News @ M-Media

Tag: Philippines

  • မိမိကိုယ်ကို ဟစ်တလာနဲ့ ခိုင်းနှိုင်း ကိုယ်ရည်သွေးလိုက်တဲ့ ဖိလစ်ပိုင်သမ္မတ

    မိမိကိုယ်ကို ဟစ်တလာနဲ့ ခိုင်းနှိုင်း ကိုယ်ရည်သွေးလိုက်တဲ့ ဖိလစ်ပိုင်သမ္မတ

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    duter-te

    – ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက သူ့ရဲ့ မူးယစ်နှိမ်နင်းမှုအတွင်း လူအများအပြား သတ်ဖြတ်တာကို ဟစ်တလာကာ ဂျူးလူမျိုးတွေကို သတ်ဖြတ်တာနဲ့ ခိုင်းနှိုင်းပြောဆိုလိုက်ပြီး ပျော်ပျော်ကြီး ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

    “ဟစ်တလာက ဂျူး ၃ သန်းကို သတ်ခဲ့တယ်။ တိုင်းပြည်မှာ ဆေးစွဲနေသူ ၃ သန်း ရှိမယ်ဆိုရင် ကျွန်တော် သူတို့ကို ပျော်ပျော်ကြီး သတ်ပစ်မှာပါ” လို့ ဒီနေ့မနက် ဗီယက်နမ်ကနေ ဒါဗာအိုမြို့ကို ပြန်လာတဲ့အချိန် ဒူတာတေးက ပြောကြားလိုက်တာပါ။

    နောက်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးကာ “ဂျာမနီမှာ ဟစ်တလာလိုလူမျိုးရှိရင် ဖိလစ်ပိုင်မှာလည်း ရှိမှာပါ” လို့လည်း ကိုယ်ရည်သွေးခဲ့ပါတယ်။

    ဟစ်တလာ သတ်ဖြတ်တဲ့လူတွေဟာ အပြစ်မဲ့သူတွေဖြစ်ပြီး မိမိ သတ်ဖြတ်တဲ့သူတွေအားလုံးဟာ ရာဇ၀တ်ကောင်တွေဖြစ်ကြောင်း၊ အဲဒီလို သတ်ဖြတ်ခြင်းက တိုင်းပြည်မှာရှိနေတဲ့ မူးယစ်ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ကာ နောက်မျိုးဆက်ကို ဆုံးရှုံးမှုကနေ ကာကွယ်နိုင်မယ်လို့လည်း ဒူတာတေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဇွန်လ ၃၀ ရက်နေ့ အာဏာရပြီးနောက်ပိုင်း ဒူတာတေး စတင်ခဲ့တဲ့ မူးယစ်စစ်ပွဲမှာ အခုအချိန်အထိ လူပေါင်း ၃၅၀၀ ကျော်လောက် သေဆုံးခဲ့ပြီး၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကက်သလစ်အသင်းတော်နဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း သူ့ရဲ့ အဲဒီလုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

    ဒူတာတေးဟာ အမေရိကန်သမ္မတကို ဆဲရေးတိုင်းထွာခဲ့သလို၊ ဥရောပ သမဂ္ဂကိုလည်း အခုတစ်ပတ်အတွင်းမှာပဲ လက်ခလယ်ထောင်ပြကာ ဆဲရေးခဲ့ပါတယ်။ နောက်ပြီး လူ့အခွင့်အရေးကို ဂရုမစိုက်ဘူးလို့ ပြောထားသူလည်း ဖြစ်ပါတယ်။

    Ref : Aljazeera

  • ဖိလစ်ပိုင်-အမေရိကန် မဟာမိတ်ဆက်ဆံရေး ပျက်ပျယ်ဖွယ်ရှိနေ

    ဖိလစ်ပိုင်-အမေရိကန် မဟာမိတ်ဆက်ဆံရေး ပျက်ပျယ်ဖွယ်ရှိနေ

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    duter

    – မူးယစ်နှိမ်နှင်းမှုတွင် တရားလက်လွတ်သတ်ဖြတ်မှုများရှိသည်ဟု အပြင်းအထန် ဝေဖန်ခံခဲ့ရပြီးနောက် ဖိလစ်ပိုင်သမ္မတ ရော်ဒရီကို ဒူတာတေးက ၎င်းအနေဖြင့် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင်မှုအားလုံးကို မကြာခင် ရပ်တန့်တော့မည်ဟု ပြောကြားလိုက်သည်။

    ဖိလစ်ပိုင်နှင့် အမေရိကန်တို့မှာ ကာလရှည် မဟာမိတ်ဖြစ်ခဲ့သော်လည်း ဒူတာတေးက အိုဘားမားအား ပြီးခဲ့သည့်လအတွင်း ဆဲရေးတိုင်းထွာခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

    ဗီယက်နမ်သို့ ၂ ရက်တာအလည်ပတ်ခရီးအဖြစ် ရောက်ရှိစဉ် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် မိန့်ခွန်း၌ ဒူတာတေးက လာမည့်လတွင် ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ နောက်ဆုံးအကြိမ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ခင်ဗျားတို့ကို အခုပဲ အသိပေးလိုက်ပါတော့မယ်။ အခုတစ်ခေါက် စစ်ရေးလေ့ကျင့်မှုဟာ ဖိလစ်ပိုင်နဲ့ အမေရိကန်အကြား နောက်ဆုံးအကြိမ် ဖြစ်ပါတယ်”

    Phiblex ဟု အမည်ပေးထးသည့် ဖိလစ်ပိုင်-အမေရိကန် ကြည်း-ရေ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၄ ရက်မှ ၁၂ ရက်ထိ ဖိလစ်ပိုင်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ပြီးခဲ့သည့် ဧပြီလက ပြုလုပ်ခဲ့သည့် Balikatan စစ်ရေးလေ့ကျင့်မှုတွင် နှစ်ဖက် တပ်ဖွဲ့အင်အား ၈၀၀၀ ကျော် ပါဝင်ခဲ့သည်။

    ၎င်းတို့ မဟာမိတ်နှစ်နိုင်ငံမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အပြန်အလှန် တုန့်ပြန်ပြောဆိုမှုများ ရှိခဲ့ပြီး လာအို၌ပြုလပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဒူတာတေးမှာ သမ္မတ အိုဘားမားအား စော်ကားပြောဆိုခဲ့ကာ မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံတောင်ပိုင်းမှ အမေရိကန် အထူးတပ်ဖွဲ့များကိုလည်း ဆက်လက်ထားရှိမှုမဟုတ်ဟု ပြောကြားခဲ့သည်။

    Ref; Bangkokpost

  • ဖိလစ်ပိုင်သမ္မတ၏ မူးယစ်နှိမ်နင်းမှုစီမံကိန်း သက်တမ်းတိုးမည်

    ဖိလစ်ပိုင်သမ္မတ၏ မူးယစ်နှိမ်နင်းမှုစီမံကိန်း သက်တမ်းတိုးမည်

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    duterte

    – ၅ လအတွင်း လူပေါင်း ၃၀၀၀ ခန့် သေဆုံးပြီး နိုင်ငံတကာမှ ဝေဖန်မှုများကို ခံနေရသော်လည်း မိမိ၏ မူးယစ်နှိမ်နှင်းရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်သည်။

    “ကျွန်တော် သမ္မတမဖြစ်ခင်အချိန်အထိ မူးယစ်ဆေးဝါးဟာ နိုင်ငံအတွင်းမှာ ဘယ်လောက်ဆိုးဝါးပြီး တိုင်းပြည်ကို ဘယ်လောက်ခြိမ်းခြောက်နေလဲဆိုတာ မသိခဲ့ပါဘူး” ဟု အသက် ၇၁ နှစ်အရွယ် ဒူတာတေးက ၎င်း၏ ဇာတိဖြစ်သော ဒါဗာအိုမြို့တွင် တနင်္ဂနွေနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏ဖြိုခွင်းမှုမှာ တီကောင်ကို တွင်းမှ ထွက်လာစေခြင်းဖြစ်ကြောင်း၊ နှိမ်နှင်းမှု အဆုံးသတ်စေရန်အတွက် စီမံကိန်းကို ခြောက်လ ထပ်တိုးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    “ကျွန်တော် ဆန္ဒရှိရင်တောင်မှ သူတို့အားလုံးကို ကျွန်တော် မသတ်နိုင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ နောက်ဆုံးအစီရင်ခံစာဟာ တော်တော်လေး ထူသွားမှာကြောင့်ပါပဲ” ဟု အစိုးရထိပ်တန်း အဏာပိုင်များအပါအ၀င် မူးယစ်လုပ်ငန်းတွင် ပါဝင်နေသူများနှင့်ပတ်သက်၍ မကြာသေးမီက ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကို ဒူတာတေးက ရည်ညွှန်းပြောကြားခဲ့သည်။

    ဒူတာတေး သမ္မတရာထူးရယူချိန်မှစ၍ နှစ်လကျော်ခန့်အတွင်း မူးယစ်ဆေးဝါးသံသယရှိသူ ၁၁၀၅ ယောက်ကို သုတ်သင်ခဲ့ပြီးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    နောက်ထပ် သေဆုံးသွားသူ ၂၀၃၅ ဦးမှာ အမည်မသိ တိုက်ခိုက်ရေးသမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး လူ့အခွင့်အရေးအဖွဲ့များကမူ ရာဇ၀တ်ကောင်းများအား ကူညီသတ်ဖြတ်ပေးရန် ဒူတာတေး၏ ဆော်သြမှုကြောင့် ပြည်သူ့စစ်များက သတ်ဖြင်ခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref : Bangkokpost

  • ပြဿနာဖြစ်ခဲ့သည့် အိုဘားမားနှင့် ဒူတာတီတို့ အကျဉ်းရုံး တွေ့ဆုံ

    ပြဿနာဖြစ်ခဲ့သည့် အိုဘားမားနှင့် ဒူတာတီတို့ အကျဉ်းရုံး တွေ့ဆုံ

    စက်တင်ဘာ ၈၊ ၂၀၁၆
    M-Media

    duterte

    – တင်းမာမှုများ ရှိခဲ့သော်လည်း ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီနှင့် အမေရိကန်သမ္မတ ဘာရက် အိုဘားမားတို့မှာ လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ယမန်နေ့က တွေ့ဆုံခဲ့ကြသည်ဟု နှစ်ဖက် အစိုးရများက အတည်ပြု ပြောကြားခဲ့သည်။

    ဒူတာတီမှာ ၎င်း၏ ပြင်းထန်သော မူယစ်ဆေးဝါးတိုက်ဖျက်မှု မူဝါဒနှင့်ပတ်သက်၍ ဝေဖန်ရန်ရှိနေသော အိုဘားမားကို ယခုတစ်ပတ် အစောပိုင်းက ရိုင်းစိုင်းစွာ ဆဲဆိုခဲ့ပြီး အိုဘားမားကလည်း ဒူတာတီ၏ ထိုအပြုအမူကြောင့် ဗီယန်ကျင်းတွင် တွေ့ဆုံရန် စီစဉ်ထားမှုကို ဖျက်သိမ်းခဲ့သည်။

    ဖိလစ်ပိုင်သမ္မတမှာ နောက်ပိုင်းတွင် ၎င်း၏ ထိုလုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပါဖက်တို ယာဆေးကမူ ခေါင်းဆောင်နှစ်ဦးမှာ ယမန်နေ့က ညစာစားပွဲ မတိုင်ခင် အကျဉ်းရုံး တွေ့ဆုံခဲ့ကြသည်ဟုဆိုသည်။

    “အစည်းအဝေးကျင်းပတဲ့ခန်းမမှာ သူတို့ တွေ့ဆုံခဲ့ပြီး ခန်းမထဲကနေ သူတို့နှစ်ယောက် နောက်ဆုံးမှ ထွက်လာခဲ့တာပါ။ ဘယ်လောက်ကြာခဲ့လဲဆိုတာတော့ ကျွန်တော် ပြောလို့မရပါဘူး။ ဒီလိုတွေ့ဆုံမှုအတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်” ဟု ၀န်ကြီးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    နောက်ပိုင်း အိမ်ဖြူတော်မှ သတင်းထုတ်ပြန်ချက်တွင် အိုဘားမားမှာ ဒူတာတီနှင့် အကျဉ်းရုံး ဆွေးနွေးခဲ့ပြီး အပြန်အလှန် ပြောဆိုမှုများတွင် တွေ့ဆုံရသည့်အတွက် ၀မ်းသာကြောင်း ပါဝင်သည်ဟု ဖော်ပြခဲ့သည်။

    ယနေ့မနက်ပိုင်း သတင်းထောက်များ၏ မေးမြန်းမှုတွင် အိုဘားမားက ရာဇ၀တ်မှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် မှန်ကန်သော နည်းလမ်းဖြင့် လုပ်ဆောင်ရန်လိုအပ်ပြီး၊ မမှန်မကန် ဆောင်ရွက်ပါက အပြစ်မဲ့သူများ ထိခိုက်ခြင်း၊ မရည်ရွယ်ထားသည့် နောက်ဆက်တွဲများဖြစ်ကာ ပြဿနာကို မဖြေရှင်းနိုင်တော့ခြင်း စသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ဟု မိမိက ပြောကြားခဲ့ကြောင်း ဖြေကြားခဲ့သည်။

    Ref: Channelnewsasia

  • ဖိလစ်ပိုင်သမ္မတက အိုဘားမားအား ရိုင်းစိုင်းစွာဆဲဆို

    ဖိလစ်ပိုင်သမ္မတက အိုဘားမားအား ရိုင်းစိုင်းစွာဆဲဆို

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    phili 2

    – ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီ၏ ရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာခြင်းကို ခံခဲ့ရပြီးနောက် အမေရိကန်သမ္မတ အိုဘားမားမှာ ၎င်းနှင့်တွေ့ဆုံရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ နဒ် ပရိုက်စ်က ပြောကြားလိုက်သည်။

    လာအိုနိုင်ငံတွင် ပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ မသွားရောက်မီ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ဒူတာတီက အိုဘားမားအား “-ာသည်မသား” ဟု ဆဲရေးခဲ့ခြင်းဖြစ်ပြီး၊ မိမိအနေဖြင့် အိုဘာမား၏ လူ့အခွင့်အရေး သင်တန်းပေးမှုကို ခံယူမည်မဟုတ်ဟုလည်း ဆိုသည်။

    “ခင်ဗျားအနေနဲ့ လေးစားသမှုရှိရမယ်။ မေးခွန်းထုတ်တာတွေ၊ ကြေငြာချက်ထုတ်တာတွေကို ခေါက်ထားလိုက်ပါ။ -ာသည်မသားရေ – ခင်ဗျားကို အဲဒီဖိုရမ်မှာ ကျုပ် ကျိန်စာတိုက်မယ်။ ခင်ဗျား ဒါမျိုးတွေလာလုပ်ရင် ကျုပ်တို့ ၀က်တွေလို ရွှံ့ထဲမှာလူးပြမယ် (အရွဲ့တိုက်ပြမယ်)” ဟု ဖိလစ်ပိုင်သမ္မတက ပြောကြားခဲ့သည်။

    ဒူတာတီမှာ ယနေ့တွင် အိုဘားမားနှင့်တွေ့ဆုံရန် စီစဉ်ထားသော်လည်း ပရိုက်စ်ကမူ သမ္မတ အိုဘားမားက ထိုအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးနှင့်သာ တွေ့ဆုံမည်ဟု ဆိုသည်။

    မူးယစ်ဆေးဝါးပြဿနာကို နှိမ်နှင်းမည်ဟူသော ကတိဖြင့် ပြီးခဲ့သည့်မေလက အာဏာရခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတီမှာ၊ ၎င်း၏ ကတိက၀တ်ကို အကောင်အထည်ဖော်ရာတွင် အပြင်းထန်ဆုံး နည်းလမ်းများကို အသုံးပြုခဲ့ပြီး ၎င်း၏ မူးယစ်နှိမ်နှင်းမှုအတွင်း လက်ရှိအချိန်အထိ လူပေါင်း ၂၄၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။

    ထိုကဲ့သို့ တရားလက်လွတ်သတ်ဖြတ်မှုများကြောင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများ ရှိနေပြီး တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် G20 ထိပ်သီးအစည်းအဝေးတွင် အိုဘားမားက မူးယစ်ဆေးဝါးမှာ ဖိလစ်ပိုင်၏ အဓိကပြဿနာတစ်ခု ဖြစ်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် သတိပေးရန် နောက်တွန့်နေမည်မဟုတ် ပြောကြားခဲ့သည်။

    Ref : Aljazeera