ဇူလိုင် ၂၀ ၊ ၂၀၁၄
M-Media
– ရမ်ဇာန်ဥပုသ်လအတွင်း ဥပုသ်သီလဆောက်တည်ကြသည့် အစ္စလာမ်ဘာသာဝင်များအတွက် အစ်ဖ်သာရ် အစားအသောက် လှူဒါန်းမှုများကို မာလာဝီမွတ်စလင်များက နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြပြီး ထိုလှူဒါန်းမှုများမှ ခရစ်ယာန်ဘာသာဝင်များလည်း အကျိုးခံစားခဲ့ရသည်ဟု သိရသည်။
“ရမ်ဇာန်လအစကတည်းက ချို့တဲ့နေတဲ့ မွတ်စလင်တွေကို အစားအသောက်တွေဝေငှဖို့ စင်တာအားလုံးမှာ စီစဉ်ခဲ့ကြပါတယ်။ ဒီကောင်းမြတ်တဲ့ ဆောင်ရွက်မှုကနေ အကျိုးခံစားဖို့ လာရောက်ကြတဲ့ မာလာဝီမှာရှိတဲ့ အယူဝါဒအားလုံးကလူတွေနဲ့ ဒီစင်တာတွေဟာ ပြည့်နှက် သွားပါတယ်” ဟု အစ္စလာမ့်အကူအညီပေးရေးအေဂျင်စီမှ နိုင်ငံလုံးဆိုင်ရာ ဥက္ကဌ ရှိခ် အဘူဖာတာနီက OnIslam.net က ပြောကြာခဲး့သည်။
ရမ်ဇာန်ဥပုသ်လတွင် မာလာဝီ မွတ်စလင်များမှာ ဆင်းရဲနွမ်းပါးကြသည့် အစ္စလာမ်ဘာသာဝင်များအား အစ်ဖ်သာရ်အစားအသောက်များ လှူဒါန်းခြင်းနှင့် အခြားအကူအညီများ ပေးအပ်သည့်အပြင် အခြားဘာသာဝင်များမှ ချို့တဲ့သူများကိုလည်း အလားတူ ကူညီမှုများ ပြုလုပ်ပေးကြသည်။
“မာလာဝီက ဘာသာလူမျိုးပေါင်းစုံဟာ အလွန်ဆင်းရဲချို့တဲ့အခြေအနေမှာ ရှိနေတယ်ဆိုတာ ဒီလိုဆောင်ရွက်မှုတွေကြောင့် ကျွန်တော်တို့ သိလာရပါတယ်။ လူနေမှုအဆင့်အတန်း ယိုယွင်းပျက်ဆီးခြင်းဟာ မာလာဝီက လူအများစုကို ဒုက္ခရောက်စေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒီရမ်ဇာန် ဥပုသ်လမှာ ဘာသာတရားကို လိုက်ပြီး ခွဲခြားခြင်းမပြုဘဲ အားလုံးကို ကူညီပေးနေတာပါ” ဟု ဖာတာနီက ထပ်လောင်းပြောကြားခဲ့သည်။
ထို့ပြင် ထိုကဲ့သို့ ကူညီခြင်းက မာလာဝီပြည်သူများအကြား စည်းလုံးညီညွတ်မှုကိုဖြစ်စေကြောင်း၊ အခြားသော ကူညီမှုများကိုလည်း တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့ သာသနာ၏ အလှအပကို ပြသရန်အတွက် ထိုကဲ့သို့ဆောင်ရွက်ခြင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
မွတ်စလင်တို့၏ ထိုကူညီမှုများကို ခရစ်ယာန်ခေါင်းဆောင်များကလည်း ချီးကျူးခဲ့ကြပြီး မတူညီသော ဘာသာတရားများ အကြား ပေါင်းကူးပေးခြင်းဖြစ်သည်ဟု ဆိုသည်။
“ရမ်ဇန်လမှာ မွတ်စလင်တွေဟာ လိုအပ်နေတဲ့ ခရစ်ယာန်တွေကို အစားအသောက်တွေလှူဒါန်းတာဟာ ကျွန်တော်တို့ ချီးကျူးသြဘာပေးရမယ့် လုပ်ရပ်ပါပဲ။ ဒါဟာ မွတ်စလင်တွေ ဘယ်လောက်(ပတ်ဝန်းကျင်ကို)ကျေးဇူးပြုသလဲဆိုတာကို ပြသတာဖြစ်ပါတယ်။ ပြီးတော့ အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် ကျွန်တော်တို့ထားရှိတဲ့ စိတ်နေသဘောထားတွေကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ ခရစ်ယာခေါင်းဆောင်တွေကို တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်” ဟု မာလာဝီ အင်ဂလိကန်ကောင်စီ ဥက္ကဌ ဘုန်းတော်ကြီး ဘရိုက်တန် မာလာဆာက ပြောကြား ခဲ့သည်။
အစ်ဖ်သာရ် အစားသောက်များဝေငှသည့်နေရာသို့ လာရောက်ရယူကြသည့် ခရစ်ယာန်ဘာသာဝင်များကလည်း ထိုကဲ့သို့ဆောင်ရွက်ပေး မှုအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်မရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကတော့ အစားသောက်ရရှိဖို့ပါ။ ကျွန်မဟာ ကျန်းမာရေးမကောင်းပါဘူး။ ပြီးတော့ အဖေမရှိတော့တဲ့ ကျွန်မရဲ့ကလေးသုံးယောက်ကိုလည်း ပြုစုပျိုးထောင်နေရပါတယ်။ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်။ နောက်လတွေလည်း ရမ်ဇာန်လဖြစ်ပါစေလို့ ကျွန်မဆုတောင်းပါတယ်။ ဘာသာတရားဟာ ချို့တဲ့သူတွေကို ကူညီစောင်မဖို့ တိုက်တွန်းပါတယ်။ ဘုရားသခင်ဟာ သူတို့ကို ကြွယ်ဝစေတာကြောင့် ကျွန်မတို့လို ချို့တဲ့သူတွေကို ကူညီနိုင်တာပါ။ အမှန်တရားကို ယုံကြည်ကြသူတိုင်း ချို့တဲ့နေတဲ့သူတွေကို ချွင်းချက်မရှိကူညီရပါမယ်” ဟု အဆိုပါ စင်တာသို့ လာရောက်ကာ အစားသောက်များ ရယူသည့် ရုသ် ချစ်တီတီက ပြောကြားခဲ့သည်။
အစ္စလာမ်သာသနာမှာ မလာဝီသို့ ၁၈၇၀ ပြည့်နှစ်များကတည်းက ရောက်ရှိခဲ့ပြီး ထိုအချိန်မှစ၍ နိုင်ငံ၏ လှုမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများတွင် အစ္စလာမ်ဘာသာဝင်များမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ယခုအချိန်တွင် ခရစ်ယာန်ပြီးလျှင် မာလာဝီ၌ ဒုတိယကိုးကွယ်မှုအများဆုံးမှာ အစ္စလာမ်ဖြစ်ပြီး နိုင်ငံလူဦးရေ ၁၆ သန်း၏ ၃၆ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။
By Khalid Abubaker,
Leave a Reply
You must be logged in to post a comment.