News @ M-Media

Tag: Palestine

  • ပါလက်စတိုင်း ပြန်လည်ထူထောင်ရေးအတွက် ဆော်ဒီက ကုလကို ဒေါ်လာ ၅၉ သန်း လှူဒါန်း

    ပါလက်စတိုင်း ပြန်လည်ထူထောင်ရေးအတွက် ဆော်ဒီက ကုလကို ဒေါ်လာ ၅၉ သန်း လှူဒါန်း

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်၊ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ဂျော်ဒန်နိုင်ငံတို့မှာ အကူအညီပေးရေးစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် ကုလသမဂ္ဂအရေးပေါ်လုပ်ငန်းများဆိုင်ရာ အေဂျင်စီ UNRWA ကို ကြာသာပတေးနေ့မှာ ဆော်ဒီအာရေဗျက ကန်ဒေါ်လာ ၅၉ သန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလှူဒါန်းမှုကို ဆော်ဒီ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ SFD ဒုဥက္ကဌနဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ယူဆက်ဖ် အလ်-ဘက်ဆမ်နဲ့ UNRWA မဟာမင်းကြီး ပီယာရီ ခရန်ဘူလ်တို့ လန်ဒန်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် ၃ ရပ်ကနေတစ်ဆင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    “UNRWA ဆိုတာ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက်တွေနဲ့ လူမှုရေးကူညီမှုတွေကို ထောက်ပံ့တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဆော်ဒီ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ကနေတစ်ဆင့် ပါလက်စတိုင်းပြည်သူတွေအတွက် ကဏ္ဍအားလုံးမှာ ဆော်ဒီအစိုးရက ထောက်ပံ့သွားမှာ ဖြစ်ပါတယ်” လို့ အလ်-ဘက်ဆမ်က ပြောကြားခဲ့ပါတယ်။

    ဒေါ်လာ ၄၃.၅ သန်းဖိုးရှိတဲ့ ပထမ သဘောတူညီချက်အရ ဂါဇာမှာလုပ်နေတဲ့ စီမံကိန်းတွေကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး၂၀၁၄ ခုနှစ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အိမ်တွေဆုံးရှုံးခဲ့တဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ အဆောက်အဦး ၇၅၀၀ ကျော်အပါအ၀င် UNRWA ရဲ့ စာသင်ကျောင်း သုံးကျောင်းကို ထိန်းသိမ်းပြုပြင်ဖို့ ဖြစ်ပါတယ်။

    ဒုတိယသဘောတူညီချက်က ဒေါ်လာ ၈ သန်း တန်ဖိုးရှိပြီး UNRWA ကျောင်း ၉ ကျောင်း ထိန်းသိမ်းပြုပြင်ဖို့နဲ့ ဂျော်ဒန်မှာ ကျန်းမာရေးစင်တာ ၁၀ခု တည်ဆောက်ရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ တတိယ သဘောတူညီချက်ကတော့ ဒေါ် ၇.၅ သန်းကို အနောက်ဘက်ကမ်းမှာရှိတဲ့ ကျန်းမာရေးစင်တာသုံးခု ပြန်လည်တည်ဆောက်ဖို့၊ ပြင်ဆင်မွမ်းမံဖို့နဲ့စက်ကိရိယာများတပ်ဆင်တဲ့နေရာမှာ အသုံးပြုသွားဖို့ ဖြစ်ပါတယ်။

    ဆော်ဒီအာရေဗျဟာ အခုအချိန်အထိ UNRWA ကို ဒေါ်လာသန်း ၅၀၀ ကျော် ပေးလှူခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဆော်ဒီဟာ UNRWA ရဲ့ တတိယအကြီးဆုံးအလှူရှင် ဖြစ်လာပါတယ်။

    AG/IINA

  • ပါလက်စတိုင်းသံရုံးကို ဘရာဇီးလ်တွင် ဖွင့်လှစ်

    ပါလက်စတိုင်းသံရုံးကို ဘရာဇီးလ်တွင် ဖွင့်လှစ်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    palest 2

    – ကမ္ဘာ့အနောက်ဖက်ခြမ်းက ပါလက်စတိုင်းရဲ့ ပထမဆုံး သံရုံးကို ဘရာဇီးလ်နိုင်ငံ မြို့တော် ဘရာစီလီယာမြို့မှာ ယခုတစ်ပတ်အတွင်း ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

    သံရုံးဖွင့်ပွဲအခမ်းအနားကို ဘရာဇီးလ်နိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ် အီဗရာဟင် အလ်ဇီဘန်က ဦးဆောင်ခဲ့ပြီး ဘရာဇီးအစိုးရ တာဝန်ရှိသူတွေ၊ အာရပ်နိုင်ငံတွေက သံအမတ်တွေနဲ့ ဘရာဇီးလ်ရှိ အာရပ်အသိုင်းအ၀ိုင်းက ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

    “ဒါဟာ လွန်ခဲ့တဲ့ နှစ် ၄၀ လုံးလုံး ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ မက်ခဲ့ရတဲ့ အိပ်မက်ရဲ့ အဆုံးသတ်ဖြစ်ပါတယ်” လို့ အလ်ဇီဘန်က ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဒီလိုဖွင့်လှစ်နိုင်မှုဟာ ဘရာဇီးလ်နဲ့ ပါလက်စတိုင်းတို့အကြား ဆက်ဆံရေး အခြေအနေသစ်တစ်ခုကို အစပျိုးလိုက်တာဖြစ်ပြီး မိမိတို့နှစ်နိုင်ငံဟာ ပိုမိုနီးကပ်စွာနဲ့ အလုပ်အကိုင်တွေကို ပိုမိုဆောင်ရွက်နိုင်တော့မယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘရာဇီးလ်က အဲဒီပါလက်စတိုင်းသံရုံးကို ယခင် ဘရာဇီးလ်သမ္မတဟောင်း လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားကလှူဒါန်းတဲ့ မြေမှာ ဆောက်လုပ်တာဖြစ်ပြီး၊ ဘရာဇီးလ်အစိုးရ အဆောက်အအုံတွေ၊ သမ္မတနန်းတော်နဲ့ တရားရုံးချုပ်တို့လို အချက်အခြာကျတဲ့နေရာတွေနဲ့ နီးနီးကပ်ကပ် တည်ရှိနေပါတယ်။

    အလ်ဇီဘန်ကတော့ ဘရားဇီးလ်သံရုံးကို အရှေ့ဂျေရုဆလင်မှာ ဖွင့်လှစ်သွားနိုင်ဖို့ မျှော်လင့်နေပြီး ပါလက်စတိုင်းအနေနဲ့ တောင်အမေရိကနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။

    ဘရာဇီးလ်ဟာ ၂၀၁၀ ခုနှစ်မှာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး၊ တောင်အမေရိကနိုင်ငံ တော်တော်များများကလည်း ပါလက်စတိုင်းအပေါ် အပြည့်အ၀ ထောက်ခံမှု ပေးထားကြပါတယ်။

    Ref : Presstv

  • ပါလက်စတိုင်းအား အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုကို ဘန်ကီမွန်က တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဝေဖန်

    ပါလက်စတိုင်းအား အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုကို ဘန်ကီမွန်က တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဝေဖန်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၆
    M-Media

    ban

    – ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ဆယ်စုနှစ်များစွာကြာ ကျူးကျော်သိမ်းပိုက်ကာ တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်နေမှုအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ထပ်မံရှုတ်ချလိုက်သည်။

    “ပါလက်စတိုင်းပြည်သူတွေဟာ ကျူးကျော်သိမ်းပိုက်မှုကို အမြဲတမ်း ခုခံနေရတယ်ဆိုတာ သမိုင်းက သက်သေခံနေပါတယ်” ဟု ဘန်ကီမွန်က ၎င်း၏ အတွေးအမြင်ဆောင်းပါးတွင် ထည့်သွင်းရေးသားခဲ့ပြီး ထိုဆောင်းပါးကို နယူးယောက်တိုမ်းစ်သတင်းစာ၏ ၀ဘ်ဆိုက်မှ တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ကာ၊ ယနေ့ထုတ်သတင်းစာတွင်လည်း ထပ်မံဖော်ပြခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ လယ်မြေဧက ၃၇၀ ကို သိမ်းယူကာ တရားမ၀င်အခြေချအိမ်ယာသစ် ၁၅၀ ထပ်မံဆောက်လုပ်ရန် မကြာသေးမီက အစ္စရေး၏ ကြေငြာမှုကိုလည်း ဘန်ကီမွန်က ထပ်မံ ရှုတ်ချခဲ့သည်။

    “အစ္စရေးက တရားမ၀င်အခြေချအိမ်ယာတွေကို ဆက်လက်တိုးချဲ့နေတယ်။ တစ်ချိန်တည်းမှာ အနောက်ဖက်ကမ်းက ပါလက်စတိုင်းထောင်ပေါင်းများစွာရဲ့ နေအိမ်တွေကလည်း ဖျက်ဆီးခံရမယ့်အန္တရာယ် ရှိနေပါတယ်။ နှစ် ၅၀ နီးပါးလောက် ကျူးကျော်သိမ်းပိုက်ခံရမှုအောက်မှာ ပါလက်စတိုင်းတွေရဲ့ စိတ်ပျက်မှုနဲ့ နစ်နာမှုတွေက ကြီးထွားလို့သာ လာနေပါတယ်။ ဒါဟာ လစ်လျူရှုလိုက်တာနဲ့ ပျောက်သွားမယ့်ကိစ္စမျိုး မဟုတ်ပါဘူး” ဟု ဘန်ကီမွန်က ထည့်သွင်းရေးသားခဲ့သည်။

    ထို့ပြင် အဆုံးသတ်ရန်မရှိသည့် ကျူးကျော်သိမ်းပိုက်မှုအောက်တွင် ပါလက်စတိုင်းများ နေထိုင်နေရခြင်းက အစ္စရေးနှင့် ပါလက်စတိုင်းပြည်သူများ၏ အနာဂတ်လုံခြုံရေးကို ပျက်ဆီးစေသည်ဟုလည်း ဘန်က ဆိုသည်။

    ပါလက်စတိုင်းပိုင်နက်များတွင် ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးတပ်ဖွဲ့တို့အကြား တင်းမာမှုများ မြင့်တက်လာခြင်းကိုလည်း ဘန်က စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ၂ နိုင်ငံတည်ရှိရေးအဖြေကို ပျက်ဆီးစေနိုင်သည်ဟု မှတ်ချက်ပေးခဲ့သည်။

    “နှစ်နိုင်ငံအဖြေအတွက် ပြန်လမ်းမရှိတဲ့ အခြေနေတစ်ခုကိုများ သွားနေလားဆိုတာကို ကျွန်တော် တော်တော်လေး စိုးရိမ်မိပါတယ်”

    ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကို ပြီးခဲ့သည့်တစ်ပတ်ကလည်း ဘန်ကီမွန်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး၊ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ဘန်ကီမွန်မှာ အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုနေကာ၊ ကုလမှာလည်း ဘက်မလိုက်မှု ပျောက်ဆုံးနေသည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အခြေချအိမ်ယာများကို ကျူးကျော်ဆောက်လုပ်ခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ယာ ၂၃၀ ကျော် ရှိနေပြီဖြစ်ကာ အစ္စရေးသန်းဝက်ခန့်မှာ ထိုအိမ်ယာများတွင် နေထိုင်နေကြသည်။

    ပြင်သစ်ကလည်း အစ္စရေး၏ ထိုလုပ်ရပ်များနှင့် နေတန်ယာဟုက ဘန်ကီမွန်အား အကြမ်းဖက်မှုကို အားပေးသည်ဟု ပြောဆိုမှုအတွက် ပြီးခဲ့သည့်တစ်ပတ်က ဝေဖန်ရှုတ်ချခဲ့ပြီး၊ မကြာမီ မိမိတို့စီစဉ်ပေးမည့် နိုင်ငံတကာ ညီလာခံတစ်ခုတွင် ပါလက်စတိုင်း-အစ္စရေးအရေး အဖြေမထွက်ပါက ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မည်ဟု ကြေငြာခဲ့သည်။

    Ref: Press TV

  • အစ္စရေး၏လုပ်ရပ်မှာ လွန်လွန်းနေပြီး ပါလက်စတိုင်းအား အသိအမှတ်ပြုတော့မည်ဟု ပြင်သစ်ကြေငြာ

    အစ္စရေး၏လုပ်ရပ်မှာ လွန်လွန်းနေပြီး ပါလက်စတိုင်းအား အသိအမှတ်ပြုတော့မည်ဟု ပြင်သစ်ကြေငြာ

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆
    M-Media

    – လာမည့်သီတင်းပတ်များတွင် ပါလက်စတိုင်း-အစ္စရေးပြဿနာအတွက် နိုင်ငံတကာ၏ အားထုတ်မှု မအောင်မြင်ပါက ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မည်ဟု ပြင်သစ်က ကြေငြာလိုက်သည်။

    “သက်ဆိုင်ရာနှစ်ဖက်နိုင်ငံ၊ သူတို့ရဲ့ အဓိကမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဥရောပနဲ့ အာရပ်နိုင်ငံတွေပါဝင်တဲ့ နိုင်ငံတကာဆွေးနွေးပွဲတစ်ခု ဖြစ်လာဖို့ ပြင်ဆင်ရင်း နှစ်နိုင်ငံအဖြေထွက်လာဖို့အတွက် ပြင်သစ်က လာမယ့်သီတင်းပတ်တွေမှာ စေ့စပ်ဆောင်ရွက်သွားမှာပါ” ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော့ရန့် ဖာဘီယက်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုကြိုးပမ်းမှုမှာ ပါလက်စတိုင်း-အစ္စရေးပြဿနာအတွက် နောက်ဆုံးကြိုးပမ်းမှုဖြစ်ပြီး မအောင်မြင်ပါ “မိမိတို့မှာ ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်၍ တာဝန်ကျေပွန်အောင်ဆောင်ရွက်ရန် လိုအပ်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ပြင်သစ်မှာ အစ္စရေးနှင့် ပါလက်စတိုင်းပြဿနာ အဖြေရှားရေး ကြိုးပမ်းမှုပြုလုပ်သွားရန် တာဝန်ရှိသူဟုလည်း ၎င်းက ဆိုသည်။

    “ကံမကောင်းစွာပဲ နယ်မြေတွေဆက်လက်သိမ်းပိုက်နေတာကို ကျွန်တော်တို့မြင်နေရတယ်။ ကုလအတွင်းရေးမှူးချုပ်က နယ်မြေသိမ်းပိုက်မှုလုပ်တာကို သတိပေးပြီး၊ ရပ်တန့်ဖို့ပြောတာကို အစ္စရေးဝန်ကြီးချုပ်က အတွင်းရေးမှူးချုပ်ဟာ အကြမ်းဖက်ဝါဒကို အားပေးနေတယ်လို့ပြောလိုက်တာက တော်တော်လေးကို လွန်လွန်းပါတယ်” ဟု ဖာဘီယက်စ်က ပြောကြားခဲ့သည်။

    ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက နှစ်ပေါင်း ၅၀ ကျော်ကြာ ကျူကျော်သိမ်းပိုက်နေမှုကို အင်္ဂါနေ့က ဝေဖန်ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံအဖြေရအောင် ဆောင်ရွက်မည်ဆိုသော အစ္စရေး၏ ကတိက၀တ်အတွက် မေးခွန်းထုတ်ခဲ့သည်။ ထို့ပြင် အစ္စရေးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပါလက်စတိုင်းပြည်သူများအား စိန်ခေါ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စရေးက ပါလက်စတိုင်းနယ်မြေများကို သိမ်းပိုက်နေကာ ပါလက်စတိုင်းပြည်သူများအပေါ် ကျူးလွန်မှုများအတွက် ပြီးခဲ့သည့်လများအတွင်း အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့က ဝေဖန်မှုများကို အဆက်မပြတ်ပြုလုပ်ခဲ့သည်။ သို့သော်လည်း အစ္စရေးဝန်ကြီးချုပ်ကမူ ထိုဝေဖန်မှုများကို ဂရုမစိုက်ခဲ့ပေ။

    Ref: Aljazeera

  • အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို စိန်ခေါ်နေသည်ဟု ဘန်ကီမွန်ပြော

    အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို စိန်ခေါ်နေသည်ဟု ဘန်ကီမွန်ပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    ben

    – ပါလက်စတိုင်းတွေနဲ့ ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းဖို့ အစ္စရေးအစိုးရက ပျက်ကွက်ခဲ့တဲ့အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

    “နှစ်ပေါင်းငါးဆယ်နီးပါးလောက် ကျူးကျော်ပိတ်ဆို့ခံခဲ့ရကာ အော်စလိုကတိက၀တ်တွေကို အကောင်အထည် ဖော်မလားဆိုပြီး ဆယ်စုနှစ်များစွာ စောင့်ဆိုင်းနေခဲ့ရပြီးတဲ့နောက် ပါလက်စတိုင်းပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ပျောက်ဆုံးနေပါပြီ” လို့ ဘန်ကီမွန်းက ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းအခွင့်အရေးဆိုင်ရာ ကော်မတီမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။

    ဘန်ကီမွန်ရည်ညွှန်းတဲ့ အော်စလို ကတိက၀တ်ဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ အစ္စရေးအစိုးရနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) တို့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးထားတဲ့ အော်စလိုသဘောတူညီချက် ဖြစ်ပါတယ်။

    “အထူးသဖြင့် လူငယ်တွေဟာ မျှော်လင့်ချက် ပျောက်ဆုံးနေပါတယ်။ သူတို့မြေကို ကျူးကျော်သိမ်းပိုက်နေခြင်းက သူတို့ကို ဒေါသူပုန်ထစေခဲ့တာပါ။ သွက်ချပါဒလိုက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ရာစုနှစ်တစ်ဝက်လောက်ဖိနှိပ်ကျူးကျော်ခံခဲ့ရတဲ့ အနေအထားအောက်မှာ ပါလက်စတိုင်းပြည်သူတွေ စိတ်ပျက်လက်ပျက်ဖြစ်နေမှုက ကြီးထွားလာခဲ့ပါပြီ” လို့ ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေထဲမှာ အစ္စရေးက တရားမ၀င် ကျူးကျော်အခြေချအိမ်ယာတွေကို ထပ်မံတိုးချဲ့ဆောက်လုပ်မှုနဲ့ပတ်သက်ပြီးတော့လည်း ဘန်ကီမွန်က အင်္ဂါနေ့မှာ ဝေဖန်ပြောကြားခဲ့ပြီး ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို စိန်ခေါ်တာဖြစ်တယ်လို့ ဆိုပါတယ်။

    အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဘန်ကီမွန်အနေနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် မြှောက်ပေးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဘက်မလိုက်မူဝါဒဟာ အချိန်အတော်ကြာကတည်းက ပျောက်ဆုံးနေခဲ့ ပြီလို့ နေတန်ယာဟုက ဆိုပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျရုစလင်တို့က ပါလက်စတိုင်းတွေရဲ့ ပိုင်နက်မှာ အစ္စရေးက ကျူးကျော်အိမ်ယာ ဆောက်လုပ်မှုဟာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ပါလက်စတိုင်းပိုင်နက်အတွင်းက ကျူးကျော်အိမ်ယာတွေမှာနေထိုင်တဲ့ အစ္စရေးအရေအတွက်ဟာ သန်းဝက် ကျော်လာခဲ့ပါပြီ။

    ကုလနဲ့ ကမ္ဘာ့နိုင်ငံအများစုက အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ဂျီနီဗာသဘောတူညီချက်ကို ချိုးဖောက်တာကြောင့် ဥပဒေနဲ့မညီဘူးလို့ သတ်မှတ်ထားပါတယ်။

    ပါလက်စတိုင်းနယ်မြေမှာ အစ္စရေးက အခြေချဝင်ရောက်နေထိုင်နေကြတဲ့အတွက် အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြီးမားတဲ့အတားအဆီးတစ်ရပ် ဖြစ်နေပါတယ်။ ပါလက်စတိုင်းအာဏာပိုင်တွေအနေနဲ့ အနာဂတ်မှာ အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ်သတ်မှတ်ပြီး နောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့ကို အနာဂတ် ပါလက်စတိုင်းနိုင်ငံတော် နယ်နမိတ်အဖြစ် သတ်မှတ်ထားပါတယ်။

    Ref:Press TV