News @ M-Media

Tag: russia

  • ရုရှားနှင့် စစ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်ဟု ပါကစ္စတန်ပြော

    ရုရှားနှင့် စစ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်ဟု ပါကစ္စတန်ပြော

    ဇွန် ၁၃၊ ၂၀၁၉
    M-Media

    -ပြောင်းလဲလာတဲ့ ကမ္ဘ္ဘာကြီးမှာ ရုရှားနဲ့ ပိုမိုနီးနီးကပ်ကပ် ဆက်ဆံဖို့ လိုအပ်လာပြီး နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေးကို တိုးမြှင့်သွားမယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ပါကစ္စတန်ဟာ စစ်ဖက်ရေးရာမှာ အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံကို မှီခိုနေရပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ရုရှားရဲ့ လက်နက်တွေအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။ Sukhoi Su-35 နဲ့ Mi-35M တို့ အပါအ၀င် ရုရှားထံကနေ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ တော်တော်များများ ၀ယ်ယူဖို့ ပါကစ္စတန်က ဆောင်ရွက်နေတယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။

    အင်မရန်းခန်းက ရုရှားထံကနေ စစ်လက်နက်တွေ ၀ယ်ယူဖို့၊ စစ်ဖက်ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ဖို့ ရှိတယ်လို့ Sputnik သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “ဟုတ်ပါတယ်။ ကျွန်တော်တို့ ရုရှားထံကနေ လက်နက်တွေ ၀ယ်ယူဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ စစ်တပ်နဲ့ ရုရှားစစ်တပ်တို့ကလည်း ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်”

    ပါကစ္စတန်ဟာ ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှု တော်တော်များများမှာ ပါဝင်နေပြီး ပါကစ္စတန် စစ်ဖက်အရာရှိ တစ်ချို့ကိုလည်း ရုရှားက လေ့ကျင့်သင်ကြားပေးတာတွေ ရှိနေပါတယ်။

    ၁၉၇၉ နှစ်ကနေ ၁၉၈၉ နှစ်အထိ အာဖဂန်နစ္စတန်ကို ဆိုဗီယက်တပ်တွေက ကျူးကျော်သိမ်းပိုက်မှုအတွင်း ပါကစ္စတန်နဲ့ ဆိုဗီယက်တို့ဟာ ရန်ဖက်တွေ ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ကမ္ဘ္ဘာကြီးက ပြောင်းလဲနေပြီလို့ အင်မရန်းခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ရုရှားရဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံနိုင်တဲ့အတွက် ပျော်ရွှင်မိပါတယ်”

    အရင်က အမေရိကန်ကိုသာ အဓိကမဟာမိတ်၊ ကုန်သွယ်ရေး မိတ်ဖက်အဖြစ် ယူဆခဲ့ပေမယ့်၊ အခုအချိန်မှာတော့ Belt and Road စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ တရုတ်ကိုလည်း အာရုံစိုက်လာရတယ်လို့ အင်မရန်းခန်းက ပြောပါတယ်။

    Ref: RT

  • အမေရိကန်က လုံခြုံရေးစိုးရိမ်နေသည့် ဟွာဝေးကုမ္ပဏီနှင့် ရုရှားက စာချုပ်ချုပ်

    အမေရိကန်က လုံခြုံရေးစိုးရိမ်နေသည့် ဟွာဝေးကုမ္ပဏီနှင့် ရုရှားက စာချုပ်ချုပ်

    ဇွန် ၆၊ ၂၀၁၉
    M-Media

    -လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမေရိကန်က မှတ်ယူထားတဲ့ တရုတ် Huawei ကုမ္ပဏီနဲ့ ရုရှားတို့ဟာ 5G ကွန်ရက် ဖော်ဆောင်ရေး သဘောတူညီချက်တစ်ခုကို မနေ့က လက်မှတ်ရေးထိုးခဲ့ပြီး လာမယ့်နှစ်မှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်တို့ မော်စကိုမှာ တွေ့ဆုံမှုအတွင်း Huawei နဲ့ ရုရှား ဆက်သွယ်ရေးကုမ္ပဏီ MTS တို့ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး၊ ၂၀၁၉-၂၀၂၀ မှာ ရှေ့ပြေး 5G ကွန်ယက်တစ်ခုကို ဖော်ဆောင်သွားမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Huawei ရဲ့ တာဝန်ရှိသူ ဂိုပင်းက မဟာဗျူဟာကျတဲ့ ဆက်သွယ်ရေးကွန်ယက်မှာ အခုလို သဘောတူညီချက် ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

    အမေရိကန်အစိုးရက Huawei ဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်လို့ စွပ်စွဲထားပြီး အမေရိကန်ကုမ္ပဏီတွေအနေနဲ့ နည်းပညာမြင့် ပစ္စည်းတွေ ရောင်းချခြင်းမပြုဖို့ အခုလအစောပိုင်းမှာ ပိတ်ပင်ခဲ့ပါတယ်။ Huawei ဟာ သူ့ရဲ့ ဖုန်းတွေအတွက် အမေရိကန်လုပ်
    ချစ်ပ်တွေအပေါ် မှီခိုနေရတာပါ။ ၃ လအတွင်းမှာ သက်ရောက်မှုရှိမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ Huawei ကုမ္ပဏီ ရပ်တည်ဖို့အတွက် အခက်အခဲဖြစ်လာမယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

    အမေရိကန်ရဲ့ ပိတ်ပင်တားမြစ်မှု ပေါ်ထွက်လာပြီးတဲ့နောက် Android စနစ်ကို ပိုင်ဆိုင်တဲ့ Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီ တော်တော်များများက Huawei ကို နည်းပညာတွေ ရောင်းချမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Huawei နဲ့ပေါင်းပြီး 5G ကွန်ယက် ဖော်ဆောင်နိုင်ရေးအတွက် ဥရောပနိုင်ငံတော်တော်များများကလည်း စိတ်ဝင်စားနေပြီး ဒီလိုလုပ်ရင် မိမိတို့နဲ့ အဆက်အသွယ် ဖြတ်ရမယ်လို့ အမေရိကန်က မဟာမိတ်နိုင်ငံတွေကို သတိပေးထားပါတယ်။

    Ref: CNA

  • အဆင့်မြင့် S-500 ဒုံးခွင်းစနစ်ကို ရုရှားနှင့် ပူးပေါင်းထုတ်လုပ်မည်ဟု တူရကီပြော

    အဆင့်မြင့် S-500 ဒုံးခွင်းစနစ်ကို ရုရှားနှင့် ပူးပေါင်းထုတ်လုပ်မည်ဟု တူရကီပြော

    မေ ၁၉၊ ၂၀၁၉
    M-Media

    -ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူပြီးသွားရင် ဒီထက်မြင့်တဲ့ S-500 ဒုံးခွင်းစနစ်ကို ရုရှားနဲ့ ပူးပေါင်းထုတ်လုပ်သွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    တူရကီရဲ့ S-400 ၀ယ်ယူမှုကို အမေရိကန်အပါအ၀င် နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ကန့်ကွက်မှုတွေ ရှိနေတာကြောင့် လိပ်ခဲတည်းလည်း ဖြစ်နေတာပါ။ အမေရိကန်က တူရကီအနေနဲ့ ရှေ့ဆက်တိုးမယ်ဆိုရင် F-35 ကိုယ်ပျောက် တိုက်လေယာဉ်ဝယ်ယူမယ့် သဘောတူညီချက်ကို ထိခိုက်
    နိုင်သလို၊ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးထားပါတယ်။

    အာဒိုဂန်ကတော့ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စမှာ တူရကီက နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ဒီကနေ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ နှစ်ဖက်သဘောတူညီပြီးသားကိစ္စ ဖြစ်ပါတယ်။ S-400 ပြီးရင် S-500 ဒုံးခွင်းစနစ်ကို ပူးတွဲ ထုတ်လုပ်သွားမှာပါ”

    ဆီးရီးယားက ကာ့ဒ်လက်နက်ကိုင်တွေကို အမေရိကန်က ထောက်ခံအားပေးမှုနဲ့ ပတ်သက်ပြီး တူရကီနဲ့ အမေရိကန်တို့အကြား တင်းမာနေတဲ့အချိန် S-400 ဒုံးခွင်းစနစ် ၀ယ်ယူမယ့်ကိစ္စကြောင့် ဆက်ဆံရေးက ပိုမိုဆိုးရွားလာခဲ့ပါတယ်။

    S-400 နဲ့ F-35 တိုက်လေယာဉ်တွေဟာ သဟဇာတဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အမေရိကန်မှာ ရှိနေပြီး အာဒိုဂန်က သူ့အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ပြီး ပြဿနာမတွေ့ရကြောင်း မကြာခင် အချိန်အတွင်း F-35 တိုက်လေယာဉ်တွေကိုလည်း ရရှိတော့မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရုရှားဟာ S-400 ဒုံးခွင်းစနစ်တွေကို အစောဆုံး ဇူလိုင်လမှာ တူရကီထံ ပို့ဆောင်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • အစွန်းရောက်ဝါဒကို မိမိတို့ကိုယ်တိုင် တားဆီးရမည်ဟု ကမ္ဘာ့မွတ်စလင်လိဂ် အကြီးအကဲ ပြော

    အစွန်းရောက်ဝါဒကို မိမိတို့ကိုယ်တိုင် တားဆီးရမည်ဟု ကမ္ဘာ့မွတ်စလင်လိဂ် အကြီးအကဲ ပြော

    ဧပြီ ၁၄၊ ၂၀၁၉
    M-Media

    MWL အကြီးအကဲ အလ်-အီဆာ

    – အစ္စလာမ့်လူ့အဖွဲ့အစည်းအတွင်းက အစွန်းရောက်တွေရဲ့ ၀ါဒဖြန့်မှုကို မွတ်စလင်တွေက သတိထား ကာကွယ်သွားရမှာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကသာ တည်ငြိမ်းအေးချမ်းမှု၊ သာယာဝပြောမှုကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ ကမ္ဘာ့မွတ်စလင်လိဂ် (MWL) အကြီးအကဲက ပြောကြားလိုက်ပါတယ်။

    MWL ဥက္ကဌ မိုဟာမက် ဘင် အဘ်ဒူလ်ကရင် အလ်-အီဆာဟာ ရုရှားနိုင်ငံကို ရောက်ရှိနေတာပါ။ သောကြာနေ့က ကာဇန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဂျာမေဗလီကြီးမှာ ဟောကြားခဲ့တဲ့ တရားဒေသနာမှာ အီဆာက စစ်မှန်တဲ့ အစ္စလာမ်ဘာသာဝင်တွေဆိုတာ စည်းလုံးညီညွတ်ရေးကို လုပ်ဆောင်သူ၊ တရားဥပဒေကို လိုက်နာသူ၊ ဘာသာလူမျိုး မခွဲခြားဘဲ လူတိုင်းနဲ့ သဟဇာဖြစ်အောင် နေထိုင်သူ ဖြစ်ယ်လို့ ပြောကြားခဲ့ပါတယ်။

    သမိုင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို အတေးအမှတ်မထားဖို့ အလ်-အီဆာက တိုက်တွန်းခဲ့သလို အစွန်းရောက်တွေရဲ့ ၀ါဒဖြန့်မှုကို မွတ်စလင်တွေက သတိထား ကာကွယ်ရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ သဟဇာတ ဖြစ်မှုကသာ တည်ငြိမ်အေးချမ်းမှုနဲ့ သာယာဝပြောမှုကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြည်သူလူထုအားလုံး အကျိုးရှိဖို့အတွက် အပြန်အလှန်နားလည်မှု တည်ဆောက်ဖို့ အလ်-အီဆာက ဒေသနာမှာ မှာကြားခဲ့ပါတယ်။

    လူတွေ အသိပညာနည်းနေရင် အစွန်းရောက်ဝါဒက အလွယ်တကူ အောင်ပွဲခံနိုင်မှာဖြစ်ကြောင်း MWL အကြီးအကဲက ထောက်ပြခဲ့ပြီး မွတ်စလင်တွေအနေနဲ့ ပဋိပက္ခတွေမှာ မပါဝင်ဖို့၊ အသိပညာ၊ အတတ်ပညာတွေကိုသင်ယူဖို့၊ သမိုင်းကနေ သင်ခန်းစာယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: Arab News

  • အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ကမ္ဘာ့မွတ်စလင်လိဂ်နှင့် ရုရှားတို့ လက်မှတ်ထိုး

    အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ကမ္ဘာ့မွတ်စလင်လိဂ်နှင့် ရုရှားတို့ လက်မှတ်ထိုး

    မတ် ၂၉၊ ၂၀၁၉
    M-Media

    အလ်-အီဆာနှင့် ဗိုလိုဒင်

    – အစွန်းရောက် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့နဲ့ နှစ်ဖက် အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တစ်ခုကို ကမ္ဘာ့မွတ်စလင်လိဂ် MWL နဲ့ ရုရှားနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    မနေ့က မော်စကိုမှာ ကမ္ဘာ့မွတ်စလင်လိဂ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘင် အဘ်ဒူလ် ကရမ် အလ်-အီဆာနဲ့ ရုရှားလွှတ်တော်ဥက္ကဌ ဗီချက်စလက်ဗ် ဗိုလိုဒင်တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း မတူညီတဲ့ အယူဝါဒတွေ၊ လူ့အဖွဲ့အစည်းတွေအကြား ဆွေးနွေးမှု ပိုမို တိုးမြှင့်ဆောင်ရွက်ရေး၊ ဆက်ဆံမှုတိုးမြှင့်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    လူ့အဖွဲ့အစည်းတွေအကြား အပြုသဘောဆောင်တဲ့ ပေါင်းစည်းမှု မြှင့်တင်ရာမှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အရေးပါမှုကိုလည်း ဆွေးနွေးခဲ့ကြပြီး ဗိုလိုဒင်က ကမ္ဘာ့မွတ်စလင်လိဂ်ရဲ့ ကမ္ဘာတစ်ဝှမ်း သြဇာညောင်းမှု၊ ကမ္ဘာလုံးဆိုင်ရာ သဟာဇတဖြစ်မှုကို မြှင့်တင်ရာမှာ ဦးဆောင်ဦးရွက်ပြုနိုင်မှုတွေအကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

    အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးနဲ့ သည်းခံမှု မြှင့်တင်ရေးတို့ကို ဦးစားပေးဆောင်ရွက်မယ့် သဘောတူညီချက်တစ်ခုကို MWL နဲ့ ရုရှား အစ္စလာမ့်ယဉ်ကျေးမှု၊ သိပ္ပံနှင့် ပညာရေး ရန်ပုံငွေအဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရုရှားနိုင်ငံက အစ္စလာမ့်အဖွဲ့အစည်းတွေနဲ့ မွတ်စလင်အများစုရှိရာ နိုင်ငံတွေအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်သွားဖို့လည်း သဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။

    ဘာသာတရား၊ လူမျိုးနဲ့ အယူဝါဒတွေကို အခြေခံပြီး အစွန်းရောက်ကာ အကြမ်းဖက်ဝါဒအထိ ရောက်သွားမှုကို တားဆီးဖို့၊ အဖွဲ့အစည်းတွေအကြား လူသားချင်းစာနာထောက်ထားမှုကို အခြေတည်ပြီး ပူးပေါင်းဆောင်ရွက်ကာ လူ့အဖွဲ့အစည်းတွေကို ဆက်သွယ်ပေးဖို့၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အထောက်ကူဖြစ်စေမယ့် မူဘောင် သဘောတူညီချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။

    ရုရှား အစ္စလာမ့် ယဉ်ကျေးမှု၊ သိပ္ပံနှင့် ပညာရေး ရန်ပုံငွေအဖွဲ့ဟာ MWL ရဲ့ ရုရှားအခြေပြု ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့လည်း သဘောတူခဲ့ပါတယ်။

    အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှာ လေ့လာစောင့်ကြည့်သူအဖြစ် ရုရှားက ပါဝင်နိုင်ရေး ရုရှား-အစ္စလာမ်ကမ္ဘာ မဟာဗျူဟာအဖွဲ့တစ်ခုကို ၂၀၀၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်က အစ္စလာမ်ကမ္ဘာဟာ ရုရှားရဲ့ ကူညီပံ့ပိုးမှုကို အပြည့်အ၀ ရမယ်လို့ အရင်က ပြောကြားထားပါတယ်။

    Ref: Arab News