News @ M-Media
Tag: Rakhine State
  • သူမနှင့် တွေ့ဆုံသူများ လက်တုန့်ပြန်ခံရမည့်အရေး စိုးရိမ်မိသည်ဟု ယန်ဟီးလီပြော
    သူမနှင့် တွေ့ဆုံသူများ လက်တုန့်ပြန်ခံရမည့်အရေး စိုးရိမ်မိသည်ဟု ယန်ဟီးလီပြော
    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံသို့ ဇန်န၀ါရီ ၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ လာရောက်မှုအတွင်း တွေ့ဆုံခဲ့သူများအပေါ် ဖြစ်လာနိုင်သည့် ပြန်လည်လက်တုန့်ပြန်မှုများအတွက် စိုးရိမ်မိသည်ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီက ယနေ့တွင် ပြောကြားလိုက်သည်။
    “လာရောက်လည်ပတ်စဉ်အတွင်းမှာ ကျွန်မစိတ်ထဲ စွဲနေတဲ့ စကားလုံးတစ်လုံး ရှိပါတယ်။ ဒါက ‘လက်တုန့်ပြန်မှု’ ဆိုတာပါပဲ။ ကျွန်မနဲ့တွေ့ပြီး စကားပြောခဲ့တဲ့သူတွေ၊ အစိုးရကို ဝေဖန်ခဲ့တဲ့သူတွေ၊ အခြားသူတွေရဲ့ အခွင့်အရေးတွေအတွက် ကာကွယ်ပေးသူတွေ၊ လုပ်ပေးနေသူတွေ၊ အာဏာပါဝါရှိသူတွေရဲ့ ပြောဆိုမှုတွေနဲ့ တစ်ခြားစီဖြစ်နေတဲ့ ယူဆချက်တွေ၊ ခံစားချက်တွေကို ပြောပြတဲ့သူတွေနဲ့ပတ်သက်ပြီး ကျွန်မ အလွန်အမင်း စိုးရိမ်မိပါတယ်” ဟု ယန်ဟီးလီက ပြောကြားခဲ့သည်။
    ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ ရွာများတွင် လုံခြုံရေးတပ်ဖွဲ့များက ပြုလုပ်နေသည့် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတွင် အနည်းငယ် ငြိမ်သက်သွားပြီးနောက်ပိုင်း မိမိ သွားရောက်လည်ပတ်ခဲ့သည့် နေရာအနီး အပါအ၀င် ကျေးရွာအများအပြားတွင် စီးနင်းဖမ်းဆီးမှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းများကို ကြားရခြင်းမှာ စိုးရိမ်စရာဖြစ်ကြောင်း အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။
    ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အဆိုပါ စီးနင်းမှုများတွင် တရားလက်လွတ်ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းတို့ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
    ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကုလအထူးကိုယ်စားလှယ်မှာ ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဒေသ၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့၊ မွန်ပြည်နယ်တွင် အလုပ်ကြမ်းစခန်းတို့ကို သွားရောက်ခဲ့သည်။ ကချင်ပြည်နယ်ရှိ လိုင်ဇာနှင့် ဖားကန့်ဒေသများသို့ သွားရောက်ရန် တောင်းဆိုမှုအား မြန်မာအစိုးက လုံခြုံရေးအကြောင်းပြချက်ဖြင့် ခွင့်မပြုခဲ့ပေ။
    ခရီးစဉ်ပြီးဆုံးပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ယန်ဟီးလီမှာ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် အစိုးရစစ်တပ်၏ လွန်လွန်ကျူးကျူးတုန့်ပြန်မှုများအတွက် ရှုတ်ချခဲ့သည်။
    ယခုခရီးစဉ်နှင့်ပတ်သက်သည့် အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ၂၀၁၇ ခုနှစ် မတ်လတွင်တင်သွင်းမည် ဖြစ်သည်။
    Ref: OHCHR.org
  • မလေးရှား အကူအညီပေးရေး သင်္ဘောအုပ်စု ရန်ကုန်တွင် ဆိုက်ကပ်မည်
    မလေးရှား အကူအညီပေးရေး သင်္ဘောအုပ်စု ရန်ကုန်တွင် ဆိုက်ကပ်မည်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media
    – ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရန် လာရောက်မည့် မလေးရှားမှ သင်္ဘောများမှာ မြန်မာအစိုးရ၏ ညွှန်ကြားချက်အတိုင်း ရန်ကုန်တွင် ဆိုက်ကပ်သွားမည်ဟု သိရသည်။
    Food Flotilla သင်္ဘောအုပ်စုမှာ ယခင်က စစ်တွေမြို့တွင် ဆိုက်ကပ်ချင်သော်လည်း မြန်မာအစိုးရက ခွင့်မပြုဘဲ ရန်ကုန်တွင်သာ ဆိုက်ကပ်ရန် ပြောကြားခဲ့သည်။
    အဆိုပါ အကူအညီပေးရေး အစီအစဉ်ကို မလေးရှား အစ္စလာမ်အသင်းအဖွဲ့များဆိုင်ရာ အကြံပေးကောင်စီ (Mapim)၊ Kelab Putra 1Malaysia (KP1M)၊ Turkey Diyanet Vakfi (TDV) နှင့် အာဆီယံဒေသတွင်းမှ အန်ဂျီအို ညွန့်ပေါင်းအဖွဲ့တို့က စီစဉ်ခြင်းဖြစ်သည်။
    “ကျွန်တော်တို့ကို ရန်ကုန်မှာ ဆိုက်ကပ်ခွင့်ပေးတယ်။ ရည်ရွယ်ထားတဲ့ ဦးတည်အုပ်စုတွေကို အကူအညီတွေ ဘယ်လိုပေးပို့မလဲဆိုတာကို သေသေချာချာ ဆွေးနွေးရမှာပါ။ မြန်မာအစိုးရကတော့ သူတို့ ဝေပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို သိပ်မကြိုက်ပါဘူး။ အဓိကအချက်က သူတို့ရဲ့ ရေပိုင်နက်ကို ၀င်ရောက်ခွင့်ပေးလိုက်တာပါ။ ဒါ့ကြောင့် ရန်ကုန်ရောက်မှ ကျွန်တော်တို့ စကားပြောမှာပါ” ဟု Mapim မှ ဥက္ကဌ မိုဟာမက် အဇ်မီ အဘ်ဒူလ် ဟာမစ်က ပြောကြားခဲ့သည်။
    ထို့ပြင် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်ကို လေးစားသည့်အနေဖြင့် ရန်ကုန်တွင်သာ သင်္ဘောများ ဆိုက်ကပ်သွားမည်ဟု ၎င်းက ဆိုသည်။
    မြန်မာအစိုးရမှာ အကူအညီများကို ကုန်းကြောင်းမှတစ်ဆင့် ပေးပို့ချင်နေသည်။
    “ဒုက္ခသည်စခန်းတွေကို အကူအညီ ဖြန့်ဖြူးပေးတာမှာ ကျွန်တော်တို့ ကြည့်လို့ရဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စက ဆွေးနွေးညှိနှိုင်းနေတုန်းပါပဲ”
    ထို့ပြင် မြန်မာအစိုးရမှာ ထိခိုက်ခံစားရသည့် အခြားလူ့အဖွဲ့အစည်းများကိုလည်း ပေးအပ်ရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
    “ဒါက ကိစ္စမရှိဘူးဗျ။ ကျွန်တော်တို့က ထိခိုက်ခံစားရတဲ့သူအားလုံးကို အကူအညီ ပေးချင်တာပါ”
    အဆိုပါ အကူအညီပေးရေး သင်္ဘောအုပ်စုမှာ ရန်ကုန်မြို့တွင် ဆိုက်ကပ်ပြီးနောက် မြန်မာနယ်စပ်တွင်ရှိသည့် ဘင်္ဂလားဒေ့ရှ်မြို့ တက်နဖ်သို့ သွားရောက်မည်ဟုလည်း မိုဟာမက် အဇ်မီက ပြောကြားခဲ့သည်။
    သင်္ဘောများတွင် ဆန်၊ ဆေးဝါးနှင့် ဒုက္ခသည်များအတွက် အရေးပါသည့် အခြေားပစ္စည်း စုစုပေါင်း တန် ၁၀၀၀ ကျော်ကို တင်ဆောင်လာမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကလန်းဆိပ်ကမ်းမှ ထွက်ခွာမည်ဖြစ်သည်။
    Ref: The Star
  • မြန်မာနိုင်ငံတစ်ဝှမ်း အစိုးရစစ်တပ်၏ လုပ်ရပ်များကို ကုလအထူးကိုယ်စားလှယ် ရှုတ်ချ
    မြန်မာနိုင်ငံတစ်ဝှမ်း အစိုးရစစ်တပ်၏ လုပ်ရပ်များကို ကုလအထူးကိုယ်စားလှယ် ရှုတ်ချ
    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media
    – နိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများ၊ နိုင်ငံမြောက်ပိုင်းမှ ရိုဟင်ဂျာမွတ်စလင်များအပေါ် ညှင်းပမ်းမှုများ အပါအ၀င် နိုင်ငံ၏ ပြဿနာများတွင် အစိုးရက လွန်လွန်ကျူးကျူးတုန့်ပြန်မှုများအတွက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ရှုတ်ချလိုက်သည်။
    “ဒီပြဿနာအားလုံးကို အစိုးရရဲ့ လက်ရှိတုန့်ပြန်မှုက ကာကွယ်မယ်၊ ပယ်ချမယ်၊ ခံငြင်းမယ် ဆိုတဲ့ ပုံစံပါပဲ။ ဒီလို တုန့်ပြန်မှုဟာ ဆန့်ကျင်ဖက်ရလဒ် ထွက်စေတာသာမက မြန်မာနိုင်ငံက ရရှိထားတဲ့ မျှော်လင့်ချက်ကိုလည်း ပျောက်ကွယ်သွားစေမှာပါ” ဟု ယန်ဟီးလီက ပြောကြားခဲ့ပြီး အဆိုပါလားရာကို ပြန်လည်တည့်မတ်ရန် အလွန်နောက်မကျသေးဟုလည်း ဆိုသည်။
    ယန်းဟီးလီ၏ ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ သောကြာနေ့က အဆုံးသတ်ခဲ့ပြီး ထိုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားရာ ကချင်ပြည်နယ်သို့ သွားရောက်ခွင့် မရခဲ့ပေ။ လီကမူ ကချင်ပြည်နယ်တွင် အခြေအနေ ဆိုးရွားလာသည်ကို ထင်ထင်ရှားရှား မြင်နေရပြီး ထိုဒေသတွင် နေထိုင်သည့် ပြည်သူများကလည်း အခြေအနေမှာ ပြီးခဲ့သည့်နှစ်များကထက် ပိုမိုဆိုးရွားလာခဲ့ကြောင်း ပြောကြားမှုရှိခဲ့သည်ဟု ဆိုသည်။
    သူမမှာ ရခိုင်ပြည်နယ်တွင် အစိုးရစစ်တပ်၏ လုပ်ရပ်များကိုလည်း ဝေဖန်ခဲ့ပြီး၊ စစ်တပ်က ဆောင်ရွက်နေသည့် စစ်ဆင်ရေးများတွင် ရိုဟင်ဂျာများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာတို့ကို အလေးထားပုံမရဟုလည်း ပြောကြားခဲ့သည်။ ရခိုင်မြောက်ပိုင်းတွင် အစိုးရစစ်တပ်က ပြုလုပ်နေသော စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာပြည်သူ ၆၅၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော်ထွက်ပြေးရသည်ဟု သတင်းများက ဖော်ပြကြသည်။
    လူ့အခွင့်အရေးအဖွဲ့များနှင့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ရိုဟင်ဂျာများ၏ နေအိမ်ပေါင်း ၁၀၀၀ ကျော်မှာ မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသည်ဟု စွပ်စွဲပြောကြားထားသည်။ ထိုကဲ့သို့ မီးလောင်မှုမှာ ယိုင်နဲ့နဲ့အိမ်များနေရာတွင် ပိုမိုကောင်းမွန်သည့်အိမ်များ ဆောက်လုပ်ရန် နိုင်ငံတကာ၏ အကူအညီကို မျှော်ကိုး၍ ရိုဟင်ဂျာဒေသခံများမှာ ၎င်းတို့၏ အိမ်ကို ၎င်းတို့ကိုယ်တိုင် မီးရှို့ခြင်းဖြစ်သည်ဟု အစိုးရက မိမိကို ပြောကြားခဲ့ကြောင်း လီက ဖွင့်ဟခဲ့သည်။
    “ဒီပြောကြားမှုအတွက် အာဏာပိုင်တွေက အထောက်အထား ဘာမှ မပေးပါဘူး။ ဒီစောဒကဟာ ယုံကြည်လောက်စရာ မရှိဘူးဆိုတာကို ကျွန်မ တွေ့ခဲ့ရပါတယ်” ဟု ကုလအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။
    အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်မှုများကို အကြောင်းပြ၍မရဘဲ ထိုတိုက်ခိုက်မှုများမှာ ‘ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် ဆယ်စုနှစ်များစွာ စနစ်ကျနှင့် အခြေခံကျကျ ခွဲခြားဆက်ဆံမှု အကြောင်းအရင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မျှော်လင့်ချက်ကင်းမဲ့နေသူများအနေဖြင့် မျှော်လင့်ချက်မဲ့သော အလုပ်များကို လုပ်ခြင်းဖြစ်ကြောင်း’ လီက ထပ်လောင်း ပြောကြားခဲ့သည်။
    ယန်းဟီးလီမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အခြားသော ၀န်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။
    ၎င်းနှင့် စကားပြောခဲ့သူ၊ ပြောချင်သူ အရပ်သားများ လက်တုန့်ပြန်ခြင်းခံရနိုင်သည်ဆိုသည့် စိုးရိမ်မှုများ မိမိတွင်ရှိနေပြီး၊ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် ပြောခဲ့သူများ လက်တုန့်ပြန်မခံရစေရန် ဆောင်ရွက်ရေး အာဏာပိုင်းများအား တိုက်တွန်းခဲ့သည်ဟု ကုလအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။
    “စိတ်ပူတာက ‘ဒီတွေ့ဆုံမှုပြီးရင် ကျွန်တော် ဘာဖြစ်မလဲမသိဘူး’ လို့ ကျွန်မနဲ့ တွေ့တဲ့သူတွေ တော်တော်များများက ပြောကြတာပါ။ တစ်ကြိမ်မှာ လူတစ်ယောက်က ဒီစကားပြောဆိုမှုပြီးရင် သူတို့ အဖမ်းခံရမယ်လို့ထင်တယ်လို့ ကျွန်မကို ဒဲ့ပဲပြောပါတယ်။ လူ့အဖွဲ့အစည်းနှစ်ခု တစ်ဖက်စီ သီးခြားနေထိုင်တဲ့ နောက်တစ်ရွာမှာဆိုရင် ကျွန်မက ကျွန်မနဲ့စကားပြောတဲ့သူတွေအဆင်ပြေပါ့မလားလို့ မေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ‘ကျွန်တော်ကြောက်တယ်။ အမှန်ပြောလို့ရမှာမဟုတ်ဘူး’ လို့ ပြန်ဖြေတာ ကြားခဲ့ရပါတယ်”
    Ref: New York Times
  • ရိုဟင်ဂျာဒုက္ခသည်များကို ပြန်ခေါ်ရန် ဘင်္ဂလားဒေ့ရှ်က မြန်မာကို တောင်းဆို
    ရိုဟင်ဂျာဒုက္ခသည်များကို ပြန်ခေါ်ရန် ဘင်္ဂလားဒေ့ရှ်က မြန်မာကို တောင်းဆို
    ဇန်န၀ါရီ ၁၂၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ် ဟာဆီနာ
    – ညှင်းပမ်းနှိပ်စက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာရသည့် ရိုဟင်ဂျာများကို ပြန်လည်ခေါ်ယူရန်အတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက တောင်းဆိုလိုက်သည်ဟု သိရသည်။
    ဒါကာသို့ ရောက်ရှိနေသည့် မြန်မာအထူးကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့ညနေပိုင်းက တွေ့ဆုံစဉ် ၀န်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိတို့နှစ်နိုင်ငံအနေဖြင့် အဆိုပါဒုက္ခသည်ပြဿနာကို ဆွေးနွေးမှုများမှတစ်ဆင့် အမြဲတမ်းအတွက် ဖြေရှင်းရမည်ဟုလည်း ဆိုသည်။
    တွေ့ဆုံစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကျော်တင်က နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးအပ်လိုက်သည့်စာကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာသို့ ပေးခဲ့သည်။
    “အိမ်နီးချင်းနိုင်ငံတွေက ဘယ်လိုလက်နက်ကိုင် သူပုန်အဖွဲ့ကိုမှ ဘင်္ဂလားဒေ့ရှ်က ပိုင်နက်အသုံးပြုခွင့် မပေးပါဘူး” ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ကရင်မ်က ဆိုသည်။
    မြန်မာနိုင်ငံနှင့် လက်ရှိဆက်ဆံရေးကို ကျေနပ်ပြီး အိမ်နီးချင်းများနှင့် ဆက်ဆံရေးကို ဘင်္ဂလားဒေ့ရှ်က တန်ဖိုထားကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွား တိုးတက်ရေးတွင် ဘင်္ဂလားဒေ့ရှ်၏ အတွေ့အကြုံများကို အသုံးပြုနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ လာရောက်ရန် ဖိတ်ခေါ်ကြောင်း ဟာဆီနာက ထည့်သွင်းပြောကြားခဲ့သည်။
    “မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးခိုင်မာဖို့ ကျွန်မ ဘာမဆို ပြုလုပ်သွားမှာပါ”
    နိုင်ငံခြားရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ
    မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ယမန်နေ့နေ့လည်ပိုင်းက နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ရှာဟီဒွလ် ဟက် အပါအ၀င် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
    ထိုသို့တွေ့စုံစဉ်အတွင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များ အစုလိုက်အပြုံလိုက် ဆက်လက်ဝင်ရောက်နေမှုအတွက် မိမိတို့က အလွန်အမင်း စိုးရိမ်ပါကြောင်း၊ ထိုကဲ့သို့ ထွက်ပြေးမှု ရပ်တန့်ရန်နှင့် နှစ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာနိုင်ငံသားအားလုံးကို ပြန်လည်ခေါ်ယူရန်အတွက် ဆောင်ရွက်ရန် တောင်းဆိုပါကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ ရင်ဆိုင်နေရသော ပြဿနာများအတွက် ရေရှည်အကျိုးရှိမည့် အဖြေရရေး နေရပ်ပြန်ပို့ခြင်း လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးရန် အသင့်ရှိသည်ဟုလည်း ဘင်္ဂလာဒေ့ရှ်က ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံမှ အထူးကိုယ်စားလှယ်အဖွဲ့ကမူ မိမိတို့နိုင်ငံသား ၂၄၁၅ ဦးကို ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ခေါ်ယူမည်ဟု ပြောကြားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး စာရင်းသွင်းခြင်း မခံရသည့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ မည်သည့်ဆုံးဖြတ်ချက်မှ မချခဲ့ဟု ဆွေးနွေးပွဲ သတင်းရင်မြစ်က ဆိုသည်။ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေရသည့် မြန်မာဒုက္ခသည်အရေအတွက်မှာ ၃ သိန်းခန့် ရှိနေသည်။
    အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများမှာ အနည်းဆုံး ၆၅၀၀၀ ရှိနေပြီး၊ ရခိုင်ပြည်နယ်မှ မွတ်စလင်များ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရသည့်ဘ၀ မရောက်အောင် ရခိုင်ပြည်နယ်ပြဿနာ၏ အရင်းအမြစ်ကို အလျင်အမြင် ဖြေရှင်းရန်လည်း ဘင်္ဂလားဒေ့ရှ်က တိုက်တွန်းခဲ့သည်။
    ရိုဟင်ဂျာပြဿနာကို ဖြေရှင်းရန်မှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း၏ တာဝန်သာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်က ပြတ်ပြတ်သားသား ပြောကြားခဲ့ပြီး ရေရှည်အဖြေတစ်ခု ရရှိရန်အတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဘင်္ဂလားဒေ့ရှ်က ထပ်မံပြောကြားခဲ့သည်ဟု သိရသည်။
    အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ရှိ ဖိနှိပ်ချုပ်ချယ်မှုများ၊ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုများကို မြန်မာနိုင်ငံက ချက်ခြင်းရပ်တန့်ရမည်ဖြစ်ပြီး သို့မှသာ ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကျော်ထွက်ပြေးမှု ရပ်တန့်ကာ အိမ်ပြန်နိုင်ရေးအတွက် ယုံကြည်ချက်ရှိလာမည်ဟု ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက မြန်မာကိုယ်စားလှယ်များအား ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
    Ref: The Daily Star
  • ရခိုင် လက်နက်ကိုင်များကို လက်နက်ခဲယမ်း အမြောက်အများနှင့် အိန္ဒိယတွင် ဖမ်းမိပြန်
    ရခိုင် လက်နက်ကိုင်များကို လက်နက်ခဲယမ်း အမြောက်အများနှင့် အိန္ဒိယတွင် ဖမ်းမိပြန်
    ဒီဇင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    rk-1
    အာသံရိုင်ဖယ်အသင်းမှ ဖမ်းမိခဲ့သူ ၂ ဦးနှင့် လက်နက်ခဲယမ်းများ
    – ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALA) မှ တပ်ဖွဲ့ဝင် ၈ ဦးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသတွင် ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းမြောက်များစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
    ဖမ်းဆီးရမိခဲ့သူများမှာ တိုက်ပွဲဝင်ဝတ်စုံများနှင့်ဖြစ်ပြီး သောကြာနေ့က Lwangtlai ခရိုင် Tuithumnar ဒေသအနီးတွင် မီဇိုရမ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်အသင်းတို့ ပူးပေါင်းပြုလုပ်သည့် စစ်ဆင်ရေးတစ်ခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကာ ခရိုင်အာဏာပိုင်များကို လွှဲပြောင်းပေးခဲ့သည်။
    သိမ်းဆည်းရမိသည့် လက်နက်များတွင် တစ်လုံးထိုး ဂျောက်ဂျက်သေနတ်တစ်လက်နှင့် ၎င်းတွင်အသုံးပြုသည့် ကျည် ၁၀ တောင့်၊ ၇.၆၂ မမ ချေမှုန်းရေး သေနတ်တစ်လက်၊ ၅.၅၆ မမ M16 ရိုင်ဖယ် တစ်လက်၊ M-11 ချေမှုန်းရေး ရိုင်ဖယ်တစ်လက်၊ ဂျီသရီး ရိုင်ဖယ်တစ်လက်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဆံအများအပြားနှင့် ကျည်ကပ်များ ပါဝင်သည်။
    rk-5
    မီဇိုရမ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်အသင်းတို့ ဖမ်းဆီးခဲ့သည့် ရခိုင်လက်နက်ကိုင်များထံမှ သိမ်းဆည်းရိမ်သော လက်နက်များ
    “ဘာသာစကားအခက်အခဲကြောင့် သူတို့ဝင်ရောက်လာတဲ့အကြောင်းအရင်းကို မသိရှိရသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ ရခိုင်လွတ်မြောက်ရေးတပ်မတော်က ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရပါတယ်” ဟု အိန္ဒိယ ကာကွယ်ရေး ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးကမူ အဆိုပါ လက်နက်ကိုင် ၈ ဦးမှာ အိန္ဒိယသို့ ၀င်ရောက်ရန် ကြိုးစားစဉ်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    ဖမ်းဆီးခံခဲ့ရသူ ရခိုင်လက်နက်ကိုင်များမှာ ခိုင်သီဇော်၊ ခိုင်မျိုး၊ ခိုင်ရေမင်း၊ ခိုင်မင်း၊ ခိုင်မင်းထူး၊ ခိုင်ရိုင်း၊ ခိုင်မျိုးနိုင်နှင့် ခိုင်ဇော်တို့ ဖြစ်ကြသည်။
    ထို့ပြင် အာသံရိုင်ဖယ်အသင်းမှာ မြန်မာနိုင်ငံသား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လက်နက်များမှာ အေကေရိုင်ဖယ် ၆ လက်အပါအ၀င် နောက်ဆုံးပေါ် သေနတ် ၁၀ လက်၊ ကျည်ကပ် ၁၂ ခု၊ မြန်မာငွေ ၁၀ သိန်းတို့ ပါဝင်သည်။
    Ref: Indiablooms, The News Indian Express
    rk-4
    အာသံရိုင်ဖယ်အသင်းမှ ဖမ်းမိခဲ့သူ ၂ ဦးထံမှ သိမ်းဆည်းရမိသည့် မြန်မာငွေများ