News @ M-Media

Tag: Refugee Crisis

  • ဥရောပသို့ရောက်လာသည့် ဒုက္ခသည် ပြီးခဲ့သည့်လတွင် စံချိန်တင်

    ဥရောပသို့ရောက်လာသည့် ဒုက္ခသည် ပြီးခဲ့သည့်လတွင် စံချိန်တင်

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    ref

    – ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပသို့ ၀င်ရောက်လာသည့် ဒုက္ခသည်အရေအတွက်မှာ ၂၁၈၀၀၀ ကျော် ရှိပြီး တစ်လတာဝင်ရောက်မှု စံချိန်တင်အမြင့်ဆုံးဖြစ်ကာ ၂၀၁၄ ခုနှစ် တစ်နှစ်လုံး၏ အရေအတွက်နီးနီး ရှိသည်ဟု ကုလက ပြောကြားလိုက်သည်။

    ထိုအရေအတွက်ကြောင့် ယခုနှစ်အတွင်း ဥရောပသို့ ၀င်ရောက်လာသည့် ဒုက္ခသည်မှာ စုစုပေါင်း ၇၄၄၀၀၀ ကျော် ရှိနေပြီး၊ အောက်တိုဘာလ စာရင်းအရ ဒုက္ခသည်များမှာ အေးလွန်သည့် ဆောင်းရာသီသို့ ၀င်ရောက်လာပြီး ပင်လယ်ပြင်တွင် အခြေအနေမကောင်းသော်လည်း ဥရောပသို့ ၀င်ရောက်မှု မြင့်တက်နေဆဲဖြစ်သည်ကို တွေ့ခဲ့ရသည်။ ထို့ပြင် ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့၏ နယ်စပ်များကို ပိတ်ပစ်နိုင်သည့် စိုးရိမ်မှုများလည်း ရှိနေသည်။

    ယခုနှစ်အစကတည်းက ဂရိနိုင်ငံကို ဖြတ်ကျော်၍ ဥရောပသို့ ၀င်ရောက်လာသော ဒုက္ခသည် ၆ သိန်းကျော်၏ ၉၄ ရာခိုင်နှုန်းမှာ ကမ္ဘာ့ထိပ်တန်း ဒုက္ခသည်များထွက်သော နိုင်ငံ ၁၀ နိုင်ငံမှ ဖြစ်နေသည်။ ထို့ပြင် ဥရောပသို့ ၀င်ရောက်ရန် ကြိုးစားမှုအတွင်း သေဆုံးမှုများမှာလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လာပြီး လက်ရှိအချိန်အထိ မြေထဲပင်လယ်ကိုဖြတ်လာသူ ဒုက္ခသည်များတွင် ၃၄၄၀ ခန့်မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်ဟု သိရသည်။

    Ref: Aljazeera

  • ဒုက္ခသည်များအတွက် အွန်လိုင်းတက္ကသိုလ်တစ်ခုကို ဂျာမနီဖွင့်လှစ်

    ဒုက္ခသည်များအတွက် အွန်လိုင်းတက္ကသိုလ်တစ်ခုကို ဂျာမနီဖွင့်လှစ်

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    ref

    – ကမ္ဘာကြီး၏ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ဒုက္ခသည်များအနေဖြင့် အဆင့်မြင့်ပညာရပ်များကို သင်ယူနိုင်မည့် ပထမဆုံး အွန်လိုင်းတက္ကသိုလ်ကို ဂျာမနီနိုင်ငံက စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    Kiron ဟု အမည်ရသည့် တက္ကသိုလ်ဖြစ်ပြီး တက်ရောက်ရန်အတွက် ကျောင်းသားများမှာ ကွန်ပျူတာနှင့် အင်တာနက်လိုင်းသာ လိုအပ်မည်ဖြစ်သည်။ သို့သော်လည်း အင်တာနက်လိုင်း အမြဲတမ်း မရသူများအနေဖြင့် အင်တာနက်ရရှိသည့်အချိန်တွင် သင်ရိုးများကို Download လုပ်ကာ လေ့လာနိုင်ရန်လည်း စီစဉ်ထားသည်။

    ထိုတက္ကသိုလ်တွင် တက်ရောက်ရန် စာရင်းပေးသွင်းသူများမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ထုတ်ပေးသည့် ဒုက္ခသည်အသိအမှတ်ပြု  စာရွက်စာတမ်းကို တင်ပြရမည်ဖြစ်သည်။ အကျိုးအမြတ်မယူသည့် အဆိုပါတက္ကသိုလ်အတွက် ပြည်သူများထံမှ ရန်ပုံငွေ ကောက်ခံခဲ့ပြီး ကန်ဒေါ်လာ ၂၁၆၆၃၆ ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

    မြို့တော်ဘာလင်တွင် အခြေစိုက်သည့် အဆိုပါ Kiron တက္ကသိုလ်မှာ ယခုပထမနှစ်တွင် ကျောင်းသားပေါင်း ၁၀၀၀ ကို သင်ကြားပေးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဒုက္ခသည် အနည်းဆုံး ၁၅၀၀၀ ခန့်က တက်ရောက်ရန် စိတ်ဝင်စားနေသည်။

    Kiron တက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူ တင်မ် ဘရန့်ဒ်က တည်ထောင်သူများဖြစ်ကြသည့် ဗင်းဆင့် ဇင်မာနှင့် မာကစ်က် ကရက်စ်လာတို့က ၂၀၁၄ ခုနှစ်နွေရာသီတွင် ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း ဒုက္ခသည်များအတွက် အွန်လိုင်းတက္ကသိုလ်တစ်ခု တည်ထောင်ရန် အတွေးရခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် ၎င်းတို့နှစ်ဦးမှာ အွန်လိုင်းသင်ကြားမှုပေးသော တက္ကသိုလ်များ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး ဒုက္ခသည်များ အဆင့်မြင့်ပညာရေးကို ရရှိရန် မဖြစ်နိုင်သည့် အဆီးအတားများအတွက် လွယ်ကူသောအဖြေကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အင်္ဂလိပ်စာဖြင့် သင်ကြားမည်

    Kiron တက္ကသိုလ်တွင် ဟားဗဒ်၊ စတမ်းဖို့ဒ်၊ MIT နှင့် ယေးလ်တက္ကသိုလ်များမှ သင်ရိုးများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသွားမည်ဖြစ်ပြီး စီးပွားရေး စီမံခန့်ခွဲမှု၊ ဗိသုကာပညာ၊ အင်ဂျင်နီယာပညာ၊ ကွန်ပျူတာသိပ္ပံနှင့် အခြားသော သိပ္ပံဆိုင်ရာ ပညာရပ်များအတွက် ဘွဲ့ပေးအပ်သွားမည် ဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်နှင့် ဂျာမန်ဘာသာစကား အထူးပြုဖြင့်လည်း သင်ကြားနိုင်မည်ဖြစ်သည်။

    တက်ရောက်ရမည့်ကာလမှာ ၃ နှစ်ဖြစ်ပြီး ပထမ ၂ နှစ်ကို အွန်လိုင်း၌ သင်ယူရမည်ဖြစ်ကာ နောက်ထပ်တစ်နှစ်ကိုမူ အော့ဖ်လိုင်းဖြင့် သင်ယူရမည်ဖြစ်သည်။

    မိမိယူမည့် အထူးပြုဘာသာရပ်များအတွက် ပြင်ဆင်ပေးမည့်အတန်းများ၊ ဘာသာစကားဆိုင်ရာ အတန်းများ၊ စိတ်ပိုင်းဆိုင်ရာ အကြံဥာဏ်ပေးမှုများနှင့် အခြားသော ထပ်တိုးသင်ကြားမှုများကိုလည်း ထိုတက္ကသိုလ်မှ ဘာလင်တွင် ပြုလုပ်ပေးမည်ဖြစ်သည်။

    အင်္ဂလိပ်စာ မရသောသူများအတွက်လည်း Kiron အွန်လိုင်းတက္ကသိုလ်က အင်္ဂလိပ်စာသင်တန်းကို စီစဉ်ပေးသွားမည်ဖြစ်သည်။ ဘရန့်ဒ်ကမူ တက္ကသိုလ်၏ ကျောင်းခွဲများကို တူရကီ၊ ပြင်သစ်နှင့် ယူကေတို့တွင် ထပ်တိုးဖွင့်လှစ်သွားရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဂရိတွင် ဒုက္ခသည်သင်္ဘောများ နစ်မြုပ်ပြန်

    ဂရိတွင် ဒုက္ခသည်သင်္ဘောများ နစ်မြုပ်ပြန်

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    – ဒုက္ခသည်များကို တင်ဆောင်ကာ တူရကီမှ ထွက်ခွာလာသည့် သင်္ဘောလေးစီးမှာ ယမန်နေ့က ဂရိရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့ပြီး အနည်းဆုံး ကလေးငယ် ၇ ဦး သေဆုံးခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း လက်စ်ဘော့စ် ကမ်းရိုးတမ်းတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောတစ်စီးမှ ဒုက္ခသည် ၂၀၀ ကျော်ကိုမူ ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့မှာ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေကြသည်ဟု ဆိုသည်။ ထိုသင်္ဘောမှ အရွယ်ရောက်ပြီးသူ သုံးဦး သေဆုံးခဲ့သည်။

    ကင်းလှည့်ရေယာဉ်များ၊ ငါးဖမ်းသင်္ဘောများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သော ရှပ်ပြေးရေယာဉ်များပါ ပျောက်ဆုံးသူများကို လိုက်လံရှာဖွေနေပြီး လေတိုက်နှုန်းပြင်းထန်မှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဂရိရဲတပ်ဖွဲ့ကမူ နစ်မြုပ်သွားသည့် သင်္ဘောများတွင် လူဦးရေ မည်မျှပါသည်ကို အတိအကျ မသိရှိနိုင်သေးဟု ပြောကြားခဲ့သည်။

    Ref: Alarabiya

  • ဒုက္ခသည် စီမံခန့်ခွဲရေး အစီအစဉ်အတွက် ဥရောပနှင့် ဘော်လ်ကန်နိုင်ငံများ သဘောတူ

    ဒုက္ခသည် စီမံခန့်ခွဲရေး အစီအစဉ်အတွက် ဥရောပနှင့် ဘော်လ်ကန်နိုင်ငံများ သဘောတူ

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    eu

    – ဘော်လ်ကန်ကျွန်းဆွယ်အား ဖြတ်ကျော်ရောက်ရှိလာသည့် ဒုက္ခသည်များကို စီမံခန့်ခွဲရေးတွင် အချက် ၁၇ ချက်ပါဝင်သော အစီအစဉ်အတစ်ခုကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ဥရောပသမဂ္ဂ ခေါင်းဆောင်များနှင့် ဘော်လ်ကန်ဒေသမှ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်ဟု ဥရောပကော်မရှင်က ပြောကြားလိုက်သည်။

    ယမန်နေ့က ဘရပ်ဆဲလ်မြို့၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး ထိုအစီအစဉ်များတွင် ဂရိမှ ဂျာမနီသို့ သွားရာ လမ်းကြောင်းတစ်လျောက် ဒုက္ခသည် လက်ခံရေးစင်တာများ၌ ဒုက္ခသည် တစ်သိန်းခန့် ထားရှိနိုင်သည့်နေရာများ ဖန်တီးပေးရန်လည်း ပါဝင်ပြီး ထိုအတွက် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။

    အဆိုပါအစီအစဉ်မှ လူငါးသောင်းကို ဂရိနိုင်ငံတွင် ထားရှိသွားမည်ဖြစ်ပြီး ကျန်ငါးသောင်းကို မက်ဆီဒိုးနီးယားနှင့် ဆားဘီးယားတို့ကဲ့သို့ ဂျာမနီသို့ သွားရာလမ်းတစ်လျှောက်ရှိ ဘော်လ်ကန်နိုင်ငံများ၌ ရှိသော စင်တာများတွင် စီစဉ်ပေးသွားမည်ဖြစ်သည်။

    “ဥရောပမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်ဆိုးကြီးကို ရှောင်ရှားဖို့အတွက် ဘော်လ်ကန်ဒေသ အနောက်ဘက်လမ်းကြောင်းတစ်လျှောက် ဒုက္ခသည်တွေကို လူသားစိတ်ဓာတ်နဲ့ ဆက်ဆံဖို့ လိုအပ်ပါတယ်” ဟု ဥရောပကော်မရှင် ဥက္ကဌ ဂျန်ကလုဒ် ဂျန်ကာက ပြောကြားခဲ့သည်။

    မည်သည့်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံ့ခွင့်ပေးမည် သို့မဟုတ် နေရပ်သို့ ပြန်ပို့မည်ဆိုသည်ကို မဆုံးဖြတ်ခင် ဒုက္ခသည်များအား စောင့်ကြည့်စာရင်းသွင်းရာ၌ လက်ဗွေနှိပ်ခြင်းကဲ့သို့ ဘိုင်အိုမက်ထရစ် အချက်အလက် ကောက်ယူမှုများကို အပြည့်အ၀ အသုံးပြုရေးနှင့် နယ်စပ်ဆောင်ရွက်မှုများကို တိုးချဲ့ရေးအတွက်လည်း နိုင်ငံများက သဘောတူညီခဲ့ကြသည်။

    ဆလိုဗေးနီးယားနိုင်ငံသို့ ဒုက္ခသည် အများအပြားဝင်ရောက်လာမှုကို စီမံခန့်ခွဲနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင် ၄၀၀ ချထားပေးရေးအတွက်လည်း ဥရောပနှင့် ဘော်လ်ကန်နိုင်ငံများက သဘောတူညီခဲ့ကြသည်။ ဆလိုဗေးနီးယား ၀န်ကြီးချုပ် မီရို ဆီရာကမူ ဥရောပမိတ်ဖက်နိုင်ငံများအနေဖြင့် မိမိတို့အား လုံလောက်သည့် ကူညီမှုများ မပေးဟု စောစောပိုင်းက ပြောကြားထားသည်။

    Ref: Aljazeera

  • ဒုက္ခသည်ပြဿနာအတွက် တူရကီသို့ ဥရောပက ငွေကြေးနှင့် ဗီဇာ ကူညီမှု ပေးမည်

    ဒုက္ခသည်ပြဿနာအတွက် တူရကီသို့ ဥရောပက ငွေကြေးနှင့် ဗီဇာ ကူညီမှု ပေးမည်

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    ref

    – ကြီးထွားလာသော ဒုက္ခသည်ပြဿနာကို ဖြေရှင်းရန်အတွက် ယူရို ၃ ဘီလီယံနှင့် ခရီးသွားလွာခွင့်ဗီဇာများ ထောက်ပံ့ပေးမည်ဟု ဥရောပသမဂ္ဂက တူရကီအား ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

    ယနေ့တွင် ဘရပ်ဆဲလ်၌ ပြုလုပ်နေသည့် ဥရောပခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် တူရကီရှိ ဆီးရီးယား ဒုက္ခသည် ၂ သန်း၏ လူမှုဘ၀များ တိုးတက်စေရန်နှင့် တူရကီတွင်သာ နေထိုင်ရေး တိုက်တွန်းရန် စသည့် အစီအစဉ်များကို အကောင်အထည်ဖော်ရေး ဥရောပခေါင်းဆောင်များက တူရကီသမ္မတ တိုင်ယစ်ပ်အာဒိုနှင့် သဘောတူညီခဲ့ကြသည်။

    ထို့ပြင် ဒုက္ခသည်များ အာရှမှ တူရကီသို့ ၀င်ရောက်မှုကို ဟန့်တားရန်အတွက် နယ်စပ်ထိန်းချုပ်မှုများကို ဥရောပ နိုင်ငံများက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဒုက္ခသည် ၂ သန်းကျော်ကို နိုင်ငံအတွင်း လက်ခံထားရသည့် တူရကီမှာ ဒုက္ခသည်များ ဥရောပသို့ စီးဆင်းရာ အဓိကလမ်းကြောင်း ဖြစ်နေသည်။ အဆိုပါ ဒုက္ခသည်များတွင် ဆီးရီးယား၊ အီရတ်၊ အာဖဂန်နှင့် အခြားသော နိုင်ငံများမှ ဒုက္ခသည်များလည်း ပါဝင်သည်။

    Ref: Aljazeera