News @ M-Media

Tag: Palestine

  • တပ်မှူးတစ်ဦး အသတ်ခံရပြီးနောက် ဟားမက်စ်က ဂါဇာနယ်စပ်ကို ပိတ်ပစ်

    တပ်မှူးတစ်ဦး အသတ်ခံရပြီးနောက် ဟားမက်စ်က ဂါဇာနယ်စပ်ကို ပိတ်ပစ်

    မတ် ၂၇၊ ၂၀၁၇
    M-Media

    – အကြီးတန်းတပ်မှူးတစ်ဦး အသတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် အစ္စရေးနှင့် ကပ်နေသည့် ဂါဇာနယ်စပ်ကို ဟားမက်စ်အာဏာပိုင်များက ပိတ်ပစ်ခဲ့ပြီး ထိုသတ်ဖြတ်မှုမှာ အစ္စရေးနှင့် အပေါင်းအပါများ၏ လက်ချက်ဟုလည်း ပြစ်တင်ပြောဆိုခဲ့သည်။

    မာဇန် ဖက်ဟာမှာ သောကြာနေ့နှောင်းပိုင်းက ဂါဇာစီးတီးရှိ ၎င်း၏ နေအိမ်အ၀င်အ၀တွင် သေနတ်ဖြင့် ပစ်သတ်ခံရကာ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

    ဟားမက်စ်ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီယဒ် အလ်-ဘိုဖမ်က ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ အစ္စရေးနှင့်ကပ်နေသည့် ဘီအစ် ဟာနွန် စစ်ဆေးရေးဂိတ်ကို နောက်ထပ် ကြေငြာချက် မထုတ်ခင်အထိ ပိတ်ထားမည်ဟု ကြေငြာခဲ့သည်။

    ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အခြေအနေများအတွက်မူ နယ်ခြားကို ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ဖက်ဟာ သတ်ဖြတ်ခံရမှိုလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

    ထိုလုပ်ကြံခံရမှုအတွက် ဟားမက်စ်က မည်ကဲ့သို့ တုန့်ပြန်သွားမည်ဆိုသည်ကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ဟု အကြီးတန်း ဟားမက်စ်တာဝန်ရှိသူ မဟ်မူဒ် အလ်-ဇာဟာရ်က ပြောကြားခဲ့ပြီး “ယခုကဲ့သို့ ကြီးမားသည့် ရာဇ၀တ်မှုတွင် မိမိတို့ပြည်သူများ၏ သွေးများကို အချီးအနှီးအဖြစ်ခံမည်မဟုတ်” ဟုလည်း ဆို
    သည်။

    ဂါဇာကို အုပ်စိုးနေသည့် ဟားမက်စ်အဖွဲ့က ဖက်ဟာမှာ ဦးခေါင်းကို အသံတိတ်သေနတ်ဖြင့် ၄ ချက် ပစ်ခံခဲ့ရပြီး အစ္စရေးနှင့် အပေါင်းအပါများမှာ ထိုတိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

    အသက် ၃၈ နှစ်အရွယ် ဖက်ဟာမှာ အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှ အကြီးတန်း ဟားမက်စ်တာဝန်ရှိသူတစ်ဦးဖြစ်ပြီး အစ္စရေးနိုင်ငံသားများကို တိုက်ခိုက်ရန် ကြံစည်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အစ္စရေးက ၎င်းအား တစ်သက်တစ်ကျွန်း ၉ ကြိမ် ချမှတ်ခဲ့သည်။

    သို့သော်လည်း ဂါဇာ၌ အစ္စရေးစစ်သား ဂီလဒ် ရှာလစ်နှင့် ပါလက်စတိုင်းအကျဉ်းသား ၁၀၀ ကျော် လဲလှယ်မှုတွင် ဖက်ဟာမှာ ဂါဇာကမ်းမြှောင်၌ ပြန်လည် လွတ်မြောက်လာခဲ့သည်။

    အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖက်ဟာ အသတ်ခံရမှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

