News @ M-Media

Tag: Pakistan

  • ပါကစ္စတန်မှ တာလီဘန် အဖွဲ့ခွဲ တစ်ခု လက်နက်စွန့်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်တော့မည်

    ပါကစ္စတန်မှ တာလီဘန် အဖွဲ့ခွဲ တစ်ခု လက်နက်စွန့်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်တော့မည်

    စက်တင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    TalibanGroup-Drops-Arms-Shifts-to-Charity
    – ပါကစ္စတန်တာလီဘန်အဖွဲ့၏ ပန်ဂျပ်ဒေသ အဖွဲ့ခွဲ ပန်ချာဘီ တာလီဘန်အဖွဲ့မှာ ပါကစ္စတန်တွင် စစ်ရေးအရ တိုက်ခိုက်မှုများကို စွန့်လွှတ်ကာ နယ်လှည် တရားဟောခြင်း၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း တို့ကိုသာ ပြုလုပ်သွားတော့မည်ဟု ကြေညာလိုက်သည်။

    “၀ါဇီရစ္စတန် မြောက်ဘက်ဒေသမှာ ကြီးမားတဲ့တိုက်ခိုက်မှုတွေ မလုပ်ခင် အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ အဲဒီ အဖွဲ့က အစိုးရနဲ့ စေ့စပ်ခဲ့တာပါ။ အခုလို ကြေညာချက် ထွက်ပေါ်လာတာဟာ မပြတ်တမ်း ဆွေးနွေးမှုကနေ ဖြစ်လာတဲ့ ရလဒ်ပါ” ဟု အစ္စလာမ်မာဘတ် အခြေစိုက် လုံခြုံရေးဆိုင်ရာ စောင့်ကြည့် လေ့လာသူ အမီရန် ရာနာက ယမန်နေ့တွင် Anadolu သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထိုကြေညာချက်အား ပန်ဂျာဘီတာလီဘန် အဖွဲ့မှ ပြောရေုးဆိုခွင့်ရှိသူ အစ္စမာသွလ္လာဟ် မိုအာဝေယာက ပြီးခဲ့သည့် စနေနေ့တွင် ဗီဒီယိုဖိုင်မှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗီဒီယိုဖိုင်တွင် မိုအာဝေယာက မိမိတို့အဖွဲ့မှာ လက်နက်ချကာ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လက်နက်များကို ပါကစ္စတန်လုံခြုံရေး တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ရှိ၊ မရှိကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။

    အဆိုပါ ပန်ဂျာဘီ တာလီဘန်အဖွဲ့မှာ ပါကစ္စတန် တာလီဘန်အဖွဲ့ကြီးနှင့် ချိတ်ဆက်ထားသော အဖွဲ့ငယ်များထဲမှ တစ်ခုဖြစ်သည်။

    မိုအာဝေယာကမူ ၎င်းတို့အနေဖြင့် အခြားသော မွတ်စလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး အကြံဥာဏ်များ ရယူပြီးနောက် အင်အားသုံးခြင်းကို ကန့်သတ်သွားမည်ဖြစ်ကြောင်း၊ ရှရီအာဥပဒေ ကျင့်သုံးရေး အားပေးရန်အတွက် အာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အာဖဂန်နစ္စတန်တွင် ဒအ်ဝသ် တဗ်လီးဂ် (နယ်လှည့်တရားဟောခြင်း) လုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အခြားသော တာလီဘန်အဖွဲ့များအနေဖြင့်လည်း လက်နက်ကိုင်မှုကို စွန့်လွှတ်ရန် တိုက်တွန်းပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    လက်နက်ကိုစွန့်လွှတ်လိုက်သည့် ပန်ချာဘီတာလီဘန်အဖွဲ့မှာ ရေလွှမ်းမိုးမှုကြောင့် အတိဒုက္ခရောက်နေကြသော ပန်ဂျပ်ပြည်နယ် ခရိုင် ၂၁ ခုရှိ ပါကစ္စတန်ပြည်သူ ၂ သန်းကျော်အား အကူအညီပေးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။

    ref_OnIslam & News Agencies

  • ပါကစ္စတန် လေတပ် ဦးစီးချုပ် မြန်မာပြည် အလည်ရောက်

    ပါကစ္စတန် လေတပ် ဦးစီးချုပ် မြန်မာပြည် အလည်ရောက်

    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    CAS-AirMarshal-tahirRafiqueButt-Myanmar-Pakistan_8-27-2014_158025_l
    ကရာချိ။    ။ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်(လေ) ဖိတ်ကြားချက်အရ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာသော ပါကစ္စတန် အစ္စလာမ့်မစ်သမ္မတနိုင်ငံ လေတပ်ဦးစီးချုပ် Tahir Rafique Butt အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ  လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

    ပါကစ္စတန် လေတပ်ဦးစီးချုပ်သည် မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

    ထို့ပြင် မြန်မာစစ်တပ်မှ ထိပ်တန်းအရာရှိများနှင့်လည်း လက်ရှိပူးပေါင်းလုပ်ဆောင်မှုများ၊ ရှေ့ဆက်လက်တွဲလုပ်ဆောင်ရန် လမ်းကြောင်းသစ်များဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

    Ref : geo.tv

  • Honor killing မှာ အစ္စလာမ့် သွန်သင်ချက် မဟုတ်ဟု ပါကစ္စတန် အစ္စလာမ် ဘာသာရေးအဖွဲ့မှ ဓမ္မသတ် ထုတ်ပြန်

    မေ ၃၁ ၊ ၂၀၁၄
    M-Media
    0,,17671010_303,00
    – “honor killings” ဟု ခေါ်ဆိုသည့် သတ်ဖြတ်မှုမှာ အစ္စလာမ် သာသနာနှင့် ပတ်သက်ခြင်း မရှိဘဲ လူမဆန်သော လုပ်ရပ်သာဖြစ်သည်ဟု ပါကစ္စတန်ရှိ အစ္စလာမ်ဘာသာရေး အဖွဲ့ (အိုလမာ) က ဖသ်ဝါ ဓမ္မသတ်တစ်ခု  ယမန်နေ့က ထုတ်ပြန်လိုက်သည်။

    မိမိတို့ သဘောမတူသူနှင့် လက်ထပ်ခဲ့သည်ဟုဆိုကာ အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးအား မိသားစုများဝင် ၂၅ ဦးခန့်က ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်မှု တစ်ခု ပါကစ္စတန်နိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး၊ ထိုကိစ္စအား honor killing ဟုဆိုကာ အစ္စလာမ် သာသနာနှင့် နှီးနွယ်ပြောဆိုနေမှုများရှိသောကြောင့် ယခုကဲ့သို့ ဓမ္မသတ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    “ဂုဏ်သိက္ခာတို့ မြင့်မြတ်မှုဆိုတဲ့ နာမည်အောက်မှာ အမျိုးသမီးတွေကို သတ်ဖြတ်ခြင်းဟာ အကြမ်းဖက်ဝါဒသာဖြစ်ပြီး ရက်စက်ကြမ်းကြုပ်တဲ့ အမှုပါပဲ။ အစ္စလာမ်နဲ့ ဘာမှ မပတ်သက်ပါဘူး။ အစိုးရနဲ့ တရားသူကြီးမင်းတွေက ဒီပြစ်မှုကျူးလွန်သူတွေကို တတ်နိုင်သမျှ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒီလူတွေဟာ လူသတ်မှုကျူးလွန်တဲ့အတွက် အပြစ်ရှိသူတွေသာ မဟုတ်ဘဲ ကမ္ဘာမြေပေါ်မှာ အန္တရာယ်တွေကို ပျံ့နှံ့စေသူလည်း ဖြစ်ပါတယ်”ဟု မောင်လာနာ တာဟီရ်အရှ်ရာဖီ ဦးဆောင်သော ပါကစ္စတန် အိုလမာကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သော ဖသ်ဝါ ဓမ္မသတ်တွင် ဖော်ပြခဲ့သည်။

    သေဆုံးသွားသူ၏ ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့သို့ ပြောကြားရာတွင် “ကျွန်တော်တို့ သဘောမတူတဲ့သူနဲ့လက်ထပ်ပြီး မိသားစု အားလုံးကို အရှက်ရစေခဲ့တဲ့အတွက် ကျွန်တော်ဟာ သမီးကို သတ်လိုက်တာပါ။ ဒီကိစ္စအတွက် နောင်တမရပါဘူး” ဟု ဆိုသည်။

    ထိုကဲ့သို့ သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အသေးစိတ် အမိန့်ပြန်တမ်းကို လာမည့် ဇွန်လ ၆ ရက်နေ့ နယ်ပယ်စုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမည့် ညီလာခံတွင် ပါကစ္စတန် အိုလမာကောင်စီက ထုတ်ပြန်သွားမည်ဖြစ်သည်။

    ပါကစ္စတန်နိုင်ငံတွင် ထိုကဲ့သို့ honor killing ကြောင့် ပြီးခဲ့သည့်နှစ်က အမျိုးသမီး ၈၆၉ ဦးသေဆုံးခဲ့ရသည်ဟု လွတ်လပ်သော ပါကစ္စတန်လူ့အခွင့်အရေး ကော်မရှင်က ဆိုသည်။

    ကနေဒါနိုင်ငံ မွန်တီရီယဲလ်မြို့တွင် ၂၀၁၂ ခုနှစ်က ယခုကဲ့သို့ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပြီးထိုသတ်ဖြတ်မှုကို ဆန့်ကျင်သည့် ဖသ်ဝါဓမ္မသတ်တစ်ခုကို ကနေဒါ အစ္စလာမ့် တရားရုံးချုပ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

    “တကယ်လို့ လူတစ်ယောက်ဟာ ဒီလို သတ်ဖြတ်မှုကို အစ္စလာမ်က ခွင့်ပြုထားတယ်၊ အကြမ်းဖက်မှုတွေ၊ အမျိုးသမီးကို မုန်းတီးမှုတွေဟာ မှန်တယ်လို့ ထင်နေတယ်ဆိုရင် ဒါဟာ လုံးဝဥဿုံမှားနေပြီလို့ ကျွန်တော်တို့ ပြောရပါလိမ့်မယ်” ဟု အဆိုပါကောင်စီကို တည်ထောင်ခဲ့သည့် ဆိုဟာဝါဒီက ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာတွင် ယခု honor killings ကဲ့သို့ တရားမဲ့ သတ်ဖြတ်မှု အတွက် နေရာမရှိချေ။ကြီးလေးသော ပြစ်မှုများကိုပင်လျှင် တရားရေးလုပ်ထုံး လုပ်နည်းမှတစ်ဆင့်သာ အစိုးရက တရားစီရင်နိုင်သည်။ အနောက်တိုင်း မီဒီယာများ အစ္စလာမ်ခေါင်းစဉ်တပ်ကာ ဖော်ပြနေသော်လည် honor killing မှာ ဓလေ့ထုံးတမ်း အစွဲအရ လုပ်ဆောင်သည့် ကိစ္စသာဖြစ်ပြီး အစ္စလာမ်နှင့် သက်ဆိုင်မှုမရှိချေ။

    Ref: OnIslam & Newspapers

  • ပါကစ္စတန် စစ်တပ်မှ မွတ်စလင်ကမ္ဘာရဲ့ ပထမဆုံး အမျိုးသမီး ဗိုလ်ချုပ်ကြီးများ

    မေ ၂၃၊ ၂၀၁၄
    M-Media

    BnyTUCsIgAAFTa6

    ပါကစ္စတန်စစ်တပ်က ဗိုလ်ချုပ်ကြီး ရှဟီဒါမာလစ်နဲ့ ဗိုလ်ချုပ်ကြီး ရှဟီဒါ ဘာရှားတို့ဖြစ်ပါတယ်။

    ၁၉၆၉ ခုနှစ်မှာ စစ်ထဲဝင်ခဲ့တဲ့ ရှဟီဒါမာလစ်ဟာ ၂၀၀၂ ခုနှစ်မှာ ပါကစ္စတန်ကြည်းတပ်မှာ ဗိုလ်ချုပ်ကြီး ရာထူးကို ရရှိခဲ့ပါတယ်။ ပါကစ္စတန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဗိုလ်ချုပ်ကြီးဖြစ်ပြီး မွတ်စလင် ကမ္ဘာမှာလည်း ဒီလိုရာထူးကို ပထမဆုံး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆရာဝန်တစ် ယောက်ဖြစ်တဲ့ မာလစ်ဟာ ပါကစ္စတန် စစ်ဘက်ဆိုင်ရာ ဆေးဌာနမှာလည်း အရာရှိဖြစ်ခဲ့ပါသေးတယ်။ မာလစ်ဟာ ပါကစ္စတန်စစ်တပ်မှာ ကြယ်နှစ်ပွင့်အဆင့်ကို ပထမဆုံးရယူနိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာတော့ အငြိမ်းစားယူခဲ့ပါတယ်။

    မာလစ်လိုပဲ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရှဟီဒါဘာရှာကတော့ ၁၉၉၇ ခုနှစ်မှာ စစ်တပ်ထဲဝင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပါတယ်။ ဘာရှားဟာ ပါကစ္စတန် စစ်ဆေးတက္ကသိုလ်ရဲ့ ပထမဆုံး အမျိုးသမီး ကွပ်ကဲရေး တပ်မှူးကြီးလည်းဖြစ်ပါတယ်။

    ပါကစ္စတန်နိုင်ငံဆိုတာ ဖြစ်လာပြီးကတည်းက အမျိုးသမီးတွေဟာ ပါကစ္စတန် စစ်တပ်ထဲမှာ ပါဝင် အမှုထမ်းခွင့်ရခဲ့တာပါ။ စစ်သမီးအများစုဟာ စက်ပိုင်းဆိုင်ရာနဲ့ စစ်ဆင်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ ကန့်သတ်ထားခြင်းခံခဲ့ရပေမယ့် ၁၉၄၀ အစောပိုင်းနှစ်တွေမှာ ဘေဂွမ် ရာနာ လီယာကွတ် အလီခန်း ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ ပါကစ္စတန်အမျိုးသမီး ရေတပ်သုတေသနနှင့် အမျိုးသမီး အစောင့်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးတွေကို သင်တန်းတွေပေးခဲ့ပါတယ်။

    ဘေဂွန်ဟာ အဲဒီအချိန်က ဗိုလ်မှူးချုပ်ဖြစ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ပါကစ္စတန်အစိုးရဟာ ဒီရာထူးကို ဘယ်အမျိုးသမီးကိုမှ ခန့်အပ်ခြင်းမရှိတော့ဘဲ ၂၀၀၂ ခုနှစ်မှာမှ မာလစ်ကို ဗိုလ်ချုပ်ကြီး ရာထူး အဆင့်ကို ပြန်လည် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲမှာ အမျိုးသမီးတွေဟာ တက်တက်ကြွကြွ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။

    Ref: IBNLive

  • အာဖဂန်နှင့် ဒေသတွင်း လုံခြုံရေးအတွက် အမေရိကန်-ပါကစ္စတန် ထိပ်တန်း စစ်ခေါင်းဆောင်များတွေ့ဆုံ

    ဖေဖော်ဝါရီ ၊ ၁၉၊ ၂၀၁၄
    M-Media
    2638628-3758473
    – အမေရိကန် ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် လွိုဒ် ဂျေ အော်စတင် ၃ နှင့် ပါကစ္စတန် အကြီးတန်းစစ် ခေါင်းဆောင်များတွေ့ဆုံကာ အာဖဂန်နစ္စတန်အရေးကိစ္စနှင့် ဒေသတွင်း လုံခြုံရေး အခြေအနေကို အလေးထားဆွေးနွေးခဲ့ကြသည်ဟု ပါကစ္စတန် စစ်တပ်မှ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ထိုတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံစစ်တပ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း သုံးသပ်ခဲ့ကြသည်ဟု စစ်တပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဗိုလ်ချုပ်အော်စတင်မှာ ယနေ့တွင် ပါကစ္စတန်သို့ ရောက်ရှိလာခဲ့ပြီး ခံတပ်မြို့တစ်ခုဖြစ်သည့် Rawalpindi တွင် တပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲများ ကော်မတီ ဥက္ကဌ ရရှဒ်မဟ်မူးဒ်နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ရာဟီးလ် ရှရစ်ဖ်တို့နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

    ပါကစ္စတန်ရှိ တာလီဘန်များနှင့် ငြိမ်းချမ်ရေးဆွေးနွေးမှု၊ မကြာခင်ပြုလုပ်တော့မည့် အာဖန်နစ္စတန်ရွေးကောက်ပွဲ စသည်တို့အပါအ၀င် ဒေသတွင်း အရေးပါသောတိုးတက်မှုများ ဖြစ်ပေါ်နေချိန်အတွင်း အမေရိကန် တပ်မှူးတစ်ဦး ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ပြီး၊ လာမည့် ဧပြီလ အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်းသော ရွေးကောက်ပွဲများဖြစ်ပေါ်လာရေးတွင် အမေရိကန်နှင့် ပါကစ္စတန်တို့မှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

    ပါကစ္စတန်မှာ အမေရိကန်၏ ကြီးမားသော စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ရန်အတွက် အဓိကဒေသဖြစ်နေသောကြောင့် အာဖဂန်မှ နိုင်ငံခြားတပ်များ ထွက်ခွာရေးအတွက် ပါကစ္စတန်၏ အကူအညီကိုလည်း အမေရိကန်က မျှော်လင့်နေသည်။ ထို့ပြင် တာလီဘန်တို့နှင့် ဆွေးနွေးမှုမှာ ပါကစ္စတန်၏ ပြည်တွင်းရေးသာဖြစ်သည်ဟု အမေရိကန်က ပြောကြားထားသည်။

    အမေရိကန်တို့မှ လူမျိုးစုဒေသများတွင်ပြုလုပ်သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် နေတိုး၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သည့် ပါကစ္စတန်မြောက်ပိုင်းဒေသတွင် အာဏာရပါတီက နှစ်လကြာ ပိတ်ဆို့ထားမှုတစ်ခုလည်းဖြစ်ပွားနေပြီး၊ ထိုလမ်းကြောင်းအား ဖွင့်ပေးရန် အမေရိကန်က တောင်းဆိုထားသော်လည်း ယခုအချိန်အထိ ဖွင့်လှစ်ပေးခြင်းမရှိသေးပေ။

    ကိုးကား – ဆင်ဟွာ

    Photo- IRNA