News @ M-Media

အစ္စလာမ် ဘာသာဝင်တို့ အတွက် ရမ်ဇာန် စကားလက်ဆောင်ကို ဗာတီကန်မှ ထုတ်ပြန်

ဇူလိုင် ၂၁၊ ၂၀၁၄
M-Media
Adhan-in-Vatican
– အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသောအားဖြင့် ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး၏ ဘာသာပေါင်းစုံ ညှိနှိုင်းဆွေးနွေးရေးကောင်စီမှ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ အတွက် ရမ်ဇာန်စကားလက်ဆောင်ကို ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

“ဘုရားသခင်ဖန်ဆင်းထားတဲ့ မနုဿလူ့မိသားစုထဲမှာ ခရစ်ယာန်နဲ့ မွတ်စလင်တွေဟာ ညီအစ်ကို မောင်နှမတွေပါပဲ။ ကျွန်တော်တို့ကြားထဲက မတူညီတာတွေကို သတိပြုနိုင်ပြီး ကျွန်တော်တို့မှာရှိတဲ့ ဘုံတူညီမှုတွေအတွက် ဘုရားသခင်ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟု အဆိုပါကောင်စီမှ ဥက္ကဌနှင့် အတွင်းရေးမှုတို့မှ ထုတ်ပြန်သော စကားလက်ဆောင်ကို Catholic World News သတင်းစာမှ ဇူလိုင် ၁၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။

မိမိတို့အနေဖြင့် အပြန်အလှန်လေးစားမှုနှင့် ရင်းနှီးချစ်ကြည်မှုတို့အပေါ် တည်ဆောက်ထားသော အကျိုးဖြစ်ထွန်းသည့် ဆွေးနွေးမှု များကို မြှင့်တင်ရေး အရေးပါမှုကို မိမိတို့မှ အသိအမှတ်ပြု နားလည်ပါကြောင်း၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် လူတိုင်းလူတိုင်း၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့အတွက် အတူတကွ လုပ်ဆောင်သွားရန် ကျွန်ုပ်တို့မှ တိုက်တွန်းပါကြောင်း စသဖြင့်လည်း ဖော်ပြထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးပေါင်းကူးတံတား တည်ဆောက်ရေးအတွက် တိုက်တွန်းခဲ့ပြီး ထိုကဲ့သို့ ရင်းနှီးချစ်ကြည်မှုက ရင်ကြားစေ့ရေးကို တိုးမြှင့်စေမည်ဖြစ်ပြီး တင်းမာမှုများနှင့် ပဋိပက္ခများကို ရပ်တန့်စေမည်ဟု ဆိုသည်။

“ရင်းနှီးချစ်ကြည်မှုတွေဟာ အသိဥာဏ်၊ အမြှော်အမြင်နဲ့  စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့စေ့ဆော်ပေးပါတယ်။ ဒီနည်းလမ်းက တင်းမာမှုနဲ့ ပဋိပက္ခကို လျော့ကျဖို့၊ ကောင်းမွန်တဲ့ ဘုံတူညီမှုတွေကို တိုးတက်စေဖို့ ကူညီပါလိ့မ်မယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ဘာသာတရားဟာ သဟဇာတဖြစ်စေတဲ့ ရင်းမြစ်ကြီးတစ်ခုဆိုတာကိုလည်း ကျွန်တော်တို့ ပြသရပါလိ့မ်မယ်”

ထိုကဲ့သို့သော စကားလက်ဆောင်များကို ဗာတီကန်မှ ရမ်ဇာန် ဥပုသ်လတိုင်း ထုတ်ပြန်လေ့ရှိပြီး ပြီးခဲ့သည့်နှစ်က ထုတ်ပြန်သော စကားလက်ဆောင်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည်။

Ref: OnIslam & News Agencies

Comments

Leave a Reply