News @ M-Media

Tag: Pakistan

  • ကမ္ဘာတဝှမ်းမှ ကလေးအားလုံး အခမဲ့ ပညာသင်ကြားဖို့ စစ်အသုံးစ၇ိတ်  ၈ ရက်စာ လျော့ချဖို့ မာလာလာ တိုက်တွန်း

    ကမ္ဘာတဝှမ်းမှ ကလေးအားလုံး အခမဲ့ ပညာသင်ကြားဖို့ စစ်အသုံးစ၇ိတ် ၈ ရက်စာ လျော့ချဖို့ မာလာလာ တိုက်တွန်း

    ဇူလိုင် ၉၊ ၂၀၁၅
    M-Media

    mala

    – ကလေးငယ်များအား ၁၂ နှစ်ကြာ အခမဲ့ပညာရေး ပေးအပ်နိုင်ရန်အတွက် ၈ ရက်စာ စစ်အသုံးစားရိတ်ကို ဖယ်ထုတ်ပေးရန် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာယူစွဖ်ဇိုင်က ကမ္ဘာ့ခေါင်းဆောင်များအား အင်္ဂါနေ့တွင် တိုက်တွန်းခဲ့သည်။

    ကမ္ဘာတစ်ဝှမ်း ကလေးများ တစ်နှစ်စာ ပညာသင်ယူနိုင်ရေးအတွက် ရန်ပုံငွေမှာ ကန်ဒေါ်လာ ၃၉ ဘီလီယံရှိသည်ဟု မာလာလာတည်ထောင်ထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း Malala Fund က ခန့်မှန်းတွက်ချက်ခဲ့သည်။

    “ဒီပမာဏဟာ တော်တော်ကြီးမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလောက် မများပါဘူး။ တကယ်တော့ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဒီ ၃၉ ဘီလီယံကို စစ်ဘက်မှာ ၈ ရက်လောက်နဲ့ သုံးနေတာပါပဲ” ဟု နော်ဝေနိုင်ငံ အော်စလိုတွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလ၏ ပညာရေးထိပ်သီးအစည်းအဝေးတွင် မာလာလာက ပြောကြားခဲ့သည်။

    အိန္ဒိယရှိ ကလေးငယ်များအရေး လှုပ်ရှားသူ ကိုင်လက်ရှ် ဆက်ယာသီနှင့် ပြီးခဲ့သည့် ဒီဇင်ဘာက နိုဘယ်ဆု အတူယူခဲ့ပြီးနောက် မာလာလာမှာ နော်ဝေသို့ ပထမဆုံး ပြန်ရောက်လာခြင်းလည်း ဖြစ်သည်။

    မာလာလာမှာ ဇွန်လအတွင်းကလည်း ကမ္ဘာ့ဘဏ်ဥက္ကဌ ဂျင်မ် ယုံ ကင်နှင့် တွေ့ဆုံခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် ထုတ်ပြန်ရန် ကုလက စီစဉ်ထားသည့် “ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ရည်မှန်းချက်” အစီအစဉ်အတွက် ဆွေးနွေးခဲ့ကြသည်။

    ထို့ပြင် အဆိုပါရည်မှန်းချက်များ ပြည့်မီရေးအတွက် ဘဏ္ဍာငွေရှာဖွေရန် နည်းလမ်းများနှင့် ပတ်သက်၍ လာမည့်သီတင်းပတ်၌ အီသီယိုးပီးယားတွင် အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားသည်။

    “ကျွန်မပေးချင်တဲ့ မက်ဆေ့ခ်ျက ဒီရည်ရွယ်တွေမှာ ပါရှိတဲ့ အလယ်တန်းပညာရေး ရည်မှန်းချက်ကို အသေအချာ ဆောင်ရွက်ရမယ် ဆိုတာပါပဲ။ ကလေးတစ်ယောက်ကို ၁၂ နှစ်လောက် မူလတန်းနဲ့ အလယ်တန်းပညာရေး သင်ပေးဖို့ ပိုက်ဆံတွေက အဲဒီမှာ (စစ်အသုံးစားရိတ်မှာ) ရှိနေပြီးပါပြီ” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ၂၀၀၀ ခုနှစ်က စတင်ခဲ့သည့် ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းကို အစားထိုးမည့် အဆိုပါ ရည်မှန်းချက်အသစ်များကို ဦးတည်နိုင်ငံများအနေဖြင့် လာမည့် ၁၅ နှစ်အတွင်း အကောင်အထည်ဖော်နိုင်မည်လားဆိုသည်ကို စက်တင်ဘာလတွင် ကုလက ချိန်ဆ ဆန်းစစ်သွားမည်ဖြစ်သည်။

    ထောင်စုနှစ်ရည်မှန်းချက်တွင် သန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲမှ ကယ်ထုတ်နိုင်ခဲ့သည်ဟု တနင်္လာနေ့တွင် ထုတ်ပြန်သော ကုလ၏ အစီရင်ခံစာ၌ ဖော်ပြထားပြီး ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အလွန်ဆင်းရဲမွဲတေသည့် အခြေအနေတွင် နေထိုင်နေရသော အရေအတွက်မှာ ၁.၉ ဘီလီယံမှ ၈၃၆ သန်းအထိ ကျင်ဆင်းခဲ့ကာ ထက်ဝက်ကျော် ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။

    ထိုကာလအတွင်း အသက် ၅ နှစ်အောက်ကလေးငယ်များ သေဆုံးမှုမှာလည်း လူ ၁၀၀၀ တွင် ၉၀ မှ ၄၃ ဦးအထိ လျော့ကျခဲ့သည်။

    “ဒါပေမယ့် တိုးတက်မှုက ဒေသတွေနဲ့ နိုင်ငံတွေကြားထဲမှာ အညီအမျှ မဖြစ်သေးဘဲ သိသာတဲ့ ကွာဟချက်တွေ ရှိနေပါတယ်။ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဋိပက္ခတွေဟာ အကြီးဆုံး ခြိမ်းခြောက်မှု ဖြစ်နေပြီး၊ ပြိုကွဲကာ ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံတွေဟာ ဆင်းရဲမွဲတေမှုနှုန်း အမြင့်ဆုံးကို ကြုံတွေ့ခံစားနေရပါတယ်” ဟု ကုလ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Dawn

  • ပါကစ္စတန်တွင် အပူလှိုင်းကြောင့် ၂ ရက်အတွင်း လူ ၁၀၀ ကျော်သေဆုံး

    ပါကစ္စတန်တွင် အပူလှိုင်းကြောင့် ၂ ရက်အတွင်း လူ ၁၀၀ ကျော်သေဆုံး

    ဇွန် ၂၂၊ ၂၀၁၅
    M-Media

    paki

    – ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်ရှိ ကရာချီမြို့နှင့် အခြားသောခရိုင်များတွင် ကြုံတွေ့ခဲ့ရသည့် အပူလှိုင်းကြောင့် အနည်းဆုံး လူ ၁၃၀ သေဆုံးခဲ့သည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ထို့ကြောင့် ပြည်နယ်အစိုးရက ပြည်နယ်အတွင်းရှိ ဆေးရုံများအားလုံးတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဆရာဝန်များ၊ အခြားသောဝန်ထန်းများအားလုံး၏ ခွင့်များကို ပယ်ဖျက်ကာ ဆေးဝါးများကိုလည်း တိုးမြှင့်ထောက်ပံ့ပေးထားသည်။

    တောင်ဘက်ဆိပ်ကမ်းမြို့ဖြစ်သော ကရာချီတွင် အပူချိန်မှာ စနေနေ့က ၄၅ ဒီဂရီ ဆဲလ်စီးယက်စ်သို့ ရောက်ရှိခဲ့ပြီး ၁၉၇၉ ခုနှစ်က စံချိန်အပူချိန် ၄၇ ဒီဂရီထက် အနည်းငယ်သာ လျော့နည်းသည်။

    အစိုးရပိုင် ဂျင်နာဆေးရုံရှိ အရေးပေါ်ဌာန၏ အကြီးအကဲဖြစ်သူ ဒေါက်တာ စီးမင်း ဂျာမာလီကမူ ၎င်းတို့၏ဆေးရုံတွင် အပူလှိုင်းကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် သေဆုံးသူအများစုမှာ သက်ကြီးပိုင်းများဖြစ်သည်ဟု ဆိုသည်။

    အဏာပိုင်များက ထိုကဲ့သို့ သေဆုံးမှုများမှာ စနေနေ့ညပိုင်းမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မိုလေ၀သက လာမည့်နေ့များတွင် အပူချိန် လျော့ကျဖွယ်ရှိနေသည်ဟု ပြောကြားခဲ့သော်လည်း ဆရာဝန်များကမူ နေရောင်အား တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားရန်နှင့် ပေါ့ပါးသောအ၀တ်များကို ၀တ်ဆင်ရန် အကြံပြုထားသည်။

    Ref: Aljazeera

  • အစ္စလာမ်အမည်ခံ အစွန်းရောက်အဖွဲ့များကို ရှုတ်ချဆန့်ကျင်သော ဓမ္မသတ်တစ်ခုကို ပါကစ္စတန် အိုလမာအစ္စလာမ့်ဓမ္မပညာရှင်များ ထုတ်ပြန်

    အစ္စလာမ်အမည်ခံ အစွန်းရောက်အဖွဲ့များကို ရှုတ်ချဆန့်ကျင်သော ဓမ္မသတ်တစ်ခုကို ပါကစ္စတန် အိုလမာအစ္စလာမ့်ဓမ္မပညာရှင်များ ထုတ်ပြန်

    မေ ၁၉၊ ၂၀၁၅
    M-Media

    paki

    – စစ်သွေးကြွအုပ်စုများကို ဆန့်ကျင်သည့် လှုပ်ရှားမှုအဖြစ် ပါကစ္စတန်မှ အစ္စလာမ့် ဓမ္မပညာရှင် ၂၀၀ ကျော်က အသေခံတိုက်ခိုက်မှုများအားလုံးမှာ အစ္စလာမ်နှင့် ဆန့်ကျင်သောလုပ်ရပ်ဖြစ်သည်ဟု ဖသ်ဝါ ဓမ္မသတ် ထုတ်ပြန်လိုက်သည်။

    “ဒီလက်နက်ကိုင်အုပ်စုတွေကို တိုက်ဖျက်ဖို့ အစ္စလာမ်အစိုးရ (ပါကစ္စတန်အစိုးရဟာ) အောင်မြင်မှာ သေချာပါတယ်” ဟု လာဟိုးမြို့တွင် တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့သည့် အိုလမာအစ္စလာမ့် သာသာနာ့ပညာရှင်များ ညီလာခံတွင် ထုတ်ပြန်ခဲ့သော အဆိုပါ ဓမ္မသတ်တွင် ရေးသားဖော်ပြထားသည်။

    IS၊ တာလီဘန်၊ အလ်ကိုင်းဒါး၊ ဘိုကိုဟရမ်နှင့် ဂျီဟဒ်အဖွဲ့ဟုခေါ်သော အခြားအဖွဲ့များအားလုံး၏ နောက်ကွယ်တွင်ရှိသော ခံယူချက်များမှာ လိမ်ညာလှည့်စားမှုသာ ဖြစ်သည်ဟု ညီလာခံသို့ တက်ရောက်လာသော ပညာရှင်များက ပြောကြားခဲ့သည်။

    အဆိုပါဓမ္မသတ်ကို မောင်လာနာ ဇီယာအွလ် ဟက် နက်ရှ်ဘန်က မီဒီယာများသို့ ထုတ်ပြန်ခဲ့ပြီး အစ္စလာမ့်နှင်ဆန့်ကျင်သော လုပ်ရပ်များကို ဆောင်ရွက်နေသည့် အဆိုပါအုပ်စုများနှင့် ၎င်းတို့၏ အတွေးအခေါ်များမှာ အသိဥာဏ်နည်းပါးမှုနှင့် ပညာမဲ့မှုတို့အပေါ် အခြေခံသောကြောင့် အပြစ်အနာအဆာများ ရှိနေသည်ဟုလည်း ဓမ္မသတ်တွင် ဖော်ပြထားသည်။

    အစ္စလာမ်ကပြောသည့် ဂျီဟဒ်မှာ မကောင်းမှုများ၊ မတရားမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ကိုယ်၊ နှုတ်၊ နှလုံး ၃ ပါးစလုံးဖြင့် ဆန့်ကျင်တွန်းလှန်ခြင်းကို ခေါ်ဝေါ်ခြင်းဖြစ်ပြီး အဆိုပါ မတရားမှု၊ ဖိနှိပ်ချုပ်ချယ်မှုများကို တွန်းလှန်းရာတွင် ငြိမ်းချမ်းသည့် နည်းလမ်းအားလုံးကို အသုံးပြု၍ ဆောင်ရွက်၍ မရတော့မှ အင်အားသုံးဖြေရှင်းမှုကို ချွင်းချက်အဖြစ် ခွင့်ပြုထားခြင်းဖြစ်သည်။ ထိုကဲ့သို့ အင်အားသုံး၍ ဖြေရှင်းရာတွင်လည်း မွတ်စလင်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အသေအချာ တင်းတင်းကျပ်ကျပ် ပြဌာန်းသတ်မှတ်ထားသည်။

    တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ)က မွတ်စလင်များအတွက် အကောင်းဆုံးသော ဂျီဟဒ်မှာ မိမိစိတ်နှလုံးအတွင်းရှိသည့် စိတ်ရိုင်းများအား ချိုးနှိမ်ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။

    လက်ရှိ ဂျီဟဒ်အဖွဲ့များမှာ ဂျီဟဒ်ကြေညာနိုင်သည့် အခြေအနေများကို ဂရုမစိုက်ဟုလည်း အဆိုပါ ဓမ္မသတ်တွင် ဖော်ပြထားသည်။ အိုလမာ သာသနာ့ပညာရှင်များမှာ ဂိုဏ်းကနတိုက်ခိုက်မှုများ ပြုလုပ်နေသည့် အဆိုပါ အဖွဲ့များကိုလည်း ရှုတ်ချခဲ့ပြီး စာရိတ္တပျက်ပြားခြင်းဟူသော အပြစ်ကို ကျူးလွန်သည်နေသူများဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဂိုဏ်းကနအုပ်စုအမည်ဖြင့် သတ်ဖြတ်ခြင်းကို အစ္စလာမ်က ခွင့်ပြုထားခြင်းမရှိဟုလည်း ပြောကြားခဲ့သည်။

    ထို့ပြင် မွတ်စလင်မဟုတ်သူများ၏ ၀တ်ပြုကိုးကွယ်ရာနေရာများကို ကာကွယ်ပေးရန်မှာ အစ္စလာမ့်နိုင်ငံများအတွက် မလုပ်မနေရ တာဝန်ဖြစ်သည်ဟုလည်း အဆိုပါ ဓမ္မသတ်တွင် ထည့်သွင်းဖော်ပြခဲ့ပြီး ပိုလီယိုကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ခြင်းသောသူများမှာ လမ်းလွဲနေသူများဟု သမုတ်ခဲ့သည်။

    “အမျိုးသမီးကျန်းမာရေးဝန်ထမ်းတွေကို သတ်ဖြတ်တာဟာ အဆိုးဝါးဆုံး ရာဇ၀တ်မှုတွေပါပဲ”

    ညီလာခံသို့ တက်ရောက်လာသည့် အိုလမာ သာသနာ့ပညာရှင်များမှာ မေလ ၂၂ ရက်နေ့ကို အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒကို ဆန့်ကျင်သော “ငြိမ်းချမ်းရေးနှင့် မေတ္တာတရားမျှဝေရာနေ့” အဖြစ် သတ်မှတ်ခဲ့ပြီး ထိုနေ့တွင် နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်ပေါင်း လေးသိန်းခန့်တွင် တရားမဲ့သတ်ဖြတ်မှုများကို ဆန့်ကျင်သည့် ဒေသနာတော်များကို ဟောကြားသွားမည်ဟု မောင်လာနာ နက်ရှ်ဘန်ဒီက ထည့်သွင်းပြောကြားခဲ့သည်။

    ပုံဖျက်ဝါဒဖြန့်မှုကို တုန့်ပြန်မည်

    တာလီဘန်နှင့် IS ကဲ့သို့သော အစွန်းရောက်အဖွဲ့စည်းများက အစ္စလာမ့်သွန်သင်ချက်များအား ပုံဖျက်ဝါဒဖြန့်မှုကို တုန့်ပြန်မည့် အိုလမာဘုတ်အဖွဲ့ကို ဖွဲ့စည်းမည်ဟု နက်ရှ်ဘန်ဒီက ပြောကြားခဲ့သည်။

    ထို့ပြင် “အကြမ်းဖက်ဝါဒ ရှင်းလင်းရေးနှင့် တိုင်းပြည်ကာကွယ်ရေး” ဟု မည်ပေးထားသည့် အစီအစဉ်တစ်ခုကိုလည်း ပါကစ္စတန် အိုလမာ သာသနာ့ပညာရှင်များက ဆောင်ရွက်သွားမည်ဖြစ်သည်။

    IS အပါအ၀င် အစ္စလာမ်အမည်ခံ အစွန်းရောက်အကြမ်းဖက်အဖွဲ့များကို အစ္စလာမ့်အချက်အချာဖြစ်သော ဆော်ဒီ၊ အစ္စလာမ်ဓမ္မပညာရေးတွင် ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် အီဂျစ်မှ အလ်အဇ်ဟာရ်၊ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ အိန္ဒိယ နိုင်ငံတို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်နိုင်ငံများ၊ အစ္စလာမ့်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

    Ref: Onislam

  • မာလာလာအား လုပ်ကြံသူများကို ပါကစ္စတန် ပြစ်ဒဏ်ချမှတ်

    မာလာလာအား လုပ်ကြံသူများကို ပါကစ္စတန် ပြစ်ဒဏ်ချမှတ်

    ဧပြီ ၃၀၊ ၂၀၁၅
    M-Media

    malala

    – နိုဘယ်ဆုရှင် မာလာလာယူစွဖ်ဇိုင်အား ၂၀၁၂ ခုနှစ်က သတ်ဖြတ်ရန် ကြံစည်ခဲ့သူ ၁၀ ဦးကို ပါကစ္စတန် အကြမ်းဖက်တိုက်ဖျက်ရေးတရာရုံးက ယနေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်ခဲ့သည်ဟု သိရသည်။

    ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ထိုစဉ်က ကျောင်းသူဖြစ်သူ မာလာလာမှာ ကျောင်းကားပေါ်တွင် သေနတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ အတန်းဖော် ၂ ဦးမှာလည်း ဒဏ်ရာရခဲ့သည်။ ပါကစ္စတန်တာလီဘန်အဖွဲ့က အဆိုပါတိုက်ခိုက်မှုကို ၎င်းတို့လုပ်သည်ဟု ၀န်ခံခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၁၀ ဦးကို ဆွက်တောင်ကြားဒေသ အကြမ်းဖက်တိုက်ဖျက်ရေး တရားရုံးမှ တရားသူကြီး အေမင် ကန်ဒီက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    ပါကစ္စတန်တွင် တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှာ ထောင်ဒဏ် ၂၅ နှစ်ဖြစ်သည်။ ပြစ်ဒဏ်ချမှတ်ခံရသူများတွင် မာလာလာအား ပစ်ခတ်မှုတွင် ကိုယ်ထိလက်ရောက်ပါဝင်သူ ၄ ဦး သို့မဟုတ် ၅ ဦးပါဝင်ခဲ့ပြီး ကျန်သူများအား တိုက်ခိုက်မှုအား စီစဉ်ခဲ့သူများဖြစ်သည်။ ၎င်းတို့အားလုံးမှာ ဆွက်တောင်ကြားဒေသမှဖြစ်ပြီး တာလီဘန်အဖွဲ့ဝင်များဖြစ်ကြသည်။

    ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ပါကစ္စတန်စစ်တပ်က မိမိတို့မှာ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့မှာ တိုက်ခိုက်မှုပြုလုပ်ရန်အတွက် ပါကစ္စတန်တာလီဘန်ခေါင်းဆောင် မွလ္လာ ဖက်ဇ်လူလာထံမှ တိုက်ရိုက် အမိန့်ရခဲ့ကြောင်း တိုက်ခိုက်မှုတွင် ၎င်းတို့သုံးစွဲခဲ့သည့် လက်နက်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သည်။

    စစ်တပ်မှာ ပထမဆုံး အစ္စရာ အူရ် ရဟ်မန်ဆိုသူကို ဖမ်းဆီးရမိခဲ့ခြင်ဖြစ်ပြီး ၎င်း၏ ဖော်ထုတ်မှုအရ ကျန်သူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

    ထိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများတွင် မာလာလာမှာ အဆိုးဆုံးဖြစ်ပြီး ပါကစ္စတန်စစ်ဆေးရုံတွင် ကနဦးကုသမှုများ ပြုလုပ်ခဲ့ပြီးနောက် ယူကေသို ပို့ဆောင်ကုသခဲ့ရသည်။ နောက်ပိုင်းတွင် ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ပညာရေးကဏ္ဍတွင် ကူညီထောက်ပံ့ပေးနေသည့် Malala Fund အဖွဲ့ကို တည်ထောင်ခဲ့သည်။ မာလာလာမှာ ပြီးခဲ့သည့်နှစ်တွင် အိန္ဒိယမှ ကလေးငယ်များအရေး ဆောင်ရွက်နေသူ ကိုင်လက်ရှ် ဆတ်ယာသီနှင့်အတူ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သည်။

    Ref: Aljazeera

  • ပါကစ္စတန်တွင် ဆိုက်ကလုန်းတိုက်ခတ်၊ သေဆုံးသူများပြား

    ပါကစ္စတန်တွင် ဆိုက်ကလုန်းတိုက်ခတ်၊ သေဆုံးသူများပြား

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    A child is taken to Leady Reading Hospital for treatment after torrential rains caused flooding and houses to collapse in Peshawar

    – ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ယမန်နေ့တွင် မီနီဆိုက်ကလုန်းဟု ခေါ်ဆိုသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားပြီး ယခုအချိန်အထိ လူပေါင်း ၄၄ ဦး သေဆုံးခဲ့ပြီဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်ကာ သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ် ရှိနေသည်။

    ယမန်နေ့ညပိုင်းတွင် မုန်တိုင်းကြောင့် ပက်ရှ်ဝါရ်မြို့နှင့် အနီးအနားရှိ ခရိုင်များတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပွားခဲ့ပြီး အိမ်များ၊ အဆောက်အဦးများ၊ သစ်ပင်များ ပြိုကျ ပျက်ဆီးခဲ့ကြသည်။

    ဒဏ်ရာရသူများမှာ ကလေးငယ် ၁၀၀ အပါအ၀င် စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီး လယ်သမားများ၏ ကောက်ပဲသီးနှံများမှာလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ကြကာ ကျွဲနွားတိရစ္ဆာန်များလည်း သေကျေပျက်ဆီးခဲ့ကြသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    “အနည်းဆုံး လူ ၄၄ ဦးသေဆုံးပြီး ၂၀၂ ဦးလောက် ဒဏ်ရာရပါတယ်။ မုန်တိုင်းကြောင့် မိုးကြီးကာ မိုးသက်မုန်တိုင်းတွေ တိုက်ခက်ခဲ့ပြီး ဂျုံတွေ၊ သီးပင်စားပင်တွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ပါတယ်” ဟု ပြည်နယ် ပြန်ကြားရေးဝန်ကြီး မွတ်ရှ်တက် ဂါနီက ပြောကြားခဲ့သည်။

    တာဝန်ရှိသူများမှာ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို တွက်ချက်နေပြီး၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများတွင်လည်း လျှပ်စစ်ဓာတ်အားများ ပြတ်တောက်လျက်ရှိနေသည်။

    ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အကြီးတန်းတာဝန်ရှိသူ အမီရ် အာဖက်က သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ အဆောက်အဦးများ ပြိုကျပျက်ဆီးမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်မှာ ယခုထက်ပို၍ မြင့်မားလာနိုင်သည်။

    Ref: Alarabiya