    Ref: Aljazeera

  • အစ္စရေး၏လုပ်ရပ်များ ကုလသို့တင်ပြသူကို အမြင့်ဆုံးဂုဏ်ဆောင်ဘွဲ့ ပါလက်စတိုင်း ချီးမြှင့်

    အစ္စရေး၏လုပ်ရပ်များ ကုလသို့တင်ပြသူကို အမြင့်ဆုံးဂုဏ်ဆောင်ဘွဲ့ ပါလက်စတိုင်း ချီးမြှင့်

    မတ် ၂၀၊ ၂၀၁၇
    M-Media

    – အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများအပေါ် ခွဲခြားသည့်စနစ်များ ကျင့်သုံးနေသည်ဟု စွပ်စွဲထားသော အစီရင်ခံစာကို တင်သွင်းခဲ့သည့် ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး ရီမာ ခါလက်ဖ်ကို ပါလက်စတိုင်းက အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်သည်ဟု သိရသည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်မှာ ခါလက်ဖ်အား ဖုန်းဖြန့် ဆက်သွယ်ခဲ့ကာ ပါလက်စတိုင်းပြည်သူများအတွက် သူမ၏ ‘ရဲရင့်ပြတ်သားမှုနှင့် ထောက်ပံ့ကူညီမှုကို’ အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့က ထုတ်ပြန်သော ကြေငြာချက်တွင် အဘတ်စ်က ‘မိမိတို့ပြည်သူများမှာ ဒေါက်တာ ခါလက်ဖ်၏ လူသားချင်းစာနာထောက်ထားမှုနှင့် အမျိုးသားရေးရပ်တည်ချက်’ ကို ချီးကျူးသည်ဟု ထည့်သွင်းဖော်ပြထားသည်။

    ကုလ၏ လက်ထောက် အထွေထွေအတွင်းရေးမှူးဖြစ်ပြီး အနောက်အာရှ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ECSWA) အမှုဆောင်အတွင်းရေးမှူးဖြစ်သည့် ခါလက်ဖ်၏ အဆိုပါအစီရင်ခံစာတွင် အစ္စရေးက ပါလက်စတိုင်းများကို ဖိနှိပ်ချုပ်ချယ်ကာ ခွဲခြားသည့်နစ်စများ ကျင့်သုံးနေသည်ဟု စွပ်စွဲထားပြီး ပါလက်စတိုင်းပိုင်နက်များ
    တွင် တည်ထောင်ထားသော အစ္စရေးလုပ်ငန်းများအား ဆန့်ကျင်သည့် BDS လှုပ်ရှားမှုကိုလည်း နိုင်ငံတကာအစိုးရများက ထောက်ခံရန် တိုက်တွန်းခဲ့သည်။

    ထိုအစီရင်ခံစာကြောင့် အစ္စရေးနှင့် မဟာမိတ်နိုင်ငံများက ခါလက်ဖ်ကို ဖိအားပေးခဲ့ပြီး သူမမှာ သောကြာနေ့က ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) မှ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဟာနန် အက်ရှ်ရာဝီက အစီရင်ခံစာမှာ မှန်ကန်သည့်လမ်းကြောင်းဖြစ်ပြီး ပြန်လည်လက်ခံသင့်သည်ဟု ဆိုသည်။

    ခါလက်ဖ်ကမူ သူမအနေဖြင့် ဖိအားပေးမှုကို မျှော်လင့်ထားပြီးသားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကုလ အထွေထွေအတွင်းရေးမှူးကို အစီရင်ခံစာနဲ့ ဝေေးဝေးနေအောင် အစ္စရေးနဲ့ သူ့ရဲ့ မဟာမိတ်တွေက ဖိအားပေးကြမယ်ဆိုတာကို မျှော်လင့်ထားပြီးသားပါ။ ဒီအစီရင်ခံစာကို ပယ်ချဖို့ သူတို့ သူ့ကို တောင်းဆိုမှာပါ”

    ကုလပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ခါလက်ဖ်၏ ပြဿနာမှာ အစီရင်ခံစာတွင် ပါဝင်သော အကြောင်းအရာကြောင့်မဟုတ်ဘဲ အစီရင်ခံစာ မထုတ်ပြန်ခင် လိုအပ်သော လုပ်နည်းလုပ်ဟန်များ မရှိခြင်းကြောင့်ဟု ပြောကြားခဲ့သည်။

    အစီရင်ခံစာမှာ နာဇီလက်ထက် ၀ါဒဖြန့်မှုနှင့် တူညီနေသည်ဟု အစ္စရေးက ပြောကြားခဲ့ပြီး၊ အမေရိကန်ကလည်း အစီရင်ခံစာကို ပယ်ချရန် တောင်းဆိုခဲ့သည်။

    မဟ်မူးဒ်အဘတ်စ်က ခါလက်ဖ်အား အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်မှုမှာ ‘အစ္စရေးအပေါ် သံတမန်စစ်ပွဲ ဆင်နွှဲခြင်းဖြစ်သည်’ ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ပြောရေးဆိုခွင့်ရှိသူ အိုဖီရ် ဂျန်ဒဲလ်န်က ပြောကြားခဲ့ကာ ‘မှန်ကန်မှုမရှိသည့် မှားယွင်းသော’ အစီရင်ခံစာဟု မှတ်ချက်ပြုခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းသမ္မတကို အိမ်ဖြူတော်သို့ ထရမ့် ဖိတ်ခေါ်

    ပါလက်စတိုင်းသမ္မတကို အိမ်ဖြူတော်သို့ ထရမ့် ဖိတ်ခေါ်

    မတ် ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အာဏာရယူပြီးနောက်ပိုင်း ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်နှင့် ယမန်နေ့တွင် ပထမဆုံး ဖုန်းပြောဆိုခဲ့ပြီး အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန်လည်း ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။

    (ပါလက်စတိုင်း-အစ္စရေး) နိုင်ငံရေး လုပ်ငန်းစဉ်ကို ပြန်လည် စတင်ရေး ဆွေးနွေးရန်အတွက် အိမ်ဖြူတော်သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ အဘီလ် အဘူ ရူဒီနာ၏ ပြောကြားမှုကို ကိုးကား၍ ပါလက်စတိုင်းသတင်းဌာန Wafa က ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင်လည်း ထရမ့်မှာ အဘတ်စ်ကို သိပ်မကြာမီကာလအတွင်း လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အဘတ်စ်က အစ္စရေးနှင့်ယှဉ်တွဲ၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေး ဦးတည်သည့် ငြိမ်းချမ်းရေးသည်သာလျှင် ပါလက်စတိုင်းပြည်သူများအတွက် ‘မဟာဗျူဟာကျသော ရွေးချယ်မှု’ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Wafa က ဆိုသည်။

    ထရမ့်ကမူ အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးမှာ နှစ်ဖက် တိုက်ရိုက် ညှိနှိုင်းရမည့် ကိစ္စဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    ထရမ့်မှာ ဖေဖော်ဝါရီလက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ်အတွင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ရန်အတွက် နှစ်နိုင်ငံ အဖြေတစ်ခုတည်းသာ ဆုပ်ကိုင်မထားဟု ပြောကြားခဲ့ပြီး အမေရိကန်က နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် နှစ်နိုင်ငံအဖြေကို ပယ်ချလိုက်ခြင်းလည်း ဖြစ်သည်။

    ထို့ပြင် ထရမ့်မှာ အစ္စရေး-ပါလက်စတိုင်းကိစ္စတွင် မီးလောင်ရာလေပင့်သည့် စကားများကို ပြောဆိုခဲ့သော ဒေးဗစ်ဖရီဒ်မန်းကို အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ရွေးချယ်ခဲ့ပြီး ကြာသာပတေးနေ့တွင် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ၎င်းကို အတည်ပြုခဲ့သည်။

    ဖရီဒ်မန်းမှာ နှစ်နိုင်ငံတည်ရှိရေးအဖြစ်မှာ တရားမ၀င်သောနည်းလမ်းဖြစ်သည်ဟု ပြောကြားထားပြီး ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တည်ဆောက်မှုကိုလည်း ထောက်ခံအားပေးထားသူဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များအတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တိုးချဲ့ဆောက်လုပ်မှုမှာ အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။

    Ref: Aljazeera

  • Arab Idol တွင် ပါလက်စတိုင်း ခရစ်ယာန်တစ်ဦး ဗိုလ်စွဲ၊ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံ

    Arab Idol တွင် ပါလက်စတိုင်း ခရစ်ယာန်တစ်ဦး ဗိုလ်စွဲ၊ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    အနိုင်ရရှိပြီးနောက်တွေ့ရသည့် ယာကွဘ် ဆာဟင် (ယာ)

    – အာရပ်ဒေသတစ်ဝှမ်း ဂီတပညာရှင်များ ပေါ်ထွက်လာရေး ရည်ရွယ်ပြုလုပ်သည့် Arab Idol အဆိုပြိုင်ပွဲတွင် ပါလက်စတိုင်းခရစ်ယာန် ယာကွဘ် ရှာဟစ်က အနိုင်ရဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။

    အသက် ၂၃ နှစ်အရွယ် ယာကွဘ်မှာ ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသားတစ်ဦးနှင့် ယီမင်နိုင်ငံသားတစ်ဦးကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် ကြည့်ရှုသူအများဆုံး အစီအစဉ်ဖြစ်သည့် Arab Idol တွင် ပါလက်စတိုင်းတစ်ဦး ဗိုလ်စွဲခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၃ ခုနှစ်ကလည်း ဂါဇာကမ်းမြှောင်မှ အသက် ၂၃ နှစ်အရွယ် မိုဟာမက်အာဆက်ဖ်မှာ ဗိုလ်စွဲခဲ့သည်။

    Arab Idol ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်းနှင့် ဂါဇာတို့ရှိ ပါလက်စတိုင်းပြည်သူများက ကြည့်ရှုခဲ့ကြပြီး ယာကွဘ် အနိုင်ရရှိသွားသောကြောင့် ညလုံးပေါက် အောင်ပွဲခံခဲ့ကြသည်။ ထို့ပြင် ပါလက်စတိုင်းအလံများ၊ ဆီးရီးအက် ခရစ်ယာန်အသင်းတော်၏ တံဆိပ်များကိုလည်း ဝှေ့ယမ်းခဲ့ကြသည်။

    ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ယာကွဘ်မှာ ပါလက်စတိုင်း အလံကိုလွှမ်းခြုံကာ “ကျွန်ုပ်၏ ကတိစကား၊ ကျွန်ုပ်၏ သစ္စာ၊ ကျွန်ုပ်၏ သွေးတို့သည် ပါလက်စတိုင်းသာဖြစ်သည်” ဆိုသည့် စာသားပါဝင်သော ပါလက်စတိုင်း လွတ်မြောက်ရေးသီချင်းကို သီဆိုခဲ့သည်။

    ယာကွဘ်မှာ ဆီရီအက်လူမျိုး ခရစ်ယာန်ဘာသာဝင် လက်သမားတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူ နူရ်မာ ရှာဟင်က ပါလက်စတိုင်းပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “သူ့ရဲ့အသံ၊ ပညာနဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်မှု၊ သူ့ပြည်သူတွေ၊ ဘက်သလီဟမ်နဲ့ ပါလက်စတိုင်းကို ချစ်မြတ်နိုးမှု စတာတွေကြောင့် အနိုင်ရရှိသွားတာပါ” ဟု ရှာဟင်က ဆိုသည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်မှာ မကြာသေးမီက ဇကာတင် ၃ ဦးစာရင်းဝင် ယာကွဘ်နှင့် ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသား အမီရ် ဒန်ဒန်တို့ကို ဘေရွတ်မြို့၌ တွေ့ဆုံခဲ့သည်။ ဒန်ဒန်မှာ ပါလက်စတိုင်းနယ်မြေတွင် အစ္စရေးက နိုင်ငံထူထောင်ချိန် ၁၉၄၈ ခုနှစ်က ၎င်းတို့၏ မြေ၌သာ ကြံ့ကြံ့ခံ နေထိုင်ခဲ့သော အာရပ်မိသားစုမှ ဆင်းသက် ပေါက်ဖွားလာသူဖြစ်သည်။

