News @ M-Media

Tag: russia

  • ရုရှားနှင့် မြောက်ကိုရီးယားရန်ကြောင့် ယူကေက ဓာတုလက်နက် ကာကွယ်ရေးစင်တာ တည်ဆောက်မည်

    ရုရှားနှင့် မြောက်ကိုရီးယားရန်ကြောင့် ယူကေက ဓာတုလက်နက် ကာကွယ်ရေးစင်တာ တည်ဆောက်မည်

    မတ် ၁၅၊ ၂၀၁၈

    M-Media

    – မိမိတို့အနေနဲ့ ဓာတုလက်နက် ကာကွယ်တားဆီးရေးစင်တာတစ်ခု တည်ဆောက်သွားမယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီး ဂါဗင် ၀ီလီယံဆန်က ပြောကြားလိုက်ပြီး ရုရှားနဲ့ မြောက်ကိုရီးယားတို့ထံကနေ ဓာတုလက်နက်နဲ့ ခြိမ်းခြောက်မှု မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    စတာလင်ပေါင် ၄၈ သန်းလောက် ကုန်ကျမယ့် အဲဒီစင်တာကို ပေါ်တွန်ဒေါင်းမြို့က ကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာ ဓာတ်ခွဲစင်တာမှာ တည်ရှိမှာဖြစ်ပါတယ်။

    ဗြိတိန်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့တဲ့ သူလျှိုဟောင်း ရုရှားလူမျိုး ဆာဂျီ စကရီပဲလ်နဲ့ သမီးဖြစ်သူတို့ဟာ မတ်လအစောပိုင်းမှာ စစ်ဖက်သုံး ဓာတုအဆိပ်နဲ့ လုပ်ကြံခံရပြီး ယူကေက ရုရှားရဲ့လက်ချက် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒီအဆိပ်နဲ့ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်ပေးဖို့ အင်္ဂါနေ့ နောက်ဆုံထားပြီး တောင်းဆိုခဲ့ပေမယ့် ရုရှားက တုန့်ပြန်မှုမရှိတာကြောင့် နိုင်ငံအတွင်းက ရုရှားသံအမတ် ၂၃ ဦးကို တစ်ပတ်အတွင်း ထွက်သွားဖို့ ယူကေက မနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

    ကာကွယ်ရေးဝန်ကြီး ၀ီလီယံဆန်က မစ္စတာ စကရီပဲလ်ကို တိုက်ခိုက်မှုဟာ တုန်လှုပ်စရာနဲ့သတိပြုစရာကောင်းတဲ့ ကိစ္စဖြစ်ပြီး ယူကအနေနဲ့ ဓာတုလက်နက်အန္တရာယ်ကို တိုးမြင့်ခံစားလာရတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

    အခု ဓာတုလက်နက် ကာကွယ်ရေးစင်တာ တည်ဆောက်မယ့် ကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာ ဓာတ်ခွဲစင်တာက သိပ္ပံပညာရှင်တွေဟာ မစ္စတာ စကရီပဲလ်အပေါ် တိုက်ခိုက်မှုကို ကူညီဖော်ထုတ်ပေးခဲ့တာပါ။

    ထောင်နဲ့ချီတဲ့ ဗြိတိန်စစ်သားတွေဟာ ဓာတုအဆိပ် ကာကွယ်ဆေးထိုးဖို့ ရှိနေပါတယ်။

    ရုရှားကတော့ သူတို့အပေါ် စွပ်စွဲမှုဟာ လက်မခံနိုင်စရာ ရန်စမှုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ပြန်လည် လက်တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။

    Ref: BBC

  • ယူကေနှင့် ရုရှားအကြား တင်းမာမှုမြင့်တက်၊ ဗြိတိန်သံအမတ်များကို ရုရှားက နှင်ထုတ်မည် 

    ယူကေနှင့် ရုရှားအကြား တင်းမာမှုမြင့်တက်၊ ဗြိတိန်သံအမတ်များကို ရုရှားက နှင်ထုတ်မည် 

    မတ် ၁၅၊ ၂၀၁၈

    M-Media

    မော်စကိုရှိ ဗြိတိသျှသံရုံး

     

    – နိုင်ငံအတွင်းမှာရှိနေတဲ့ ဗြိတိန်သံတမန်တွေကို မကြာခင် နှင်ထုတ်တော့မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့မှာ ပြောကြားလိုက်ပြီး ဗြိတိန်က ရုရှားသံအမတ် ၂၃ ဦးကို နှင်ထုတ်မှု နောက်ဆက်တွဲဂယက် ဖြစ်ပါတယ်။

    ရုရှားမီဒီယာတွေကို ပြောကြားရာမှာ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က ဗြိတိန်သံတမန်တွေကို မကြာခင်မှာ အမှန်တကယ် နှင်ထုတ်သွားမှာဖြစ်ပြီး သူလျှိုဟောင်းကိစ္စနဲ့ပတ်သက်လို့ ဗြိတိန်က ရုရှားကို စွပ်စွဲပြောဆိုမှုဟာ အထောက်အထားမဲ့တဲ့ တာဝန်မဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း တုန့်ပြန်ခဲ့ပါတယ်။

    ယူကေက သူတို့ရဲ့ သူလျှိုဟောင်း ရုရှားလူမျိုး ဆာဂျီ စကရီပဲလ်နဲ့ သမီးဖြစ်သူတို့ မတ်လအစောပိုင်းမှာ စစ်ဖက်သုံး ဓာတုအဆိပ်နဲ့ လုပ်ကြံခံရမှုဟာ ရုရှားရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး ဒီအဆိပ်နဲ့ပတ်သက်တဲ့ အချက်အလက်အတိအကျပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ရုရှားက ပူးပေါင်းဖို့ ငြင်းဆိုတဲ့အတွက် သံအမတ် ၂၃ ဦးကို တစ်ပတ်အတွင်း တိုင်းပြည်ကနေ ထွက်သွားရမယ်လို့ အဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    လာဗရော့က ထရီဇာမေရဲ့ စွပ်စွဲပြောဆိုမှုဟာ အဓိပ္ပါယ်မဲ့ပြီး Brexit ကိစ္စကြောင့် ဖြစ်နေတဲ့ ပြဿနကို လမ်းလွှဲချင်လို့ ဖြစ်တယ်လို့လည်း ပြင်တင်ခဲ့ပါတယ်။ စကရီပဲလ်နဲ့ သမီးဖြစ်သူ ယူလီယာ၊ သူတို့နဲ့သွားတွေ့ခဲ့ စုံထောက်တို့ဟာ ဓာတုအဆိပ်ကြောင့် လက်ရှိမှာ ကုသမှု ခံယူနေရပါတယ်။

    အမေရိကန်က ယူကေနဲ့အတူ ရပ်တည်သွားမှာဖြစ်ပြီး ရုရှား သံတမန်တွေကို နှင်ထုတ်မယ့် ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားထားပါတယ်။

    Ref: BBC

  • သူလျှိုကိစ္စ မကျေလည်မှုကြောင့် ယူကေက ရုရှားသံအမတ် ၂၀ ကျော်ကို နှင်ထုတ်

    သူလျှိုကိစ္စ မကျေလည်မှုကြောင့် ယူကေက ရုရှားသံအမတ် ၂၀ ကျော်ကို နှင်ထုတ်

    မတ် ၁၄၊ ၂၀၁၈
    M-Media

    ယူကေ၀န်ကြီးချုပ် ထရီဇာမေ

    – ယူကအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ရုရှားလူမျိုး သူလျှိုဟောင်းတစ်ဦး ဓာတုအဆိပ်နဲ့ လုပ်ကြံခံရမှုမှာ​ ရုရှားက ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက် ယူကကေ ရုရှားသံတမန် ၂၃ ဦးကို နိုင်ငံအတွင်းက ထွက်သွားဖို့အတွက် ဒီကနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

    ‘လူသိရှင်ကြား မထုတ်ဖော်လိုတဲ့ ထောက်လှမ်းရေးသံတမန်တွေ’ အနေနဲ့ တစ်ပတ်အတွင်း ထွက်သွားဖို့ ဗြိတိန် ၀န်ကြီးချုပ် ထရီဇာမေက ပြောကြားလိုက်ပြီး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရောက်ဖို့ ဖိတ်ကြားမှုကို ရုပ်သိမ်းကြောင်း၊ အခုနှစ်နှောင်းပိုင်း ရုရှားမှာလုပ်မယ့် ကမ္ဘာ့ဖလားကို တော်ဝင်မိသားစုတွေ တက်ရောက်မှာမဟုတ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ရုရှားလူမျိုး သူလျှိုဟောင်း အသက် ၆၆ နှစ်အရွယ် စကရီပဲလ်နဲ့ သမီးဖြစ်သူ ၃၃ နှစ်အရွယ် ယူလီယာ စကရီပဲလ်တို့ဟာ မတ်လ ၄ ရက်နေ့ ဆေးလ်ဘူရီမြို့ မြို့လယ်ကောင်က ခုံတန်းမှာ လဲကျနေတာကို တွေ့ခဲ့ရပြီး ရုရှားလုပ် စစ်ဖက်သုံး ဓာတ်တုအဆိပ်နဲ့ လုပ်ကြံခံရကြောင်း တွေ့ရှိခဲ့ရပါတယ်။

