News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးပစ်သတ်၊ ရာနှင့်ချီ၍ ဒဏ်ရာရ

    ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးပစ်သတ်၊ ရာနှင့်ချီ၍ ဒဏ်ရာရ

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    pla

    – ဂျူများ အသတ်ခံရပြီးနောက် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို အစ္စရေးက ပိတ်ပင်ခဲ့သောကြောင့် ဒေသခံများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ဆယ်ကျော်သက် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးခဲ့ကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။

    ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း အစ္စရေးမှာ ကျည်ဆံအစစ်များ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး တူလ်ကာမ် စစ်ဆေးရေးဂိတ်တွင် ရေနံဆီဗုံး ပစ်သည်ဟုဆိုကာ အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းလူငယ် ဟူသိုင်ဖာ ဆူလေမန်ကို အစ္စရေးစစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ဆန္ဒပြမှုအတွင်း ပါလက်စတိုင်းပြည်သူ ၄၀၀ နီးပါးခန့် ဒဏ်ရာရခဲ့ပြီး ထိုအထဲမှ ၁၅၀ ခန့်မှာ သေနတ်ဒဏ်ရာများ ဖြစ်သည်။ ၂၀၀ ကျော်မှာလည်း မျက်ရည်ယိုဗုံးဒဏ်ကြောင့် ဆေးကုသမှု ခံခဲ့ရသည်။

    Ref: Aljazeera

  • ဂျေရုစလင်သို့ ပါလက်စတိုင်းများဝင်ရောက်ခွင့် အစ္စရေးပိတ်ပင်

    ဂျေရုစလင်သို့ ပါလက်စတိုင်းများဝင်ရောက်ခွင့် အစ္စရေးပိတ်ပင်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    aa

    – ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးတို့က ကျူးကျော်ဆောက်လုပ်ထားသော တရားမ၀င်အိမ်ရာများ၌ နေထိုင်သည့် ဂျူးလူမျိုးများ ၁၂ နာရီအတွင်း ဂျေရုစလင်၌ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပါလက်စတိုင်းများ ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ ၀င်ရောက်ခွင့်ကို အစ္စရေး ရဲတပ်ဖွဲ့က ပိတ်ပင်လိုက်သည်ဟု သိရသည်။

    စနေနေ့ညပိုင်းက ပါလက်စတိုင်းတစ်ဦး၏ ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဂျူးနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အစ္စရေးက ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ အစ္စရေးဂျူးများ၊ မြို့ဟောင်းအတွင်း နေထိုင်သူများ၊ ကမ္ဘာလှည့်ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောင်းသားများမှလွဲ၍ အခြားလူများ မ၀င်ရန် ကန့်သတ်ခဲ့သည်။

    အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကိုလည်း အသက် ၅၀ ကျော်ပါလက်စတိုင်းအမျိုးသားများနှင့် အမျိုးသမီးများသာ ၀င်ရောက်ရမည်ဟု ကန့်သတ်ထားသည်။ ဂျေရုစလင်မြို့ဟောင်းသို့ ၀င်ရောက်မှု ကန့်သတ်ခြင်းမှာ ၂ ရက်တာကြာမည်ဟု အစ္စရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်အား ပိတ်ဆို့ခြင်း၊ သိမ်းပိုက်ခြင်း၊ ပါလက်စတိုင်းဒေသအတွင်း အစ္စရေးက တရားမ၀င်အိမ်ရာများ တည်ဆောက်ခြင်း၊ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ၀င်ရောက်စီးနင်းခြင်းတို့ကြောင့် ပါလက်စတိုင်းများအကြားတွင် တင်းမာမှုများ မြင့်တက်လျက်ရှိပြီး အစ္စရေး၏ ကျူးကျော်အိမ်ယာများတွင် နေထိုင်သော ဂျူးများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအား ပစ်မှတ်ထားသော တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက် ရှိသည်။

    Ref: Aljazeera

  • အစ္စရေးကပိတ်ဆို့ထားသည့် အနောက်ဖက်ကမ်းတွင် ဂျူး ၂ ဦး အသတ်ခံရ

    အစ္စရေးကပိတ်ဆို့ထားသည့် အနောက်ဖက်ကမ်းတွင် ဂျူး ၂ ဦး အသတ်ခံရ

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင်းနက်ဖြစ်ပြီး အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းတွင် ကားမောင်းသွားသည့် အစ္စရေး အခြေချနေထိုင်သူ ဇနီးမောင်နှံ ၂ ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု အစ္စရေးစစ်တပ်က ပြောကြားလိုက်သည်။

    နဘ်လုပ်စ် အရှေ့တောင်ဘက် ၅ မိုင်အကွာ ဘီအစ်ဖူရစ်ရွာတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်စဉ် ထိုကားပေါ်၌ ပါလာခဲ့သည့် ကလေးငယ် ၄ ဦးမှာလည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

    တိုက်ခိုက်သူမှာ ဘေးမှ ကားဖြင့်မောင်းစဉ် ပစ်ခတ်သွားခြင်းဖြစ်ပြီး အစ္စရေးစစ်တပ်က ထိုရွာ၌ ၀င်ရောင်စီးနင်းကာ ရှာဖွေမှုများ ပြုလုပ်နေသည်။ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ပိတ်ဆို့ထားပြီး တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်ကာ ဂျူးများအား နေရာချထားပေးခြင်းအတွက် ပါလက်စတိုင်း ပြည်သူများမှာ ကျေနပ်ခြင်းမရှိဘဲ မကြာခဏဆိုသလို အစ္စရေး လုံခြုံရေးတပ်ဖွဲ့များနှင့်
    တရားမ၀င်အိမ်ယာများ၌ အခြေချ နေထိုင်သူများကို တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။

    Ref: Aljazeera

  • စက်တင်ဘာလအတွင်း ပါလက်စတိုင်းပြည်သူ ၅၀၀ ကျော်ကို အစ္စရေးက မတရားဖမ်းဆီး

    စက်တင်ဘာလအတွင်း ပါလက်စတိုင်းပြည်သူ ၅၀၀ ကျော်ကို အစ္စရေးက မတရားဖမ်းဆီး

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    plansi

    – ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်တို့တွင် အစ္စရေးစစ်သားများက ဖမ်းဆီးခဲ့သည့် ပါလက်စတိုင်းပြည်သူ အရေအတွက်မှာ ၅၆၂ ဦး ရှိသည်ဟု ပါလက်စတိုင်အကျဉ်းသားများအဖွဲ့ PPS က ပြောကြားလိုက်သည်။

    အစ္စရေး၏ မတရားဖမ်းဆီးမှုကို ခံခဲ့ရသူများနှင့် ၎င်းတို့၏မိသားစုများကို ကိုယ်စားပြုသော အဆိုပါ PPS အဖွဲ့မှာ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဂျေရုစလင်တွင် ဖမ်းဆီးခံရသူ ပါလက်စတိုင်းပြည်သူ အရေအတွက်မှာ ၂၉၄ ဦးရှိကာ အများစုမှာ ကလေးများဖြစ်သည်ဟု ဆိုသည်။

    ဂျူးအစွန်းရောက်များနှင့် အစ္စရေးစစ်သားများက ပါလက်စတိုင်းပိုင် အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်ကျူးကျော်မှုများ တိုးမြှင့်ပြုလုပ်ပြီးနောက်ပိုင်း ထိုကဲ့သို့ အရေအတွက် အများအပြား ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ အများစုကို အကျဉ်းထောင်သို့ ပေးပို့ခဲ့သည်ဟု PPS က ထည့်သွင်းပြောကြားခဲ့သည်။

    ဂျူးနှစ်သစ်ကူး Rosh Hashanah အားလပ်ရက်အတွက် အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော် အနီးတစ်ဝိုက်တွက် အစ္စရေးတပ်ဖွဲ့များ တပ်ဖြန့်ချထားပြီးနောက် စစ်သားများနှင့် ပါလက်စတိုင်းပိုင်နက်အတွင်းရှိ အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာများတွင် နေထိုင်သူ ဂျူးများမှာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ကာ ပါလက်စတိုင်း ၀တ်ပြုသူများကို
    တိုက်ခိုက်ခဲ့ကြပြီး ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    ဂါဇာတွင်မူ အစ္စရေးစစ်သားများမှာ ငါးဖမ်းသမား ၄၀ ဦး အပါအ၀င် ပါလက်စတိုင်းပြည်သူ ၅၆ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။ ငါးဖမ်းသမားများမှာ ပါလက်စတိုင်း ရေပိုင်နက်အတွင်း အစ္စရေးတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

    ထို့ပြင် ဟီဘရွန်ရှိ အလ်-ခါလီလ် ဒေသတွင်မူ ပါလက်စတိုင်းပြည်သူ ၇၅ ဦး ရာမာလာရှိ အလ်- ဘီရာဒေသတွင် ၃၈ ဦး၊ ဘက်သလီဟမ်တွင် ၃၂ ဦး၊ ဂျီနင်တွင် ၂၂ ဦး၊ နဘ်လုစ်တွင် ၂၀ ဦး၊ တူလ်ကာမ်တွင် ၈ ဦး၊ ဂျီရီချိုတွင် ၆ ဦး၊ တူဘက်စ်တွင် ၅ ဦး၊ ကွာလ်ကွီလ်ယာတွင် ၄ ဦးနှင့် ဆာလ်ဖစ်တွင် ၂ ဦး အသီးသီး ဖမ်းဆီးခံခဲ့ရသည်။