    ယခုနှစ် Arab Idol ပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရသည့် ၂၅ ဦးတွင် ပါလက်စတိုင်းများနှင့် ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသား စုစုပေါင်း ၄ ဦးအထိ ပါဝင်ခဲ့ပြီး ထိုပြိုင်ပွဲတစ်လျှောက် ပါလက်စတိုင်းများပါဝင်မှု အမြင့်ဆုံးလည်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်က အနိုင်ရခဲ့သည့် ပါလက်စတိုင်းသား အာဆက်ဖ်မှာ လက်ရှိတွင် ဒေသတွင်း၌ ဂီတကြယ်ပွင့် ဖြစ်နေပြီဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းဆိုင်ရာ နိုင်ငံတကာညီလာခံ အီရန်တွင် ပြုလုပ်

    ပါလက်စတိုင်းဆိုင်ရာ နိုင်ငံတကာညီလာခံ အီရန်တွင် ပြုလုပ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းတော်လှန်ရေး လှုပ်ရှားမှုကို အားပေးထောက်ခံရန်အတွက် မွတ်စလင်နိုင်ငံအားလုံးတွင် တာဝန်ရှိပြီး ထိုအချက်က အစ္စလာမ်ကမ္ဘာညီညွတ်ရေး ရင်းမြစ်တစ်ခု ဖြစ်သင့်သည်ဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ပြောကြားလိုက်သည်။

    ယနေ့တွင် မြို့တော်တီဟီရန်၌ ကျင်းပပြုလုပ်သည့် ပါလက်စတိုင်းတော်လှန်ရေး ထောက်ခံမှုဆိုင်ရာ ၆ ကြိမ်မြောက် နိုင်ငံတကာညီလာခံ အဖွင့်မိန့်ခွန်းတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “သာမညကွဲပြားမှုအချို့၊ ရန်သူကဖန်တီးထားတဲ့ ကွဲပြားမှုတစ်ချို့နဲ့ လစ်လျူရှုမှုကြောင့်ဖြစ်တဲ့ ကွဲပြားမှုတွေလို အစ္စလာမ့်မစ်နိုင်ငံတွေမှာ ကွဲပြားမှုတွေရှိနေပေမယ့် ပါလက်စတိုင်းပြဿနာဟာ အစ္စလာမ့်မစ်နိုင်ငံတွေအားလုံး စည်းလုံး ညီညွတ်ရေး ဆုံမှတ်ဖြစ်နိုင်သလို ဖြစ်လည်းဖြစ်ရပါလိမ့်မယ်” ဟု ခါမေနီက ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စလာမ်ကမ္ဘာနှင့် ကမ္ဘာတစ်ဝှမ်းမှ လွတ်မြောက်ရေးလှုပ်ရှားနေသူများအားလုံးအတွက် ပါလက်စတိုင်းပြဿနာ နှင့် ထိုပြဿနာ ဖြေရှင်းရေး စည်းစည်းလုံးလုံး ကူညီထောက်ပံ့ပေးရန်မှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း၊ ယခု တတိယမြောက်ဖြစ်လာသည့် ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားမှုကို အစ္စရေးက ယခင်နှစ်ကြိမ်ကထက် ပိုမို ပြင်းပြင်းထန်ထန် ဖိနှိပ်မည်ဖြစ်သော်လည်း တော်လှန်ရေးသမိုင်းတွင် အရေးပါသည့် ကဏ္ဍသစ် ဖြစ်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ခါမေနီမှာ ဇီယွန်အာဏာရှင် ရှိနေခြင်းမှ ပေါ်ထွက်လာသည့် အန္တရာယ်များကိုလည်း လစ်လျူမရှုသင့်ဟုဆိုသည်။

    အဆိုပါ ပါလက်စတိုင်းညီလာခံတွင် ကမ္ဘာ့နိုင်ငံများမှ ဧည်သည်တော်များ၊ ပါလက်စတိုင်းထောက်ခံရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

    Ref: Press TV