    သူတို့နှစ်ယောက်ဆီကို သွားရောက်ခဲ့တဲ့ ဗြိတိသျှ စုံထောက်တစ်ဦးလည်း ဒီအဆိပ်မိခဲ့ပြီး ၃ ယောက်စလုံး ဆိုးရွားတဲ့အနေအထားမှာ ရှိနေပေမယ့် အခြေအနေကတော့ တည်ငြိမ်နေပါတယ်။

    ဒီတိုက်ခိုက်မှုဟာ ရုရှားက ပြုလုပ်တယ်ဆိုတဲ့ ဖြစ်နိုင်ချေ မြင့်မားနေတယ်လို့ ထရီဇာမေက ပြောကြားခဲ့ပြီး ဒီအဆိပ်နဲ့ပတ်သက်လို့ ဓာတုလက်နက် တားဆီးရေးဆိုင်ရာအဖွဲ့ကို အသေးစိတ် ရှင်းလင်းချက်ပေးပို့ရမယ်လို့ တောင်းဆိုခဲ့ပါတယ်။

    နောက်ဆုံးရက်ကို အင်္ဂါနေ့ည သန်းခေါင်ယံအချိန် သတ်မှတ်ထားပြီး ရုရှားက မလိုက်နာတဲ့အတွက် အခုလို သံတမန်တွေကို နှင်ထုတ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ဖြေရှင်းချက်တောင်းခဲ့ပါတယ်။

    ရုရှားသံရုံးက ဒီလို သံတမန်တွေကို နှင်ထုတ်ဟာ လက်မခံနိုင်စရာ၊ တရားမဲ့တဲ့၊ အမြင်ကျဉ်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ကလည်း ဗြိတိန်ဟာ နိုင်ငံရေးကစားကာ နိုင်ငံတကာ သဘောတူညီချက်တွေကို လစ်လျူရှုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်မှာ ဖော်ပြထားတဲ့အတိုင်း တရားဝင်တောင်းဆိုမှုတွေ ပြုလုပ်လာရင် မိမိတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဲဒီသဘောတူညီချက်မှာ ဖြေရှင်းချက်ပေးဖို့အချိန်ကို ၁၀ ရက် သတ်မှတ်ပေးထားပါတယ်။

    ဗြိတိန်က ရုရှားသံအမတ်တွေကို နှင်ထုတ်တာအပြင်၊ ကိုယ်ပိုင်လေယာဉ်တွေ၊ ခရီးသည်တင်လေယာဉ်တွေနဲ့ ကုန်တင်လေယာဉ်တွေကို စစ်ဆေးမှုတိုးမြှင့်တာ၊ ယူကေနိုင်ငံသားတွေနဲ့ ယူကေမှာ နေထိုင်တဲ့သူတွေအပေါ် ခြိမ်းခြောက်ဖို့ အသုံးပြုနိုင်တယ်လို့ ယူဆရတဲ့ ရုရှားရဲ့ နိုင်ငံပိုင်ပစ္စည်းတွေကို ထိန်းချုပ်တာ၊ ယူကေနဲ့ ရုရှားအကြား စီစဉ်ထားတဲ့ နှစ်နိုင်ငံ အဆင့်မြင့် ဆက်သွယ်မှုတွေအားလုံး ရပ်ဆိုင်းတာတွေကိုလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref: BBC

  • ဆီးရီးယားတွင် ရုရှားစစ်တပ်၏ ပို့ဆောင်ရေးလေယာဉ်တစ်စီး ပျက်ကျ

    ဆီးရီးယားတွင် ရုရှားစစ်တပ်၏ ပို့ဆောင်ရေးလေယာဉ်တစ်စီး ပျက်ကျ

    မတ် ၇၊ ၂၀၁၈
    M-Media

    ရုရှားစစ်တပ်မှ လေယာဉ်တစ်စီး

    – ဆီးရီးယားနိုင်ငံတွင် ရုရှားစစ်တပ်မှ ပို့ဆောင်ရေးလေယာဉ်တစ်စီး ယမန်နေ့က ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၃၉ ဦးစလုံး သေဆုံးခဲ့သည်ဟု သိရသည်။

    Antonov-26 လေယာဉ်မှာ လာတာကီယာပြည်နယ်ရှိ ရုရှား၏ Khmeimim လေတပ်စခန်းတွင် ပျက်ကျခဲ့ပြီးဖြစ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုပျက်ကျမှုမှာ ပစ်ချခံရခြင်းကြောင့်မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။

    ကနဦးစုံစမ်းစစ်ဆေးမှုအရ အဆိုပါ ပျက်ကျမှုမှာ စက်ချို့ယွင်းမှုကြောင့်ဖြစ်သည်ဟု တွေ့ရှိခဲ့ရသည်။

    လေယာဉ်ပေါ်တွင် ခရီးသည် ၃၃ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး တို့ လိုက်ပါသွားပြီး အသက်ရှင်ကျန်ရစ်သူ မရှိပေ။ ၎င်းတို့အားလုံးမှာ ရုရှားစစ်တပ်မှ စစ်သားများ ဖြစ်သည်။

    Khmeimim လေတပ်စခန်းမှာ ဆီးရီးယားတွင် ရုရှားကပြုလုပ်သော စစ်ဆင်ရေး၌ အဓိကကျသည့် စခန်းဖြစ်သည်။

    ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ၎င်းတို့အနေဖြင့် ထိုလေယာဉ်ပျက်ကျမှုကို ရာဇ၀တ်မှုအဖြစ် စုံစမ်းစစ်ဆေးနေသည်ဟု ထုတ်ပြန်ခဲ့သည်။

    ယခုဖြစ်ရပ်မှာ ဆီးရီးယားတွင် ရုရှား၏ ဒုတိယမြောက် စစ်လေယာဉ်ပျက်ကျမှုဖြစ်သည်။

    ပြီးခဲ့သည့်လက နိုင်ငံမြောက်ပိုင်း အစ်ဒလစ်ဘ်ပြည်နယ်တွင် ရုရှား၏ Su25 တိုက်လေယာဉ်တစ်စီး ပစ်ချခံခဲ့ရပြီး လေယာဉ်မှူးမှာ လေယာဉ်မှ ခုန်ထွက်နိုင်ခဲ့သော်လည်း မြေပြင်အရောက်တွင် သေဆုံးသွားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်၏ နျူဗျူဟာကို ပူတင်က ဝေဖန်လိုက်ပြီး တိုက်ခိုက်ခံရလျှင် နျူဖြင့်တုန့်ပြန်မှုဟု သတိပေး

    အမေရိကန်၏ နျူဗျူဟာကို ပူတင်က ဝေဖန်လိုက်ပြီး တိုက်ခိုက်ခံရလျှင် နျူဖြင့်တုန့်ပြန်မှုဟု သတိပေး

    မတ် ၁၊ ၂၀၁၈
    M-Media


    – မိမိတို့နိုင်ငံအား နျူလက်နက်ဖြင့် တိုက်ခိုက်လာပါက မိမိတို့ကလည်း နျူဖြင့် တုန့်ပြန်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမီရန်ပူတင်က ပြောကြားလိုက်သည်။

    ယနေ့တွင်ပြောကြားသော နိုင်ငံတော်အခြေပြမိန့်ခွန်း၌ ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်ပြီး နည်းပညာမြင့် မဟာဗျူဟာမြောက် လက်နက်များ မိမိတို့ထံတွင် ရှိနေကာ ထိုလက်နက်များက အမေရိကန်၏ ဒုံးကျည်စွမ်းရည်များကို အရာမထင်ဖြစ်စေမည်ဟုလည်း ဆိုသည်။

    သာမန်တိုက်ခိုက်ခံရမှုများကို နျူလက်နက်ဖြင့် ပြန်လည်တုန့်ပြန်မည်ဆိုသည့် အမေရိကန်၏ နျူလက်နက်ဗျူဟာကိုလည်း ပူတင်က ဝေဖန်ခဲ့သည်။

    “နျူလက်နက်အသုံးပြုရေး စံနှုန်းတွေကို လျှော့ချလိုက်တဲ့ အမေရိကန်ရဲ့ နျူလက်နက်ဗျူဟာရဲ့ တစ်ချို့ အစိတ်အပိုင်းတွေကို ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ပါတယ်။ ဘယ်လိုပဲ စကားလှအောင်ရေးထားထား အဲဒီနောက်ကွယ်က သဘောထားကိုတော့ ကျွန်တော်တို့ မြင်နိုင်ပါတယ်”

    ထို့ပြင် ရုရှား၏ နျူဗျူဟာမှာ မိမိနှင့် မိမိ၏ မဟာမိတ်များကို နျူလက်နက် သို့မဟုတ် အခြားသော ဖျက်အားပြင်းလက်နက်များဖြင့် တိုက်ခိုက်ခံရခြင်း၊ မိမိတို့၏ တည်ရှိမှုကို ခြိမ်းခြောက်သော သာမန်တိုက်ခိုက်ခံရခြင်းတို့ ဖြစ်လာမှ နျူဖြင့် ပြန်လည်တုန့်ပြန်သွားရန်ဖြစ်ကြောင်း ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။

    ပူတင်က အမေရိကန်မှာ ဒုံးကျည်ကာကွယ်ရေးစနစ်၏ အစိတအပိုင်းအဖြစ် ရုရှားနယ်စပ်အနီးတွင် တိုက်သင်္ဘော ၅ စီးနှင့် ဖျက်သင်္ဘော အစီး ၃၀ တို့ကို ချထားကြောင်လည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT