News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းအတွေအပေါ် ဂျူးအခြေချနေထိုင်သူတွေက အကြမ်းဖက်မှုကို အစ္စရေးအစိုးရက ကာကွယ်ပေးနေသလား

    ပါလက်စတိုင်းအတွေအပေါ် ဂျူးအခြေချနေထိုင်သူတွေက အကြမ်းဖက်မှုကို အစ္စရေးအစိုးရက ကာကွယ်ပေးနေသလား

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    pla
    ဇူလိုင်လက မီးရှို့ခံလိုက်ရသည့် ဒါဝါဘက်ရှ်မိသားစု၏ အိမ်တွင် မိသားစုဝင်တစ်ဦး ထိုင်နေစဉ်

    – ပြီးခဲ့တဲ့ ဇူလိုင်လက ပါလက်စတိုင်း မိသားစုတစ်ခုကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဂျူးအခြေချနေထိုင်သူတွေကို တရားစွဲဖို့ သက်သေမလုံလောက်ဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်ရဲ့ ပြောကြားမှုကို ပါလက်စတိုင်းတွေက ရှုတ်ချလိုက်ပါတယ်။

    အဲဒီမီးရှို့မှုဟာ ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းက ဒူးမားဆိုတဲ့ရွာလေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၈ လအရွယ် ကလေးငယ်လေး အလီ၊ သူ့မိဘနှစ်ပါးဖြစ်တဲ့ ဆအဒ်နဲ့ ရေဟမ်အပါအ၀င် ဒါဝါဘက်ရှ်မိသားစု ၃ ဦး မီးလောင်သေဆုံးခဲ့ကြရပါတယ်။

    သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ အသက် ၄ နှစ်အရွယ် သားငယ်လေးကတော့ မီးလောင်ဒဏ်ရာဗရပွနဲ့ မိသားစုမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်ခဲ့ပါတယ်။

    “ဒီအကြမ်းဖက်လုပ်ရပ်အတွက် ဘယ်သူက တာဝန်ရှိလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် သူတို့ကို တရားစွဲဖို့ သက်သေအလုံလောက်မရှိပါဘူး” လို့ အစ္စရေးစစ်တပ်ရေဒီယိုကို အင်္ဂါနေ့က ပြောကြားမှုမှာ ယာလွန်က ထည့်သွင်းပြောဆိုခဲ့တာပါ။

    အဲဒီနေ့မှာပဲ အစ္စရေးတရားရုံးချုပ်ဟာ “ဒါဝါဘက်ရှ်မိသားစုကို သတ်ဖြတ်တဲ့သူတွေကို ဥပဒေကြောင်းအရ ချက်ခြင်းလက်ငင်း ဆောင်ရွက်ပေးဖို့” ဆိုတဲ့ တောင်းဆိုလွှာကို ပယ်ချခဲ့ပါတယ်။

    ဒီဇင်ဘာ ၃ ရက်နေ့မှာ အစ္စရေးအာဏာပိုင်တွေက ဂျူးအကြမ်းဖက်အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေကို ဒီမီးရှို့မှုအတွက် ဖမ်းဆီးလိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။

    နိုင်ငံတကာ ကလေးများ ကာကွယ်ရေးအဖွဲ့ DCI ရဲ့ ပါလက်စတိုင်းအဖွဲ့ခွဲက ဒါရိုက်တာ အေယဒ် အဘူ အက်တာအစ်ရှ်က ယာလွန်ရဲ့ ဒီမှတ်ချက်ဟာ “အရှေ့ဂျရုစလင်အပါအ၀င် အနောက်ဖက်ကမ်းမှာ ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုကို အစ္စရေးအစိုးရက လစ်လျူရှုနေတယ်၊ ပိတ်ဆို့ခံထားရတဲ့ ပါလက်စတိုင်းပြည်သူတွေ ပူပင်သောကဖြစ်အောင်၊ သူတို့ကို ပိုပြီး ထိန်းချုပ်လို့ရအောင် လုပ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ သက်သေသာဓကတစ်ခုပဲ” လို့ ပြောကြားခဲ့ပါတယ်။

    “အစ္စရေးရဲ့ ပေါ်လစီတွေက “အဖမ်းမခံရပါဘူးကွာ” ဆိုတဲ့ အခြအနေမျိုးကိုဖြစ်စေပြီးပြီး ဒီလိုတိုက်ခိုက်မှုတွေ ထပ်ဖြစ်လာအောင် ဆောင်ရွက်လိုက်သလို ဖြစ်နေပါတယ်” လို့ အက်တာအစ်ရှ်က ဆိုပါတယ်။

    ရာမာလာအခြေစိုက်တဲ့ ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့က အလ်ဟက်ကတော့ ဒါဝါဘက်ရှ်မိသားစုကို မီးရှို့သတ်ဖြတ်တဲ့သူတွေကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်မလာနိုင်တဲ့အတွက် အစ္စရေးအစိုးရကို ရှုတ်ချခဲ့ပြီး ဒါဟာ “စနစ်တကျ တမင်တကာ လစ်လျူရှုခြင်း” သာ ဖြစ်တယ်လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

    ဒီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဥပဒေရေးရာ သုတေသနနဲ့ အသိပညာပေးမှုဆိုင်ရာ တာဝန်ရှိသူ မိုနာစဘဲလာကတော့ ဂျူးအခြေချသူတွေဟာ “ပင်ကိုယ်သဘာဝ ခွဲခြားဆက်ဆံတဲ့ ပေါ်လစီတွေကြောင့် ပြစ်ဒဏ်ကင်းလွတ်မှုအတွက် အာမခံချက် ရနေတယ်” လို့ ပြောကြားခဲ့ပါတယ်။

    “ဒီပေါ်လစီတွေက အစ္စရေးအခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းတွေကို သတ်ဖြတ်ကာ လွတ်မြောက်စေပြီး၊ ပါလက်စတိုင်းသံသယရှိသူတွေကတော့ တရားလက်လွတ် သတ်ဖြတ်ခံရတာ၊ မထင်ရင်မထင်သလို ဖမ်းဆီးထိန်းသိမ်းတာကို ခံရစေပါတယ်” လို့ သူမက ဆိုပါတယ်။

    ဒါဝါဘက်ရှ်မိသားစုကို သတ်ဖြတ်တဲ့သူတွေဟာ ခြွင်းချက်အဖြစ် သီးသန့်လွတ်မြောက်တာမျိုး မဟုတ်ပါဘူး။ အစ္စရေးက လူ့အခွင့်အရေးအဖွဲ့ Yesh Din ရဲ့ အဆိုအရ ပါလက်စတိုင်းတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဂျူးအခြေချသူတွေက တိုက်ခိုက်မှု တော်တော်များများဟာ အစ္စရေးအာဏာပိုင်တွေရဲ့ အရေးယူခြင်းကနေ ကင်းလွတ်ခွင့်ရနေတယ်လို့ သိရပါတယ်။

