News @ M-Media

Tag: russia

  • ဆော်ဒီ-ရုရှား ရေနံမဟာမိတ်ဖြစ်မှု နှစ် ၂၀ ခန့်အထိ ကြာမြင့်ဖွယ်ရှိနေ

    ဆော်ဒီ-ရုရှား ရေနံမဟာမိတ်ဖြစ်မှု နှစ် ၂၀ ခန့်အထိ ကြာမြင့်ဖွယ်ရှိနေ

    မတ် ၂၈၊ ၂၀၁၈
    M-Media

    ရုရှားသမ္မတပူတင်နှင့်အတူ တွေ့ရသည့် ဆော်ဒီအိမ်ရှေ့မင်းသား (ယာ)

    –  ရုရှားနှင့် ဆော်ဒီအာရေဗျတို့၏ ရေနံဆိုင်ရာ မဟာမိတ်အဖြစ် ရပ်တည်မှုမှာ နှစ်ပေါင်း ၂၀ ခန့်အထိ ကြာမြင့်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    ဆော်ဒီဦးဆောင်သည့် အိုပက်အဖွဲ့နှင့် ရုရှားတို့မှာ ရေနံဈေးများ ထိုးကျခဲ့ပြီးနောက် ဈေနှုန်းထိန်းချုပ်ရေးအတွက် ထုတ်လုပ်မှုလျှော့ချရန် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွင် ပူးပေါင်းခဲ့ကြသည်။

    ရေနံဈေးမှာ ၂၀၁၄ ခုနှစ်တွင် တစ်စည်ကို ဒေါ်လာ ၁၀၀ မှ ၃၀ အောက်အထိ ရောက်ရှိသွားပြီး ရေနံထုတ်လုပ်သည့်နိုင်ငံများကို တုန်လှုပ်စေခဲ့သည်။

    အိုပက်၊ ရုရှားနှင့် အခြား ရေနံထုတ်လုပ်သည့်နိုင်ငံများက ရေနံထုတ်လုပ်မှုကို လျှော့ချခဲ့ပြီးနောက် ဈေးပြန်တက်လာပြီး လက်ရှိတွင် တစ်စည်ကို ဒေါ်လာ ၇၀ နီးပါးအထိ ရောက်လာခဲ့သည်။ သို့သော်လည်း အမေရိကန်၏ ရေနံထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် အိုပက်နိုင်ငံများ၏ ထုတ်လုပ်မှုလျှော့ချသည့် အစီအစဉ်ကို ထိခိုက်စေနိုင်သည်။

    ရုရှားမှာ အိုပက်အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ရေနံဈေးကျဆင်းမှုများကြောင့် အဖွဲ့ဝင် ၁၄ နိုင်ငံပါ အိုပက်အဖွဲ့နှင့် ပူးတွဲလုပ်ဆောင်ခဲ့သည်။

    မင်းသားကမူ ရုရှား၏ ပူးပေါင်းမှုမှာ ထူးခြားသည့် ကိစ္စဖြစ်ပြီး ၁၀ နှစ်မှ နှစ် ၂၀ ခန့်အထိ ကြာမြင့်လျှင် မကြုံစဖူးဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီနှင့် ရုရှားတို့မှာ ဆီးရီးယားပြည်တွင်းစစ်တွင် မတူညီသည့် ဘက်များမှ ပါဝင်နေသော်လည်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းမှုကို ခိုင်မာအောင် ဆောင်ရွက်လာခဲ့သည်။

    Ref: Aljazeera

  • ရုရှား-ယူကေ ပြဿနာတွင် အမေရိကန်ဝင်ပါလာပြီး ရုရှားသံတမန် ၆၀ ကို နှင်ထုတ်

    ရုရှား-ယူကေ ပြဿနာတွင် အမေရိကန်ဝင်ပါလာပြီး ရုရှားသံတမန် ၆၀ ကို နှင်ထုတ်

    မတ် ၂၆၊ ၂၀၁၈
    M-Media

    – ယူကေသူလျှိုဟောင်းတစ်ယောက်ကို ဓာတ်တုအဆိပ်နဲ့ လုပ်ကြံဖို့ကြိုးစားမှုအတွက် ယူကေနဲ့ ရုရှားတို့အကြား ဖြစ်နေတဲ့ ပြဿနာမှာ ယူကေဖက်က ရပ်တည်တယ်ဆိုတာကို ပြသဖို့အတွက် ထောက်လှမ်းရေးတာဝန်ရှိသူတွေ အပါအ၀င် ရုရှား သံတမန် ၆၀ ကို တိုင်းပြည်အတွင်းက ထွက်သွားဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်လိုက်ပါတယ်။

    ရုရှားနိုင်ငံသား စကရီပဲလ်နဲ့ သမီးဖြစ်သူတို့ဟာ မတ်လအစောပိုင်းက စစ်သုံး ဓာတုအဆိပ်နဲ့ လုပ်ကြံခံခဲ့ရတာဖြစ်ပြီး လက်ရှိ ဆိုးဆိုးဝါးဝါးအခြေအနေနဲ့ ဆေးကုသမှု ခံနေရပါတယ်။ ယူကေက ဒီကိစ္စကို ရုရှားကလုပ်တယ်လို့ စွပ်စွဲခဲ့ပြီး ရုရှားသံတမန် ၂၃ ဦးကို ပြီးခဲ့တဲ့ တစ်ပတ်မှာ နှင်ထုတ်ခဲ့ပါတယ်။

    “ရုရှားက ကမ္ဘာတစ်ဝှမ်း မတည်မငြိမ်ဖြစ်စေဖို့ လုပ်နေမှုမှာ နောက်ဆုံးပေါ်လာတဲ့  ယူကေမြေပေါ်မှာ စစ်သုံးလက်နက် အသုံးပြုမှုကို တုန့်ပြန်တဲ့အနေနဲ့ နေတိုးအဖွဲ့က မဟာမိတ်တွေ၊ ကမ္ဘာတစ်ဝှမ်းက မိတ်ဖက်တွေနဲ့အတူ အမေရိကန်က ဒီလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်” လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အိမ်ဖြူတော် ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် အန်နာတိုလီ အန်တိုနော့ဗ်က အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ မှားယွင်းပြီး၊ အမေရိကန်-ရုရှား လက်ကျန် ဆက်ဆံရေးကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ဆီယက်တဲလ်မှာရှိတဲ့ ရုရှားကောင်စစ်ဝန်ရုံးကိုလည်း ပိတ်ပစ်ဖို့ စီစဉ်နပါတယ်။

    ယူကေ-ရုရှားပြဿနာနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၄ နိုင်ငံကလည်း ရုရှားသံအမတ်တွေကို နှင်ထုတ်သွားမယ်လို့ ဥရောပကောင်စီဥက္ကဌ ဒေါ်နယ် တက်စ်က ပြောကြားခဲ့ပါတယ်။

    ရုရှားက ယူကေရဲ့စွပ်စွဲမှုကို ငြင်းဆိုထားပြီး အပြန်အလှန်အားဖြင့် ဗြိတိန်သံတမန် ၂၃ ဦးကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဥရောပနိုင်ငံတစ်ချို့က ရုရှားသံတမန်များကို နှင်ထုတ်မည်

    ဥရောပနိုင်ငံတစ်ချို့က ရုရှားသံတမန်များကို နှင်ထုတ်မည်

    မတ် ၂၆၊ ၂၀၁၈
    M-Media

    မော်စကိုရှိ ပိုလန်သံရုံး

    – ဥရောပနိုင်ငံတွေဖြစ်တဲ့ ပိုလန်၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေဟာ ရုရုားက သူတို့ရဲ့ သံတမန်တွေကို ပြန်လာဖို့ အမိန့်ပေးခဲ့ပြီး ဘာ့ကြောင့် ဒီလိုလုပ်ရလဲဆိုတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပေမယ့် ရုရှားနဲ့ ယူကေတို့အကြား သူလျှိုပြဿနာမှာ ယူကေဖက်က ရပ်တည်တာကြောင့် ဖြစ်ပုံရပါတယ်။

