News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းသမ္မတကို အိမ်ဖြူတော်သို့ ထရမ့် ဖိတ်ခေါ်

    ပါလက်စတိုင်းသမ္မတကို အိမ်ဖြူတော်သို့ ထရမ့် ဖိတ်ခေါ်

    မတ် ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အာဏာရယူပြီးနောက်ပိုင်း ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်နှင့် ယမန်နေ့တွင် ပထမဆုံး ဖုန်းပြောဆိုခဲ့ပြီး အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန်လည်း ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။

    (ပါလက်စတိုင်း-အစ္စရေး) နိုင်ငံရေး လုပ်ငန်းစဉ်ကို ပြန်လည် စတင်ရေး ဆွေးနွေးရန်အတွက် အိမ်ဖြူတော်သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ အဘီလ် အဘူ ရူဒီနာ၏ ပြောကြားမှုကို ကိုးကား၍ ပါလက်စတိုင်းသတင်းဌာန Wafa က ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင်လည်း ထရမ့်မှာ အဘတ်စ်ကို သိပ်မကြာမီကာလအတွင်း လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အဘတ်စ်က အစ္စရေးနှင့်ယှဉ်တွဲ၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေး ဦးတည်သည့် ငြိမ်းချမ်းရေးသည်သာလျှင် ပါလက်စတိုင်းပြည်သူများအတွက် ‘မဟာဗျူဟာကျသော ရွေးချယ်မှု’ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Wafa က ဆိုသည်။

    ထရမ့်ကမူ အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးမှာ နှစ်ဖက် တိုက်ရိုက် ညှိနှိုင်းရမည့် ကိစ္စဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    ထရမ့်မှာ ဖေဖော်ဝါရီလက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ်အတွင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ရန်အတွက် နှစ်နိုင်ငံ အဖြေတစ်ခုတည်းသာ ဆုပ်ကိုင်မထားဟု ပြောကြားခဲ့ပြီး အမေရိကန်က နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် နှစ်နိုင်ငံအဖြေကို ပယ်ချလိုက်ခြင်းလည်း ဖြစ်သည်။

    ထို့ပြင် ထရမ့်မှာ အစ္စရေး-ပါလက်စတိုင်းကိစ္စတွင် မီးလောင်ရာလေပင့်သည့် စကားများကို ပြောဆိုခဲ့သော ဒေးဗစ်ဖရီဒ်မန်းကို အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ရွေးချယ်ခဲ့ပြီး ကြာသာပတေးနေ့တွင် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ၎င်းကို အတည်ပြုခဲ့သည်။

    ဖရီဒ်မန်းမှာ နှစ်နိုင်ငံတည်ရှိရေးအဖြစ်မှာ တရားမ၀င်သောနည်းလမ်းဖြစ်သည်ဟု ပြောကြားထားပြီး ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တည်ဆောက်မှုကိုလည်း ထောက်ခံအားပေးထားသူဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များအတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တိုးချဲ့ဆောက်လုပ်မှုမှာ အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။

    Ref: Aljazeera

  • Arab Idol တွင် ပါလက်စတိုင်း ခရစ်ယာန်တစ်ဦး ဗိုလ်စွဲ၊ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံ

    Arab Idol တွင် ပါလက်စတိုင်း ခရစ်ယာန်တစ်ဦး ဗိုလ်စွဲ၊ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    အနိုင်ရရှိပြီးနောက်တွေ့ရသည့် ယာကွဘ် ဆာဟင် (ယာ)

    – အာရပ်ဒေသတစ်ဝှမ်း ဂီတပညာရှင်များ ပေါ်ထွက်လာရေး ရည်ရွယ်ပြုလုပ်သည့် Arab Idol အဆိုပြိုင်ပွဲတွင် ပါလက်စတိုင်းခရစ်ယာန် ယာကွဘ် ရှာဟစ်က အနိုင်ရဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။

    အသက် ၂၃ နှစ်အရွယ် ယာကွဘ်မှာ ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသားတစ်ဦးနှင့် ယီမင်နိုင်ငံသားတစ်ဦးကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် ကြည့်ရှုသူအများဆုံး အစီအစဉ်ဖြစ်သည့် Arab Idol တွင် ပါလက်စတိုင်းတစ်ဦး ဗိုလ်စွဲခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၃ ခုနှစ်ကလည်း ဂါဇာကမ်းမြှောင်မှ အသက် ၂၃ နှစ်အရွယ် မိုဟာမက်အာဆက်ဖ်မှာ ဗိုလ်စွဲခဲ့သည်။

    Arab Idol ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်းနှင့် ဂါဇာတို့ရှိ ပါလက်စတိုင်းပြည်သူများက ကြည့်ရှုခဲ့ကြပြီး ယာကွဘ် အနိုင်ရရှိသွားသောကြောင့် ညလုံးပေါက် အောင်ပွဲခံခဲ့ကြသည်။ ထို့ပြင် ပါလက်စတိုင်းအလံများ၊ ဆီးရီးအက် ခရစ်ယာန်အသင်းတော်၏ တံဆိပ်များကိုလည်း ဝှေ့ယမ်းခဲ့ကြသည်။

    ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ယာကွဘ်မှာ ပါလက်စတိုင်း အလံကိုလွှမ်းခြုံကာ “ကျွန်ုပ်၏ ကတိစကား၊ ကျွန်ုပ်၏ သစ္စာ၊ ကျွန်ုပ်၏ သွေးတို့သည် ပါလက်စတိုင်းသာဖြစ်သည်” ဆိုသည့် စာသားပါဝင်သော ပါလက်စတိုင်း လွတ်မြောက်ရေးသီချင်းကို သီဆိုခဲ့သည်။

    ယာကွဘ်မှာ ဆီရီအက်လူမျိုး ခရစ်ယာန်ဘာသာဝင် လက်သမားတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူ နူရ်မာ ရှာဟင်က ပါလက်စတိုင်းပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “သူ့ရဲ့အသံ၊ ပညာနဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်မှု၊ သူ့ပြည်သူတွေ၊ ဘက်သလီဟမ်နဲ့ ပါလက်စတိုင်းကို ချစ်မြတ်နိုးမှု စတာတွေကြောင့် အနိုင်ရရှိသွားတာပါ” ဟု ရှာဟင်က ဆိုသည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်မှာ မကြာသေးမီက ဇကာတင် ၃ ဦးစာရင်းဝင် ယာကွဘ်နှင့် ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသား အမီရ် ဒန်ဒန်တို့ကို ဘေရွတ်မြို့၌ တွေ့ဆုံခဲ့သည်။ ဒန်ဒန်မှာ ပါလက်စတိုင်းနယ်မြေတွင် အစ္စရေးက နိုင်ငံထူထောင်ချိန် ၁၉၄၈ ခုနှစ်က ၎င်းတို့၏ မြေ၌သာ ကြံ့ကြံ့ခံ နေထိုင်ခဲ့သော အာရပ်မိသားစုမှ ဆင်းသက် ပေါက်ဖွားလာသူဖြစ်သည်။

    ယခုနှစ် Arab Idol ပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရသည့် ၂၅ ဦးတွင် ပါလက်စတိုင်းများနှင့် ပါလက်စတိုင်းနွယ်ဖွား အစ္စရေးနိုင်ငံသား စုစုပေါင်း ၄ ဦးအထိ ပါဝင်ခဲ့ပြီး ထိုပြိုင်ပွဲတစ်လျှောက် ပါလက်စတိုင်းများပါဝင်မှု အမြင့်ဆုံးလည်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်က အနိုင်ရခဲ့သည့် ပါလက်စတိုင်းသား အာဆက်ဖ်မှာ လက်ရှိတွင် ဒေသတွင်း၌ ဂီတကြယ်ပွင့် ဖြစ်နေပြီဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းဆိုင်ရာ နိုင်ငံတကာညီလာခံ အီရန်တွင် ပြုလုပ်

    ပါလက်စတိုင်းဆိုင်ရာ နိုင်ငံတကာညီလာခံ အီရန်တွင် ပြုလုပ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းတော်လှန်ရေး လှုပ်ရှားမှုကို အားပေးထောက်ခံရန်အတွက် မွတ်စလင်နိုင်ငံအားလုံးတွင် တာဝန်ရှိပြီး ထိုအချက်က အစ္စလာမ်ကမ္ဘာညီညွတ်ရေး ရင်းမြစ်တစ်ခု ဖြစ်သင့်သည်ဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ပြောကြားလိုက်သည်။

    ယနေ့တွင် မြို့တော်တီဟီရန်၌ ကျင်းပပြုလုပ်သည့် ပါလက်စတိုင်းတော်လှန်ရေး ထောက်ခံမှုဆိုင်ရာ ၆ ကြိမ်မြောက် နိုင်ငံတကာညီလာခံ အဖွင့်မိန့်ခွန်းတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “သာမညကွဲပြားမှုအချို့၊ ရန်သူကဖန်တီးထားတဲ့ ကွဲပြားမှုတစ်ချို့နဲ့ လစ်လျူရှုမှုကြောင့်ဖြစ်တဲ့ ကွဲပြားမှုတွေလို အစ္စလာမ့်မစ်နိုင်ငံတွေမှာ ကွဲပြားမှုတွေရှိနေပေမယ့် ပါလက်စတိုင်းပြဿနာဟာ အစ္စလာမ့်မစ်နိုင်ငံတွေအားလုံး စည်းလုံး ညီညွတ်ရေး ဆုံမှတ်ဖြစ်နိုင်သလို ဖြစ်လည်းဖြစ်ရပါလိမ့်မယ်” ဟု ခါမေနီက ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စလာမ်ကမ္ဘာနှင့် ကမ္ဘာတစ်ဝှမ်းမှ လွတ်မြောက်ရေးလှုပ်ရှားနေသူများအားလုံးအတွက် ပါလက်စတိုင်းပြဿနာ နှင့် ထိုပြဿနာ ဖြေရှင်းရေး စည်းစည်းလုံးလုံး ကူညီထောက်ပံ့ပေးရန်မှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း၊ ယခု တတိယမြောက်ဖြစ်လာသည့် ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားမှုကို အစ္စရေးက ယခင်နှစ်ကြိမ်ကထက် ပိုမို ပြင်းပြင်းထန်ထန် ဖိနှိပ်မည်ဖြစ်သော်လည်း တော်လှန်ရေးသမိုင်းတွင် အရေးပါသည့် ကဏ္ဍသစ် ဖြစ်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ခါမေနီမှာ ဇီယွန်အာဏာရှင် ရှိနေခြင်းမှ ပေါ်ထွက်လာသည့် အန္တရာယ်များကိုလည်း လစ်လျူမရှုသင့်ဟုဆိုသည်။

    အဆိုပါ ပါလက်စတိုင်းညီလာခံတွင် ကမ္ဘာ့နိုင်ငံများမှ ဧည်သည်တော်များ၊ ပါလက်စတိုင်းထောက်ခံရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

    Ref: Press TV

  • ပါလက်စတိုင်းအိမ်ယာများကို အစ္စရေးကဖြိုချမှု စံချိန်တင်မြင့်တက်

    ပါလက်စတိုင်းအိမ်ယာများကို အစ္စရေးကဖြိုချမှု စံချိန်တင်မြင့်တက်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    မိမိတို့အိမ်ယာများ ဖျက်ဆီးခံနေရသည်ကို ကြည့်ရှုနေသည့် ပါလက်စတိုင်းကလေးငယ် ၂ ဦး

    – အစ္စရေးက ပါလက်စတိုင်းပြည်သူများ၏ အိမ်ယာများ ဖြိုချမှုကို တိုးမြှင့်ပြုလုပ်လာပြီး ၂၀၁၆ ခုနှစ်အတွင်း ဖြိုချခဲ့သည့်ပမာဏမှာ ၁၂ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ B’Tselem က ပြောကြားလိုက်သည်။

    ဖြိုဖျက်မှုများကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် အရှိန်မြှင့်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ရပ်နားခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည်။

    B’Tselem က ပြီးခဲ့သည့်နှစ်အတွင်း အရှေ့ဂျေရုစလင်မပါဘဲ ပါလက်စတိုင်းပိုင် အနောက်ဖကမ်းတွင် အစ္စရေးက ဖြိုချဖျက်ဆီးခဲ့သည့် အိမ်ယာအရေအတွက်မှာ ၂၇၄ လုံး ရှိခဲ့ပြီး ကလေးငယ် ၅၉၁ ဦး အပါအ၀င် ပါလက်စတိုင်းပြည်သူ ၁၁၃၄ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု ဆိုသည်။

    အရှေ့ဂျေရုစလင်တွင်မူ ၂၀၁၆ ခုနှစ်အတွင်း ပါလက်စတိုင်းတို့၏ အိမ်ယာပေါင်း ၇၃ လုံးကို အစ္စရေး အာဏာပိုင်များက ဖြိုချဖျက်ဆီးခဲ့ပြီး၊ ၁၅ လုံးမှာ အစ္စရေးမြူနီစီပယ်ဌာနက ဖြိုချခိုင်းသောကြောင့် အိမ်ရှင်များကိုယ်တိုင် ဖြိုချခဲ့ရသည်။ ထိုသို့မဖြိုချပါက ပိုင်ရှင်များမှာ ဒဏ်ငွေအများအပြား ရိုက်ခံရခြင်း၊ အစ္စရေး အာဏာပိုင်များ၏ ဖြိုချမှုကို မတာဆီးနိုင်ခြင်း၊ ကုန်ကျစားရိတ်ပေးရခြင်းတို့ ရှိနေသည်။

    အရှေ့ဂျေရုစလင်တွင် ပါလက်စတိုင်းတို့၏ အိမ်ယာများ ဖြိုချခံရခြင်းကြောင့် လူပေါင်း ၂၉၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ကလေးငယ် ၁၆၀ ပါဝင်ခဲ့သည်။ ထို့ပြင် အစ္စရေးမှာ လူနေအိမ်မဟုတ်သော အဆောက်အဦး ၄၈ လုံးကိုလည်း ဖျက်ဆီးခဲ့သည်။

    မြင့်တက်လာသော ပါလက်စတိုင်းလူဦးရေအတွက် လုံလောက်သည့် အဆောက်အဦးများ ဆောက်လုပ်ခွင့်ကို အစ္စရေးအာဏာပိုင်များက ချပေးမှုမရှိဟု B’Tselem က ပြောကြားခဲ့ပြီး ထိုသို့ဆောင်ရွက်မှုများမှာ ပါလက်စတိုင်းပြည်သူများ နေထိုင်၍မရဘဲ၊ ဒေသမှ ထွက်ခွာသွားစေရန် ရည်ရွယ်သည့် အစ္စရေး၏ပေါ်လစီမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုလည်း ဆိုသည်။

    အစ္စရေးအာဏာပိုင်များကမူ ထိုပြောကြားချက်များကို ငြင်းဆိုခဲ့ပြီး မိတို့အနေဖြင့် တရားမ၀င်အဆောက်အဦးများကို ဖြိုချခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: RT

  • ပါလက်စတိုင်းနိုင်ငံထူထောင်ရေး ထောက်ခံကြောင်း ကုလနှင့် အာရပ်လိဂ်တို့ ပူးတွဲကြေငြာချက် ထုတ်ပြန်

    ပါလက်စတိုင်းနိုင်ငံထူထောင်ရေး ထောက်ခံကြောင်း ကုလနှင့် အာရပ်လိဂ်တို့ ပူးတွဲကြေငြာချက် ထုတ်ပြန်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    – လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုကို တောက်ခံကြောင်း ပူးတွဲကြေငြာချက်တစ်စောင်ကို ကုလနှင့် အာရပ်လိဂ်တို့က ယမန်နေ့တွင် ထုတ်ပြန်လိုက်ပြီး၊ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ပူးတွဲတည်ရှိရေး အမေရိကန်၏ ကတိက၀တ်အား သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်မှုကို တုန့်ပြန်ုလိုက်ခြင်းလည်း ဖြစ်သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံခဲ့ပြီးနောက် ထရမ့်က မိမိအနေဖြင့် နှစ်ဖက်သဘောတူပါက နှစ်နိုင်ငံအစား အစ္စရေးတစ်နိုင်ငံတည်း အဖြေအား လက်ခံသည်ဟု ပြောကြားခဲ့သည်။ အမေရိကန်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ နှစ်နိုင်ငံတည်ရှိရေး ကတိက၀တ်ဖြင့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကို ကြားဝင်ညှိနှိုင်းပေးခဲ့သူ ဖြစ်သည်။

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် အာရပ်လိဂ် အထွေထွေအတွင်းရေးမှူး အဟ်မဒ် အဘူလ်-ဂဟစ်တို့မှာ ယမန်နေ့က ကိုင်ရိုတွင် တွေ့ဆုံခဲ့ပြီး မိမိတို့အနေဖြင့် နှစ်နိုင်ငံတည်ရှိရေးသည်သာ “ပါလက်စတိုင်းများ၏ ပြဿနာကို ဖြေရှင်းရာတွင် ပြည့်ဝပြီး တရားမျှတသည့် တစ်ခုတည်းသောအဖြေ” ဖြစ်မည်ဟု သဘောတူကြောင်း ပြောကြားခဲ့သည်။

    ပါလက်စတိုင်းခေါင်းဆောင်များနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပိုကောင်းသော နည်းလမ်းအဖြစ် ကာလကြာရှည်စွာ သတ်မှတ်ထားသည်။

    အာရပ်လိဂ် အတွင်းရေးမှူးက အမေရိကန်သံရုံအား တလ်အဗီးမှ ဂျေရုစလင်သို့ ပြောင်းရွှေ့မည့် အစီအစဉ်ကို အသေအချာစဉ်းစားရန် သတိပေးခဲ့ပြီး၊ ထိုသို့ဆောင်ရွက်ခြင်းက အရှေ့အလယ်ပိုင်းတွင် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာမည်ဟုလည်း သီးခြားပြောကြားခဲ့သည်။

    အရှေ့ဂျေရုစလင်မှာ အနာဂတ် ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုထားပြီး၊ အမေရိကန်သံရုံအား ထိုနေရာသို့ ပြောင်းရွှေ့ခြင်းမှာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။

    Ref: Aljazeera