News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းမငြိမ်သက်မှု ဖြေရှင်းရန် သဘောတူညီချက် ရရှိ

    ပါလက်စတိုင်းမငြိမ်သက်မှု ဖြေရှင်းရန် သဘောတူညီချက် ရရှိ

    အေက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    – ပါလက်စတိုင်းပိုင်နက်များနှင့် အစ္စရေးတို့တွင် ပြီးခဲ့သည့် သီတင်းပတ်များကတည်းက ဖြစ်ပွားခဲ့သည့် တင်းမာမှုများကို အဆုံးသတ်ရေး ကြိုးပမ်းမှုအဖြစ် ဂျော်ဒန်နှင့် အစ္စရေးတို့မှာ သဘောတူညီချက်များကို ရရှိခဲ့ပြီး ထိုအထဲတွင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်၌ ၂၄ နာရီ လုံခြုံရေး စောင့်ကြည့်ကင်မရာများ တပ်ဆင်ရန်လည်း ပါဝင်သည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်လအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂျူးအစွန်းရောက်များက အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပါလက်စတိုင်းများအကြားတွင် တင်းမာမှုများ မြင့်တက်လာခဲ့ကာ ဆန္ဒပြမှုများ၊ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

    ပါလက်စတိုင်းများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၀ ဦးခန့် သေဆုံးခဲ့ပြီး၊ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုနှင့် ပါလက်စတိုင်းပိုင်နက်အတွင်းရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးများ၏ တိုက်ခိုက်မှုတို့ကြောင့် ပါလက်စတိုင်း ၅၀ ကျော် သေဆုံးခဲ့သည်။

    ထိုပြဿနာအား ပြေလည်စေရန်အတွက် ပါလက်စတိုင်းသမ္မ မဟ်မူဒ်အဘတ်စ်၊ ဂျော်ဒန်ဘုရင် အဘ်ဒူလာနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ ယမန်နေ့က ဆွေးနွေးခဲ့ကြပြီး၊ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ၂၄ နာရီ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားရန် ဂျော်ဒန်ဘုရင်၏ အကြံပြုချက်ကို အစ္စရေးက လက်ခံခဲ့သည်ဟု ကယ်ရီက ပြောကြားခဲ့သည်။ ဘုရင်အဘ်ဒူလာမှာ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အား ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက တစ်စတစ်စ ကျူးကျော်သိမ်းပိုက်မှုနှင့် အလ်-အက်ဆွာတည်ရှိသော အရှေ့ဂျေရုစလင်နှင့် ပတ်သက်၍ ၀င်ရောက်စွက်ဖက်များကြောင့် အလ်-အက်ဆွာမှာ ပါလက်စတိုင်းပိုင်ဖြစ်သည်ဟူသော အမှန်တရားကို အစ္စရေးက ပြောင်းလဲချင်နေသည်ဟု ပါလက်စတိုင်း အာဏာပိုင်များနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ဝေဖန်ခဲ့ကြသည်။

    သို့သော်လည်း ကယ်ရီက အစ္စရေးမှာ လက်ရှိအခြေအနေကို ပြောင်းလဲမည်မဟုတ်ကြောင်း အသေအချာ ပြောခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် ထိုဗလီဝတ်ကျောင်းတော် အပါအ၀င် အရှေ့ဂျေရုစလင်ကို အစ္စရေးက ထိန်းချုပ်ထားပြီး ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားသည်။

    ထိုသဘောတူညီချက်အား အသေးစိတ်ဖော်ပြထားသော ကြေငြာချက်တွင် ၀န်ကြီးချုပ် နေတန်ယာဟုက မိမိတို့မှာ “အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်က ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာတရားသုံးခုအတွက် အရေးပါသည်ကို အသိအမှတ်ပြုပြီး ပါလက်စတိုင်းပိုင်နက်ဖြစ်သည်ဟူသော လက်ရှိအခြေအနေကို စကားလုံး၊ သို့မဟုတ် လုပ်ရပ်များဖြင့် ပြောင်းလဲမည်မဟုတ်ဟူသော ကတိက၀တ်ကို စောင့်ထိန်းမည်ဟု ထပ်မံ ပြောကြားလိုကြောင်း” ဖော်ပြထားသည်။

    ထို့ပြင် ထိုဗလီဝတ်ကျောင်းတော်တွင် အစ္စလာမ်ဘာသာဝင်များကို ၀တ်ပြုခွင့်ပေးပြီး ဂျူးများနှင့် ခရစ်ယာန်များကို လာရောက်လည်ပတ်ခွင့်ပေးသည့် ပေါ်လစီကိုလည်း ဆက်လက်တည်ရှိသွားစေမည်ဖြစ်ပြီး ဗလီဝတ်ကျောင်းတော်၏ ပရ၀ုဏ်အား ခွဲထုတ်သွားရန် မိမိတို့၌ အစီအစဉ်မရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: Aljazeera

  • အလ်-အက်ဆွာဗလီနှင့် ပါလက်စတိုင်းတို့အပေါ် အစ္စရေး၏ ကျူးလွန်မှုများကို ကုလရှုတ်ချ

    အလ်-အက်ဆွာဗလီနှင့် ပါလက်စတိုင်းတို့အပေါ် အစ္စရေး၏ ကျူးလွန်မှုများကို ကုလရှုတ်ချ

    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်း ပါလက်စတိုင်းဝတ်ပြုသူများကို အစ္စရေးက ကန့်သတ်ပိတ်ပင်ခြင်းနှင့် သမိုင်းဝင်နေရာများကို ကာကွယ်ပေးခြင်း မရှိမှုတို့ကို ရှုတ်ချဝေဖန်ထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ ယူနက်စကိုက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်တွင် အလ်-ကွဒ်စ် (အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော အရှေ့ဂျေရုစလင်အပိုင်း) ကို “ပါလက်စတိုင်း၏ မြို့တော်” အဖြစ် ရည်ညွှန်းထားသည်။ ထို့ပြင် အရှေ့ဂျေရုစလင်၌ အစ္စရေးတို့က ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပါလက်စတိုင်းများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ကုလက ရှုတ်ချခဲ့ပြီး၊ အထူးသဖြင့် အရှေ့ဂျေရုစလင်နှင့် ဂျေရုစလင်မြို့ဟောင်းတစ်ဝိုက် ပါလက်စတိုင်းတို့၏ သမိုင်းဝင်နေရာများအား ဖျောက်ဖျက်မှုကို လုံးဝ ရပ်တန့်ရမည်ဟု ဆိုသည်။

    ဂါဇာကမ်းမြှောင်တွင် အစ္စရေးက လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှုများအတွင်း ပျက်ဆီးသွားသည့် စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းဝင်နေရာများနှင့် အဆောက်အဦးများ၊ မီဒီယာစင်တာများ၊ ၀တ်ပြုရာနေရာများကိုလည်း ချက်ခြင်း ပြန်လည်တည်ဆောက်ပေးရန် အဆိုပါဆုံးဖြတ်ချက်တွင် တောင်းဆိုခဲ့သည်။

    အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်၌ ပါလက်စတိုင်းတို့၏ ၀တ်ပြုမှုကို ကန့်သတ်သည့် အစ္စရေး၏ လုပ်ရပ်ကိုလည်း ကုလက ရှုတ်ချခဲ့ပြီး၊ မြင့်မြတ်သောနေရာများကို အစ္စရေးက စီမံခန့်ခွဲနေခြင်း၊ ပါလက်စတိုင်းပိုင် အလ်-ကွဒ်စ်၊ အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောင်တို့၌ အစ္စရေး၏ ဆောင်ရွက်မှုများကိုလည်း ထပ်မံ၍ သတိပေးခဲ့သည်။

    ပြီးခဲ့သည့်လက အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်း အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများအား တိုက်ခိုက်ခဲ့ပြီးနောက် ပါလက်စတိုင်းပိုင်နက်များအတွင်း တင်းမာမှုများမြင့်တက်လာပြီး ဆန္ဒပြမှုများ၊ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

    အစ္စရေးကမူ ထိုဆန္ဒပြမှုများတွင် ပါလက်စတိုင်းပြည်သူ ၅၀ ကျော်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ထိုအထဲတွင် ဓားဖြင့်တိုက်ခိုက်သူများ၊ အသက်အန္တရာယ်မပေးနိုင်သည့် ဆန္ဒပြသူများ၊ ဘေးတွင် ရပ်ကြည့်နေသူများနှင့် ကလေးများလည်း ပါဝင်သည်။ ထို့ပြင် ရာနှင့်ချီသော ပါလက်စတိုင်းများမှာလည်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုအတွင်း ဒဏ်ရာများ ရရှိခဲ့သည်။

    ယူနက်စကိုကမူ ထိုမတည်ငြိမ်မှုများအတွင်း နိုင်ငံသားများအနေဖြင့် လက်နက်ကိုင်ဆောင်ကာ ပါလက်စတိုင်းများကို တိုက်ခိုက်ရန် အစ္စရေးအစိုးရက တိုက်တွန်းမှုအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချရန် တိုက်တွန်းဆော်သြခဲ့သည်။

    ဆုံးဖြတ်ချက်တွင် Bouraq Wall အား အလ်ကွဒ်စ်၏ ပရ၀ုဏ်အတွင်းသို့ ထည့်သွင်းခြင်း မရှိခဲ့သော်လည်း အစ္စရေးက ၎င်းတို့၏ အမွေအနှစ်ဟုဆိုကာ အတင်းအဓမ္မ သိမ်းယူချင်နေသည့် အလ်-ခါလီလ်ရှိ Tomb of the Patriarchs (အီဗရာဟင်မ် ဗလီဝတ်ကျောင်းတော်) နှင့် ဘက်သလီဟမ်ရှိ ဘီလားလ် ဘင် ရာဘာဟ် ဗလီဝတ်ကျောင်းတော်တို့ကို ပါလက်စတိုင်းပိုင်နက်များအဖြစ် ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: Onislam, Nytimes

  • ပါလက်စတိုင်းကလေးငယ်များအပေါ် အစ္စရေးက အင်အား အလွန်အကျွံ အသုံးပြုနေ

    ပါလက်စတိုင်းကလေးငယ်များအပေါ် အစ္စရေးက အင်အား အလွန်အကျွံ အသုံးပြုနေ

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင်နက်များနှင့် အစ္စရေးတို့တွင် ဆက်လက်ဖြစ်ပွားလျက် ရှိနေသည့် တင်းမာမှုများအတွင်း အစ္စရေးစစ်တပ်မှာ ပါလက်စတိုင်းကလေးငယ်များအပေါ် အင်အားအလွန်အကျွံ အသုံးပြုနေပြီး “မမျှတသည့် တိုက်ခိုက်မှုများ” ကိုလည်း ဆောင်ရွက်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားလိုက်သည်။

    “တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အချိန်မှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေက အရေးယူသူမဲ့ ဆောင်ရွက်နေတဲ့ စစ်ဖက်ဇုန်လိုမျိုး ၀န်းကျင်ကလည်း ကြီးထွားလာပါတယ်။ ပါလက်စတိုင်းကလေးငယ်တွေဟာ မမျှတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခံနေရပါတယ်” ဟု နိုင်ငံတကာ ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ DCI ၏ ပါလက်စတိုင်းဆိုင်ရာ အကြံပေးအရာရှိနှင့် ရှေ့နေဖြစ်သူ ဘရဒ်ပါကားက ပြောကြားခဲ့သည်။

    အောက်တိုဘာ ၆ ရက်နေ့မှ ၁၂ ရက်အကြား ကာလအတွင်း ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောင်တို့တွင် အစ္စရေးစစ်သားများနှင့် အစ္စရေး၏ တရားမ၀င်အိမ်ရာများတွင် နေထိုင်သော ဂျူးများကြောင့် ပါလက်စတိုင်းကလေးငယ် အနည်းဆုံး ၂၀၁ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ပြောကြားခဲ့သည်။

    မကြာခဏ ဖြစ်လေ့ရှိသည့် အဆိုပါငြှင်းပမ်းမှုများက ပါလက်စတိုင်းကလေးငယ်များအပေါ် “နက်ရှိုင်းသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ” ဖြစ်စေသည်ဟု ဟားဗတ်တက္ကသိုလ် လူ့အခွင့်အရေးဆိုင်ရာစင်တာမှ ပေါ်လစီပညာရှင် ဖက်ဒရီကာ ဒီအလက်ဇန်ဒရာက ပြောကြားခဲ့သည်။

    “ပညာရှင်တွေရဲ့ သုတေသနပြုမှုအရ ဒီလိုဖိနှိပ်မှု၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ကျရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ အထွေထွေပြဿနာဟာ ပါလက်စတိုင်းကလေးတွေကြားထဲမှာ အမြဲလိုလိုတွေ့နေရပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လအတွင်း ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ် အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းခဲ့ပြီးနောက် ပါလက်စတိုင်းများအကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီး၊ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ဆက်လက်သိမ်းပိုက်နေခြင်းကလည်း ထိုတင်းမာမှုများကို တိုက်ခိုက်မှုများဖြင့် အသွင်ပြောင်းစေခဲ့ကာ အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်နှင့် အစ္စရေးတို့တွင် မငြိမ်သက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

    အစ္စရေး လုံခြုံရေးတပ်ဖွဲ့များကမူ ကလေးငယ်များ အပါအ၀င် ပါလက်စတိုင်းဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများ၊ မူးမေ့စေသည့် ဗုံးများ၊ ရာဘာကွပ်ထားသော စတီးကျည်ဆန်များနှင့် ကျည်အစစ်တို့ဖြင့် ပစ်ခတ် နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည်။

    အောက်တိုဘာ ၁ ရက်နေ့မှ စ၍ အစ္စရေးစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်သတ်မှတ်မှုကြောင့် သေဆုံးသူ လက်စတိုင်းအရေအတွက်မှာ ၅၂ ဦး ရှိလာခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့ထဲတွင် ဓားဖြင့်တိုက်ခိုက်သည်ဟု စွပ်စွဲခံရသူများ၊ လက်နက်မဲ့ ဆန္ဒပြသူများ၊ ဘေးတွင် ရပ်ကြည့်သူများ ပါဝင်ခဲ့သည်။ ပါလက်စတိုင်းတို့၏ တိုက်ခိုက်မှုကြောင့် ဂျူးအခြေချနေထိုင်သူ ၈ ဦး သေဆုံးခဲ့သည်။

    ပစ်သတ်သည့် ပေါ်လစီ

    လေ့လာဆန်းစစ်သူများကမူ ပါလက်စတိုင်းကလေးငယ်များမှာ အသက်အန္တရာယ် ရှိစေလောက်သည့် အင်အား အသုံးမပြုသော်လည်း အစ္စရေး၏ ဖမ်းဆီးခြင်းကို ခံနေရသည်ဟု ဝေဖန်ခဲ့သည်။

    “ဒီအချင်းအရာတွေက အစ္စရေးဟာ “မြင်သမျှ ပစ်သတ်တဲ့ ပေါ်လစီ” ကို သိသိသာသာ ကျင့်သုံးတယ်ဆိုတဲ့ စိုးရိမ်မှုတွေကို မြင့်တက်စေပါတယ်။ အချို့သော ဖြစ်ရပ်တွေဟာဆိုရင် တရားလက်လွတ် သတ်ဖြတ်တယ်လို့တောင် မှတ်ယူလို့ရပါတယ်” ဟု DCI- ပါလက်စတိုင်းမှ ပါကားက ပြောကြားခဲ့သည်။

    အချို့သော ကလေးငယ်များမှာ ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်တို့တွင် ပြုလုပ်သော ဆန္ဒပြမှုများ၊ အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုများတွင် ပစ်သတ်ခြင်း ခံခဲ့ရသည်။

    အောက်တိုဘာ ၅ ရက်နေ့တွင် ဘက်သလီဟမ်၌ အသက် ၁၃ နှစ်အရွယ် အဘ်ဒဲလ် ရဟ်မန် အဘ်ဒူလာ ပစ်သတ်ခံခဲ့ရပြီးနောက်ပိုင်း အစ္စရေးစစ်တပ်က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ဘေးနားတွင် ရှိနေသူအား ရည်ရွယ်ပစ်ခတ်ရာ၌ ၎င်းကို မတော်တဆ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    အရေးယူခံရမှု မရှိ

    ပါကားကမူ “လူ့အသက်များအား ကာကွယ်ရန် မလွှဲမရှောင်သာ အခြေအနေမျိုးမှလွဲ၍ လက်နက်အသုံးပြုမှု” ကို နိုင်ငံတကာ ဥပဒေက တားမြစ်ထားသည်ဟု ထောက်ပြခဲ့သည်။

    “ဆန္ဒပြမှုအတွင်းမှာ အစ္စရေးက သတ်ဖြတ်ခဲ့တဲ့ ကလေးတွေဟာ သူတို့ အသတ်ခံရတဲ့အချိန်မှာ ဘယ်ရဲတပ်ဖွဲ့ဝင်၊ ဘယ်စစ်သားကိုမှ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ ရှိမနေဘူးဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်” ဟု ပါကားက ထည်သွင်းပြောကြားခဲ့သည်။

    ပါလက်စတိုင်း ဆန္ဒပြသူများအား ကျည်အစစ်များဖြင့် ပစ်ခတ်ခြင်း ကန့်သတ်ထားမှုကို အစ္စရေးက ပြီးသည့်လတွင် ဖြေလျော့ပေးခဲ့သည်။

    အင်္ဂါနေ့ညကလည်း အနောက်ဖက်ကမ်း မြောက်ဘက် ယာဘဒ်မြို့ရှိ ဂျူးအခြေချနေထိုင်သူများမှာ အသက် ၁၄ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ် ဆာကီရ် ဟာဇာလာကို တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်။

    ရာမာလာအခြေစိုက် Al-Haq လူ့အခွင့်အရေးအဖွဲ့ကမူ အောက်တိုဘာ ၁ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်းပိုင်နက်အတွင်းရှိ ဂျူးအခြေချအိမ်ယာများတွင် နေထိုင်သူများက ပါလက်စတိုင်းများကို အုပ်စုဖွဲ့ တိုက်ခိုက်မှု ၄၈ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုအထဲတွင် ကလေးများအား ဦးတည်တိုက်ခိုက်မှု အများအပြား ပါဝင်ခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်း မငြိမ်သက်မှုအတွင်း သေဆုံးသူများ မြင့်တက်၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဟု ဘန်ကီမွန်ပြော

    ပါလက်စတိုင်း မငြိမ်သက်မှုအတွင်း သေဆုံးသူများ မြင့်တက်၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဟု ဘန်ကီမွန်ပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    pla

    – တင်းမာမှုများ မြင့်တက်နေသော ပါလက်စတိုင်း ပိုင်နက်များ၌ အစ္စရေးစစ်တပ်က ယမန်နေ့တွင် ပါလက်စတိုင်း ၅ ဦးကို ပစ်သတ်ခဲ့ပြီး၊ ထိုအထဲတွင် မိသားစုတစ်ခုတည်းမှ ဆယ်ကျော်သက် လူငယ်နှစ်ဦး ပါဝင်ခဲ့သည်။

    ထိုလူငယ်နှစ်ဦးကို ယမန်နေ့ညနေပိုင်းတွင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဟီဘရွန်မြို့၌ အစ္စရေး တပ်ဖွဲ့များက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး စစ်သားများအား ဓားဖြင့်တိုက်ခိုက်ရန် ကြိုးစားသည်ဟု ဆိုသည်။ အစ္စရေးစစ်သာတစ်ဦးမှာ ထိုအဖြစ်အပျက်တွင် ဒဏ်ရာရရှိခဲ့သည်။

    ယမန်နေ့ မနက်ပိုင်းကလည်း အသက် ၂၄ နှစ်အရွယ် အဒီဟာရှင်မ် မက်စ်လာမဟ်ဟု အမည်ရသည့် ပါလက်စတိုင်းတစ်ဦးကို ဟီဘရွန်မြို့အနီးတွင်ပင် အစ္စရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး ဓားဖြင့်ထိုးရန် ကြိုးစားသည်ဟုပင် သတင်းထုတ်ပြန်ခဲ့သည်။

    ဂါဇာကမ်းမြှောင်တွင်လည်း အသက် ၂၇ နှစ်အရွယ် အဟ်မဒ် အလ်-ဆာဟီမှာ အစ္စရေး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးတစ်ဦးမှာ ယမန်နေ့က ဟီဘရွန်မြို့အနီးတွင် သေဆုံးခဲ့ပြီး မျက်မြင်သက်သေများကမူ ၎င်းမှာ ထိုဒေသရှိ ပါလက်စတိုင်းခရီးသွားများအား တိုက်ခိုက်မှုများ ပြုလုပ်စဉ် ကားတစ်စီးက ၎င်းအား ၀င်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အနောက်ဘက်ကမ်းရှိ ရာမာလာတွင် ယမန်နေ့က ပါလက်စတိုင်းများမှုာ အစ္စရေး၏ ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့သည်။

    ပြီးခဲ့သည့်လအတွင်းက အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ အစ္စရေး စစ်သားများနှင့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများအား တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းများအကြား တင်းမာမှုများ မြင့်တက်လာခဲ့ကာ မငြိမ်မသက်မှုများ ဖြစ်ပွားလာခဲ့သည်။

    ၃ ပတ်တာ ကြာမြင့်နေပြီဖြစ်သည့် အဆိုပါ မငြိမ်မသက်မှုများအတွင်း အစ္စရေးစစ်တပ်နှင့် ဂျူးအခြေချနေထိုင်သူများ၏ ပစ်ခတ်မှု၊ တိုက်ခိုက်မှုတို့ကြောင့် ယနေ့အထိ ပါလက်စတိုင်းပြည်သူ ၅၀ သေဆုံးခဲ့ရပြီး၊ ပါလက်စတိုင်းများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေး ၉ ဦးသေဆုံးခဲ့သည်။

    စုံစမ်းစစ်ဆေးမည်

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ထိုတိုက်ခိုက်မှုများအား အဆုံးသတ်ရန် ယနေ့တွင် တိုက်တွန်းခဲ့ပြီး ထိုသတ်ဖြတ်မှုများအတွက် သေသေချာချာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဟု ရာမာလာတွင် ပါလက်စတိုင်း သမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    “အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လို့ရမယ့် အခြေအနေတွေ ဖြစ်လာအောင် ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ ထောက်ခံအားပေးပါမယ်။ ဒါပေမယ့် ကျိန်းသေတာကတော့ ဒါဟာ ပါလက်စတိုင်းနဲ့ အစ္စရေးတွေအတွက် ငြိမ်းချမ်းရေးကို ရွေးချယ်ဖို့ပါပဲ။ ကျွန်တော်တို့အတွက် အရင်ဆုံး စိန်ခေါ်မှုကတော့ လက်ရှိ တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး နောက်ထပ် အသက်ဆုံးရှုံးမှုတွေ ထပ်မဖြစ်ဖို့ပါပဲ” ဟု ဘန်ကီမွန်က ပြောကြားခဲ့သည်။

    ယမန်နေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံစဉ်အတွင်း ဘန်က တိုက်ခိုက်မှုများကို ဖြေရှင်းရန် နည်းလမ်းမှာ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုများကို အဆုံးသတ်ရန် အပါအ၀င် နိုင်ငံရေးအခြေအနေများကို အမှန်တကယ် တိုးတက်အောင် ဆောင်ရွက်ရေးပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အဖိနှိပ်ခံ ပါလက်စတိုင်းများနှင့် တစ်သားတည်းရှိကြောင်း ဥရောပပြည်သူများ ပြသ

    အဖိနှိပ်ခံ ပါလက်စတိုင်းများနှင့် တစ်သားတည်းရှိကြောင်း ဥရောပပြည်သူများ ပြသ

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    pla

    – ဖိနှိပ်ခံ ပါလက်စတိုင်းများအား အားပေးထောက်ခံရန်၊ အစ္စရေးက ပါလက်စတိုင်းဆန္ဒပြသူများကို အင်အားသုံးနှိမ်နင်းမှုနှင့် အစ္စရေး-ပါလက်စတိုင်း တင်းမာမှုများကို တစ်ဖက်သက်ဖော်ပြသော မီဒီယာများအား ဆန့်ကျင်ရန်အတွက် ဥရောပနိုင်ငံများမှ ပြည်သူများမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

    လန်ဒန်တွင် ယမန်နေ့က တက်ကြွလှုပ်ရှားသူများမှာ Oxford Circus မှ ဘီဘီစီရုံးချုပ်သို့ ချီတက်ခဲ့ကြပြီး လမ်တစ်လျှောက်ရှိ လမ်းသွားလမ်းလာ ပြည်သူများကို ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေးအတွက် အသိပညာပေးမှုများ ပြုလုပ်ခဲ့သည်။ Guardian သတင်းစာ၏ ဖော်ပြမှုအရ အဆိုပါချီတက်ဆန္ဒပြမှုတွင် ပြည်သူပေါင်း အနည်းဆုံး ၁၅၀ ခန့် ပါဝင်ခဲ့သည်။

    “အစ္စရေးအစိုးရရဲ့ ထုတ်ပြန်ချက်တွေကို ယူကေမီဒီယာတွေက ထပ်တလဲလဲဖော်ပြနေသမျှ၊ ပါလက်စတိုင်းပြည်သူတွေကို ကယ်ရာမဲ့တွေ၊ အကြမ်းဖက်လိုသူတွေအဖြစ် ဖော်ပြနေသမျှ ကာလပတ်လုံး ကျူးကျော်ပိတ်ဆို့ခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် ခုခံမှုဆိုတဲ့ အခွင့်အရေး ရှိနေတယ်လို့ ကျယ်ကျယ်လောင်လောင်ပြောနေရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ဆန္ဒပြသူတစ်ဦးက လူအုပ်ကြီးအား ပြောကြားခဲ့သည်။

    ဆန္ဒပြသူများမှာ ဆိုင်းဘုတ်များစွာ ကိုင်ဆောင်လာကြပြီး ဆိုင်းဘုတ်တစ်ခုတွင် “ပါလက်စတိုင်းက အစ္စရေးရဲ့ စစ်ရာဇ၀တ်မှုတွေကို အဆုံးသတ်” ဟု ဖော်ပြထားပြီး ဆန္ဒပြသူများကလည်း “မငိုပါနဲ့ ပါလက်စတိုင်း၊ ငါတို့က မင်းတို့ကို ပစ်ထားမှာမဟုတ်ပါဘူး” ဟု ဟစ်ကြွေးခဲ့ကြသည်။

    အဆိုပါ ဆန္ဒပြမှုကို London Palestine Action အဖွဲ့က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး “ပါလက်စတိုင်းများ၏ ခုခံကာကွယ်မှု” ကို ထောက်ခံသည့်အနေဖြင့် အနီရောင်နှင့် အစိမ်းရောင် ကာလာဗုံးများကို ပစ်ဖောက်ခဲ့ကြသည်။

    အဖွဲ့ဝင်တစ်ဦးဖြစ်သူ လေလာဝှိုက်ကမူ ဗြိတိန်အစိုးရမှာ အစ္စရေးကို လက်နက်များရောင်းချခြင်းဖြင့် “ပါလက်စတိုင်းများအား အစ္စရေး၏ အကြမ်းဖက်ဖိနှိပ်မှုကို လက်နက်ကိရိယာနှင့် နိုင်ငံရေးအရ ပံ့ပိုးပေးနေသည်” ဟု ပြောကြားခဲ့သည်။

    “ပါလက်စတိုင်းဆန္ဒပြသူတွေကို အစ္စရေးက ကျည်အစစ်တွေနဲ့ တုန့်ပြန်နေတယ်၊ တရားလက်လွတ် သတ်ဖြတ်နေတယ်၊ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်သူဂျူးတွေ ပါလက်စတိုင်းတွေကို တိုက်ခိုက်ဖို့ ခွင့်ပြုနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေပါတယ်” ဟု သူမက Guardian သို့ ပြောကြားခဲ့သည်။

    pla 3

    ပြင်သစ်တွင်လည်းပြုလုပ်

    ပါလက်စတိုင်းများအား အားပေးထောက်ခံသည့် ဆန္ဒပြမှုကို ပဲရစ်မြို့ရှိ ရီပက်ဘလစ်ရင်ပြင်တွင် ပြင်သစ်ပြည်သူများက ပြုလုပ်ခဲ့ကြသည်။

    “အစ္စရေးအစိုးရဟာ ပါလက်စတိုင်းတွေ အရှက်ရစေဖို့၊ မြင့်တက်လာတဲ့ တင်းမာမှုတွေမှာ ပါဝင်လာဖို့ ဆွပေးနေတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ မီဒီယာက နေရာတိုင်းမှာ ရှိနေလို့ပါပဲ” ဟု EuroPalestine အဖွဲ့၏ ဥက္ကဌ ဇီမိုရ် အိုလီဗီယာက ပြောကြားခဲ့သည်။ ၎င်းတို့အဖွဲ့မှ ပြုလုပ်ခဲ့သည့် ချီတက်ဆန္ဒပြမှုတွင် လူရာချီ တက်ရောက်ခဲ့ကြသည်။

    တက်ကြွလှုပ်ရှားသူများမှာ ပါလက်စတိုင်းအလံများကို ဝှေ့ယမ်းကာ “အစ္စရေးအကြမ်းဖက်နိုင်ငံ” နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မပြုရန်လည်း ပြင်သစ်အစိုးရအား တိုက်တွန်းခဲ့သည်။

    “ဒီနေ့ ကျွန်မတို့ဟာ ပါလက်စတိုင်းပြည်သူတွေရဲ့အနောက်မှာ မားမားမတ်မတ် ရပ်တည်နေပါတယ်။ ဘာမှညှိနှိုင်းစရာမရှိတဲ့အတွက် ကျွန်မတို့ ညှိနှိုင်းဖို့မလိုပါဘူး။ လုပ်ရမယ့်အလုပ်ကတော့ လက်နက်ကိုင် တိုက်ခိုက်ဖို့ပါပဲ” ဟု အိုလီဗီယာက ထည့်သွင်းပြောကြားခဲ့သည်။

    ပြင်သစ်နှင့် လန်ဒန်တို့အပြင်၊ ဒက်ဘလင်၊ ဆစ်ဒနီနှင့် ဆန်ဖရန်စစ္စကို စသည့် အခြားဥရောပနိုင်ငံများနှင့် အမေရိကန်တို့မှ မြို့ကြီးများတွင်လည်း ပါလက်စတိုင်း ထောက်ခံရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။

    ပြီးခဲ့သည့်လက ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်မှ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးစစ်သားများနှင့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းပြီးနောက်ပိုင်း ပါလက်စတိုင်းပြည်သူများအကြား တင်းမာမှုများ မြင့်တက်လာပြီး ဆန္ဒပြမှုများ၊ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သည့် ဂျူးများကို ဓားဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ လက်ရှိအချိန်အထိ ၁၀ ဦးခန့် သေဆုံးခဲ့သည်။

    အစ္စရေးစစ်တပ်က ဓားဖြင့်တိုက်ခိုက်ရန် ကြိုးစားသည်ဟူသော စွပ်စွဲချက်ဖြင့် ပစ်သတ်ခဲ့သည့် ပါလက်စတိုင်း အရေအတွက်မှာ ၅၀ နီးပါး ရှိလာခဲ့ပြီဖြစ်သည်။

    Ref: RT