    အဲဒီဆုံးဖြတ်ချက်ကို သောကြာနေ့က ဥရောပခေါင်းဆောင်တွေ တွေ့ဆုံစဉ်မှာ ချမှတ်ခဲ့တာဖြစ်ပြီး ဒီသုံးနိုင်ငံ အပါအ၀င် အိုင်ယာလန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ အက်စတိုးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်နဲ့ ဒိန်းမတ်တို့ကလည်း သူတို့နိုင်ငံက ရုရှားသံအမတ်တွေကို နှင်ထုတ်ဖို့ ရှိနေပါတယ်။

    Bloomberg သတင်းဌာနက သောကြာနေ့ ဖော်ပြမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးတွေက ရုရှား-ယူကေပြဿနာမှာ ယူကေဖက်က ရပ်တည်ဖို့ တိုက်တွန်းမှုတွေ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ယူကေထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ရုရှားနိုင်ငံသား စကရီပဲလ်နဲ့ သမီးဖြစ်သူတို့ အခုလအစောပိုင်းက ဓာတ်တုအဆိပ်နဲ့ လုပ်ကြံခံရမှုဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ ယူကေက စွပ်စွဲခဲ့ပြီး ရုရှားသံတမန် ၂၃ ဦး ကိုလည်း တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။

    ဒီလိုနှင်ထုတ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ရုရှားဆိုင်ရာ ဥရောပသမဂ္ဂ အကြီးအကဲ မားကက်စ် အီဒါရာကို မော်စကိုကနေ ပြန်ခေါ်ခဲ့ပါတယ်။

    အမေရိကန်က ရုရှားသံအမတ်တွေကို နှင်ထုတ်မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သူတို့ကို အကြောင်းကြားတာမျိုး မရှိဘူးလို့ ရုရှားသမ္မရုံးရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကဆိုပြီး တုန့်ပြန်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    စကရီပဲလ်တို့သားအဖ ဓာတုအဆိပ်နဲ့ လုပ်ကြံခံရမှုအတွက် ယူကေရဲ့ စွပ်စွဲချက်တွေကို ရုရှားက ငြင်းဆိုခဲ့ပြီး ယူကေရဲ့လုပ်ရပ်ကို တုန့်ပြန်တဲ့အနေနဲ့ ဗြိတိန်သံအမတ်တွေကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှားသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတပူတင်က ထပ်မံအနိုင်ရရှိ

    ရုရှားသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတပူတင်က ထပ်မံအနိုင်ရရှိ

    မတ် ၁၉၊ ၂၀၁၈
    M-Media

    – ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရုရှားသမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမီရ် ပူတင်က မျှော်မှန်ထားသည့်အတိုင်း အနိုင်ရရှိခဲ့ပြီး အတိုက်အခံများကမူ ပူတင်မှာ ရွေးကောက်ပွဲတွင် မရိုးမသား လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

    တိုင်းပြည်အား နှစ်ပေါင်း ၂၀ နီးပါး အုပ်စိုးခဲ့သည့် ပူတင်မှာ ထောက်ခံမဲ ၇၆.၆၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၎င်းယှဉ်ပြိုင်ခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ထောက်ခံမှု အမြင့်ဆုံးလည်း ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် ၆ နှစ် ရာထူး၌ ဆက်ရှိနေမည်ဖြစ်သည်။

    အတိုက်အခံများနှင့် လွတ်လပ်သော စောင့်ကြည့်သူများကမူ ပူတင် ၄ ကြိမ်မြောက် တာဝန်ထမ်းဆောင်နိုင်ရေး တရားဝင်ဖြစ်မှု သေချာစေရန်အတွက် မဲဝယ်ခြင်း၊ အခြား မသမာမှုများ ပြုလုပ်ခြင်းတို့ ရှိသည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ပူတင်အား ထောက်ခံသူများက ဗြိတိန်၏ သူလျှိုကိစ္စ စွပ်စွဲမှု၊ အိုလံပစ်ပြိုင်ပွဲတွင် ရုရှားကစားသမားများအား ဆေးကျသည်ဆိုသည့် စွပ်စွဲမှု စသည့် အနောက်နိုင်ငံများ၏ ဖိအားများကြောင့် ရုရှားပြည်သူများက ၎င်းတို့၏ ခေါင်းဆောင်နောက်၌ ပိုမို မားမားမတ်မတ်ရပ်တည်မှုကို ဖြစ်စေသည်ဟု ဆိုသည်။

    ၂၀၂၄ ခုနှစ် ရာထူး၌ ဆက်ရှိနေမည့် ပူတင်မှာ အာဏာရှင် ဂျိုးဆက်စတာလင်နောက်ပိုင်း အရှည်ကြာဆုံး ရုရှားခေါင်းဆောင် ဖြစ်လာခဲ့သည်။ ၎င်းကမူ ရာသက်ပန်သမ္မတအဖြစ် ရှိနေမည်မဟုတ်ဟု ဆိုသည်။

    “အသက် ၁၀၀ အထိ ကျွန်တော် ဒီရာထူးမှာ နေသွားမယ်ဆိုတာမျိုးလား။ မဟုတ်ပါဘူး” ဟု ယမန်နေ့တွင် သတင်းထောက်များက ၂၀၃၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်မည်လားဆိုသည့် မေးခွန်းကို ဖြေကြားခဲ့သည်။

    ရုရှားသမ္မတရွေးကောက်ပွဲတွင် ပူတင်အပါအ၀င် ၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၎င်းအား ယှဉ်ပြိုင်နိုင်မည်ဟု ယူဆရသည့် အလက်ဇီ နာဗာလ်နီမှာ ဥပဒေဆိုင်ရာ အကြောင်းအရင်းများကြောင့် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

    Ref: CNA

  • ဗြိတိန်သံအမတ်များ တစ်ပတ်အတွင်း ထွက်ခွာရမည်ဟု ရုရှား ရာဇသံပေး

    ဗြိတိန်သံအမတ်များ တစ်ပတ်အတွင်း ထွက်ခွာရမည်ဟု ရုရှား ရာဇသံပေး

    မတ် ၁၇၊ ၂၀၁၈
    M-Media

    – ဗြိတိန်သံတမန် ၂၃ ယောက်ကို တိုင်းပြည်ကနေ နှင်ထုတ်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ကြေငြာလိုက်ပြီး သူလျှိုဟောင်းတစ်ဦး အဆိပ်နဲ့ လုပ်ကြံခံရမှုအတွက် နှစ်နိုင်ငံအကြား တင်းမာမှု နောက်ဆက်တွဲ ဖြစ်ပါတယ်။

    ယူကေထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့တဲ့ သူလျှိုဟောင်း ရုရှားလူမျိုး ဆာဂျီ စကရီပဲလ်နဲ့ သူ့ရဲ့သမီးဖြစ်သူတို့ဟာ မတ်လ ၄ ရက်နေ့က ဓာတုအဆိပ်နဲ့ လုပ်ကြံခံခဲ့ရပြီး ဒါဟာ ရုရှားရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲကာ ယူကေက ရုရှားသံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း တိုင်းပြည်ကထွက်သွားဖို့ အခုတစ်ပတ် အစောပိုင်းမှာ အမိန့်ပေးခဲ့ပါတယ်။

    စကရီပဲလ်ဟာ ရုရှားထောက်လှမ်းရေးတွေကို သစ္စာဖောက်ကာ ဗြိတိန်ဖက်ကို သတင်းတွေပေးခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ရုရှားရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ နှစ်နိုင်ငံသူလျှိုတွေ အပြန်အလှန် လဲလှယ်မှုအတွင်း ဗြိတိန်ကို ပြန်ရောက်လာခဲ့ကာ အခြေချခဲ့ပါတယ်။

    ရုရှားက နိုင်ငံအတွင်း ဗြိတိသျှသံအမတ်တွေဟာ တစ်ပတ်အတွင်း ထွက်ခွာရမယ်လို့ ရုရှားဆိုင်ရာ ဗြိတိန်သံအမတ်ကြီး လော်ရီ ဘရစ္စတိုးကို ဒီကနေ့မှာ ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ပါတယ်။

    ဗြိတိသျှကောင်စီကို ပိတ်ပစ်ဖို့နဲ့ စိန့်ပီတာစဘတ်မှာ ကောင်စစ်ဝန်ရုံးဖွင့်လှစ်ရေး ခွင့်ပြုထားမှုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနကရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera