News @ M-Media

Tag: Palestine

  • ဂါဇာအရေး ကိုယ့်ထိမှ နာတတ်ကြသည့် အနောက်နိုင်ငံများ

    ဂါဇာအရေး ကိုယ့်ထိမှ နာတတ်ကြသည့် အနောက်နိုင်ငံများ

    ဧပြီ ၅၊ ၂၀၂၄

    M-Media 

    -ဂါဇာမှာ ၆ လနီးပါးကြာ တစ်ကျော့ပြန်လူသတ်ပွဲ ပြုလုပ်နေတဲ့ အစ္စရေးဟာ ဧပြီလ ၁ ရက်နေ့မှာ အကူအညီပေးရေးအဖွဲ့ World Central Kitchen ရဲ့ ယာဥ်တန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် အကူအညီပေးရေး ၀န်ထမ်း ၇ ဦး သေဆုံးခဲ့ပါတယ်။ WCK ယာဥ်တန်းဟာ အဖွဲ့တံဆိပ် ထင်ထင်ရှားရှား ကပ်ထားတဲ့ အစောင့်အရှောက်ယာဥ်တွေနဲ့ တိုက်ခိုက်မှု မရှိတဲ့နေရာမှာ အကူအညီသွားပေးတာဖြစ်ပါတယ်။ 

    ဒီလှုပ်ရှားမှုအကြောင်းကို အစ္စရေးစစ်တပ်ထံ ကြိုတင် အကြောင်းကြားထားပြီးသားလည်း ဖြစ်ပါတယ်။ 

    မျက်မြင်သက်သေတွေရဲ့ ပြောကြားမှုအရဆိုရင် အစ္စရေးဟာ WCK ယာဥ်တန်းကို မထိမချင်း ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

    အစ္စရေးဟာ အကူအညီပေးရေးလုပ်သားတွေအပေါ် ပစ်မှတ်ထား အကြမ်းဖက်သတ်ဖြတ်တာမျိုး အရင်ကတည်းက လုပ်ဆောင်ခဲ့တာပါ။ လတ်တလော ဂါဇာလူသတ်ပွဲအတွင်း ကုလလုပ်သားတွေ၊ ပါလက်စတိုင်း လခြမ်းနီအဖွဲ့ ၀န်ထမ်း စုစုပေါင်း ၂၀၀ လောက်ကို အစ္စရေးက သတ်ဖြတ်ထားပါတယ်။ 

    ဒါပေမယ့် အခု WCK ယာဥ်တန်း တိုက်ခိုက်ခံရမှုမှာ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ၀ေဖန်ရှုတ်ချသံတွေ ပေါ်ထွက်လာပါတယ်။ 

    အသတ်ခံရသူ ၇ ဦးမှာ တစ်ဦးသာ ပါလက်စတိုင်းဖြစ်ပြီး အခြား ၆ ဦးဟာ အမေရိကန်၊ ယူကေ၊ ပိုလန်နဲ့ သြစတေးလျတို့က စေတနာ့၀န်ထမ်းတွေ ဖြစ်ပါတယ်။ 

    နှစ်သိမ့်တာ

    WCK စီးအီးအို အဲရင် ဂိုရီနဲ့ တည်ထောင်သူ ဟိုဆေး အန်ဒရက်စ်တို့က တိုက်ခိုက်သတ်ဖြတ်မှု၊ အစ္စရေးအာဏာပိုင်တွေရဲ့ တုန့်ပြန်ပြောဆိုမှုတွေကို မကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    “စက်ဆုပ်စရာသတ်ဖြတ်မှုအတွက် သူတို့ရဲ့ တောင်းပန်ချက်တွေဟာ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျန်ရစ်သူမိသားစုတွေနဲ့ ကမ္ဘာ့ WCK မိသားစု၀င်တွေကို နှစ်သိမ့်ယုံသာ ဖြစ်ပါတယ်”လို့ ဂိုရီက ပြောပါတယ်။ 

    အကူအညီပေးရေးလုပ်သားတွေ ဘေးအန္တရာယ်ကင်းရေး အစ္စရေးဖက်က ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်ပြီး၊ လက်ရှိမှာ WCK ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။ 

    အကူအညီပေးရေး၀န်ထမ်း အများအပြားကို အစ္စရေးက သတ်ဖြတ်ထားမှုကို WCK တည်ထောင်သူ အန်ဒရက်စ်က ထောက်ပြပါတယ်။ 

    “အကူအညီပေးရေး၀န်ထမ်းတွေ သေဆုံးမှုမရှိအောင် လုပ်ဆောင်ပေးမယ်ဆိုတာမျိုးနဲ့ မလုံလောက်တော့ပါဘူး။ အသတ်ခံရသူ အရေအတွက်က ၂၀၀ နီးနီး ရှိနေပါပြီ။ အရပ်သားတွေအားလုံးကို ကာကွယ်ပေးဖို့ လိုအပ်တယ်။ ဂါဇာက အပြစ်မဲ့ပြည်သူအားလုံး ရိက္ခာရဖို့နဲ့ လုံခြုံဖို့လည်း လိုအပ်ပါတယ်။ ဓားစားခံတွေအားလုံးကိုလည်း ပြန်လွှတ်ပေးရပါမယ်”

    သတ်ဖြတ်မှုအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ဖို့လည်း WCK က တောင်းဆိုထားပါတယ်။ 

    ရာဇ၀တ်သားတွေ 

    ဂါဇာမှာ အကူအညီပေးရေးလုပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး အစ္စရေးစစ်သားတွေကို ရာဇ၀တ်မှုဆိုင်ရာ စစ်ဆေးအပြစ်ပေးမှုတွေ လုပ်ဆောင်ဖို့ ပိုလန်နိုင်ငံက တောင်းဆိုခဲ့ပါတယ်။ 

    အသတ်ခံရသူ ၇ ဦးမှာ တစ်ဦးက ပိုလန်နိုင်ငံသားပါ။ ဒီကိစ္စဟာ လူသတ်မှုဖြစ်တယ်လို့လည်း ပိုလန်က ဆိုပါတယ်။ 

    “ဒီလူသတ်မှုအတွက် တာ၀န်ရှိတဲ့ စစ်သားတွေကို ရာဇတ်မှုဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာ၊ စုံစမ်းစစ်ဆေးမှုတွေမှာ ပိုလန်တရားသူကြီးတွေကိုပါ ထည့်သွင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ လိုလားပါတယ်”လို့ ပိုလန် ဒုတိယနိုင်ငံခြားရေး၀န်ကြီး Andrzej Szejna က ပြောပါတယ်။ 

    အစ္စရေးသံအမတ်က ဒီကိစ္စအတွက် လာရောက်တောင်းပန်သွားပြီး၊ သံအမတ်ကို နှင်လွှတ်ဖို့ မရှိဘူးလို့ Szejna က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ရင့်သီး 

    WCK အကူအညီပေးယာဥ်တန်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အစ္စရေး၀န်ကြီးချုပ် နေတန်ရာယာဟု ရဲ့ မှတ်ချက်ဟာ ရင့်သီးလွန်းတယ်လို့ သြစတေးလျ နိုင်ငံခြားရေး၀န်ကြီး ပန်နီ၀ွန်က ပြောပါတယ်။

    အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ WCK ၀န်ထမ်း ၇ ဦးထဲမှာ တစ်ဦးက သြစတေးလျနိုင်ငံသားပါ။ 

    နေတန်ယာဟုက ဒီကိစ္စဟာ မတော်တဆဖြစ်ရပ်သာဖြစ်ပြီး စစ်ပွဲမှာ ဒါမျိုးတွေ ဖြစ်တတ်တယ်လို့ ပြောခဲ့တာပါ။ 

    ပန်နီ၀ွန်က ဒီမှတ်ချက်ဟာ အသတ်ခံလိုက်ရတဲ့ သြစတေးလျနိုင်ငံသားနဲ့ အခြား ၆ ဦးတို့ကို စော်ကားသလိုဖြစ်ပြီး၊ တိုက်ခိုက်မှုအတွက် အစ္စရေးရဲ့ဖြေရှင်းချက်ကို လက်မခံဘူးလို့ အင်္ဂလိပ်သတင်းစာ The Guardian ကို ပြောကြားခဲ့ပါတယ်။ 

    “ဒီမှတ်ချက်ကို ကျွန်မတွေ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျန်ရစ်သူမိသားစုတွေအတွက် ဒါဟာ သိပ်ကို ရင့်သီးတယ်။ ရိုင်းစိုင်းလွန်းတယ်လို့ ကျွန်မပြောချင်ပါတယ်”

    မွေးသောမျောက် ပြန်ချောက် 

    WCK ၀န်ထမ်းတွေ အသတ်ခံရမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အစ္စရေးကို ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ 

    အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုကို ဘိုင်ဒန်က တိုက်ရိုက်ဖုန်းခေါ်ခဲ့ပြီး ဂါဇာမှာ အရပ်သားတွေနဲ့ အကူအညီပေးရေး ၀န်ထမ်းတွေကို ကာကွယ်ပေးရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ဖိအားပေးခဲ့ပါတယ်။ 

    “အကူအညီပေးရေး ၀န်ထမ်းတွေကို တိုက်ခိုက်တာနဲ့ ဂါဇာက အကူအညီပေးရေးလုပ်ငန်း အခြေအနေတွေဟာ လက်မခံနိုင်စရာဖြစ်တယ်ဆိုတာ သမ္မတဘိုင်ဒန်က အလေးထား ပြောကြားခဲ့ပါတယ်”လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အသတ်ခံလိုက်ရတဲ့ WCK ၀န်ထမ်း ၇ ဦးမှာ တစ်ဦးက အမေရိကန်-ကနေဒါ နိုင်ငံသား ဖြစ်ပါတယ်။ 

    စက်ဆုပ်စရာ 

    ယူကေ နိုင်ငံခြားရေး၀န်ကြီး ဒေးဗစ်ကင်မရွန်းက WCK ၀န်ထမ်းတွေကို အစ္စရေးက သတ်ဖြတ်မှုမှာ နောက်ဆက်တွဲဆိုကျိုးတွေ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    အသတ်ခံရသူ ၇ ဦးမှာ ၃ ဦးက ယူကေနိုင်ငံသားတွေဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ စက်ဆုပ်စရာကောင်းတယ်လို့ Daily Mail သတင်းဌာနနဲ့ အင်တာဗျူးမှာ ကင်မရွန်းက ပြောပါတယ်။ 

    “စစ်ပွဲမှာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်မျိုး ဖြစ်ပြီဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိပါတယ်”

    အမေရိကန်နဲ့ ယူကေတို့ဟာ အစ္စရေးကို အဓိက လက်နက်ထောက်ပံ့နေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ 

    ဟန်ပြအရေးယူ 

    WCK ယာဥ်တန်း တိုက်ခိုက်မှုအတွက် အရာရှိနှစ်ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ အစ္စရေးစစ်တပ်က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

    တိုက်ခိုက်မှုကျူးလွန်တဲ့ တပ်ဖွဲ့က ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဗိုလ်မှူးတစ်ဦးတို့ ရာထူးကနေ ထုတ်ပယ်ခံရတာပါ။ အစ္စရေးတောင်ပိုင်း စစ်ဌာနချုပ်က တပ်မှူးတစ်ဦးနဲ့ စစ်ဦးစီးအရာရှိတို့ကို ခေါ်ယူသတိပေးထားတယ်လို့ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    တိုက်ခိုက်မှုဟာ အချက်အလက်မှားယွင်းမှု၊ ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ဖြစ်သွားတဲ့ မတော်တဆမှုဖြစ်တယ်လို့လည်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ 

    ထုတ်ပြန်ချက်အရဆိုရင် ကျူးလွန်သူတွေကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ကာ အပြစ်ပေးတာမျိုး အစ္စရေးက လုပ်ဆောင်ဖို့ မရှိပါဘူး။ 

    Ref: BBC, Daily Mail, Aljazeera 

  • ကုလနှင့် လခြမ်းနီအဖွဲ့အပြင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကိုပါ အကြမ်းဖက်လာတဲ့ အစ္စရေး

    ကုလနှင့် လခြမ်းနီအဖွဲ့အပြင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကိုပါ အကြမ်းဖက်လာတဲ့ အစ္စရေး

    ဧပြီ ၂၊ ၂၀၂၄

    M-Media 


    – ကမ္ဘာအကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်တဲ့ World Central Kitchen ယာဥ်တန်းကို ဂါဇာမှာ အစ္စရေးက ဒုံးကျည်နဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။ 

    အစားအသောက်တွေ အကူအညီပေးတဲ့ World Central Kitchen အဖွဲ့ကို နာမည်ကျော် အမေရိကန် စာဖိုမှူး ဟိုဆေး အန်ဒရက်စ်က တည်ထောင်ထားတာပါ။ 

    ဂါဇာက World Central Kitchen အကူအညီပေးရေးယာဥ်တန်း တိုက်ခိုက်ခံရမှုဟာ ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အဖွဲ့၀န်ထမ်း ၇ ဦး သေဆုံးခဲ့ပါတယ်။ 

    သေဆုံးသူတွေထဲမှာ သြစတေးလျ၊ ပိုလန်၊ ယူကေ၊ အမေရိကန်၊ ကနေဒါနဲ့ ပါလက်စတိုင်းနိုင်ငံသားတွေ ပါ၀င်ပါတယ်။ 

    “ဂါဇာမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ကျွန်တော်တိုအဖွဲ့၀င် ၇ ဦး သေဆုံးသွားတယ်ဆိုတဲ့ သတင်းဆိုးကို World Central Kitchen က အတည်ပြုပါတယ်” လို့ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    ဒီအကြမ်းဖက်မှုကြောင့် ဒေသတွင်း အကူအညီပေးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့လည်း World Central Kitchen က ပြောပါတယ်။ 

    တိုက်ခိုက်မှုတွေ မရှိတော့တဲ့နေရာကို အဖွဲ့တံဆိပ် ထင်ထင်ရှားရှား ကပ်ထားတဲ့ အစောင့်အရှောက် ကားနှစ်စီးနဲ့ သွားရောက်ကူညီစဥ်မှာ အခုလို ပစ်မှတ်ထားခံလိုက်ရတာလို့လည်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    “အစ္စရေးစစ်တပ်နဲ့ သဘောတူညီချက် ယူထားတာတောင်မှ ဒီ အလ်ဘာလာမြို့မှာ ကျွန်တော်တို့ယာဥ်တန်း တိုက်ခိုက်ခံလိုက်ရပါတယ်။ ရေကြောင်းကနေ ဂါဇာကို ရောက်လာတဲ့ ရိက္ခာ တန် ၁၀၀ ကျော်ကို ကျွန်တော်တို့အဖွဲ့က သွားချပေးအပြီးမှာ ဖြစ်သွားတာပါ”

    အဖွဲ့တည်ထောင်သူ ဟိုဆေး အန်ဒရက်စ်က အဖွဲ့၀င်တွေ ဆုံးရှုံးသွားတဲ့အတွက် ၀မ်းနည်းမိကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    “ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ဆုံးရှုံးလိုက်ရပါတယ်။ သူတို့ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ WCK မိသားစုအတွက် ယူကြုံးမရ ဖြစ်မိပါတယ်” 

    အစ္စရေးဟာ ဂါဇာမှာ ၅ လကျော်အတွင်း ကုလ ကူအညီပေးရေး၀န်ထမ်းတွေနဲ့ ပါလက်စတိုင်းလခြမ်းနီအဖွဲ့၀င် အမြောက်အများကိုလည်း သတ်ဖြတ်ထားပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – WCK ယာဥ်တန်း တိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း)

  • ဂါဇာမှ အလ်ရှီဖာဆေးရုံကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ပြီးနောက် မြင်ကွင်းများ

    ဂါဇာမှ အလ်ရှီဖာဆေးရုံကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ပြီးနောက် မြင်ကွင်းများ

    ဧပြီ ၁၊ ၂၀၂၄

    M-Media 


    -ဂါဇာက အကြီးဆုံးဆေးရုံနှစ်ခုက တစ်ခုဖြစ်တဲ့ အလ်ရှီဖာဆေးရုံကို အစ္စရေးစစ်တပ်က ဒုတိယအကြိမ် တိုက်ခိုက်ပြီးနောက် တွေ့ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ 

    ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ ၂ ပတ်တာ ကြာမြင့်ခဲ့ပါတယ်။ တနင်္လာနေ့မနက်ပိုင်း အစ္စရေးတပ်ဖွဲ့တွေ ထွက်ခွာသွားပြီးနောက် ဆေးရုံ၀င်းထဲမှာ အနည်းဆုံး အလောင်း ၆ လောင်းကို တွေရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ 

    ဆေးရုံတစ်ခုလုံးနီးပါးက သုံးလို့မရအောင် ပျက်ဆီးသွားခဲ့ပါပြီ။ ဆေးရုံက လူနာတော်တော်များများကို အနားမှာရှိတဲ့ အဟ်လီအာရပ်ဆေးရုံကို ရွှေ့ခဲ့ရပြီး ဂါဇာ ကျန်းမာရေး၀န်ကြီးဌာနက ဆေးရုံထဲမှာ ၀င်ရောက်ပြီး အလောင်းကောက်တာတွေ ပြုလုပ်နေပါတယ်။ 

    အစ္စရေးဟာ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလမှာတစ်ကြိမ် အလ်ရှီဖာဆေးရုံကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ 

    Ref: Aljazeera 

  • လက်နက်များစုထားသည့် အစ္စရေးတစ်ဦးကို မလေးရှား ဖမ်းဆီး

    လက်နက်များစုထားသည့် အစ္စရေးတစ်ဦးကို မလေးရှား ဖမ်းဆီး

    မတ် ၂၈၊ ၂၀၂၄

    M-Media 


    -အသက် ၃၆ နှစ်အရွယ် အစ္စရေးနိုင်ငံသားတစ်ဦးကို သူလျှိုသံသယနဲ့ ဖမ်းဆီးလိုက်တယ်လို့ မလေးရှားက ထုတ်ပြန်ပါတယ်။ 

    အမျိုးသားဖြစ်ပြီး မြို့တော် ကွာလာလမ်ပူက အမ်ပန်းမြို့နယ်မှာ နေထိုင်နေတာပါ။ သူနဲ့အတူ ပစ္စတို ၆ လက်နဲ့ ကျည်ဆံ ၂၀၀ ဖမ်းမိတယ်လို့ မလေး ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။ 

    မလေးရှားဟာ အစ္စရေးနိုင်ငံကူးလက်မှတ် ကိုင်ထားသူတွေကို ပြည်၀င်ခွင့်မပေးပါဘူး။ 

    ဖမ်းမိတဲ့အမျိုးသားဟာ ယူအေအီးကနေတစ်ဆင့် မတ်လ ၁၂ ရက်နေ့မှာ ကွာလာလမ်ပူ လေဆိပ်ကို ရောက်ရှိလာတာပါ။ KLIA လေဆိပ်အ၀င်မှာ ပြင်သစ်နိုင်ငံကူးလက်မှတ်ကို အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးအကြီးအကဲ တန်ဆရီ ရာဇာရွတ်ဒင်း ဟူစိန်က မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    “သံသယရှိသူကို ဖမ်းဆီးစစ်ဆေးရာမှာ အစ္စရေးနိုင်ငံကူးလက်မှတ်ကို သူက ထုတ်ပြခဲ့ပါတယ်။ ဟိုတယ် နှစ်ခု သုံးခုလောက်ပြောင်းပြီး (အမ်ပန်းက) နောက်ဆုံးဟိုတယ်ကို ရောက်လာတာပါ”

    မိသားစုပြဿနာကြောင့် နောက်ထပ် အစ္စရေးနိုင်ငံသားတစ်ဦးကို သတ်ဖို့ မလေးရှားကို ရောက်လာတယ်လို့ သံသယရှိသူက ထွက်ဆိုကြောင်း တန်ဆရီ ရာဇာရွတ်ဒင်းက ပြောပါတယ်။

    “သူပြောတာကို အပြည့်အ၀ ယုံကြည်လို့ မရပါဘူး။ အခြားအကြောင်းလည်း ရှိနိုင်ပါတယ်”

    အစ္စရေးသူလျှိုတစ်ယောက် ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို မလေးရှားရဲတပ်ဖွဲ့က ထည့်သွင်းစဥ်းစားထားကြောင်း ရာဇာရွတ်ဒင်းက ဆိုပါတယ်။

    ပစ္စတို ၆ လက် 

    အစ္စရေးအမျိုးသားဟာ ကွလာလမ်ပူကို ရောက်တာနဲ့ လက်နက်တွေ အွန်လိုင်းက မှာယူခဲ့ပြီး ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ငွေပေးချေခဲ့ပါတယ်။ 

    ခိုးသွင်းတဲ့ လက်နက်တွေက Glocks၊ Smith နဲ့ Wesson တံဆိပ် ပစ္စတိုတွေအပါအ၀င် ပစ္စတို ၆ လက်နဲ့ ကျည်ဆံ ၂၀၀ ဖြစ်ပါတယ်။ 

    “သူတစ်ယောက်တည်း လှုပ်ရှားတာမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ထားတယ်။ တစ်ခြားအဆက်အသွယ်တွေ ရှိမှာပါ” လို့ တန်ဆရီ ရာဇာရွတ်ဒင်းက ဆိုပြီး ဒီသတင်းကြောင့် ဘုရင်၊ ၀န်ကြီးချုပ်ရဲ့ လုံခြုံရေးအပါအ၀င် တစ်နိုင်ငံလုံးမှာ လုံခြုံရေးအဆင့် မြှင့်ထားတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: New Strait Time

  • ဂါဇာမှာ လူသတ်ပွဲအသစ် စတော့မယ့် အစ္စရေး

    ဂါဇာမှာ လူသတ်ပွဲအသစ် စတော့မယ့် အစ္စရေး

    မတ် ၂၉၊ ၂၀၂၄

    M-Media 


    ဂါဇာမှ ကလေးငယ်များ

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင် တောင်ဖက်အစွန်းက ရာဖာမြို့ကို အစ္စရေးက မြေပြင်တပ်တွေနဲ့ ၀င်ရောက် အကြမ်းဖက်တိုက်ခိုက်တော့မှာ ဖြစ်ပါတယ်။ 

    ဂါဇာမှာ ပါလက်စတိုင်းပြည်သူ ၂ ဒဿမ ၂ သန်းကျော်ရှိနေတာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အစ္စရေးဟာ ဂါဇာမြောက်ပိုင်းကနေ အကြမ်းဖက်တိုက်ခိုက်မှု စတင်လာခဲ့တာ ဖြစ်ပါတယ်။

    ဂါဇာပြည်သူတွေ ဘေးလွတ်ရာ တောင်ပိုင်းကိုရွှေ့ဖို့ အစ္စရေးက အမိန့်ထုတ်ထားတဲ့အတွက် ပါလက်စတိုင်းအများစုဟာ ရာဖာမြို့မှာ ခိုလှုံနေရတာဖြစ်ပါတယ်။ 

    ဟားမက်စ်က ဓားစားခံအဖြစ် ခေါ်ဆောင်သွားသူတွေရဲ့ မိသားစု၀င်တွေနဲ့ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံမှုမှာ အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ရာဖာမှာ တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလလုံခြုံရေးကောင်စီက ဂါဇာမှာ ချက်ခြင်းအပစ်ရပ်ဖို့ ဆုံးဖြတ်ချက်ကို အစ္စရေးက မထီမဲ့မြင်ပြုတာလည်း ဖြစ်ပါတယ်။ 

    ၅ လကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲမှာ ပါလက်စတိုင်းပြည်သူ ၃၃၀၀၀ ကျော် အသတ်ခံထားရပြီး အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera