News @ M-Media

Tag: ramadan

  • ရမဿွာန်လမြတ်နှင့် စပ်လျဉ်း၍ မွတ်စ်လင်မ် မဟုတ်သူတို့ လူသိနည်းသော အကြောင်း ၉ ရပ်

    ရမဿွာန်လမြတ်နှင့် စပ်လျဉ်း၍ မွတ်စ်လင်မ် မဟုတ်သူတို့ လူသိနည်းသော အကြောင်း ၉ ရပ်

    ဇွန် ၆ ၊ ၂၀၁၆
    M-Media

    ကမ္ဘာတစ်ဝှန်း ဇွန်လ ၆ ရက်နေ့မှာ စတင်တော့မယ့် ရမဿွာန်လမြတ်ကာလအတွင်း အသင်တို့ရဲ့ မွတ်စ်လင်မ်မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက အသင်တို့နဲ့ နေ့လည်စာအတူစားဖို့ ယဉ်ကျေးစွာ ငြင်းဆိုလေ့ရှိပြီး သူတို့ရဲ့ အသွင်တူအသိုင်း အ၀ိုင်းဖက် ပြန်လှည့်ကြတာမျိုးကို သတိထားမိကြပါလိမ့်မယ်။ ဒါဟာ မွတ်စ်လင်မ်များစွာအတွက် နာမ်ပိုင်းဆိုင်ရာ အရှိန်မြှင့်တင်တဲ့အချိန်အခါ ဖြစ်တာကြောင့်ပါ။ ဆာလောင်မွတ်သိပ်ခြင်းဝေဒနာ ခံစားရယုံသက်သက်ဆိုတာထက် များစွာ အဓိပ္ပာယ်ရှိနေပါတယ်။

    ၁။ ဥပုသ်သီလအားဖြင့် နာမ်ပိုင်းဆိုင်ရာ ပုံရိပ်ကောင်းကို ဖော်ဆောင်မှု
    ————————————————————————

    Ramadan
    (ဓာတ်ပုံ – Juanmonino via Getty Images )

    ရမဿွာန်လမြတ်ဟာ နာမ်ပိုင်းဆိုင်ရာပုံရိပ်ကောင်းကို ပုံဖော်ပေးရာ၊ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ပေးရာ အချိန်ကာလတစ်ခုဖြစ်ကြောင်း မွတ်စ်လင်မ်များစွာမှ ကြုံဆုံခံစားနိုင်ကြပါတယ်။ မွတ်စ်လင်မ်လူထုရေးရာကောင်စီအဖွဲ့ဝင် Marwa Abdelghani က ဒီလိုရေးသားဖော်ပြထားပါတယ်။

    “အကျင့်ဆိုးတွေကနေ ထိန်းသိမ်းရှောင်ကြဉ်ခြင်းက စိတ်အေးချမ်းမှုကို ဖြစ်ထွန်းစေပါတယ်။ ဒီစိတ်အေးချမ်းမှုက လွှမ်းမိုးဖုံးအုပ်ထားတဲ့ ခံစားချက်တွေကင်းရှင်းစွာနဲ့ ကြောင်းကျိုးကျကျ၊ ကြည်ကြည်လင်လင် စဉ်းစားတွေးတောနိုင်စွမ်းကို ပေးပါတယ်။ ဒီအချက်က ဒေါသ သို့မဟုတ် စိတ်ပျက်အားလျော့မှုကို ဖြစ်ပေါ်စေတဲ့ ဘ၀နစ်နာကြေကွဲမှုတွေအပေါ် အချိန်ကုန်လွန်နေခြင်းအစား အပြုသဘောဆောင်တဲ့ကောင်းကျိုးတရားများကို ရရှိလာစေပါတယ်။ ရမဿွာန်လမြတ်ဟာ ခွင့်လွှတ်ဖို့၊ ဥပေက္ခာတရားလက်ကိုင်ထားဖို့၊ အရေးအကြီးဆုံးအရာအပေါ် အာရုံစိုက်နိုင်ဖို့ အခွင့်အခါကောင်းတစ်ရပ်ပါ”။

    .
    ၂။ အတင်းအဖျင်း၊ မုသားနှင့် အကျင့်ဆိုးများကိုပါ ရှောင်ကြဉ်ရမှု
    ———————————————————————

    Woman whispering into man's ear, close up
    (ဓာတ်ပုံ – Pete Turner via Getty Images )

    ရမဿွာန်လမြတ်ချိန်ခါအတွင်း မွတ်စ်လင်မ်များအနေနဲ့ အစားအသောက်၊ မေထုန်မှီဝဲခြင်းများကိုသာ ရှောင်ကြဉ်ရတာမဟုတ်ပါဘူး။ လိမ်ညာပြောဆိုခြင်း၊ ကျိန်ဆဲခြင်း၊ အတင်းအဖျင်းဆိုခြင်း၊ အငြင်းပွားခြင်းနဲ့ အခြား အကျင့်ဆိုးမှန်သမျှမှလည်း ရှောင်ကြဉ်ကြရပါတယ်။ Saeed Saeed က The National မှာ ဒီလို ရေးသားဖော်ပြထားပါတယ်။

    “ဥပုသ်သီလက ခန္ဓာဓာတ်စာဖြစ်တဲ့ ရေနဲ့အစားအသောက်တွေကို စွန့်လွှတ်စေယုံမျှသာ မဟုတ်ပါဘူး။ မဖွယ်မရာပြောဆိုချက်၊ အငြင်းအခုံ၊ သတိလက်လွတ်ပြုမူတာ၊ ပျက်လိုဖျက်ဆီးအကျင့်အမူတွေကို ရှောင်ကြဉ်ခြင်းဆိုတဲ့ အတ္တတိုက်ပွဲကြီးလည်း မလွဲမသွေ ပါဝင်နေပါတယ်။ ဥပုသ်သီလရဲ့ အဓိကဦးတည်ချက်ကတော့ ဖန်ဆင်းရှင်အပေါ် အကြွင်းမဲ့နာခံမှုကို သက်သေပြဖို့ (နဲ့) နာမ်ပိုင်းအခင်းအကျင်းအပေါ်မှာ စိတ်အာရုံကို စူးစိုက်ထားရှိဖို့ ဖြစ်ပါတယ်”။

    ၃။ အစ္စလာမ့်မြစ်ဖျားများကို ထင်ရှားကျော်စောစေသည့် လမြတ်
    ——————————————————-

    Female Palestinian worshippers pray in front of the Dome of the Rock, in the Al Aqsa Mosque compound in Jerusalem during Ramadan July 13, 2015, on Lailat-Al-Qadr, or Night of Power, in which the Muslim holy book of Koran was revealed to Prophet Mohammad by Allah. The compound is also known as Temple Mount to the Jews. REUTERS/Ammar Awad
    (ဓာတ်ပုံ – Ammar Awad / Reuters)

    ရမဿွာန်လနှောင်းပိုင်းမှာ လိုင်းလသုလ်ကဒရ် လို့ခေါ်ဆိုတဲ့ ညဥ့်မြတ် ကျရောက်လေ့ရှိပါတယ်။ ဒီညဥ့်မြတ်ဟာ တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းသာယာမင်္ဂလာများ ခညောင်းပါစေ)ထံ ကျမ်းမြတ်ကုရ်အာန် စတင် ထုတ်ပြန်ပို့ချပေးခံရတဲ့ညဥ့်ကို ဂုဏ်ပြုထင်ရှားစေခြင်းဖြစ်ပါတယ်။ ဒီလိုနေ့ရက်ညဥ့်မြတ်မှာ ၀တ်ပြုဆုတောင်းခြင်းက လပေါင်းတစ်ထောင်ဝတ်ပြုဆုတောင်းခြင်းထက် သာမြတ်ကြောင်း မွတ်စ်လင်မ်တို့ ယုံကြည်ထားပါတယ်။

    ၄။ ကုရ်အာန်၏လ ဟု အမည်တွင်ခြင်း
    ————————————–

    Imam praying in mosque
    (ဓာတ်ပုံ – selimaksan via Getty Images )

    ရမဿွာန်လမြတ်ကို ကုရ်အာန်ရဲ့လ လို့ ရည်ညွှန်းပြောဆိုလေ့ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ကာလအတွင်း မွတ်စ်လင်မ်များအနေနဲ့ ကျမ်းမြတ်ကုရ်အာန်ကို မိမိတို့ တတ်စွမ်းသလောက် ဖတ်ရွတ်သရဇ္ဈာယ်နိုင်အောင် ကြိုးပမ်းလေ့ရှိကြလို့ပဲ ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော်များမှာ ညစဉ်ညတိုင်း (၀တ်ပြုမှုများထဲ) ကုရ်အာန်ကျမ်းမြတ်ရဲ့ အပုံသုံးဆယ်ပုံတစ်ပုံကို ဖတ်ရွတ်လေ့ရှိကြပါတယ်။

    ၅။ ဥပုသ်သီလတာဝန်မှ ခြွင်းချက်ရှိသူများ
    ————————————————-

    Pregnant woman
    (ဓာတ်ပုံ – boggy22 via Getty Images )

    ဥပုသ်သီလစောင့်ထိန်းခြင်းက အစ္စလာမ့်မဏ္ဍိုင်ကြီးငါးရပ်ထဲ ပါဝင်သော်ငြား ကလေးသူငယ်တွေ၊ နာမကျန်းသူဝေဒနာသည်တွေ၊ အိုမင်းမစွမ်းသူတွေ၊ ပဋိသန္ဓေလွယ်ပိုးထားရတဲ့ အမျိုးသမီးတွေ၊ နို့တိုက်ကျွေးနေရတဲ့ မီးနေသည်တွေ၊ ရာသီပန်းပွင့်တဲ့ အမျိုးသမီးတွေ၊ ခရီးသည်တွေအဖို့ ဥပုသ်သီလစောင့်ထိန်းဖို့ မလိုအပ်ပါဘူး။ ဥပုသ်စောင့်ထိန်းဖို့ တတ်စွမ်းနိုင်သော်လည်း (အကြောင်းအမျိုးမျိုးကြောင့်) လက်လွှတ်သွားရသူများက လက်လွှတ်သွားရတဲ့ရက်အရေအတွက်ကို ပြန်လည်ဖြည့်စွက်စောင့်ထိန်းခြင်းနဲ့ဖြစ်စေ၊ ဖစ်ဒယဟ် ပေးေ
    ဆာင်ခြင်းနဲ့ဖြစ်စေ ဆောင်ရွက်နိုင်ခွင့်ရှိပါတယ်။ ဖစ်ဒယဟ် ဆိုတာ လွှတ်သွားတဲ့ရက်အရေအတွက်နဲ့အညီ ဆင်းရဲချို့တဲ့ငတ်မွတ်သူတစ်ဦးကို ကျွေးမွေးပေးကမ်းခြင်း ဖြစ်ပါတယ်။

    ၆။ အလွန်အကျွံစားသောက်မှုကို အားမပေးခြင်း
    —————————————————–

    6
    (ဓာတ်ပုံ – Karam Miri via Getty Images )

    တစ်နေ့တာ ဥပုသ်သီလ မစောင့်ထိန်းမီ (နဲ့) ဥပုသ်လွှတ်ချိန်တွေမှာ အလွန်အကျွံ စားသောက်တတ်သူအချို့ ရှိကြပါတယ်။ ဒါပေမယ့် ရမဿွာန်လရဲ့အနှစ်သာရကို မထိခိုက်စေအောင် (အဲ့ဒီအချိန်တွေမှာ) ကျန်းမာစေတဲ့ အစာရေစာ အနည်းအကျဉ်းသာ စားသောက်ကြဖို့ မွတ်စ်လင်မ်များစွာက အားပေးလက်ခံကြပါတယ်။ Abdelghani က ဒီလို ရေးသားထားပါတယ်။

    “လောကီပစ္စည်းများနဲ့ ကျွန်တော်တို့ရဲ့အတ္တကို အများအပြား အစာကျွေးခြင်းက ကျွန်တော်တို့လိုအပ်တဲ့ အခွင့်အလမ်းများကို လက်လွှတ်ဆုံးရှုံးသွားစေမယ့်အပြင်၊ ဆန္ဒမှန်သမျှ ဖြည့်လိုတဲ့ အတွေးမျိုးကိုလည်း ရသွားစေပါတယ်”။

    ကျန်းမာရေးရှုထောင့်အရ သကြားဓာတ်များပြားတဲ့အစာ၊ အကြော်အလှော်စာတွေကို အကန့်အသတ်နဲ့သာ စားသုံးဖို့၊ အဲ့ဒီအစားအစာတွေအစား အစာချေဖျက်ခြင်းနှေးကွေးစေမယ့် ဘာလီ၊ ဂျုံ၊ ပြောင်းဆန်နဲ့ ပဲနီလေးတို့ကို ရွေးချယ်စားသုံးကြဖို့ အကြံပြုတိုက်တွန်းချက်များလည်း ရှိပါတယ်။

    ၇။ ဥပုသ်သီလစောင့်ထိန်းမှုကပေးသော ကျန်းမာရေးကောင်းကျိုး
    ———————————————————–

    Muslim Lady Is Practicing Yoga Outdoor in a Garden
    (ဓာတ်ပုံ – Mariemlulu via Getty Images )

    ရမဿွာန် တစ်လတာလုံး ဥပုသ်သီလစောင့်ထိန်းတဲ့ အချို့မွတ်စ်လင်မ်များထံမှာ ကျန်းမာရေးကောင်းကျိုးတွေ ဖြစ်ထွန်းလာမှုကို ခံစားကြရပါတယ်။ NHS ရဲ့အစီရင်ခံစာအရ ရမဿွာန်တစ်လတာ ဥပုသ်သီလစောင့်ထိန်းမှုဟာ ဦးနှောက်ထဲက endorphin ဓာတ်တွေကို လျှော့ချပေးပြီး စိတ်သက်သာမှုကို တိုးမြှင့်စေတယ်လို့ ဆိုထားပါတယ်။

    “အဆိပ်သင့်ဓာတ်ပြုပစ္စည်းဖယ်ရှားမှုဖြစ်စဉ် detoxification process တစ်ရပ်လည်း ဖြစ်ပေါ်လာတယ်။ ခန္ဓာကိုယ်ရဲ့အဆီထဲ ကိန်းအောင်းနေတဲ့ ဘက်တီးရီးယားထွက်အဆိပ်ပစ္စည်းမှန်သမျှ ပြိုကွဲပြီး ဖယ်ထုတ်ခံလိုက်ရလို့ဖြစ်ပါတယ်” ဆိုပြီး အော့စ်ဖို့ဒ်တက္ကသိုလ် မေ့ဆေးဆရာဝန် Dr. Razeen Mahroof က အဆိုပါအစီရင်ခံစာမှာ တင်ပြထားပါတယ်။

    ၈။ ပေးကမ်းလှူဒါန်းမှု အရှိန်အဟုန်မြင့်တက်လာခြင်း
    ———————————————-

    Volunteers working in soup kitchen
    (ဓာတ်ပုံ – Ariel Skelley via Getty Images )

    မိမိပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာထဲက (အချိုးကျ) လှူဒါန်းရခြင်းဟာ အစ္စလာမ့်အခြေခံမဏ္ဍိုင်ကြီး တစ်ရပ်ဖြစ်ပါတယ်။ မွတ်စ်လင်မ်တွေဟာ တစ်နှစ်တာကာလအခြားလများထက် ရမဿွာန်လထဲမှာ ဒီအလှူဒါနကို ပိုမိုအလေးထား ပြုကျင့်လေ့ရှိကြပါတယ်။

     

    ၉။ တန်ဖိုးထားတတ်ခြင်း
    ————————–

    LOS ANGELES, CA - AUGUST 30:  Muslims women gather for a special Eid ul-Fitr morning prayer at the Los Angeles Convention Center on August 30, 2011 in Los Angeles, California. The three-day holiday, Eid ul-Fitr, marks the end of Ramadan, the Islamic month of fasting and begins after the sighting of a new crescent moon.  (Photo by Kevork Djansezian/Getty Images)
    (ဓာတ်ပုံ – Kevork Djansezian via Getty Images )

    Abdelghani က ဒီလိုရေးသားထားပါတယ်။

    “အဖိုးမတန်ဘူးလို့ မထင်လိုက်ပါနဲ့။ ဥပုသ်သီလဆောက်တည်ခြင်းက ကျွန်တော့်ကို အိပ်ငိုက်စေတယ်၊ နွမ်းလျပင်ပန်းစေပါတယ်။ ဒါပေမယ့် ဒီရင်းနှီးမှုရဲ့ အတုန့်အလှည့်ကတော့ တကယ့်ကို ပီတိအပြည့်အ၀နဲ့ ကြည်နှူးစရာကောင်းလှပါတယ်”။

    ××××××××××××××

    Ref : 9 Things You Probably Didn’t Know About Ramadan By Antonia Blumberg, Associate
    Religion Editor ; Huffington Post
    ဘာသာပြန် – မင်းထွဋ်ခေါင်

  • မလေးရှားရှိ မွတ်စလင်မဟုတ်သူများ ရမ်ဇာန်၏ ပျော်ရွှင်မှုများကို မျှဝေ

    မလေးရှားရှိ မွတ်စလင်မဟုတ်သူများ ရမ်ဇာန်၏ ပျော်ရွှင်မှုများကို မျှဝေ

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    malay

    – ဘာသာတရား ကွဲပြားခြားနားမှုကို ဘေးဖယ်ကာ ရမ်ဇာန်ဥပုသ်လ၏ အနှစ်သာရကို အားပေးလျက် မလေးရှားရှိ အစ္စလာမ်ဘာသာဝင်မဟုတ်သူများမှာ ရမ်ဇာန်အတွင်း မွတ်စလင်တို့၏ အစ်ဖ်သာရ် (၀ါဖြေပွဲ) တွင် ပါဝင်လိုသည့် ဆန္ဒများနှင့် ပျော်ရွှင်မှုများကို ဖော်ပြကြသည်။

    “ဟင်းလျာအများအပြားကို တွေ့ရတာဟာ ဥပုသ်လမှာပါပဲ။ အထူးသဖြင့် အမြဲတမ်းပြင်ဆင်လေ့မရှိတဲ့ ဟင်းလျာတွေပေါ့။ ဒါမျိုးတွေကို (အရင်လတွေမှာ) နေ့တိုင်း စားလို့မရတာကြောင့် ဒီအစားအသောက်တွေအားလုံးကို မြည်းစမ်းကြည့်ဖို့ ကျွန်တော် စိတ်လှုပ်ရှားပါတယ်” ဟု အသက် ၂၉ နှစ်အရွယ် ဂျီအန် ယိုရာ မာဟင်က Bernama သတင်းအေဂျင်စီသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အစ္စလာမ့်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးလဖြစ်သည့် ရမ်ဇာန်ဥပုသ်လမှာ မလေးရှားတွင် ဇွန်လ ၁၈ ရက်နေ့က စတင်ခဲ့သည်။

