News @ M-Media

Tag: Philippines

  • ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်တို့ သမိုင်းဝင် အပစ်ရပ်ရေး သဘောတူ

    ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်တို့ သမိုင်းဝင် အပစ်ရပ်ရေး သဘောတူ

    သြဂုတ် ၂၇၊ ၂၀၁၆
    M-Media

    philli

    – နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အဆုံးသတ်ကာ ငြိမ်ချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန်အတွက် ခြွင်းချက်မဲ့ အပစ်ရပ်ရေး သဘောတူညီချက်တစ်ခုကို ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ် Maoist သူပုန်အဖွဲ့တို့ လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။

    “ဒါဟာ သမိုင်းဝင်ပြီး၊ တစ်မူထူးခြားတဲ့ အဖြစ်အပျက်ပါပဲ။ ရှေ့ဆက်ပြီး ပြီးမြောက်အောင်လုပ်ဆောင်ဖို့ အများကြီးလုပ်ရဦးမှာပါ” ဟု ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီ၏ ငြိမ်းချမ်းရေးအကြံပေးဖြစ်သူ ဂျီးဆက်စ် ဒူရန်ဇာက နော်ဝေနိုင်ငံ၌ ယမန်နေ့တွင် ပြုလုပ်ခဲ့သော လက်မှတ်ထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

    နှစ်ဖက်စလုံးမှာ ခြွင်းချက်မဲ့ အပစ်ရပ်ရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ဖိလစ်ပိုင်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မည်သည့်အချိန်ကမှ မရရှိခဲ့ဖူးသည့် သဘောတူညီချက်မျိုး ဖြစ်သည်။

    ထိုဆွေးနွေးမှုတွင် ကြားဝင်ဖြန်ဖြေသူအဖြစ် ဆောင်ရွက်ပေးခဲ့သည့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘော်ဂျီ ဘရန်ဒီကလည်း ထိုသဘောတူညီချက်ရရှိမှုအတွက် ချီးကျူးခဲ့သည်။

    ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်တို့မှာ ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး သောကြာနေ့တွင် သဘောတူညီချက်ရယူနိုင်ခဲ့ကာ ယခုအချိန်မှစ၍ ၁၂ လတွင်း ငြိမ်းချမ်းရေးအတွက် ထပ်မံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်သည်။

    ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အလျင်အမြန်ဆောင်ရွက်ရန်နှင့် ၆ လအတွင်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ပထမဆုံး သဘောတူညီချက် ရရှိရန်လည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။

    Ref : Aljazeera

  • မူးယစ်နှိမ်နှင်းရေးတွင် လူ့အခွင့်အရေးကို ဂရုမစိုက်ဟု ဖိလစ်ပိုင်သမ္မတ ပြော

    မူးယစ်နှိမ်နှင်းရေးတွင် လူ့အခွင့်အရေးကို ဂရုမစိုက်ဟု ဖိလစ်ပိုင်သမ္မတ ပြော

    သြဂုတ် ၇၊ ၂၀၁၆
    M-Media

    drug

    – နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် မိမိအနေဖြင့် လူ့အခွင့်အရေးကို ဂရုစိုက်သွားမည်မဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီက ပြောကြားလိုက်ပြီး မူးယစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်နေသည့် အစိုးရတာဝန်ရှိသူများ၏ စာရင်းများကိုလည်း ထုတ်ပြန်လိုက်သည်။

    စုစုပေါင်း ၁၅၈ ဦးပါဝင်သည့် အဆိုပါစာရင်းတွင် တရားသူကြီးများ၊ လွှတ်တော်အမတ်များနှင့် စစ်တပ်အရာရှိများအပါအ၀င် အစိုးရတာဝန်ရှိသူ အများအပြားပါဝင်ခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများအနေဖြင့် ခုခံပါက နေရာတွင်ပစ်သတ်ရေး မူဝါဒကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သမ္မတက ဆိုသည်။

    သြဂုတ်လ ၇ ရက်နေ့မနက် ရုပ်မြင်သံကြားမှတစ်ဆင့် တိုင်းပြည်အား မိန့်ခွန်းပြောကြားရာတွင် ဒူတာတီက မူးယစ်လုပ်ငန်းနှင့် ပတ်သက်သည့် အစိုးရတာဝန်ရှိသူများမှာ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    စနေနေ့ကလည်း ဖိလစ်ပိုင်သမ္မတမှာ မူးယစ်သမားများအား ‘နေရာတွင်ပစ်သတ်ရေး’ ပေါ်လစီကို မိမိ၏ သမ္မတသက်တမ်း နောက်ဆုံးနေ့အထိ ထားရှိသွားမည်ဟု ပြောကြားခဲ့သည်။

    “လူ့အခွင့်အရေးတွေဘာတွေ ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့်အပေါ်မှာ ယုံကြည်ချက်ထားကြပါ”

    မေလက တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက်ပိုင်း စတင်ပြုလုပ်ခဲ့သည့် ဒူတာတီ၏ မူးယစ်နှိမ်နင်းရေးတွင် ယခုအချိန်အထိလူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီး ဒေသတွင်း မီဒီယာများကမူ ဖိလစ်ပိုင်အစိုးရမှာ တရားလက်လွတ် သတ်ဖြတ်မှုများ ပြု လုပ်နေသည်ဟု ဖော်ပြမှုများလည်း ရှိနေသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားကုန်တင်သင်္ဘောကို ဖိလစ်ပိုင် ဖမ်းဆီးထိန်းသိမ်း

    မြောက်ကိုရီးယားကုန်တင်သင်္ဘောကို ဖိလစ်ပိုင် ဖမ်းဆီးထိန်းသိမ်း

    မတ် ၅၊ ၂၀၁၆
    M-Media

    philipine

    – ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် အသစ်ချမှတ်လိုက်သည့် ပိတ်ဆို့မှုအရ မိမိတို့အနေဖြင့် မြောက်ကိုရီးယား သင်္ဘောတစ်စီးကို ထိန်းသိမ်းလိုက်သည်ဟု ဖိလစ်ပိုင်နိုင်ငံက ယနေ့တွင် ကြေငြာလိုက်သည်။

    ကုန်တန်ချိန်ပေါင်း ၆၈၃၀ တင်ဆောင်နိုင်သည့် ကုန်တင်သင်္ဘော Jin Teng ဖြစ်ပြီး မြို့တော်မနီလာ အရှေ့မြောက်ပိုင်းရှိ Subic ဆိပ်ကမ်းမှ ထွက်ခွာခွင့် မပြုတော့ခြင်းဖြစ်သည်။ အဆိုပါသင်္ဘော ထိုဆိပ်ကမ်းတွင် ဒေါက်တင်ထားသည်မှာ ၃ ရက်တာ ကြာမြင့်နေပြီဖြစ်ပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသားများကိုမူ နယ်နှင်ဒဏ်ပေးမည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာနိုလို ကွီဇန်က နိုင်ငံပိုင်ရေဒီယို Radyo ng Bayan သို့ ပြောကြားခဲ့သည်။

    ယခင်ပြုလုပ်ထားသည့် ပိတ်ဆို့မှုတွင် ပါဝင်သော တာဝေးပစ်ဒုံးကျည်ကို အသုံးပြု၍ မြောက်ကိုရီးယားက ပြီးခဲ့သည့် လအတွင်း ဂြိုဟ်တုလွှတ်ခဲ့သောကြောင့် ကုလသမဂ္ဂမှာ ကြာသာပတေးနေ့တွင် ပိတ်ဆို့မှုအသစ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

    မြောက်ကိုရီးယားကလည်း ထိုပိတ်ဆို့မှုချမှတ်ပြီး ၁ ရက်အကြာ ယမန်နေ့တွင် စစ်တပ်နှင့် နျူလက်နက်များကို အဆင်သင့်ဖြစ်နေစေရန် အမိန့်ပေးခဲ့သည်။

    Ref: Channelnewsasia

  • ဖိလစ်ပိုင်တိုင်ဖုန်းကြောင့် လက်ရှိအချိန်အထိ လူ ၃ ဦးသေဆုံး

    ဖိလစ်ပိုင်တိုင်ဖုန်းကြောင့် လက်ရှိအချိန်အထိ လူ ၃ ဦးသေဆုံး

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    phili

    – ဖိလစ်ပိုင်တွင် ယမန်နေ့ကတည်းက စတင်ဝင်ရောက်ခဲ့သည့် တိုင်ဖုန်း မီလိုရ်ကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။

    အင်္ဂါနေ့မနက်ပိုင်းတွင် အဆိုပါတိုင်ဖုန်းမှာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းသို့ ဦးတည်နေပြီး၊ ပြည်နယ် ၇ ခုတွင် မုန်တိုင်းဒဏ်ကို ခံစားနေရသည်ဟု အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ NDRRMC က ပြောကြားခဲ့သည်။

    လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၇၀ ကီလိုမီတာမှ ၁၈၅ ကီလိုမီတာအထိ ရှိနေပြီး တည်ဖြည်းဖြည်းအားနည်းကာ ယနေ့ညနေပိုင်းတွင် တောင်တရုတ်ပင်လယ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းကြောင့် နိုင်ငံတစ်ဝှမ်းတွင် လေယာဉ်ခရီးစဉ်များကို ရပ်တန့်ရမှုများလည်း ရှိခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံမှာ တစ်နှစ်လျှင် ပျမ်းမှ တိုင်ဖုန်းမုန်တိုင်း ၂၀ ခန့်ဝင်ရောက်သည့် နိုင်ငံဖြစ်ပြီး ထိုတိုင်ဖုန်းများထဲမှ အများစုမှာ ကြောက်မက်ဖွယ်ရာများဖြစ်သည်။ နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်များသို့ အောက်တိုဘာလက ၀င်ရောက်ခဲ့သည့် တိုင်ဖုန်း ကော့ပူမှာ နောက်ဆုံးဖြစ်ပြီး ထိုမုန်တိုင်းကြောင့် လူ ၅၄ ဦးသေဆုံးခဲ့ကာ သိန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာခဲ့ရသည်။

    Ref: Channelnewsasia

  • CO2 လျော့ချရေး ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဖိလစ်ပိုင်က မျက်စိကျ

    CO2 လျော့ချရေး ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဖိလစ်ပိုင်က မျက်စိကျ

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    phili

    – လာမည့်တစ်ပတ် ပါရီတွင် ကျင်းပမည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံတွင် ကာဗွန်ထုတ်လုပ်မှုများ လျှော့ချပစ်ရန်ကတိပြုလွှာများကို ကမ္ဘာ့ခေါင်းဆောင်များက တင်သွင်းကြမည်ဖြစ်သည်။

    ဖီလစ်ပိုင်နိုင်ငံသည် ပြန်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုမှတဆင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချရာတွင် လျင်မြန်စွာ တိုးတက်မှုများရရှိနေပြီ ဖြစ်သည်။

    မနီလာမြို့တောင်ဘက်မှ နာရီအနည်းငယ်အတွင်း သွားရောက်နိုင်သော လဂူနာရှိ မကီလင်းတောင်ခြေတွင် လုံခြုံစွာတည်ဆောက်ထားသော မခ်ဘန် မြေအောက် သဘာဝအပူထုတ်စက်ရုံ တည်ရှိပါသည်။ ထိုစက်ရုံသည် ဖိလစ်ပိုင်နိုင်ငံတွင် ဒုတိယအကြီးဆုံး မြေအောက် သဘာဝအပူထုတ်စက်ရုံသည့်အပြင် Aboitiz Power ဓာတ်အားပေးလုပ်ငန်းမှ ပိုင်ဆိုင်သော စက်ရုံနှစ်ခုအနက် တစ်ခုဖြစ်သည်။

    ၎င်းစက်ရုံနှစ်ခုမှနေ၍ မဂ္ဂါဝပ် ၄၀၀ ရှိစွမ်းအင် သို့မဟုတ် တစ်နှစ်လျှင် အိမ်ထောင်စု ၁၆,၀၀၀ ကို ဓာတ်အားပေးနိုင်သည်။ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး မြေအောက် သဘာဝအပူစွမ်းအင်ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ ဤစွမ်းအင်၏ အဓိကစွမ်းဆောင်နိုင်ရည်မှာ နိုင်ငံအတွက် သန့်ရှင်းသည့်စွမ်းအင်ရရှိရေးဖြစ်သည်။

    “ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ပက်သက်ပြီး ကမ္ဘာကြီးက စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ လောင်စာရောနှောမှု မူဝါဒနဲ့အတူ လောင်စာမျိုးစပ်တွေ ရရှိဖို့ပဲ ဖြစ်ပါတယ်။ ဒီလောင်စာမျိုးစပ်မှုတွေ ထုတ်လုပ်နိုင်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ကျောက်မီးသွေးလောင်စာ သုံးစွဲမှုကို အများကြီး လျှော့ချနိုင်မှာဖြစ်ပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန၏ လက်ထောက်အတွင်းရေးမှူး လော်ရီတာအေစန်က ပြေကြားသည်။

    ဖိလစ်ပိုင်သည် လျှပ်စစ်ဓာတ်အားအတွက် ကျောက်မီးသွေးလောင်စာနှင့် သဘာဝဓာတ်ငွေ့လောင်စာကို အဓိက မှီခိုသုံးစွဲလျက်ရှိပြီး လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ ဇီဝလောင်စာတို့ သုံးစွဲမှုရာခိုင်နှုန်း အားနည်းလျော့ကျလျက်ရှိသည်။

    ပြည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုမှု များပြားလာစေရန် ၂၀၀၈ ခုနှစ်တွင် ဥပဒေပြဌာန်းခဲ့သော်လည်း ဤကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အလွန်နည်းပါးလျက်ရှိသည်မှာ ကျောက်မီးသွေးသည် ဈေးပေါပြီး အလွယ်တကူ ထုတ်လုပ်နိုင်သောကြောင့် ဖြစ်သည်။

    ကမ္ဘာ့ခေါင်းဆောင်များအတွက် ကာဗွန်လျှော့ချရန် ဖိအားများမြင့်တက်လာနေသော်လည်း စွမ်းအင်ဝန်ကြီးဌာနက ဖိလစ်ပိုင်အစိုးရသည် ၂၀၄၀ မျှော်မှန်းပန်းတိုင်အထိ ရောက်ရှိရန် အလွန်အခြေအနေကောင်းနေပြီဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia