News @ M-Media

Tag: russia

  • ရုရှားရဲ့ စမ်းသပ်ဒုံးကျည်ပေါက်ကွဲမှု သွေးရိုးသားရိုး ဟုတ်ရဲ့လား?

    ရုရှားရဲ့ စမ်းသပ်ဒုံးကျည်ပေါက်ကွဲမှု သွေးရိုးသားရိုး ဟုတ်ရဲ့လား?

    သြဂုတ် ၁၅၊ ၂၀၁၉
    M-Media

    -သြဂုတ်လ ၈ ရက် ကြာသာပေတေးနေ့က ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Nyonoksa ရေတပ် လက်နက်စမ်းသပ်စခန်းတစ်ခုမှာ ဒုံးကျည်စမ်းသပ်ရင်း ပေါက်ကွဲမှုဖြစ်တာကြောင့် အနည်းဆုံး သိပ္ပံပညာရှင် ၅ ဦး သေဆုံးခဲ့ပါတယ်။

    ပေါက်ကွဲမှုကြောင့် ရေတပ်စခန်းရှိရာ Severodvinsk မြို့မှာ ဓာတ်ရောင်ခြည်ပမာဏ အလွန်အမင်း မြင့်တက်ခဲ့ပြီး၊ ပြည်သူတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ရတာ၊ ဓာတ်ရောင်ခြည်ကို ကာကွယ်ဖို့ ဆောင်ရွက်ရတာတွေလည်း ရှိခဲ့ပါတယ်။

    ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကနဦးထုတ်ပြန်မှုမှာတော့ ရေတပ် လက်နက်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ရုရှားနျူကလီးယားအေဂျင်စီ Rosatom က ၀န်ထမ်း ၅ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အင်ဂျင်နီယာတွေဟာ ဒုံးကျည်ကို ပါဝါပေးမယ့် ‘နျူကလီးယား အိုင်ဆိုတုပ် စွမ်းအင်’ ကို စမ်းသပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့လည်း Rosatom က ဆိုပါတယ်။

    အားထားရသူတွေ

    သြဂုတ်လ ၈ ရက်နေ့က ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြတဲ့ နျူကလီးယား အင်ဂျင်နီယာတွေဟာ တိုင်းပြည်ရဲ့ ‘ထိပ်တန်း ကျွမ်းကျင်သူတွေ’ ‘သူရဲကောင်းတွေ’ ဖြစ်ပြီး၊ အရင်ကလည်း ခက်ခဲတဲ့အနေအထားတွေကို ကျော်ဖြတ်ကာ အသက်နဲ့ရင်းပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Rosastom ရဲ့ တာဝန်ရှိသူ Valentin Kostyukov က ပြောပါတယ်။

    Kostyukov ဟာ Sarov နျူကလီးယားစင်တာကို ကွပ်ကဲသူ ဖြစ်ပါတယ်။ ရုရှားဟာ စစ်အေးကာလတုန်းက Sarov စင်တာမှာ ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ခဲ့ဖူးပါတယ်။

    သေဆုံးသွားသူ ၅ ဦးက Alexei Vyushin (ဒီဇိုင်းနှင့် ဆော့ဖ်ဝဲဆိုင်ရာ ကျွမ်းကျင်သူ)၊Yevgeny Korotayev (အကြီးတန်း လျှပ်စစ်အင်ဂျင်နီယာ)၊ Vyacheslav Lipshev (သိပ္ပံဆိုင်ရာ စမ်းသပ်မှု အဖွဲ့ခေါင်းဆောင်)၊ Sergei Pichugin (စမ်းသပ်မှု အင်ဂျင်နီယာ)နဲ့ Vladislav Yanovsky (သိပ္ပံဆိုင်ရာ စမ်းသပ်မှုဌာန ဒုတိယအကြီးအကဲ) တို့ ဖြစ်ပါတယ်။

    အင်ဂျင်နီယာတွေဟာ ပေါက်ကွဲမှုကြောင့် ပင်လယ်ပြင်ထဲကို လွင့်စင်ထွက်သွားခဲ့ပါတယ်။

    ကွယ်လွန်သွားသူတွေကို အောက်မေ့သတိရဖို့ အကောင်းဆုံးနည်းလမ်းက ‘လက်နက်အသစ်တွေကို အမှားအယွင်းမရှိ အောင်မြင်အောင် ဆက်လက် စမ်းသပ်နိုင်ဖို့ ဖြစ်တယ်’ လို့ Rosatom အကြီးအကဲ Alexei Likhachev က ဈာပနအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ကမ္ဘ္ဘာဖျက် လက်နက်

    Rosatom က ‘နျူကလီးယား အိုင်ဆိုတုပ် စွမ်းအင်’ လို့ ဖော်ပြခဲ့တာကြောင့် ရုရှားမီဒီယာတွေက
    နျူစွမ်းအင်သုံး ခရုဇ်ဒုံးကျည်Burevestnik ကို စမ်းသပ်မှု ဖြစ်မယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ Burevestnik ဒုံးကျည်ကို တီထွင်နေကြောင်း ၂၀၁၈ ခုနှစ် မတ်လ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့ဖူးပါတယ်။

    ကျွမ်းကျင်သူတွေကလည်း ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့က ပေါက်ကွဲမှုဟာ Burevestnik ဒုံးကျည်နဲ့ ဆက်စပ်နေမယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒီဒုံးကျည်ကို နေတိုးအဖွဲ့က SSC-X-9 Skyfall လို့ အမည်ပေးထားပါတယ်။

    ပူတင်က ဒီဒုံးကျည်ဟာ ကမ္ဘ္ဘာတစ်ပတ် ပတ်နိုင်ပြီး၊ လက်ရှိအသုံးပြုနေတဲ့ ဒုံးခွင်းစနစ်တွေ၊ နောင်လာမယ့် အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဒုံးခွင်းစနစ်တွေကို ကျော်ဖြတ်ကာ ပစ်မှတ်ကို လူမသိ၊ သူမသိ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

    ပထမအဆင့် စမ်းသပ်မှုတွေ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ပူတင်က ပြောကြားခဲ့ပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒီလိုလက်နက်မျိုးဟာ ကိုင်တွယ်ထိန်းသိမ်းရခက်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။

    အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ၁၉၆၀ ပြည့်နှစ်တွေက နျူစွမ်းအင်သုံး ဒုံးကျည်တွေကို ပူးပေါင်း
    တီထွင်ခဲ့ဖူးပြီး အလွန်အန္တရာယ်ရှိတဲ့အတွက် နောက်ပိုင်းမှာ ဒီစီမံကိန်းကို ရပ်ဆိုင်းခဲ့ပါတယ်။

    နောက်ဆက်တွဲ

    သေဆုံးသွားသူတွေကို နျူကလီးယားလက်နက်တွေ ထုတ်လုပ်ရာ Sarov မြို့မှာ မြေမြှုပ်သင်္ဂြီုဟ်ခဲ့ပြီး ဈာပနအခမ်းအနားကို လူထောင်ချီ တက်ရောက်ခဲ့ပါတယ်။

    ပြည်သူလူထုတွေ ဂါရဝပြုနိုင်ဖို့အတွက် ရုပ်ကလပ်တွေကို မြို့လယ်ကောင်ရင်ပြင်မှာ ထားရှိကာ အဲဒီကနေ သုဿန်ကို သယ်ဆောင်သွားခဲ့ပါတယ်။ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတိုင်တွေကိုလည်း တစ်ဝက်ချ လွှင့်ထူခဲ့ပါတယ်။

    သြဂုတ်လ ၈ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ် ၄၀ အတွင်း Severodvinsk မြို့မှာ ဓာတ်ရောင်ခြည်ပမာဏဟာ ၁၆ ဆလောက် မြင့်တက်သွားခဲ့ပြီး ပြည်သူတွေဟာ အိုင်အိုဒင်းတွေ ၀ယ်ယူကာ ဓာတ်ရောင်ခြည်ကို ကာကွယ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    လက်ရှိမှာတော့ ရုရှားစစ်တပ်က ပေါက်ကွဲမှုအကြွင်းအကျန် ရှင်းလင်းရေးကို လုပ်ဆောင်နေပြီး
    Nyonoksa ဒေသခံတွေအနေနဲ့ သြဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထားကာ ဒေသကနေ ယာယီထွက်ခွာပေးဖို့လည်း အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။

    ပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာပဲ ရေတပ်စခန်းရှိကာ ပင်လယ်ဖြူရဲ့ ဒါဗီနာ ပင်လယ်အော်မှာ
    သင်္ဘောတွေ ဖြတ်သန်းသွားလာခွင့်ကို တစ်လတာ ပိတ်ပင်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒါဟာ ဒုံးကျည်အကြွင်းအကျန်တွေကို အပြင်လူတွေ မြင်မှာစိုးရိမ်တဲ့အတွက် ပိတ်ပင်တာဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

    ပေါက်ကွဲမှုဟာ ကမ္ဘ္ဘာဖျက်လက်နက် Burevestnik ကို စမ်းသပ်စဉ် ဖြစ်ပွားခဲ့တာလားဆိုတာကို ရုရှားအစိုးရ တာဝန်ရှိသူတွေက အတည်ပြုခြင်း မရှိပါဘူး။

    နျူနဲ့ပါဝါပေးတဲ့ ဒုံးကျည်တွေ စမ်းသပ်မှုကို ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ အမေရိကန်က ဆောင်ရွက်ခဲ့ဖူးပေမယ့် အလွန်အမင်း အန္တရာယ်များတာကြောင့် နောက်ပိုင်းမှာ စီမံကိန်းကို ဖျက်သိမ်းခဲ့ပါတယ်။

    Ref: Aljazeera, BBC

  • ကြီး ၂ ကြီးပါမယ့် နျူသဘောတူညီချက်တစ်ခု ရရန် အမေရိကန်ကြိုးပမ်းမည်

    ကြီး ၂ ကြီးပါမယ့် နျူသဘောတူညီချက်တစ်ခု ရရန် အမေရိကန်ကြိုးပမ်းမည်

    သြဂုတ် ၃၊ ၂၀၁၉
    M-Media

    ၁၉၈၇ ခုနှစ်က အမေရိကန်နှင့် ဆိုဗီယက်တို့ INF စာချုပ် လက်မှတ်ရေးထိုးစဉ်

    -ရုရှားနဲ့ တရုတ်တို့ ပါဝင်မယ့် နျူလက်နက် ထိန်းချုပ်ရေး သဘောတူညီချက်တစ်ခု ရရှိအောင် ကြိုးပမ်းသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    စစ်အေးခေတ်က ရုရှားနဲ့ချုပ်ထားတဲ့ တာလတ်နျူလက်နက်ထိန်းချုပ်ရေး စာချုပ် INF ကနေ နှုတ်ထွက်ကြောင်း ထရမ့်က သောကြာနေ့မှာ ကြေငြာခဲ့ပြီး၊ အင်အားကြီးနိုင်ငံတွေအကြား လက်နက်အားပြိုင်မှုတွေ ပိုမို မြင့်တက်လာမယ်ဆိုတဲ့ စိုးရိမ်မတွေ ရှိနေချိန် ထရမ့်ရဲ့ ဒီမှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ထရမ့်က ဒီအစီအစဉ်ကို ရုရှားနဲ့ တရုတ်တို့ကို အသိပေးထားပြီး ၂ နိုင်ငံစလုံးက ‘အရမ်း စိတ်လှုပ်ရှားနေကြတယ်’ လို့ ဆိုပါတယ်။

    INF စာချုပ် ပျက်ပြယ်သွားပြီးတဲ့နောက် နျူလက်နက်ပြိုင်ဆိုင်မှု မြင့်တက်လာတာကို ဘယ်လို ရှောင်ရှားမလဲဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က နျူလက်နက် ကန့်သတ်ရေး သဘောတူညီချက်သစ် တစ်ခုအတွက် မိမိတို့အစိုးရဟာ ရုရှားနဲ့ ဆွေးနွေးနေကြောင်း၊ မိမိတို့လည်း လက်နက်တစ်ချို့ လျှော့ချမှာဖြစ်သလို ရုရှားကလည်း လက်နက်တစ်ချို့ လျှော့ချရမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

    “တစ်ချိန်ကျရင် တရုတ်ကိုလည်း ဒီစာချုပ်ထဲ ထည့်မှာပါ”

    ဒီသဘောတူညီချက်ဟာ ကမ္ဘ္ဘာကြီးအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဖြစ်လာမယ်လို့လည်း ယုံကြည်ကြောင်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    INF က ဘာ့ကြောင့်ထွက်

    ရုရှား၏ 9M729 ဒုံးကျည်

    ရုရှားဟာ INF စာချုပ်ပါ သတ်မှတ်ချက်တွေကို လိုက်နာခြင်းမရှိဘဲ ခရုဇ်ဒုံးကျည်အသစ် 9M729 ကို ချထားနေတာကြောင့် စာချုပ်ကနေ နှုတ်ထွက်ရတာလို့ ထရမ့်က ပြောပါတယ်။ ရုရှားကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

    ရုရှားအနေနဲ့ ဒီလုပ်ရပ်တွေကို သြဂုတ်လ ၂ ရက်နေ့အထိ မရပ်တန့်ဘူးဆိုရင် စာချုပ်ကနေ ထွက်မယ်လို့ အမေရိကန်က ဖေဖော်ဝါရီလကတည်းက ကြေငြာထားတာ ဖြစ်ပါတယ်။ ထရမ့်က နှုတ်ထွက်ကြောင်း ပြောကြားခဲ့ပြီး သိပ်မကြာခင်မှာပဲ ရုရှားကလည်း INF ကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဘာတွေစိုးရိမ်နေကြလဲ

    နျူလက်နက်ပိုင်ဆိုင်ထားမှုများ

    ဆိုဗီယက်ခေါင်းဆောင် မီခေးလ် ဂိုဘာရှက်နဲ့ အမေရိကန်သမ္မတ ရော်နယ်ရေဂင်တို့ ၁၉၈၇ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ INF စာချုပ်ဟာ အင်အားကြီးနိုင်ငံတွေအကြား လက်နက်ထိန်းချုပ်ရေးမှာ ဆယ်နှစ်ချီ အရေးပါခဲ့တဲ့ စာချုပ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒီစာချုပ် ပျက်ပြယ်သွားမှုကြောင့် အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ကြားထဲမှာ လက်နက်ပြိုင်ဆိုင်မှုအသစ် ထပ်ပေါ်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

    ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က နျူစစ်ပွဲမဖြစ်ဖို့ တားဆီးထားတဲ့ အဟန့်အတားတစ်ခုဟာ ပျက်ဆီးစပြုနေပြီလို့ သတိပေးခဲ့ပြီး၊ နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တစ်ခု ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူး ဂျန် စတိုလ်တန်ဘာ့ဂ်က ရုရှားရဲ့ 9M729 ဒုံးကျည် ခြိမ်းခြောက်မှုအန္တရာယ်ကို ကာကွယ်ဖို့အတွက် လိုအပ်တာတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လက်နက်အားပြိုင်မှု ဖြစ်လာမှာကို မလိုချင်ဘဲ၊ ဥရောပမှာလည်း မြေပြင်ကနေပစ်ရတဲ့ နျူလက်နက်တွေ ချထားမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

    Ref: BBC

  • တရုတ်-ရုရှား ပူးပေါင်းကင်းလှည့်မှုကြောင့် အာရှပစိဖိတ်တွင် တင်းမာမှုမြင့်တက်

    တရုတ်-ရုရှား ပူးပေါင်းကင်းလှည့်မှုကြောင့် အာရှပစိဖိတ်တွင် တင်းမာမှုမြင့်တက်

    ဇူလိုင် ၂၄၊ ၂၀၁၉
    M-Media

    ရုရှားစစ်လေယာဉ်များ

    -အင်္ဂါနေ့က အာရှပစိဖိတ်ဒေသမှာ တရုတ်နဲ့ ရုရှားတို့ ပူးပေါင်းဆောင်လုပ်ဆောင်တဲ့ လေကြောင်း ကင်းလှည့်မှုမှာ ဂျပန်၊ တောင်ကိုရီးယားတို့က လေယာဉ်တွေပျံတက်ကာ တုန့်ပြန်မှုတွေ ရှိခဲ့ပြီး၊ ဒေသတွင်း နောက်ထပ် တင်းမာမှုတစ်ခု ဖြစ်လားမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။

    တရုတ်နဲ့ ရုရှားတို့ဟာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ရှိပေမယ့် အာရှ-ပစိဖိတ်ဒေသမှာ လေကြောင်း ကင်းလှည့်မှုကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

    ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီကင်းလှည့်မှုဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့၊ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့နဲ့ ကမ္ဘ္ဘာ့လုံခြုံရေး အားကောင်းစေဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ကင်းလှည့်မှုမှာ ရုရှားရဲ့ Tu-95 ဗုံးကြဲလေယာဉ် ၂ စီးနဲ့ ရှေ့ပြေး A-50 လေယာဉ်တစ်စီး၊
    တရုတ်က H-6 ဗုံးကြဲလေယာဉ် ၂ စီးနဲ့ ရှေ့ပြေး KJ-2000 လေယာဉ်တစ်စီးတို့ ပါဝင်ခဲ့ပါတယ်။

    တုန့်ပြန်မှုရှိ

    ဂျပန်နဲ့ တောင်ကိုရီးယားဟာ တိုက်လေယာဉ်တွေပျံတက်ကာ ကင်းလှည့်မှုကို ဟန့်တားခဲ့ပြီး၊ လေယာဉ်တွေဟာ မိမိတို့ရဲ့ ပိုင်နက်တွေကို ချိုးဖောက်မှုရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားက ဒီသတင်းကို ငြင်းဆိုပါတယ်။

    တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မိမိတို့ တိုက်လေယာဉ်တွေဟာ ရုရှားရဲ့ A-50 လေယာဉ်ကို သတိပေးပစ်ခတ်မှုရာချီပြုလုပ်ခဲ့ကြောင်း၊ ရုရှားလေယာဉ် မိမိတို့ပိုင်နက်ကို ကျော်လာတာဟာ ဒါ ပထမဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်၊ ရုရှားတို့ရဲ့ လေပိုင်နက် ချိုးဖောက်မှုကိုအတွက် မိမိတို့ မဟာမိတ် ၂ နိုင်ငံက တုန့်ပြန်တာကို အပြည့်အ၀ ထောက်ခံကြောင်း၊ ဒီလုပ်ရပ်တွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး မိမိတို့ကလည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ဆက်လုပ်ဖို့ရှိနေ

    Carnegie Moscow စင်တာက ဒါရိုက်တာဖြစ်ပြီး၊ ရုရှား စစ်တပ်အရာရှိဟောင်းလည်းဖြစ်တဲ့
    ဒီမီထရီ ထရီနင်က ရုရှားနဲ့ တရုတ်တို့အကြား မကြာခင်လက်မှတ်ထိုးမယ့် သဘောတူညီချက်အရ ဒီလို ပူးတွဲကင်းလှည့်မှုမျိုးတွေကို ထပ်မြင်လာရမယ်လို့ ပြောကြားခဲ့ပါတယ်။

    တောင်ကိုရီးယားက သတိပေးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့သတင်းကို ရုရှားဖက်က ငြင်းဆိုခဲ့ပေမယ့် တောင်ကိုရီးယား F-16 တိုက်လေယာဉ်နှစ်စီး ရုရှား ဗုံးကြဲလေယာဉ်တွေရဲ့ လမ်းကြောင်းမှာ နောက်ယှက် ပျံသန်းခဲ့ကြောင်း၊ ခြိမ်းခြောက်မှုပုံစံမျိုးဖြစ်လာရင် မိမိတို့ရဲ့ လေယာဉ်မှူးတွေက တုန့်ပြန်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    လေယာဉ်တွေဟာ လေပေါ်မှာ ၁၁ နာရီကြာ ပျံသန်းကာ၊ ခရီးအကွာအဝေး ကီလိုမီတာ ၉ ထောင်လောက် ရောက်ရှိခဲ့တယ်လို့ ရုရှားက ဆိုပါတယ်။

    တရုတ်က ကင်းလှည့်မှုဟာ လွတ်လပ်စွာ ပျံသန်းခွင့်ရှိတဲ့ နိုင်ငံတကာ လေပိုင်နက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဘယ်နိုင်ငံရဲ့ ပိုင်နက်ကိုမှ မကျော်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ကန့်ကွက်

    တောင်ကိုရီးယားဟာ ရုရှားသံရုံးက ဒုတိယသံအမတ် မက်ဇင် ဗိုလ်ကော့ဗ်နဲ့ တရုတ်သံအမတ် ကျူဂိုဟုန်တို့ကို ဆင့်ခေါ်ကာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဂျပန်က သူတို့ပိုင်နက်မှာ တောင်ကိုရီးယားလေယာဉ်တွေ ၀င်ရောက်ပြီး တရုတ်​-ရုရှား ကင်းလှည့်အဖွဲ့ကို ရင်ဆိုင်ခဲ့တာဟာ လက်မခံနိုင်စရဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    ရုရှားက သူတို့ ဗုံးကြဲလေယာဉ်ကို တောင်ကိုရီးယား တိုက်လေယာဉ်တွေက နှောက်ယှက်တယ်လို့ဆိုကာ မော်စကိုမှာရှိတဲ့ တောင်ကိုရီးယားကောင်စစ်ဝန်ကို ကန့်ကွက်ခဲ့ပါတယ်။

    မြောက်ကိုရီးယားနဲ့ အမေရိကန်တို့အကြား တင်းမာမှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း မတည်မငြိမ်ဖြစ်မယ့် အန္တရာယ်ဟာ ဆယ်စုနှစ်ချီ ရှိခဲ့ပြီး၊ အခု တရုတ်-ရုရှားတို့ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အသစ်ကြောင့် ဒေသတွင်း နောက်ထပ်တင်းမာမှုတစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ထောက်လှမ်းရေးသင်္ဘောဟု လူသိများသည့် ရုရှား ရေငုပ်သင်္ဘောတစ်စီးတွင် မီးလောင်မှုကြောင့် ၁၄ ဦး သေဆုံး

    ထောက်လှမ်းရေးသင်္ဘောဟု လူသိများသည့် ရုရှား ရေငုပ်သင်္ဘောတစ်စီးတွင် မီးလောင်မှုကြောင့် ၁၄ ဦး သေဆုံး

    ဇူလိုင် ၃၊ ၂၀၁၉
    M-Media

    -ရေအောက် သုတေတသန လုပ်ဆောင်နေတဲ့ ရုရှား ရေငုပ်သင်္ဘောမှာ တနင်္လာနေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ရေတပ်သား ၁၄ ဦး သေဆုံးခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    သမ္မတ ဗလာဒီမီရ် ပူတင်က စစ်သားတွေ သေဆုံးရမှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး၊ ကျန်ရစ်သူတွေအတွက် ၀မ်းနည်းကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့လည်း ပူတင်က အမိန့်ပေးခဲ့ပါတယ်။

    ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အဲဒီ ရေငုပ်သင်္ဘောဟာ သမုဒ္ဒရာအောက်က အဏ္ဏဝါဗေဒကို လေ့လာနေတဲ့ ရေတပ် သုတေသနသင်္ဘောတစ်စင်းဖြစ်ကြောင်း၊ မီးလောင်မှုကနေထွက်တဲ့ မီးခိုးကြောင့် သင်္ဘောသားတွေ အသက်ရှုကြပ် သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။

    မီးငြှိမ်းနိုင်ခဲ့ပြီးတဲ့နောက် ရေငုပ်သင်္ဘောကို နိုင်ငံမြောက်ပိုင်း ရေတပ်စခန်းမှာ ဒေါက်တင်ထားတယ်လို့ ဆိုပါတယ်။

    ရေငုပ်သင်္ဘောဟာ နျူကလီးယားစွမ်းအင်သုံး AS-12 အမျိုးအစားဖြစ်တယ်လို့ ရုရှားမီဒီယာ RBC က ဖော်ပြခဲ့ပါတယ်။ နော်ဝေအာဏာပိုင်တွေက ရေငုပ်သင်္ဘောအတွင်း ဂက်စ်အိုး ပေါက်ကွဲရာကနေ မီးလောင်ခဲ့တာဖြစ်ကြောင်း ရုရှားအာဏာပိုင်တွေကနေတစ်ဆင့် သိရတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရုရှားရဲ့ AS-12 ရေငုပ်သင်္ဘောကို ထောက်လှမ်းရေးသင်္ဘောလို့ အနောက်ကမ္ဘ္ဘာက သိကြပြီး စစ်ပွဲဖြစ်တဲ့အခါမျိုးမှာ အင်တာနက်နဲ့ ဆက်သွယ်ရေးလိုင်း အားလုံးကို ဖြတ်တောက်နိုင်တဲ့အထိ စွမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီရေငုပ်သင်္ဘောရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်မှု ပမာဏကို တိတိကျကျ မသိရပါဘူး။

    ရုရှားမှာ အဆိုးဝါးဆုံး ရေငုပ်သင်္ဘော မတော်တဆမှုဟာ ၂၀၀၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ Kursk လို့ခေါ်တဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ နိုင်ငံမြောက်ပိုင်း ပင်လယ်ပြင်ရေအောက်ကြမ်းပြင်မှာ ပေါက်ကွဲမှု ၂ ခုဖြစ်ပွားကာ နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၁၁၈ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • ကုန်သွယ်ရေးတွင် ဒေါ်လာမသုံးတော့ရန် တရုတ်နှင့် ရုရှားတို့ သဘောတူ

    ကုန်သွယ်ရေးတွင် ဒေါ်လာမသုံးတော့ရန် တရုတ်နှင့် ရုရှားတို့ သဘောတူ

    ဇွန် ၂၈၊ ၂၀၁၉
    M-Media

    -နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာကို အသုံးမပြုဘဲ ရူဘဲလ်နဲ့ ယွမ်ငွေတွေကို အစားထိုး အသုံးပြုသွားဖို့အတွက် ရုရှားနဲ့ တရုတ်တို့က အခုလ အစောပိုင်းမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားနေ့စဉ်ထုတ်သတင်းစာ Izvestia က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တန် ဆီလူအေနော့ဗ်နဲ့ တရုတ်ပြည်သူ့ဘဏ် အကြီးအကဲ ယီဂျန်းတို့က လက်မှတ်ရေးထိုးခဲ့တာပါ။

    ရုရှားနဲ့ တရုတ်တို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး ငွေပေးချေမှုမှာ နည်းသစ်လမ်းသစ်တွေကို
    ဖော်ဆောင်နေတယ်လို့ ရုရှား ဒုတိယ ဘဏ္ဍာရေးဝန်ကြီး ဆာဂျီ စတောချက်က အောက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ အကြီးအကဲကို ပေးပို့တဲ့ အစီရင်ခံစာကို ကိုးကားပြီး Izvestia က ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    ငွေပေးချေမှုအတွက် SWIFTဆိုတဲ့ စနစ်ကို အသုံးပြုသွားမှာဖြစ်ပြီး၊ ရူဘဲလ်-ယွမ် အပြန်အလှန်
    အသုံးပြုနိုင်ရေးနဲ့ ငွေကြေး အတက်အကျမှာ ဆုံးရှုံးမှု နည်းနိုင်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်းတွေကို ဖော်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီစနစ် အကောင်အထည်ပေါ်လာရင် လာမယ့် နှစ်အနည်းငယ်အတွင်း ရူဘဲလ်-ယွမ် အသုံးပြုမှုနှုန်းဟာ ၅ ဆဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာဖို့ ခန့်မှန်းထားပါတယ်။

    နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ကိုယ်ပိုင်ငွေကြေးတွေ အသုံးပြုတဲ့စနစ်ကို ရုရှားနဲ့ တရုတ်တို့က လာမယ့်နှစ်မှာ စတင်မှာ ဖြစ်ပါတယ်။ အစပိုင်းမှာ စွမ်းအင်နဲ့ လယ်ယာလုပ်ငန်းလို နိုင်ငံပိုင် လုပ်ငန်းကြီးတွေမှာ စတင်အသုံးပြုမှာဖြစ်ပြီး နောက်ပိုင်းမှာ လုပ်ငန်းအားလုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    Ref: RT