    ရမ်ဇာန်ဥပုသ်လတွင် ကျန်းမာရေးချို့တဲ့သူများ၊ ခရီးသွားသူများမှလွဲ၍ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလဆောက်တည်ရန်မှာ မလုပ်မနေရ တာဝန်ဖြစ်သည်။

    မလေးရှားတွင် အစ္စလာမ်ဘာသာဝင်မဟုတ်သူများမှာ ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် ၀ါဖြေပွဲများတွင် ပါဝင်ခြင်းဖြင့် အစ္စလာမ်သာသာဝင်များနှင့် နီးကပ်ခွင့်ရရှိလေသည်။

    “ရမ်ဇာန်မှာ ကျွန်မ ဥပုသ်မစောင့်ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ မွတ်စလင်လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ၀ါဖြေရတာကိုတော့ နှစ်သက်ပါတယ်” ဟု အသက် ၂၄ နှစ်အရွယ် ရေချယ် ဘက်စ်နာယာကီက ပြောကြားခဲ့သည်။

    ထို့ပြင် ရမ်ဇာန်ညဈေးရှိ ဆိုင်များ၌ ရောင်းချသည့် tuhau နှင့် jeruk bambangan စသည့် အစားအသောက်များက သူမကြိုက်နှစ်သက်သည့် အစားအစာများထဲတွင် ပါဝင်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်သည့် စတီဗင်လွီကလည်း တူညီသော သဘောထားကို ဖွင့်ဟခဲ့သည်။

    “အစားသောက်တွေကို ကျွန်တော်နှစ်သက်ပါတယ်။ များသောအားဖြင့် ဥပုသ်လမှာပေါ့။ အစားအသောက်အားလုံးကို စားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ရမ်ဇာန်လမြတ်မှာ ၀တ်ပြုဆုတောင်းမှုများကို များမြောင်စွာ လုပ်ဆောင်ရသည့် လလည်းဖြစ်ပြီး မွတ်စလင်များက အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်စေရန် ၀တ်ပြုဆုတောင်းမှုများကို အချိန်ပေး၍ ပိုမိုလုပ်ဆောင်ကြသည်။

    ပုံမှန် တစ်နေ့ငါးကြိမ် ၀တ်ပြုမှုအပြင် မွတ်စလင်များမှာ ညဥ့်ဦးယံဝတ်ပြုမှုပြီးနောက် အထူးဝတ်ပြုမှုဖြစ်သည့် သာရာဝီဆွလားသ်ကိုလည်း ယခုလတစ်လလုံး ၀တ်ပြုဆောက်တည်ကြသည်။

    ထို့ပြင် မွတ်စလင်အများစုမှာ ယခုလတွင် ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကိုသော် လည်းကောင်း၊ အများစုကိုသော် လည်းကောင်း ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိကြသည်။

    မလေးရှားနိုင်ငံ၏ ၂၆ သန်းသော လူဦးရေတွင် ၆၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်မှာ ၉.၁ ရာခိုင်နှုန်းရှိသည်။

    ဗုဒ္ဓဘာသာဝင်များမှာ ၁၉.၂ ရာခိုင်နှုန်းရှိပြီး၊ ဟိန္ဒိုကမူ ၆.၃ ရာခိုင်နှုန်းရှိကာ တရုတ်းရိုးရာ နတ်ကိုးကွယ်မှုများလည်း အများအပြား ရှိနေသည်။

    Ref: Onislam

  • အစ္စလာမ် ဘာသာဝင်တို့ အတွက် ရမ်ဇာန် စကားလက်ဆောင်ကို ဗာတီကန်မှ ထုတ်ပြန်

    ဇူလိုင် ၂၁၊ ၂၀၁၄
    M-Media
    Adhan-in-Vatican
    – အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသောအားဖြင့် ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး၏ ဘာသာပေါင်းစုံ ညှိနှိုင်းဆွေးနွေးရေးကောင်စီမှ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ အတွက် ရမ်ဇာန်စကားလက်ဆောင်ကို ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    “ဘုရားသခင်ဖန်ဆင်းထားတဲ့ မနုဿလူ့မိသားစုထဲမှာ ခရစ်ယာန်နဲ့ မွတ်စလင်တွေဟာ ညီအစ်ကို မောင်နှမတွေပါပဲ။ ကျွန်တော်တို့ကြားထဲက မတူညီတာတွေကို သတိပြုနိုင်ပြီး ကျွန်တော်တို့မှာရှိတဲ့ ဘုံတူညီမှုတွေအတွက် ဘုရားသခင်ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟု အဆိုပါကောင်စီမှ ဥက္ကဌနှင့် အတွင်းရေးမှုတို့မှ ထုတ်ပြန်သော စကားလက်ဆောင်ကို Catholic World News သတင်းစာမှ ဇူလိုင် ၁၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    မိမိတို့အနေဖြင့် အပြန်အလှန်လေးစားမှုနှင့် ရင်းနှီးချစ်ကြည်မှုတို့အပေါ် တည်ဆောက်ထားသော အကျိုးဖြစ်ထွန်းသည့် ဆွေးနွေးမှု များကို မြှင့်တင်ရေး အရေးပါမှုကို မိမိတို့မှ အသိအမှတ်ပြု နားလည်ပါကြောင်း၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် လူတိုင်းလူတိုင်း၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့အတွက် အတူတကွ လုပ်ဆောင်သွားရန် ကျွန်ုပ်တို့မှ တိုက်တွန်းပါကြောင်း စသဖြင့်လည်း ဖော်ပြထားသည်။

    ထို့ပြင် ငြိမ်းချမ်းရေးပေါင်းကူးတံတား တည်ဆောက်ရေးအတွက် တိုက်တွန်းခဲ့ပြီး ထိုကဲ့သို့ ရင်းနှီးချစ်ကြည်မှုက ရင်ကြားစေ့ရေးကို တိုးမြှင့်စေမည်ဖြစ်ပြီး တင်းမာမှုများနှင့် ပဋိပက္ခများကို ရပ်တန့်စေမည်ဟု ဆိုသည်။

    “ရင်းနှီးချစ်ကြည်မှုတွေဟာ အသိဥာဏ်၊ အမြှော်အမြင်နဲ့  စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့စေ့ဆော်ပေးပါတယ်။ ဒီနည်းလမ်းက တင်းမာမှုနဲ့ ပဋိပက္ခကို လျော့ကျဖို့၊ ကောင်းမွန်တဲ့ ဘုံတူညီမှုတွေကို တိုးတက်စေဖို့ ကူညီပါလိ့မ်မယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ဘာသာတရားဟာ သဟဇာတဖြစ်စေတဲ့ ရင်းမြစ်ကြီးတစ်ခုဆိုတာကိုလည်း ကျွန်တော်တို့ ပြသရပါလိ့မ်မယ်”

    ထိုကဲ့သို့သော စကားလက်ဆောင်များကို ဗာတီကန်မှ ရမ်ဇာန် ဥပုသ်လတိုင်း ထုတ်ပြန်လေ့ရှိပြီး ပြီးခဲ့သည့်နှစ်က ထုတ်ပြန်သော စကားလက်ဆောင်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည်။

    Ref: OnIslam & News Agencies

  • မာလာဝီ မွတ်စလင်များ၏ ရမ်ဇာန်အလှူဒါနမှ ခရစ်ယာန်များလည်း အကျိုးခံစားရ

    ဇူလိုင် ၂၀ ၊ ၂၀၁၄
    M-Media
    Malawineedy-Christians-benefiting-from-Ramadan
    – ရမ်ဇာန်ဥပုသ်လအတွင်း ဥပုသ်သီလဆောက်တည်ကြသည့် အစ္စလာမ်ဘာသာဝင်များအတွက် အစ်ဖ်သာရ် အစားအသောက် လှူဒါန်းမှုများကို မာလာဝီမွတ်စလင်များက နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြပြီး ထိုလှူဒါန်းမှုများမှ ခရစ်ယာန်ဘာသာဝင်များလည်း အကျိုးခံစားခဲ့ရသည်ဟု သိရသည်။

    “ရမ်ဇာန်လအစကတည်းက ချို့တဲ့နေတဲ့ မွတ်စလင်တွေကို အစားအသောက်တွေဝေငှဖို့ စင်တာအားလုံးမှာ စီစဉ်ခဲ့ကြပါတယ်။ ဒီကောင်းမြတ်တဲ့ ဆောင်ရွက်မှုကနေ အကျိုးခံစားဖို့ လာရောက်ကြတဲ့ မာလာဝီမှာရှိတဲ့ အယူဝါဒအားလုံးကလူတွေနဲ့ ဒီစင်တာတွေဟာ ပြည့်နှက် သွားပါတယ်” ဟု အစ္စလာမ့်အကူအညီပေးရေးအေဂျင်စီမှ နိုင်ငံလုံးဆိုင်ရာ ဥက္ကဌ ရှိခ် အဘူဖာတာနီက OnIslam.net က ပြောကြာခဲး့သည်။

    ရမ်ဇာန်ဥပုသ်လတွင် မာလာဝီ မွတ်စလင်များမှာ ဆင်းရဲနွမ်းပါးကြသည့် အစ္စလာမ်ဘာသာဝင်များအား အစ်ဖ်သာရ်အစားအသောက်များ လှူဒါန်းခြင်းနှင့် အခြားအကူအညီများ ပေးအပ်သည့်အပြင် အခြားဘာသာဝင်များမှ ချို့တဲ့သူများကိုလည်း အလားတူ ကူညီမှုများ ပြုလုပ်ပေးကြသည်။

    “မာလာဝီက ဘာသာလူမျိုးပေါင်းစုံဟာ အလွန်ဆင်းရဲချို့တဲ့အခြေအနေမှာ ရှိနေတယ်ဆိုတာ ဒီလိုဆောင်ရွက်မှုတွေကြောင့် ကျွန်တော်တို့ သိလာရပါတယ်။ လူနေမှုအဆင့်အတန်း ယိုယွင်းပျက်ဆီးခြင်းဟာ မာလာဝီက လူအများစုကို ဒုက္ခရောက်စေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒီရမ်ဇာန် ဥပုသ်လမှာ ဘာသာတရားကို လိုက်ပြီး ခွဲခြားခြင်းမပြုဘဲ အားလုံးကို ကူညီပေးနေတာပါ” ဟု ဖာတာနီက ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့ ကူညီခြင်းက မာလာဝီပြည်သူများအကြား စည်းလုံးညီညွတ်မှုကိုဖြစ်စေကြောင်း၊ အခြားသော ကူညီမှုများကိုလည်း တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့ သာသနာ၏ အလှအပကို ပြသရန်အတွက် ထိုကဲ့သို့ဆောင်ရွက်ခြင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မွတ်စလင်တို့၏ ထိုကူညီမှုများကို ခရစ်ယာန်ခေါင်းဆောင်များကလည်း ချီးကျူးခဲ့ကြပြီး မတူညီသော ဘာသာတရားများ အကြား ပေါင်းကူးပေးခြင်းဖြစ်သည်ဟု ဆိုသည်။

    “ရမ်ဇန်လမှာ မွတ်စလင်တွေဟာ လိုအပ်နေတဲ့ ခရစ်ယာန်တွေကို အစားအသောက်တွေလှူဒါန်းတာဟာ ကျွန်တော်တို့ ချီးကျူးသြဘာပေးရမယ့် လုပ်ရပ်ပါပဲ။ ဒါဟာ မွတ်စလင်တွေ ဘယ်လောက်(ပတ်ဝန်းကျင်ကို)ကျေးဇူးပြုသလဲဆိုတာကို ပြသတာဖြစ်ပါတယ်။ ပြီးတော့ အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် ကျွန်တော်တို့ထားရှိတဲ့ စိတ်နေသဘောထားတွေကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ ခရစ်ယာခေါင်းဆောင်တွေကို တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်” ဟု မာလာဝီ အင်ဂလိကန်ကောင်စီ ဥက္ကဌ ဘုန်းတော်ကြီး ဘရိုက်တန် မာလာဆာက ပြောကြား ခဲ့သည်။

    အစ်ဖ်သာရ် အစားသောက်များဝေငှသည့်နေရာသို့ လာရောက်ရယူကြသည့် ခရစ်ယာန်ဘာသာဝင်များကလည်း ထိုကဲ့သို့ဆောင်ရွက်ပေး မှုအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်မရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကတော့ အစားသောက်ရရှိဖို့ပါ။ ကျွန်မဟာ ကျန်းမာရေးမကောင်းပါဘူး။ ပြီးတော့ အဖေမရှိတော့တဲ့ ကျွန်မရဲ့ကလေးသုံးယောက်ကိုလည်း ပြုစုပျိုးထောင်နေရပါတယ်။ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်။  နောက်လတွေလည်း ရမ်ဇာန်လဖြစ်ပါစေလို့ ကျွန်မဆုတောင်းပါတယ်။ ဘာသာတရားဟာ ချို့တဲ့သူတွေကို ကူညီစောင်မဖို့ တိုက်တွန်းပါတယ်။ ဘုရားသခင်ဟာ သူတို့ကို ကြွယ်ဝစေတာကြောင့် ကျွန်မတို့လို ချို့တဲ့သူတွေကို ကူညီနိုင်တာပါ။ အမှန်တရားကို ယုံကြည်ကြသူတိုင်း ချို့တဲ့နေတဲ့သူတွေကို ချွင်းချက်မရှိကူညီရပါမယ်” ဟု အဆိုပါ စင်တာသို့ လာရောက်ကာ အစားသောက်များ ရယူသည့် ရုသ် ချစ်တီတီက ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ မလာဝီသို့ ၁၈၇၀ ပြည့်နှစ်များကတည်းက ရောက်ရှိခဲ့ပြီး ထိုအချိန်မှစ၍ နိုင်ငံ၏ လှုမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများတွင် အစ္စလာမ်ဘာသာဝင်များမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ယခုအချိန်တွင် ခရစ်ယာန်ပြီးလျှင် မာလာဝီ၌ ဒုတိယကိုးကွယ်မှုအများဆုံးမှာ အစ္စလာမ်ဖြစ်ပြီး နိုင်ငံလူဦးရေ ၁၆ သန်း၏ ၃၆ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

    By Khalid Abubaker,

    OnIslam Correspondent

     

  • ရမသွာန် ဥပုသ်လအတွင်း ဆီးချို ရှိသူများ ဆောင်ရန်၊ ရှောင်ရန် မိုဘိုင်းဖုန်း ဆော့ဖ်ဝဲ ဆီနီဂေါတွင် ဖြန့်

    ဇူလိုင် ၄၊ ၂၀၁၄
    M-Media
    Diabetic-mobile-app
    – ဆီးချိုရောဂါသည်များ ရမသွာန် ဥပုသ်လအတွင်း မည်ကဲ့သို့ နေထိုင်စားသောက်ရမည်ကို အကြံပေးသည့် ဖုန်းဆော့ဖ်ဝဲတစ်ခုကို ဆီနီဂေါတွင် ဖြန့်ချီလိုက်သည်ဟု သိရသည်။

    mRamadan ဟု အမည်ရပြီး ရမသွာန် မတိုင်ခင်ကတည်းက ဖြန့်ချီခဲ့သည့် အဆိုပါ ဆော့ဖ်ဝဲမှာ ဆီးချိုရောဂါသည်များ ဥပုသ်သီလဆောက်တည်မှုအတွက် အကြံပြုချက်များကို ဖော်ပြသွားမည်ဖြစ်ပြီး ရမ်ဇာန်မတိုင်မီ၊ ရမ်ဇာန်အတွင်းနှင့် ရမသွာန် ပြီးနောက်ပိုင်းတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

    “အရင်ကဆို ရမသွာန် ဥပုသ်လမှာ ဘာလုပ်ရမယ်ဆိုတာကိုမသိတဲ့ ဆီးချိုသမားတွေ အများကြီးရှိပါတယ်။ ဥပုသ်စောင့်ရမလား၊ မစောင့်ရဘူးလားဆိုတာကို သူတို့မသိကြပါဘူး။ ဒါပေမယ့် ဒီဆော့ဖ်ဝဲကတော့ ဥပုသ်စောင့်နေစဉ်အတွင်းမှာ ဘာတွေလုပ်ရမလဲဆိုတာအတွက် ကူညီပေးပါတယ်” ဟု အသက် ရှစ်နှစ်အရွယ်မှာပင် ဆီးချိုရောဂါ အဆင့် ၁ ခံစားခဲ့ရသည့် အသက် ၂၆ နှစ်အရွယ်ရှိ နဒီယာဂါ ဒီအုပ်က VOA သတင်းဌာနသို့ ဇူလိုင်လ ၂ ရက်နေ့က ပြောကြားခဲ့သည်။

    အဆိုပါဆော့ဖ်ဝဲမှာ He@lthy Be မိုဘိုင်းဖုန်းဆော့ဖ်ဝဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရမ်ဇာန်ဥပုသ်လ၌ ဆီနီဂေါရှိ ဆေးရုံများအတွင်း အရေးပေါ်လူနားများ မြင့်မားမှုကို လျှော့ချရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

    “အချို့ဆီးချိုရောဂါသည်တွေဟာ ဘာမှမသိဘဲနဲ့ သူတို့သဘောနဲ့သူတို ဥပုသ်စောင့်ကြပါတယ်။ ဒါပေမယ့် ဒီနည်းပညာဖွံ့ဖြိုးလာပြီး ဒီဆော့ဖ်ဝဲကတစ်ဆင့် လူတွေဟာ အကြံဥာဏ်တွေ ရယူနိုင်ကြပါတယ်” ဟု အသက် ၂၆ နှစ်အရွယ် ဆီးချိုရောဂါရှင် မာရီ ဂါဒီယိုက ဆိုသည်။

    ဆီးချိုရောဂါသည် မွတ်စလင်များ အင်ဆူလင်ထိုးနေရပါက ဥပုသ်စောင့်ခြင်းမှ ကင်းလွတ်ခွင့်ရသည့်စာရင်းတွင် ပါဝင်သည်ဟု အစ္စလာမ်ဓမ္မပညာရှင်များက အတည်ပြုထားသည်။

    လူဦးရေ ၁၃ သန်းရှိသည့် ဆီနီဂေါနိုင်ငံတွင် ၉၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ကြသည်။

    Ref: OnIslam & News Agencies