    အစ္စရေးအကျဉ်းထောင်များထဲတွင် ပါလက်စတိုင်းကလေးငယ် ၂၃၀ ဦး ရှိနေပြီး အခြေခံအခွင့်အရေးများကို ငြင်းပယ်ခံထားရကာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ခံနေရသည်ဟု PPS က ထည်သွင်းဖော်ပြခဲ့သည်။

    ပါလက်စတိုင်းအမျိုးသမီး ၂၅ ဦးကိုလည်း အစ္စရေးက ဖမ်းဆီးထားပြီး ၎င်းတို့ထဲမှ ၁၅ ဦးမှာ စက်တင်ဘာလအတွင်းမှာပင် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်ဟု ဆိုသည်။

    အစ္စရေးအကျဉ်းထောင်နှင့် ထိန်းသိမ်းရေးစခန်း ၁၇ ခုတွင် ပါလက်စတိုင်းပြည်သူ ၇၀၀၀ ကျော် ရှိနေပြီး အများစုမှာ စွဲချက်မဲ့ မတရားဖမ်းဆီးခံထားရခြင်း ဖြစ်သည်။

    Ref: PressTV

  • ကုလသမဂ္ဂတွင် ပါလက်စတိုင်းအလံ လွှင့်ထူနိုင်ပြီ

    ကုလသမဂ္ဂတွင် ပါလက်စတိုင်းအလံ လွှင့်ထူနိုင်ပြီ

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    plas

    – ယမန်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က မိန့်ခွန်းပြောကြားခဲ့ပြီးနောက်ပိုင်း ကုလအဆောက်အဦးရှေ့တွင် ပါလက်စတိုင်းအလံ လွှင့်တင်ပွဲအခမ်းအနားကို ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ဒေသစံတော်ချိန် နေ့လည် ၁ နာရီတွင် အခမ်းအနားဖြင့် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး သံတမန်များနှင့် သတင်းထောက်များ တက်ရောက်ခဲ့သည်။

    တက်ရောက်လာသူများကို ပြောကြားသည့် အဘတ်စ်၏ မိန့်ခွန်းတွင် ထိုအခမ်းအနားက “တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြသည့် အာဇာနည်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုကြောင့် အကျဉ်းကျခံနေရသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ယခုကဲ့သို့ အလံလွှင့်တင်နိုင်ခွင့်ရအောင် ကြိုးစားရင်း အသက် ဆုံးရှုံးခဲ့ရသူများ” ကို ရည်ရွယ်သည်ဟု ဆိုသည်။

    အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ရာဇာအာရာဖတ် ရင်ပြင်တွင် ပါလက်စတိုင်းပြည်သူများမှာ ထိုအလံလွှင့်တင်ပွဲအခမ်းအနားကို တီဗီစခရင်ကြီးများဖြင့် တိုက်ရိုက် ကြည့်ရှုခဲ့ကြကာ ပါလက်စတိုင်းအလံများကို ဝှေ့ယှမ်း၍ နိုင်ငံတော်သီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ကြသည်။

    “ဒီလိုအလံလွှင့်တင်တဲ့နေ့မျိုးဟာ ကျွန်တော်တို့ ပါလက်စတိုင်းနိုင်ငံတော်ရဲ့ မြို့တော်ဖြစ်တဲ့ ဂျေရုစလင်မှာလည်း မကြာမီ ဖြစ်လာပါလိမ့်မယ်။ နှစ်စဉ်နှစ်တိုင်း ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့ဟာ ပါလက်စတိုင်းအလံတော်နေ့ ဖြစ်မှာပါပဲ” ဟု အဘတ်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ထိုကဲ့သို့ အလံလွှင်တင်နိုင်မှုက ပါလက်စတိုင်းများ၏ ကိုယ်ပိုင်နိုင်ငံထူထောင်လိုမှုကို ထောက်ခံသည်ဟုဆိုသော ကတိက၀တ်ကို ရောင်ပြန်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ အဆောက်အဦး၌ ပါလက်စတိုင်းအလံလွှင့်ထူရန် ဆုံးဖြတ်ချက်ကို အစ္စရေးနှင့် အမေရိကန်တို့က ကန့်ကွက်ခဲ့ကြသော်လည်း စက်တင်ဘာ ၁၀ ရက်နေ့တွင် အထွေထွညီလာခံ၌ မဲအများစုဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera