနှင့် ပြဿနာအားလုံးကို ဖြေရှင်းရန် ဆန္ဒရှိနေသော်လည်း မိမိတို့နှစ်နိုင်ငံအကြား ကက်ရှ်မီးယားပြဿနာမှာ အဓိကကြသည့် ကိစ္စဖြစ်ပြီး တောင်အာရှဒေသအတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက်လည်း အရေးပါသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာအခမ်းအနားများတွင် မိမိတို့အား အဆက်မပြတ် ထောက်ခံအားပေးခဲ့သည့် ဆော်ဒီနှင့် အိုအိုင်စီအဖွဲ့တို့အား ကျေးဇူးတင်သည်ဟု ဆိုသည်။

    ၁၉၈၉ ခုနှစ်မှ စတင်ခဲ့သည့် ကက်ရှ်မီးယား ပြဿနာအတွင်း အပြစ်မဲ့ပြည်သူပေါင်း ၉၄၀၀၀ ကျော် သေဆုံးခဲ့ပြီး အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၀၀၀၀ ကျော်မှာလည်း အဓမ္မပြုကျင့် ခံခဲ့ရသည်။

    ကက်ရှ်မီးယား လူ့အဖွဲ့အစည်းခေါင်းဆောင် ကွေယမ်ခန်းကမူ ကုလနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် ကက်ရှ်မီးယားဒေသအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ရန်နှင့် ကုလ၏ ဆုံးဖြတ်ချက်များနှင့် အညီ
    ထိုပြဿနာအားဖြေရှင်းရန် မေတ္တာရပ်ခံခဲ့သည်။

    Ref: Arabnews

  • အာဖဂန်-ပါကစ္စတန်ငလျင် သေဆုံးသူ ၃၀၀ ကျော်ပြီ

    အာဖဂန်-ပါကစ္စတန်ငလျင် သေဆုံးသူ ၃၀၀ ကျော်ပြီ

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    paki

    – ယမန်နေ့ ညနေပိုင်းက အာဖဂန်နှင့် ပါကစ္စတန်မြောက်ပိုင်းတို့တွင် လှုပ်ခတ်သွားခဲ့သည့် မြေငလျင်ကြောင့် သေဆုံးသူမှာ ၃၃၅ ဦး ရှိလာခဲ့ပြီး တောင်တန်းများထူထပ်သည့် အဆိုပါဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများမှာ အခက်အခဲတစ်ချို့ ရှိနေသည်။

    ပြင်းအား ၇.၅ မဂ္ဂနီကျုရှိသည့် အဆိုပါ ငလျင်ပြီးနောက် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့သောကြောင့် ပြည်သူများမှာ ကြောက်ရွံ့ထိတ်လန့်ကာ ၎င်းတို့၏ နေအိမ်များသို့ မပြန်ဝံ့ကြဘဲ ရေခဲအမှတ်နားအထိ နီးအောင် အေးခဲသော ရာသီဥတုကို အန်တုကာ အိမ်အပြင်တွင်သာ နေထိုင်နေကြသည်။

    ပါကစ္စတန်ကမူ ငလျင်ဒဏ်ခံဒေသများသို့ စစ်တပ်နှင့် အရပ်သား ကယ်ဆယ်ရေးလုပ်သားများကို စေလွှတ်ထားပြီး သေဆုံးသူမှာ ပါကစ္စတန်တွင် ၂၅၃ ဦးရှိကာ၊ အာဖဂန်တွင် အနည်းဆုံး ၈၂ ဦးရှိနေသည်။ ထို့ပြင် ဒဏ်ရာရသူများမှာ ၂၀၀၀ ကျော်ရှိကာ၊ အဆောက်အဦးများ ပြိုကျပျက်ဆီးမှုလည်း များပြားသည်။

    Ref: Aljazeera

  • တောင်အာရှငလျင် သေဆုံးသူ ၄၀ ခန့်ရှိနေပြီး ထပ်မံမြင့်တက်လာနိုင်

    တောင်အာရှငလျင် သေဆုံးသူ ၄၀ ခန့်ရှိနေပြီး ထပ်မံမြင့်တက်လာနိုင်

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    afg

    – အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းကို ဗဟိုပြု၍ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိ မြေငလျင်တစ်ခု ယနေ့ညနေပိုင်းက လှုပ်ခတ်သွားခဲ့ပြီး၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ပါ အဆိုပါ မြေငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

    ကနဦးရရှိသော သတင်းများအရ အာဖဂန်မှ တက်ခ်ဟာရ်ပြည်နယ်ရှိ မိန်းကလေးစာသင်ကျောင်းတွင် အနည်းဆုံး ကျောင်းသား ၁၂ ဦးသေဆုံးခဲ့ကာ၊ ဆွက်တောင်ကြား၊ အာဖဂန်နှင့် ပါကစ္စတန်နယ်စပ်တို့တွင်လည်း အသေအပျောက်များ ရှိနေပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၄၀ ကျော် သေဆုံးသည်ဟု သိရသည်။

    ထို့ပြင် အာဖဂန်မြောက်ပိုင်းတွင် အဆောက်အဦးများ ဆိုးဆိုးဝါးဝါးပျက်ဆီးခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း မြင့်တက်လာဖွယ် ရှိနေသည်။ ငလျင်ဒဏ်ကို အာဖဂန် မြို့တော် ကဘူးလ်၊ အိန္ဒိယမြို့တော် နယူးဒေလီနှင့် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်တို့အထိ ခံစားခဲ့ရပြီး ပြည်သူများမှာ လမ်းမများပေါ်သို့ အလျင်အမြန် ထွက်ပြေးခဲ့ကြသည်။

    အဆိုပါငလျင်ပြီးနောက် နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အာဖဂန်အစိုးရမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် စတင်လုပ်ဆောင်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • ရေငုပ်သင်္ဘောနည်းပညာကို တရုတ်က ပါကစ္စတန်အား လွှဲပြောင်းပေးမည်

    ရေငုပ်သင်္ဘောနည်းပညာကို တရုတ်က ပါကစ္စတန်အား လွှဲပြောင်းပေးမည်

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    china

    – နှစ်နိုင်ငံ ချုပ်ဆိုထားသော ကာကွယ်ရေးစာချုပ်အသစ်အရ ပါကစ္စတန် ဆိပ်ကမ်းမြို့ဖြစ်သော ကရာချီတွင် တရုတ်နိုင်ငံမှာ ရေငုပ်သင်္ဘော ၄ စီးကို ဆောက်လုပ်ပေးသွားမည်ဟု ပါကစ္စတန် ပြည်တွင်းမီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါစာချုပ်တွင် ပါကစ္စတန်အတွက် တရုတ်က ရေငုပ်သင်္ဘော ၈ စီး ဆောက်လုပ်ပေးရေး ပါဝင်ပြီး၊ ပါကစ္စတန် ကာကွယ်ရေးလက်နက်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ ၀န်ကြီး ရာနာ တန်ဗီယာ ဟူစိန်က တရုတ်နိုင်ငံမှာ မိမိတို့အား ရေငုပ်သင်္ဘော ဆောက်လုပ်ရေးလုပ်ငန်းအတွက် နည်းပညာများကို လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း မည်သည့်ရေငုပ်သင်္ဘောအမျိုးအစားကို မည်သည့်အချိန်တွင် ဆောက်လုပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ ၀န်ကြီးက ပြောကြားခဲ့ခြင်းမရှိပေ။ ပါကစ္စတန်နိုင်ငံမှာ ရေငုပ်သင်္ဘောများ ၀ယ်ယူရန်အတွက် ပြင်သစ်၊ ဂျာမနီနိုင်ငံများနှင့် ဆက်သွယ်ခဲ့သော်လည်း အရောင်းအ၀ယ် ဖြစ်မလာခဲ့ပေ။

    Ref: PeopleDaily