News @ M-Media
Tag: Palestine
  • လိုအပ်ချက်များ မဖြည့်ဆည်းပေးသဖြင့် ဂါဇာကမ်းမြှောင်မှ ကုလ၀န်ထမ်းများ ဆန္ဒပြ
    လိုအပ်ချက်များ မဖြည့်ဆည်းပေးသဖြင့် ဂါဇာကမ်းမြှောင်မှ ကုလ၀န်ထမ်းများ ဆန္ဒပြ
    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    unrwa
    – ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ကူညီရေးအဖွဲ့ UNRWA မှ ၀န်ထမ်းရာပေါင်းများစွာသည် ၎င်းတို့၏ တောင်းဆိုချက်များကို ကုလသမဂ္ဂက ဖြည့်ဆည်းပေးခြင်းမရှိသည့်အတွက် အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်တွင် တနင်္လာနေ့က ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ဆန္ဒထုတ်ဖော်သူများက “ကျွန်ုပ်တို့မှာ လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်ခွင့်ရှိသည်” “အလုပ်ခွင်လုံခြုံရေးဘယ်မှာလဲ” “အကူအညီဖြတ်တောက်ခြင်းဟာ ဒုက္ခသည်ပြဿနာဖြစ်အောင် ဇာတ်လမ်းထွင်မှု ဖြစ်သည်” အစရှိသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
    UNRWA ၏ ၀န်ထမ်းများသမဂ္ဂအဖွဲ့မှ ခေါင်းဆောင် ဆူဟေးလ် အလ်-ဟင်ဒီက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကို အကူအညီဖြတ်တောက်ခြင်းကဲ့သို့ ပြဿနာများ၏ နောက်ကွယ်မှ အကြောင်းများ၊ ဂါဇာနှင့် အနောက်ဖက်ကမ်းရှိ ဒုက္ခသည်များနှင့် ၀န်ထမ်းများ၏ လူနေမှုအခြေအနေ ဆိုးရွားမှုများအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
    ထို့ပြင် မိမိတို့အဖွဲ့အနေနှင့် ကုလသမဂ္ဂ အုပ်ချုပ်ရေးပိုင်းအပေါ် ဆက်လက်ဆန္ဒပြသွားမည်ဟု သတိပေးပြောဆိုခဲ့သည်။
    UNRWA ၀န်ထမ်းများမှာ ဆန္ဒပြမှုအပြင် တစ်ရက်တာ သပိတ်မှောက်မှုလည်း ပြုလုပ်ခဲ့ပြီး၊ စာသင်ကျောင်းများ၊ ဆေးခန်းများ၊ စီမံကိန်းစင်တာများ၊ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ဂါဇာအခြေစိုက် ဒေသဆိုင်ရာ ရုံးခန်းမှ ၀န် ထမ်းများ ပါဝင်ခဲ့သည်။
    Ref; IINA
  • အစ္စရေး၏ ပါလက်စတိုင်းကို သိမ်းပိုက်မှုတစ်ဆင့်တက်
    အစ္စရေး၏ ပါလက်စတိုင်းကို သိမ်းပိုက်မှုတစ်ဆင့်တက်
    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media
    pales-2
    ပါလက်စတိုင်ပိုင် အနောက်ဖက်ကမ်းရှိ အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာမှ ဂျူးကလေးငယ်တစ်ဦး
    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပြည်သူများပိုင်သော မြေယာများတွင် ဆောက်လုပ်ထားသည့် တရားမ၀င်အခြေချအိမ်ယာများအား ဆက်လက်ထားရှိရန်အတွက် ခွင့်ပြုသော မူကြမ်းကို အစ္စရေးဝန်ကြီးများအဆင့် ကော်မတီက အတည်ပြုလိုက်ပြီး ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးကသိမ်းပိုက်မှု တစ်ဆင့်တက်လာခြင်းလည်း ဖြစ်သည်။
    အစ္စရေးရှေ့နေချုပ်က အပြစ်အနာအဆာရှိနေသည်ဟု ပြောကြားထားသည့် အဆိုပါဥပဒေတွင် အစ္စရေးအစိုးရမှ ပါလက်စတိုင်း ပြည်သူများ ပိုင်ဆိုင်သော မြေများကို နစ်နာကြေးပေးကာ သိမ်းယူနိုင်ရန် ပြဌာန်းထားကာ တနင်္လာနေ့က အတည်ပြုခဲ့ခြင်းဖြစ်သည်။
    ထိုဥပဒေမှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ဆောက်လုပ်ထားသည့် အစ္စရေး၏ အေမိုနာ တရားမ၀င်အိမ်ယာကို အဓိက ရည်ရွယ်ခြင်းဖြစ်ပြီး ထိုအိမ်ယာတွင် နေထိုင်သူများအနေဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ရန် တရားရုံးချုပ်က အမိန့်ပေးထားခြင်းဖြစ်သည်။
    ပါလက်စတိုင်းပြည်သူများ ပိုင်ဆိုင်သည့် မြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆိုပါ တရားမင်ဝင်အိမ်ယာတွင် မိသားစု  ၄၀ ခန့် နေထိုင်ကြသည်။
    “ဒီကိစ္စဟာ ရှက်စရာပါပဲ။ ကျူးကျော်အိမ်ယာတွေတည်ဆောက်ဖို့ ပါလက်စတိုင်းပြည်သူတွေပိုင်ဆိုင်တဲ့မြေတွေကို သိမ်းယူခွင့်ပြုမယ့် ဥပဒေတစ်ရပ်ကို အစ္စရေးအစိုးရက ထောက်ခံနေတာပါ” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်သူ ဟာဂျစ် အွတ်ဖရန်က ပြောကြားခဲ့သည်။
    အဆိုပါ ဥပဒေမူကြမ်းမှာ ပါလီမန်တွင် ဖတ်ကြားပြီးနောက် ဗဟိုတရားရုံးချုပ်က အတည်ပြုရမည်ဖြစ်သည်။
    အစ္စရေးရှေ့နေချုပ်ကမူ ယင်းဥပဒေကို အတည်ပြုခဲ့သော ကော်မတီသည် တစ်ဦးချင်းစီနှင့်ဆိုင်သည့် ပြဿနာများတွင် တရားရေးဌာန၏ ဆုံးဖြတ်ချက်ကို လေးစားရမည်ဆိုသည့် ပြဌာန်းချက်နှင့် ဆန့်ကျင်ကာ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref : RT
  • ရာဇာအာရာဖတ်အား လုပ်ကြံသူကို မိမိသိသည်ဟု ပါလက်စတိုင်းသမ္မတပြော
    ရာဇာအာရာဖတ်အား လုပ်ကြံသူကို မိမိသိသည်ဟု ပါလက်စတိုင်းသမ္မတပြော
    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    abbas
    ပါလက်စတိုင်းသမ္မတ အဘတ်စ်
    – ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်က ၎င်းအနေဖြင့် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ခေါင်းဆောင်းဟောင်းဖြစ်သူ ရာဇာအာရာဖတ်၏ ပဟေဠိဖြစ်ဖွယ် သေဆုံးမှုနောက်ကွယ်၌ မည်သူရှိနေသည်ကို သိရှိကြောင်း ပြောကြားလိုက်သည်။
    “သူ့ကို ဘယ်သူသတ်သလဲလို့ ကျွန်တော့်ကိုမေးရင် ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းရဲ့ ထွက်ချက်က မလုံလောက်ပါဘူး” ဟု အဘတ်စ်က အာရာဖတ်သေဆုံးမှု ၁၂ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ရာမာလာမြို့တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
    “ကျွန်တော် နာမည်တပ်မပြောချင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီနာမည်တွေက မှတ်ထားဖို့တောင် မကောင်းလို့ပါပဲ” ဟု ၎င်းက ပြောသည်။
    သို့သော်လည်း ထိုလုပ်ကြံသူအား ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆောင်ရွက်နေသည်ဟုလည်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
    “စုံစမ်းရေးကော်မရှင်က ဒီကိစ္စကို အသေးစိတ်ရှာဖွေနေပါတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာ ခင်ဗျားတို့သိရင် အံ့အားသင့်သွားပါမယ်” ဟု ၎င်းက စိတ်ဝင်စားဖွယ် ပြောကြားခဲ့သည်။
    အစ္စရေးက ပါလက်စတိုင်းပိုင်နက်များအား တစ်ဖြည်းဖြည်း ကျူးကျော်သိမ်းပိုက်မှုကို တွန်းလှန်ရန်နှင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရန်အတွက် ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းတွင် ပါလက်စတိုင်းလွတ်မြောက်ရေး အဖွဲ့ကို ဦးဆောင်ခဲ့သည့် ရာဇာအာရာဖတ်မှာ ၂၀၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက် အသက် ၇၅ နှစ်ရှိချိန်တွင် ပြင်သစ်မြို့တော် ပဲရစ်ရှိ ဆေးရုံတစ်ရုံတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
    ၂၀၁၂ ခုနှစ်က အာရာဖတ်၏ ဇနီးဖြစ်သူ ဆူဟာက သူမ၏ ခင်ပွန်းမှာ အထက်လန်အောက်လျှောဖြစ်သည့်အတွက် Mercy စစ်ဆေးရုံသို့ တင်ထားစဉ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်ဟုဆိုကာ ပြင်သစ်တွင်တရားစွဲဆိုမှု ပြုလုပ်ခဲ့သည်။
    ပြင်သစ်ဆရာဝန်များကမူ အာရာဖတ်မှာ ဆိုးရွားသည့် လေဖြတ်ရောဂါကြောင့် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့ပြီး ၎င်း၏ ရောဂါဇစ်မြစ်ကို မသိဟု ဆိုသည်။
    ဆူဟာ၏ တရားစွဲဆိုမှုပြီးနောက် ရာမာလာရှိ ရာဇာအာရာဖတ်၏ အုတ်ဂူကို ဖွင့်ကာ ကျွင်းကျင်ရစ်သည့် ရုပ်ကလပ်ကို ပြင်သစ်၊ ဆွစ်ဇာလန်နှင့် ရုရှားကျွမ်းကျင်သူများက စစ်ဆေးခဲ့သည်။
    ပြင်သစ်ကျွမ်းကျင်သူများကမူ အာရာဖတ်တွင် အဆိပ်မိသည့်လက္ခဏာမျိုး မတွေ့ရဟု ပြောကြားခဲ့သော်လည်း ဆွစ်ဇာလန်နှင့် ရုရှားကျွမ်းကျင်သူများက ပြုလုပ်သည့် သီးခြား စုံစမ်းစစ်ဆေးမှုတွင်မူ အာရာဖတ်မှာ ပိုလိုနီယံအဆိပ်ဖြင့် လုပ်ကြံခံခဲ့ရခြင်းဟု ပြောကြားခဲ့သည်။
    ပါလက်စတိုင်းပြည်သူများကမူ ၎င်းတို့၏ ခေါင်းဆောင်ဟောင်းကို အစ္စရေးက လုပ်ကြံခဲ့သည်ဟု ယူဆနေကြသည်။
    Ref : Presstv
  • ဓားဖြင့်တိုက်ခိုက်သည်ဟုဆိုကာ ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်မှု မရပ်သေး
    ဓားဖြင့်တိုက်ခိုက်သည်ဟုဆိုကာ ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်မှု မရပ်သေး
    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media
    is
    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် ကြိုးစားသည်ဟုဆိုကာ ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးက ယမန်နေ့တွင် ပစ်သတ်ခဲ့သည်ဟု သိရသည်။
    အနောက်ဖက်ကမ်း နာဘလုစ်တောင်ဘက် ဟာဝါရာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ လူငယ်အမျိုးသားတစ်ဦးဖြစ်သည်။
    ပြီးခဲ့သည့်လအနည်းငယ်အတွင်း အစ္စရေးမှာ ၎င်းတို့အား ဓားဖြင့်တိုက်ခိုက်ရန် ကြိုးစားသည်ဟုစွပ်စွဲကာ ပါလက်စတိုင်းပိုင်နက်တစ်လျှောက်တွင် ပါလက်စတိုင်းပြည်သူ အမြောက်အများကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်။
    နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများကမူ အစ္စရေးစစ်တပ်၏ ထိုကဲ့သို့ တရားလက်လွတ်သတ်ဖြတ်မှုများကို ရှုတ်ချထားသည်။
    ၂၀၁၅ ခုနှစ် သြဂုတ်လက ဂျေရုစလင်ရှိ အလ်-ကွဒ်စ် ဗလီဝတ်ကျောင်းတော်အတွင်းသို့ တရားမ၀င် ဂျူးအခြေချနေထိုင်သူများနှင့် အစ္စရေး လုံခြုံရေးတပ်ဖွဲ့များက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းများအား တိုက်ခိုက်ခဲ့ပြီးနောက် ပါလက်စတိုင်းပိုင်နက်များတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။
    ထိုအချိန်မှစ၍ အစ္စရေး၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၂၅၀ နီးပါး သေဆုံးခဲ့သည်။
    Ref : Presstv
  • ပါလက်စတိုင်းပိုင်နက်များဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးကို စင်ကာပူ ခန့်အပ်
    ပါလက်စတိုင်းပိုင်နက်များဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးကို စင်ကာပူ ခန့်အပ်
    နိုဝင်ဘာ ၉၊ ၂၀၁၆
    M-Media
    sig-2
    ပါလက်စတိုင်းပိုင်နက်ဆိုင်ရာ စင်ကာပူကိုယ်စားလှယ် ဟာဝါဇီ ဒိုင်ပီ
    – ယခင် လွှတ်တော်အတွင်းဝန်တစ်ဦးဖြစ်သူ ဟာဝါဇီ ဒိုင်ပီကို ပါလက်စတိုင်းပိုင်နက်များအတွက် စင်ကာပူဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်သွားမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန MFA က တနင်္လာနေ့တွင် ကြေငြာလိုက်သည်။
    MFA က ထုတ်ပြန်သည့် ကြေငြာချက်တွင် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ အကြီးတန်းဝန်ကြီး မာလီကီ အိုစ်မန်က ရာမာလာတွင် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PNA ၏ ခေါင်းဆောင် သမ္မတ မဟ်မူဒ် အဘတ်စ်၊ အခြား အကြီးတန်းအရာရှိများနှင့် တွေ့ဆုံစဉ် မစ္စတာ ဟာဝါဇီအား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်းကို ကြေငြာခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
    “PNA ခေါင်းဆောင်တွေက ဒီ ခန့်အပ်မှုအတွက် ကြိုဆိုခဲ့ပါတယ်” ဟု ကြေငြာချက်က ဆိုသည်။
    ယခုကိုယ်စားလှယ်တာဝန်မှာ ပါလက်စတိုင်းတွင် သွားရောက်နေထိုင်စရာမလိုအပ်သည့် တာဝန်မျိုးဖြစ်ပြီး စင်ကာပူ၏ ‘ပါလက်စတိုင်းပြည်သူများအတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီမှုတိုးမြှင့်ရေး အစီအစဉ်’ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
    ယခုနှစ်ဧပြီလတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မိမိတို့နိုင်ငံမှာ ပါလက်စတိုင်းပြည်သူများအား စွမ်းရည်တိုးမြှင့်ရေးအတွက် အကူအညီပေးမှုအစီအစဉ်တွင် စင်ကာပူဒေါ်လာ ၅ သန်းမှ ၁၀ သန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ကြေငြာခဲ့သည်။
    ပါလက်စတိုင်းအာဏာပိုင်များနှင့် တွေ့ဆုံစဉ်အတွင်း ၀န်ကြီ မစ္စတာ မာလီကီက စင်ကာပူအနေဖြင့် ပါလက်စတိုင်းပြည်သူများ စွမ်းအားမြှင့်တင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးသွားရန် စိတ်ပိုင်းဖြတ်ထားမှုကို ထပ်လောင်းပြောကြားခဲ့သည်။ ထို့ပြင် စင်ကာပူ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် SCP အောက်တွင် သင်ကြားပေးနေသည့် ပြည်သူ့အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် မြို့ပြစီမံခန့်ခွဲရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် ဘာသာရပ်များတွင် ပါလက်စတိုင်းပြည်သူ ၂၂၀ ကျော် တက်ရောက်နေကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
    စင်ကာပူအနေဖြင့် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ ငြိမ်းချမ်းစွာ၊ လုံခြုံစွာ အတူယှဉ်တွဲနေထိုင်ရေး အဖြေအတွက် ဆက်လက်ရပ်တည်ကာ၊ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက ဆွေးနွေးညှိနှိုင်းမှုကို ပြန်လည်စတင်ရေး၊ တရားမျှတပြီး ရေရှည်ခံသည့် အဖြေတစ်ခု ထွက်လာရေးအတွက် တိုးတက်အောင် ဆောင်ရွက်ရေး မျှော်လင့်ကြောင်း မစ္စတာမာလီကီက အလေးအနက်ထား ပြောကြားခဲ့သည်။
    Ref: Channelnewsasia