News @ M-Media

Tag: Palestine

  • အနောက်ဖက်ကမ်းမှ ကျန်းမာရေးစနစ်ကိုလည်း အစ္စရေးက ဖျက်ဆီးနေ

    အနောက်ဖက်ကမ်းမှ ကျန်းမာရေးစနစ်ကိုလည်း အစ္စရေးက ဖျက်ဆီးနေ

    ဇွန် ၁၅၊ ၂၀၂၄
    M-Media 

    -ဂါဇာမှာ ၈ လကျော်ကြာ လူသတ်ပွဲ ပြုလုပ်နေတဲ့ အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း ကျန်းမာရေးနယ်ပယ်ကို ပစ်မှတ်ထား ဖျက်ဆီးနေပါတယ်။ 

    ပြီးခဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကနေ အခုနှစ် မေလ ၂၈ ရက်နေ့အထိ အနောက်ဖက်ကမ်းက ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုပေါင်း ၄၈၀ လောက် အစ္စရေးက ပြုလုပ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ 

    ဆေးဘက်ဆိုင်ရာ အဆောက်အဦးတွေ၊ ဆေးခန်းတွေ၊ လူနာတင်ယာဥ်တွေ အပါအ၀င် ကျန်းမာရေးအခြေခံအဆောက်အဦးတွေ တိုက်ခိုက်ခံရပြီး ကျန်းမာရေးလုပ်သားတွေနဲ့ လူနာတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ WHO က ဆိုပါတယ်။ 

    အဲဒီတိုက်ခိုက်မှုတွေကြောင့် ၁၆ ဦး သေဆုံးခဲ့ပြီး ၉၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အနောက်ဖက်ကမ်းမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ အရင်ကထက် ပိုမိုမြင့်တက်လာပြီး ပါလက်စတိုင်းပြည်သူ ၇၅၂ ဦး အသတ်ခံထားပါတယ်။ 

    အဲဒီအထဲမှာ ၁၂၆ ဦးက ကလေးငယ်တွေ ဖြစ်ပါတယ်။ ဒဏ်ရာရသူအရေအတွက်က ၅၂၀၀ ရှိပြီး ၈၀၀ က ကလေးငယ်တွေ ဖြစ်တယ်လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းတွေရဲ့ လှုပ်ရှားသွားလာမှုကို ကန့်သတ်ချုပ်ချယ်တာကိုလည်း အစ္စရေးက ပိုမိုလုပ်ဆောင်လာပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးက ပါလက်စတိုင်း ၉ ထောင်ကျော်ကို ဓားစားခံအဖြစ် ဖမ်းဆီးထား

    အစ္စရေးက ပါလက်စတိုင်း ၉ ထောင်ကျော်ကို ဓားစားခံအဖြစ် ဖမ်းဆီးထား

    ဇွန် ၁၁၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှ ပါလက်စတိုင်းသို့ လှေဖြင့် ၀င်ရောက်လာကြသည့် ဂျူးများ) 

    -အစ္စရေးအကျဥ်းထောင်တွေထဲမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ မတိုင်ခင်ကတည်းက ဖမ်းဆီးအကျဥ်းချထားရတဲ့ ပါလက်စတိုင်းပြည်သူ အရေအတွက် စုစုပေါင်း ၉၃၀၀ ရှိတယ်လို့ သိရပါတယ်။ 

    ပါလက်စတိုင်း အကျဥ်းသားများ ကူညီရေအဖွဲ့က အချက်အလက်တွေကို ထုတ်ပြန်တာပါ။

    ၉၃၀၀ ထဲက ၂၀၅၆ ဦးကို အစ္စရေးက မတရားပြစ်ဒဏ်ချထားပြီး၊ ၃၇၉၄ ဦးက အမှုပေါင်းများစွာနဲ့ တရားစွဲဆိုခံထားရပါတယ်။ ကျန်တဲ့ ၃၄၅၀ ကို ဒီအတိုင်း ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ 

    ဖမ်းဆီးခံထားရသူတွေထဲက ၉၀၂၁ ဦးဟာ အနောက်ဖက်ကမ်းကဖြစ်ပြီး၊ ၁၉၄ ဦးက ဂါဇာကမ်းမြှောင်က ဖြစ်ပါတယ်။ နောက်ထပ် ၈၅ ဦးဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေက ဖြစ်ပါတယ်။ 

    ဒုတိယကမ္ဘာစစ်က နာဇီရန်ကြောင့် ဥရောကနေ ထွက်ပြေးလာရတဲ့ ဂျူးတွေဟာ လက်နက်ကိုင်ပြီး ဌာနေ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ နယ်မြေခိုးယူပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ 

    အဲဒီနောက်ပိုင်းမှာလည်း နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်တာ၊ ပါလက်စတိုင်းတွေကို အကြမ်းဖက်သတ်ဖြတ်တာ၊ ဓားစားခံအဖြစ် ဖမ်းဆီးထားတွေကို စဥ်ဆက်မပြတ် လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ ပါလက်စတိုင်းပြည်သူ ၃၇၀၀၀ နီးပါး သတ်ဖြတ်ခံထားရပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာလူသတ်ပွဲတွင် အစ္စရေးက ယူရေနီယံအသုံးပြုမှု ရှိနေလား

    ဂါဇာလူသတ်ပွဲတွင် အစ္စရေးက ယူရေနီယံအသုံးပြုမှု ရှိနေလား

    ဇွန် ၁၀၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ယူရေနီယံ အသုံးပြုထားသည့် ကျည်များ)

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ အစ္စရေးရဲ့ ဂါဇာတစ်ကျော့ပြန်လူသတ်ပွဲမှာ ပြင်းအားနည်း ယူရေနီယံ (depleted uranium) လက်နက်တွေ အသုံးပြုမှု ရှိ၊ မရှိ စစ်ဆေးပေးဖို့ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) ကို တိုက်တွန်းဆော်သြမှုတွေ ရှိလာပါတယ်။ 

    ၈ လကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဒီလူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်း အရေအတွက်ဟာ ၃၇၀၀၀ နီးပါး ရှိလာပြီဖြစ်ပြီး အများစုက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    IAEA ရဲ့ ပါလက်စတိုင်းဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဆာလေဟင် အဘ်ဒဲလ် ရှာဖီက အစ္စရေးအသုံးပြုနေတဲ့ လက်နက်တွေမှာ depleted uranium အသုံးပြုမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့ ဇွန်လ ၉ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ် ။

    “ဂါဇာမှာ အစ္စရေးက အသုံးပြုတဲ့ လက်နက်ပမာဏဟာ ဒုတိယကမ္ဘာစစ် တစ်ခုလုံးမှာ အသုံးပြုခဲ့တဲ့ လက်နက်ပမာဏထက်ကို ကျော်လွန်နေပါပြီ။ IAEA နဲ့ အခြား ကျွမ်းကျင်အဖွဲ့အစည်းတွေ ဂါဇာကိုသွားပြီး စုံစမ်းစစ်ဆေးမှုတွေ စေ့စေ့ငှငှလုပ်ဆောင်ဖို့ ဒီအချက်တစ်ချက်တည်းနဲ့ လုံလောက်နေပါပြီ။ အခုအချိန်အထိ ဒီလို လုပ်တာမျိုး မရှိသေးပါဘူး” 

    depleted uranium ဟာ နူကလီးယားလက်နက်တွေမှာ အသုံးပြုတဲ့ ယူရေနီယံလောက် ဓာတ်ရောက်ခြည် အများအပြား ထွက်ရှိမှု မရှိပါဘူး။ ဒါပေမယ့် depleted uranium က ထွက်တဲ့ ဓာတ်ရောင်ခြည် ကြာကြာထိမိရင် အန္တရာယ်ရှိနိုင်တာကြောင့် IAEA ရဲ့ ကြပ်မတ်မှု လိုအပ်နေတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အကြမ်းဖက်မှု စံချိန်သစ်တစ်ခု ထပ်ရတဲ့ အစ္စရေး

    အကြမ်းဖက်မှု စံချိန်သစ်တစ်ခု ထပ်ရတဲ့ အစ္စရေး

    ဇွန် ၈၊၂၀၂၆

    M-Media 


    (ဓာတ်ပုံ – ဂါဇာက အစ္စရေး၏ အကြမ်းဖက်သတ်ဖြတ်မှုတစ်ခု)

    -ကလေးငယ်တွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုပြုလုပ်တဲ့ အမည်ပျက်နိုင်ငံများ၊ အဖွဲ့အစည်းများစာရင်းမှာ အစ္စရေးကို ကုလသမဂ္ဂက ထည့်သွင်းလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၃၇၀၀၀ နီးပါး အသတ်ခံထားရပြီး အဲဒီအထဲက ၁၅၀၀၀ လောက်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    လက်ရှိ အစ္စရေးဟာ ဂါဇာက စစ်ရှောင်စခန်းတွေ၊ လူနေအိမ်တွေနဲ့ ဆေးရုံတွေကို အဓိကပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ 

    ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာရန်ကြောင့် ဥရောပက ၀င်ရောက်လာတဲ့ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းနယ်မြေတွေကို ကျူးကျော်သိမ်းပိုက်ပြီး ၁၉၄၈ ခုနှစ်မှာ ဖြစ်ပေါ်လာတဲ့ အစ္စရေးနိုင်ငံဟာ အဲဒီအချိန်ကတည်းက ပါလက်စတိုင်းပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

    ကလေးငယ်တွေအပေါ် အကြမ်းဖက်တဲ့ အမည်ပျက်စာရင်းမှာ ISIL၊ ဘိုကိုဟရမ်၊ ရုရှား၊ အာဖဂန်နစ္စတန် စတဲ့ အဖွဲ့တွေ၊ နိုင်ငံတွေ ပါ၀င်ပါတယ်။ 

    ဒီအမည်ပျက်စာရင်းကို အခုလအတွင်း ပြုလုပ်မယ့် ကုလရဲ့ အထွေထွေညီလာခံမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ 

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ကလေးငယ်တွေကို အကြမ်းဖက်သတ်ဖြတ်တဲ့ ‘ရှက်စရာ အမည်ပျက်စာရင်း’ မှာ အစ္စရေးပါ၀င်လာတာဟာ ကြောင်းကျိုး ဆီလျော်မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    လူ့အခွင့်အရေးအဖွဲ့ Amnesty International ရဲ့ အတွင်းရေးမှူး အဂ်နက်စ် ကော်လာမာ့ဒ်က “ဒီရှက်စရာစာရင်းထဲ အစ္စရေးပါလာဖို့ ကလေးငယ် ၁၅၀၀၀ လောက် အသတ်ခံရတဲ့အထိစောင့်နေတာ မဖြစ်သင့်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ 

    အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုကတော့ အမည်ပျက်စာရင်းထဲ ထည့်သွင်းခံရမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ 

    Ref: Aljazeera

  • စစ်ရှောင်များခိုလှုံနေသည့် ကုလစာသင်ကျောင်းကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်

    စစ်ရှောင်များခိုလှုံနေသည့် ကုလစာသင်ကျောင်းကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်

    ဇွန် ၆၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်အလယ်ပိုင်း နူစီရတ် ဒုက္ခသည်စခန်းက စစ်ရှောင်တွေ ခိုလှုံနေတဲ့ ကုလ စာသင်ကျောင်းကို အစ္စရေးက ဇွန်လ ၅ ရက်နေ့မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး လူ ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

    “စာသင်ကျောင်းထဲမှာ ကျွန်တော်တို့ ရှိနေတဲ့အချိန် ရုတ်တရက် ဗုံးလာကြဲသွားပြီး လူတွေက တစ်စစီ ဖြစ်သွားတယ်။ ဒီကျောင်းထဲမှာ မိသားစုတွေ၊ လူငယ်တွေ နေထိုင်နေကြတာ။ သတိပေးတာမျိုးလည်း မလုပ်ဘဲ ဗုံးကြဲခဲ့တာပါ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ စစ်ရှောင်ပြည်သူ အနက်စ် အလ်-ဒါဟွတ်က ပြောပါတယ်။ 

    ဒီတိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာတစ်၀ှမ်းက ဆန့်ကျင် ရှုတ်ချခဲ့ပါတယ်။ 

    “အစ္စရေးရဲ့ အကြမ်းဖက်၀ါဒကို ဒီမှာတွေ့ရမှာပါ။ အစ္စရေးလောက် အကြမ်းဖက်တာ ကမ္ဘာမှာ တစ်ခြားဘယ်သူမှ မရှိပါဘူး။ ဂါဇာမှာ အစ္စရေးဟာ စည်းတွေ၊ ဘောင်တွေအားလုံးကို ကျော်ပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်”လို့ တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ နအင်း အလ်-ဒါဒါဟ်က ပြောပါတယ်။ 

    နအင်းဟာ ဂါဇာမြောက်ပိုင်း ဂါဇာစီးတီးကဖြစ်ပြီး အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်၊ တောင်ပိုင်း ခန်ယူနစ်မြို့၊ တောင်ဘက်အစွန်း ရာဖာမြို့တွေကို ထွက်ပြေးခဲ့ရကာ အခု ဂါဇာအလယ်ပိုင်းက နူစီရတ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတာဖြစ်ပါတယ်။ 

    အစ္စရေးဟာ နေရာတိုင်းကို အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။ 

    “ကြိုတင်သတိပေး အကြောင်းကြာတာမျိုး မရှိဘဲ အစ္စရေးလေယာဥ်တွေဟာ ကုလစာသင်ကျောင်းကို ဒုံးကျည် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”

    တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ အများပြား ရှိနေပြီး သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ဂါဇာ ကျန်းမာရေး၀န်ကြီးဌာနက ပြောပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကတည်းက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၆၆၅၄ ဦး ရှိလာပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – တိုက်ခိုက်ခံမှုပြီးနောက် တွေ့ရသည့် နူစီရတ်ဒုက္ခသည်စခန်းမှ ကုလစာသင်ကျောင်း)