    အောက်တိုဘာလအတွင်း Yesh Din က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အရှေ့ဂျေရုစလင်အပါအ၀င် အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားတဲ့ အနောက်ဖက်ကမ်းမှာ ဂျူးအခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ မြင့်တက်လာတယ်ဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးမှုရဲ့ ၉၁.၆ ရာခိုင်နှုန်းဟာ တရားစွဲဆိုမှုမရှိဘဲနဲ့ ပိတ်သိမ်းခဲ့ပြီး၊ ၂၀၁၄ ခုနှစ် သြဂုတ်လကနေ၊ ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းမှာ ဂျူးအခြေချ နေထိုင်သူတွေရဲ့ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုဟာ ၂ ဆ မြင့်တက်လာတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပါလက်စတိုင်းတွေအပေါ် ကျူးလွန်တဲ့ အစ္စရေးစစ်သားတွေကလည်း အရေးယူခံရတယ်ဆိုတာ ရှားပါတယ်။ ၂၀၁၄ ခုနှစ်ကစတင်ပြီး ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုအသစ် ၂၂၉ ခုကို အစ္စရေးစစ်တပ်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ ၈ ခုလောက်သာ တရားစွဲဆိုခြင်း ခံခဲ့ရတယ်လို့ Yesh Din ရဲ့ နောက်ထပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တစ်ဖက်မှာတော့ အနောက်ဖက်ကမ်း စစ်ခုံးရုံးမှာ ပါလက်စတိုင်းအတွေအပေါ် ပြုလုပ်တဲ့ တရားစွဲဆိုမှုမှာတော့ ၉၉.၇၄ ရာခိုင်နှုန်းဟာ အပြစ်ရှိတယ်ဆိုတဲ့ စီရင်ချက် ချခဲ့တယ်လို့ ၂၀၁၁ ခုနှစ်မှာ အစ္စရေးနေ့စဉ်ထုတ်သတင်းစာ Haaretz က ရရှိခဲ့တဲ့ အစ္စရေးစစ်တပ်က လျှို့ဝှက်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက အစ္စရေးဆယ်ကျော်သက်နှစ်ဦးဟာ အသက် ၁၆ နှစ်အရွယ် မိုဟာမက် အဘူ ခဒီရ်ကို ၂၀၁၄ ခုနှစ်နွေရာသီမှာ ပြန်ပေးဆွဲသတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

    အဲဒီတရားခံနှစ်ဦးရဲ့ ဦးလေးဖြစ်သူ အသက် ၃၁ နှစ်အရွယ် ယိုဆက်ဖ် ဟိုင် ဘင်-ဒေးဗစ်ဟာ သူ့ကိုစွဲထားတဲ့ စွဲချက်အတွက် အပြစ်ရှိကြောင်း ဂျေရုစလင်တရားရုံးက တွေ့ရှိခဲ့ရပေမယ့် ရှေ့နေဖြစ်သူက သူ့ရဲ့အမှုသည်ဟာ စိတ်ရောဂါဖြစ်နေတယ်လို့ နောက်ဆုံးအချိန်မှာ လျှောက်လဲခဲ့ပါတယ်။ ဒါ့ကြောင့် စီရင်ချက်ချမှတ်ခြင်း မပြုလုပ်ရသေးပါဘူး။

    ဒီလအစောပိုင်း အလ်ဂျာဇီးရားကို အဘူ ခဒီရ်ရဲ့မိသားစုက ပြောကြားတဲ့အထဲမှာ အဲဒီကြားနာမှုဟာ အမှန်တရားဖြစ်ပါ့မလားဆိုတဲ့ သံသယတွေရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “မိုဟာမက် အသတ်ခံရမှုအတွက် ဒီတရားရုံးကနေ တရားမျှတမှုရလိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ သူတို့ကို လွှတ်လိုက်မှာပါပဲ” လို့ သေဆုံသွားသူရဲ့ဖခင် ဟူစိန် အဘူ ခဒီရ်က ဆိုပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့က အကြံပေးတစ်ဦးဖြစ်တဲ့ ဇာဗီယာအဘူအီဒ်က အဘူခဒီရ်ကိုသတ်တဲ့သူတွေကို တရားစွဲဆိုမှုက “ပါလက်စတိုင်းတွေရဲ့အသက်တွေဟာ အစ္စရေးအတွက် ဘယ်လောက် ဈေးပေါနေလဲဆိုတာကို ပြသနေတဲ့ သာဓကပဲ” လို့ နောက်ပိုင်းမှာ Twitter စာမျက်နှာကတစ်ဆင့် ရေးသားခဲ့ပါတယ်။

    အာရပ်လူနည်းစုများအခွင့်အရေးဆိုင်ရာ Adalah တရားရေးစင်တာက နိုင်ငံတကာအသိပညာပေး တာဝန်ရှိသူ အမ်ဂျဒ် အီရာကီက ဒါဝါဘက်ရှ်မိသားစုနဲ့ မိုဟာမက် အဘူ ခဒီရ်တို့ကို သတ်ဖြတ်မှုတွေဟာ “အစ္စရေးအာဏာပိုင်တွေအနေနဲ့ ဂျူးတွေနဲ့ ပါလက်စတိုင်းတွေကို ဆက်ဆံရာမှာ စံနှစ်မျိုးသုံးနေတယ်ဆိုတာကို” ဖော်ပြနေတာသာဖြစ်တယ်လို့ ဆိုပါတယ်။

    “မစုံစမ်းမစစ်ဆေးဘဲ ဖမ်းဆီးမှု၊ စစ်ဘက်တရားစွဲဆိုမှုနဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ပါလက်စတိုင်းတွေကို ပြစ်ဒဏ်ချမှတ်မှုတွေအတွက် အစ္စရေးစစ်တပ်ဟာ မကောင်းသတင်းနဲ့ကျော်ဇောပါတယ်။ ဒါပေမယ့် ဂျူးလူမျိုး သံသယရှိသူတွေဆိုရင်တော့ ဆောင်ရွက်မှုဟာ လေးလံနှေးကွေးပြီး တရားစွဲဆိုမှုတွေ၊ ပြစ်ဒဏ်ချမှတ်မှုတွေကို ရှောင်ရှားဖို့အတွက် အကြောင်းပြချက်တွေပေးကြပါတယ်” လို့ အီရာကီက ပြောကြားခဲ့ပါတယ်။

    (Aljazeera သတင်းဌာနမှ Rights groups decry Israel’s comments on Dawabsheh case သတင်းဆောင်းပါးကို
    လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ပါလက်စတိုင်းများကို အစ္စရေးက တရားလက်လွတ်သတ်ဖြတ်ခြင်းအတွက် ဆွီဒင်က ပြင်းထန်စွာ ရှုတ်ချ

    ပါလက်စတိုင်းများကို အစ္စရေးက တရားလက်လွတ်သတ်ဖြတ်ခြင်းအတွက် ဆွီဒင်က ပြင်းထန်စွာ ရှုတ်ချ

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    pal

    – ဓားဖြင့်တိုက်ခိုက်သည်ဟု စွပ်စွဲသော ကိစ္စများတွင် ပါဝင်ပတ်သက်သည်ဆိုသော ပါလက်စတိုင်းပြည်သူများကို တရားလက်လွတ် သတ်ဖြတ်ခြင်းများအတွက် အစ္စရေးအား ဆွီဒင်နိုင်ငံက ပြင်းထန်စွာ ဝေဖန်ရှုတ်ချလိုက်သည်။

    ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလ်စထရုမ်းကမူ အစ္စရေးစစ်တပ်မှာ ပါလက်စတိုင်းဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့မှုတွင် တရားလက်လွတ်သတ်ဖြတ်ခြင်း သို့မဟုတ် မတန်တဆ အင်အားသုံးခြင်းတို့ကို ဆောင်ရွက်နေပြီး အစ္စရေးမှ သေဆုံးသူများနှင့် ပါလက်စတိုင်းမှ သေဆုံးသူများကို နှိုင်းယှဉ်လျှင် ထိုအချက်ကို ရှင်းရှင်းလင်းလင်း တွေ့ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

    ‘အစ္စရေးရဲ့ တုန့်ပြန်မှုမှာ တရားလက်လွတ် သတ်တာဖြတ်တာတွေ ပါဝင်ပြီး၊ သင့်လျော်မှုလည်း မရှိပါဘူး။ ဒါ့ကြောင့် တစ်ဖက်မှာ (ပါလက်စတိုင်းဖက်မှာ) သေဆုံးတဲ့သူတွေက အဆမတန် များပြားနေပါတယ်’ ဟု သူမက ဆိုသည်။

    ဝေါလ်စထရုမ်း၏ မှတ်ချက်များကို အစ္စရေးအာဏာပိုင်များက လက်မခံခဲ့ဘဲ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ကာ ရှုတ်ချခဲ့သည်။

    ပါလက်စတိုင်းနှင့် အစ္စရေးများအကြား အောက်တိုဘာကတည်းက စတင်ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုများကြောင့် ပါလက်စတိုင်း ၁၁၀ ကျော်နှင့် အစ္စရေး အယောက် ၂၀ နီးပါး သေဆုံးခဲ့သည်။ ထို့ပြင် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်တို့တွင် ပါလက်စတိုင်းဆန္ဒပြသူများနှင့် အစ္စရေးတပ်ဖွဲ့များအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

    ထိုမတည်ငြိမ်မှုများမှာ သြဂုတ်လအတွင်းက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အား အစ္စရေးတပ်ဖွဲ့များနှင့် တရားမ၀င်အိမ်ယာများ၌ နေထိုင်ကြသည့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်း ၀တ်ပြုသူများအား တိုက်ခိုက်ခဲ့ပြီးနောက် စတင်လာခဲ့ခြင်းဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များကို တစ်စတစ်စ သိမ်းယူနေသည့် အစ္စရေးမှာ မကြာသေးမီကလည်း အနောက်ဖက်ကမ်းရှိ Area C ဟုခေါ်သော နယ်မြေမှ ပါလက်စတိုင်းပိုင် အိမ်များကို ဖြိုချဖျက်ဆီးခဲ့ပြီး ဥရောပသမဂ္ဂက ထိုလုပ်ရပ်အား ရှုတ်ချခဲ့သည်။

    နိုင်ငံတကာအဖွဲ့အစည်းများက ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက အခြေချအိမ်ယာများ တည်ဆောက်ခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ထားသည်။ ၁၉၆၇ ကတည်းကစ၍ အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များအတွင်း တရားမ၀င် အခြေချအိမ်ယာ ၁၂၀ ကျော်ကို ဆောက်လုပ်ခဲ့ပြီး ထိုအိမ်ယာများတွင် ဂျူးသန်းဝက်ကျော် နေထိုင်နေကြသည်။

    Ref: Press TV

  • အစ္စရေးအား အမေရိကန်ပညာရေးအဖွဲ့ကြီးတစ်ခုက သပိတ်မှောက်

    အစ္စရေးအား အမေရိကန်ပညာရေးအဖွဲ့ကြီးတစ်ခုက သပိတ်မှောက်

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    pla

    – ဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် အစ္စရေးအား သပိတ်မှောက်သည့် လူ့အခွင့်အရေးအဖွဲ့များတွင် အမေရိကန် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ လေ့လာမှုအသင်း NWSA လည်း ပါဝင်လာသည်ဟု သိရသည်။

    နိုဝင်ဘာအစောပိုင်းတွင် ပြုလုပ်ခဲ့သည့် အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးတွင် မဲခွဲကာ ထောက်ခံမဲ ၆၅၃ မဲ၊ ကန့်ကွက်မဲ ၈ ဖြင့် အစ္စရေးအား နိုင်ငံတကာမှ သပိတ်မှောက်သည့် လှုပ်ရှားမှုဖြစ်သော Boycott, Divestment and Sanctions (BDS) သို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ထိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    NWSA မှာ အစ္စရေးမှ ပညာရေးဆိုင်ရာ အသင်းအဖွဲ့များကိုသာ သပိတ်မှောက်မည်မဟုတ်ဘဲ အစ္စရေး၏ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ အသင်းအဖွဲ့များ၊ အစ္စရေးက စပွန်ဆာပေးထားသော စီမံကိန်းများကိုလည်း သပိတ်မှောက်သွားမည် ဖြစ်သည်။

    အဆိုပါ BDS လှုပ်ရှားမှုတွင် ပါဝင်ရန်အတွက် ၂၀၁၄ ခုနှစ် ပေါ်တိုရီကိုတွင် ပြုလုပ်ခဲ့သည့် NWSA ၏ ညီလာခံ၌ ဖွဲ့စည်းခဲ့သော ပါလက်စတိုင်းအမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးအဖွဲ့က အကြံပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သူများတွင် အပါအ၀င်ဖြစ်ခဲ့သည့် ဆီမွန်နာ ရှာရိုနီကမူ NWSA ၏ ထိုကဲ့သို့ ပါဝင်မှုမှာ ပါလက်စတိုင်းများနှင့် တစ်သားတည်းရှိကြောင်း ပြသရာတွင် အရေးပါသည်ဟု ဆိုသည်။

    “အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်၊ အစ္စရေးနဲ့ ဂိုလန်တောင်ကုန်းတွေမှာ ရှိကြတဲ့ ပါလက်စတိုင်းတွေ၊ အခြားအာရပ်တွေကို လိင်ပိုင်းဆိုင်ရာနဲ့ အမျိုးသား၊ အမျိုးသမီးကွဲပြားမှုကို အခြေခံတဲ့ အကြမ်းဖက်မှုတွေအပါအ၀င် တရားမဲ့မှုတွေ၊ အကြမ်ဖက်းမှုတွေကို ကျွန်မတို့ လစ်လျူရှုလို့မရပါဘူး။ အဲလိုပဲ ၁၉၄၈ ခုနှစ် Nakba (ပါလက်စတိုင်းဒေသမှ ပါလက်စတိုင်းများကို အစ္စရေးက အစုလိုက်အပြုံလိုက် မောင်းထုတ်သည့် လုပ်ရပ်) အတွင်းမှာ သိန်းနဲ့ချီတဲ့ပါလက်စတိုင်းတွေ ကိုလိုနီအပြုခံရပြီး ပြောင်းရွှေ့ခဲ့ရတာကိုလည်း မေ့လို့မရပါဘူး” ဟု NWSA က အတည်ပြုခဲ့သည့် အကြံပေးချက်တွင် ဖော်ပြထားသည်။

    NWSA အပြင် အမေရိကန်ရှိ အခြားသော အသင်းအဖွဲ့များကလည်း ပါလက်စတိုင်းများပေါ် ကျူးလွန်းမှုများနှင့်ပတ်သက်၍ အစ္စရေးအား ဆန့်ကျင်သပိတ်မှောက်သည့် BDS လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ အမေရိကန်အခြေစိုက် ပညာရေးနှင့် သိပ္ပံအသင်းအဖွဲ့ ဒါဇင်ဝက်ခန့်မှာလည်း အစ္စရေးအား သပိတ်မှောက်ခဲ့ကြသည်။

    ထိုလှုပ်ရှားမှုမှာ ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက ကိုလိုနီပြုခြင်းနှင့် သိမ်းပိုက်ခြင်းတို့ကို အဆုံးသတ်ရန်နှင့် ပါလက်စတိုင်းဒုက္ခသည်များ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ခြေချခွင့်ကို အစ္စရေးက လေးစားလာရန်ဖြစ်သည်။

    Ref: Press TV

  • UNECA တွင် အလံလွှင့်တင်ခြင်းဖြင့် ပါလက်စတိုင်းနိုင်ငံကို ကုလက ထပ်မံ အသိအမှတ်ပြု

    UNECA တွင် အလံလွှင့်တင်ခြင်းဖြင့် ပါလက်စတိုင်းနိုင်ငံကို ကုလက ထပ်မံ အသိအမှတ်ပြု

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    pla

    – အာဖရိကတွင် ကုလ၏ အကြီးဆုံး လက်ခွဲအဖွဲ့ဖြစ်သော အာဖရိကဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးကော်မရှင်အဖွဲ့ UNECA တွင် သောကြာနေ့က ပါလက်စတိုင်းအလံကို ပထမဆုံး လွှင့်တင်ခဲ့သည်ဟု သိရသည်။

    အီသီယိုးပီးယားနိုင်ငံ မြို့တော် အက်ဒစ် အာဘာဒါရှိ UNECA ၏ ရုံးချုပ်တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်း ပြည်သူများမှာ ကိုယ်ပိုင်နိုင်ငံ တည်ထောင်ခွင့်ရှိသည်ဆိုသော အကြောင်းအရင်းနှင့်ပတ်သက်၍ တစ်သားတည်းရှိကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

    အဆိုပါ အလံတင်အခမ်းအနားသို့ နိုင်ငံပေါင်းများစွာမှ သံတမန်များ၊ ကုလနှင့် အာဖရိကသမဂ္ဂမှ တာဝန်ရှိသူများ၊ အီသီယိုးပီးယားအစိုးရမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    “နိုင်ငံတကာ စည်းလုံးညီညွတ်ရေးနေ့ဖြစ်တဲ့ ဒီနေ့မှာ အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေ ထိုက်တန်တဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ကို ယူဆောင်ပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိက၀တ်ကို ထပ်မံ အတည်ပြုလိုက်ကြပါစို့” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်မှ ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြခဲ့သည်။

    “ဒီနေ့မှာ နိုင်ငံပေါင်း ၁၃၆ နိုင်ငံစလုံးဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုလိုက်တဲ့နေ့ဖြစ်ပြီး သူ့ရဲ့အလံကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘေးနားမှာ လွှင့်တင်လိုက်တဲ့နေ့ပါပဲ။ ဒါပေမယ့် ဒီတိုးတက်မှုတွေကို ဂါဇာက ကလေးငယ်တွေ၊ နဘ်လုစ်၊ ဟီဘရွန်နဲ့ အရှေ့ဂျေရုစလင်က (ပါလက်စတိုင်း) ပြည်သူတွေတော့ မခံစားရဖူးပေါ့လေ”

    ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ပြည်သူ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သော ပဋိပက္ခများကို အဆုံးသတ်ရန်အတွက် အစ္စရေးနှင့် ပါလက်စတိုင်းအာဏာပိုင်များအနေဖြင့် လိုအပ်သော ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်သင့်သည်ဟု ဘန်က ထည့်သွင်း ပြောကြားခဲ့သည်။

    အီသီယိုးပီးယားနှင့် အာဖရိကသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကလည်း အစ္စရေးစစ်တပ်က အတင်းအဓမ္မ မောင်းထုတ်မှုများ၊ ထောင်သွင်းအကျဉ်းချမှုများ စသည့် ပါလက်စတိုင်းပြည်သူများ၏ ထိခိုက်ခံစားနေရမှုများကို အဆုံးသတ်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ပုခုံးပြောင်းတာဝန်ယူရန် တိုက်တွန်းဆော်သြခဲ့သည်။

    Ref: IINA News

  • ပါလက်စတိုင်းတို့ ငြှင်းပမ်းနှိပ်စက်ခံရသည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန် အစ္စရေးက Google၊ YouTube တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့

    ပါလက်စတိုင်းတို့ ငြှင်းပမ်းနှိပ်စက်ခံရသည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန် အစ္စရေးက Google၊ YouTube တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    pla

    – အစ္စရေးလွှတ်တော်မှ အဖွဲ့ဝင်ဖြစ်ပြီး ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ တီဇီပီ ဟိုတိုဗီလီမှာ ယခုသီတင်းပတ်အတွင်း YouTube နှင့် Goolge တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကာ အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသော ပါလက်စတိုင်း ပိုင်နက်များမှ ပါလက်စတိုင်းများ ရိုက်ကူးလွှင့်တင်သည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန်ကိစ္စအတွက် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများကို ရှာဖွေရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အစ္စရေးနေ့စဉ်သတင်းစာဖြစ်သော Maariv က ဟိုတိုဗီလီမှာ Google နှင့် YoutTube တို့မှ တာဝန်ရှိသူများ ပါဝင်ကာ လှုံ့ဆော်သည်ဟု အစ္စရေးကသတ်မှတ်သော ပါလက်စတိုင်းတို့၏ ဖော်ပြမှုများကို “စောင့်ကြည့်၊ တားဆီးခြင်း” ပူးပေါင်းလုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့သည်။ ပါလက်စတိုင်းတို့အား အစ္စရေးက ဖိနှိပ်ချုပ်ချယ်မှု၊ ငြှင်းပမ်းနှိပ်စက်မှုများ ဗီဒီယိုမှတ်တမ်းများကို ဟိုတိုဗီလီက “တိုက်ခိုက်မှုနှင့် အကြမ်းဖက်ဝါဒ” ကို လှုံ့ဆော်သည့် အရာများဟု သမုတ်ခဲ့သည်။

    ဟီဘရူးဘာသာဖြင့် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဟိုတိုဗီလီက သူမမှာ YouTube စီအီးအို ဆူဆန် ၀ူဂ်ျစစ်ကီ၊ Google ၏ ပြည်သူ့ပေါ်လစီဒါရိုက်တာ ဂျနီဖာ အော့ဇစ်စကီးတို့နှင့် ဆီလီကွန်တောင်ကြားရှိ ဂူးလ်ဂဲလ်၏ ရုံးခန်းတွင် တွေ့ဆုံခဲ့သည်ဟု ကြေငြာခဲ့သည်။

    ထိုတွေ့ဆုံမှုအတွင်း ပါလက်စတိုင်းများ၏ ဗီဒီယိုများအား အဆိုပါကုမ္ပဏီများက စောင့်ကြည့်ရန်အတွက် လုပ်ငန်းစဉ်တစ်ခုကို သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။ ပါလက်စတိုင်းများကို အစ္စရေးက ငြှမ်းပမ်းနှိပ်စက်သည့် ဗီဒီယိုများမှာ ပါလက်စတိုင်းလူငယ်များ အုံကြွကာ ဓားဖြင့် တိုက်ခိုက်မှုများကို ဖြစ်စေသည်ဟု သူမက ဆိုသည်။

    Google ကမူ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနှင့် အပြန်အလှန် ဆက်ဆံရေးကို အားကောင်းစေရန်နှင့် လွှင့်တင်ထားသည့် ဗီဒီယိုများကို စောင့်ကြည့်ရေးနှင့် ဆင်ဆာဖြတ်ရေးတွင် နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များ ပါဝင်ကာ ဆောင်ရွက်နိုင်မည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ကို တည်ဆောက်ရန် သဘောတူညီခဲ့သည်ဟု ဟိုတိုဗီလီက ထည့်သွင်းပြောကြားခဲ့သည်။

    စက်တင်ဘာလက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ အစ္စရေးစစ်သားများနှင့် ဂျူးအခြေချနေထိုင်သူများက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

    ထိုဆန္ဒပြမှုအတွင်း အစ္စရေးစစ်သားများနှင့် အရာရှိများက ပါလက်စတိုင်းများအား ဒဏ်ရာအနာတရ ဖြစ်အောင်လုပ်ကာ ရားလက်လွတ် သတ်ဖြတ်မှုများအပါအ၀င် ပါလက်စတိုင်းတို့အပေါ် အစ္စရေးက ကျူးလွန်မှုများကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများအပြားမှာ အင်တာနက်စာမျက်နှာတွင် ပေါ်ထွက်လာခဲ့ပြီးနောက် အစ္စရေးက ယခုကဲ့သို့ ဆင်ဆာဖြတ်ရန် ကြိုးစားခြင်းဖြစ်သည်။

    အစ္စရေးက Google၊ YouTube တို့နှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်စိုးရိမ်စကာကောင်းသည့် ကိစ္စတစ်ခုဖြစ်ပြီး ဂျာနယ်လစ်များကလည်း ထိုဆောင်ရွက်မှုမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တိုက်ရိုက် ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကာ ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။

    အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင်နက်များတွင် ၀င်ရောက်သတင်းရယူလိုသည့် နိုင်ငံခြားသတင်းထောက်များမှာ အစ္စရေးစစ်တပ်တွင် မှတ်ပုံတင်ကြရပြီး၊ ၎င်းတို့ရိုက်ကူးသမျှကိုလည်း အစ္စရေးစစ်တပ်၏ ဆင်ဆာဌာနတွင် စစ်ဆေးဖြတ်တောက်ပြီးမှ ထုတ်လွှင့်ခွင့် ရကြသည်။

    သို့သော်လည်း နည်းပညာများ တိုးတက်လာပြီး ဆိုရှယ်မီဒီယာများ ခေတ်စားလာချိန်တွင် ပါလက်စတိုင်းများနှင့် အခြားသောပြည်သူများမှာ အစ္စရေး၏ ငြှင်းပမ်းနှိပ်စက် တိုက်ခိုက်မှုများကို အရှိအတိုင်း တင်ပြခွင့်ရလာကြသည်။

    အစ္စရေးကမူ ၎င်းတို့၏ ကျူးလွန်ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန် နည်းလမ်းများကို ရှာဖွေနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

    Ref: IMEMC