News @ M-Media

Tag: saudi_arabia

  • ရှီယိုက်ဗလီဗုံးခွဲသည့် အကြမ်းဖက်သမားများကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာမည်ဟု ဆော်ဒီပြော

    ရှီယိုက်ဗလီဗုံးခွဲသည့် အကြမ်းဖက်သမားများကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာမည်ဟု ဆော်ဒီပြော

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    saud 1

    – ပြီးခဲ့တဲ့ တစ်ပတ်က နိုင်ငံအရှေ့ပိုင်း အလ်-အဟ်ဆာမှာရှိတဲ့ ရှီယိုက်ဗလီတစ်လုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့မှုအပေါ် ဆော်ဒီအစိုးရအဖွဲ့က တနင်္လာနေ့မှာ ဝေဖန်ရှုတ်ချလိုက်ပြီး အကြမ်းဖက်သမားတွေနဲ့ နောက်ကွယ်က ထောက်ပံ့ပေးသူတွေကို ဖမ်းဆီးကာ တရားဥပဒေရှေ့မှောက် ပို့ဆောင်နိုင်အောင် ကြိုးပမ်းအားထုတ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

    အကြမ်းဖက်သမားတွေဟာ လူ့အသက်ကို လေးစားတန်ဖိုထားရကောင်းမှန်းမသိဘဲ လုပ်ဆောင်နေကြတာဖြစ်ပြီး သူတို့ရဲ့လုပ်ရပ်တွေက အစ္စလာမ့်တရားတော်အရရော၊ လူသားချင်းစာနာထောက်ထားမှုအရပါ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ရီယာ့ဒ်မြို့တော်က ယမာမာနန်းတော်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ဆွေးနွေးပွဲမှာ ၀န်ကြီးတွေက ပြောကြားခဲ့တာပါ။

    ဆွေးနွေးပွဲအစမှာ ဘုရင်ဆလ်မန်က ဂျာမန်အဓိပတိနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ဆီက လက်ခံရရှိခဲ့တဲ့ ဖုန်းခေါ်ဆိုမှုနဲ့ပတ်သက်တဲ့ အကြောင်းတွေကို အကျဉ်းချုပ်ကို ဖော်ပြခဲ့ပြီး၊ တူရကီဝန်ကြီးချုပ်၊ အမေရိကန် ဗဟိုစစ်ဌာနချုပ်က တပ်မှူး၊ အင်ဒိုနီးရှားနဲ့ မလေးရှား ကာကွယ်ရေးဝန်ကြီးများ၊ ဘရူးနိုင်း ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံမှု အသေးစိတ်ကိုလည်း အစီရင်ခံခဲ့ပါတယ်။ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းဖို့အတွက် ဒီနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့လည်း ဘုရင်ကြီးက ဆိုပါတယ်။

    အစည်းအဝေးမှာ ရှီယိုက်ဗလီဗုံးခွဲခံရမှုကိစ္စ၊ ယီမင်စစ်ပွဲကိစ္စတွေကိုလည်း ဆော်ဒီဝန်ကြီးတွေက ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဆော်ဒီအာရေဗျက ရှီယိုက်ပြည်သူအများစုနေထိုင်တဲ့ ဒေသက ဗလီဝတ်ကျောင်းတော်တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး IS အကြမ်းဖက်အဖွဲ့ကတော့ သူတို့လက်ချက်ကို ကြေငြာခဲ့ပါတယ်။

    Ref: Arabnews

  • ဆော်ဒီရှိ ရှီအာဗလီဗုံးခွဲမှုကို အလ်-အဇ်ဟာရ်နှင့် ကုလတို့ ရှုတ်ချ

    ဆော်ဒီရှိ ရှီအာဗလီဗုံးခွဲမှုကို အလ်-အဇ်ဟာရ်နှင့် ကုလတို့ ရှုတ်ချ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    saudi mosque

    – ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) နဲ့ စွန်နီကမ္ဘာမှာ အမြင့်ဆုံး အစ္စလာမ်ဓမ္မတက္ကသိုလ်ဖြစ်တဲ့ အီဂျစ်နိုင်ငံက အလ်-အဇ်ဟာရ်တို့က ဆော်ဒီနိုင်ငံအရှေ့ပိုင်းပြည်နယ်မှာ ရှီအာဗလီတစ်လုံးကို အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ရှုတ်ချလိုက်ပါတယ်။

    အဲဒီတိုက်ခိုက်မှုဟာ ဆော်ဒီက ရှီအာအများစုနေထိုင်တဲ့ အလ်-အဆ်ဟာ ပြည်နယ် မဟာဆန်မြို့က ရီဇာဗလီဝတ်ကျောင်းတော်မှာ သောကြာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၄ ဦးသေဆုံးခဲ့ကာ ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုမှာပါဝင်တဲ့ တရားခံတွေ၊ စီစဉ်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေ အားလုံးကို တရားဥပဒေရှေ့မှောက် အရောက်ပို့ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ ထိခိုက်သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် အလွန်ဝမ်းနည်းကြေကွဲရကြောင်း ပြောဆိုခဲ့ပါတယ်။

    “အကြမ်းဖက်မှု ဘယ်လိုပုံစံမျိုးမဆို ရာဇ၀တ်မှုဖြစ်ပြီး၊ ဘယ်လိုဆင်ခြေမှ ပေးလို့မရပါဘူး။ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ဒီကျူးလွန်မှုကို အသိအမှတ်မပြုနိုင်ပါဘူး” လို့ လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အလ်-အဇ်ဟာရ်တက္ကသိုလ်ကလည်း အဆိုပါတိုက်ခိုက်မှုဟာ ၀တ်ပြုဆုတောင်းရာ ကျောင်းတော်ရဲ့ မြင့်မြတ်မှုကို ဖျက်လိုဖျက်ဆီးပြုတာဖြစ်တယ်လို့ ပြောဆိုကာ ဝေဖန်ရှုတ်ချခဲ့ပါတယ်။ အဲဒီဗုံးခွဲမှုဟာ ဘယ်သူ့လက်ချက်မှန်း မသိသေးပေမယ့် အရင်က IS အဖွဲ့ဟာ ဒီလိုတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ဖူးတာကြောင့် အခုလုပ်ရပ်ဟာလည်း သူတို့အဖွဲ့ပဲဖြစ်မယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

    အဲဒီတိုက်ခိုက်မှုဟာ ဆော်ဒီက ရှီအာလူနည်းစုကို ပစ်မှတ်ထားပြုလုပ်တဲ့ တိုက်ခိုက်မှုတွေထဲက နောက်ဆုံးပေါ်ထွက်လာတဲ့ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။

    Ref: Presstv

  • သမိုင်းဝင် ဘဒရ်မြို့အား ဆော်ဒီက အဆင့်မြှင့်တင်မည်

    သမိုင်းဝင် ဘဒရ်မြို့အား ဆော်ဒီက အဆင့်မြှင့်တင်မည်

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    badir

    – ဆော်ဒီအာရေဗျက သမိုင်းဝင် ဘဒရ်မြို့မှာ ဆော်ဒီရီယဲလ် ၂၁၉ သန်း လောက်ကုန်ကျမယ့် ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ၀န်ဆောင်မှုတွေကို စတင်ဆောင်ရွက်နေပြီလို့ မဒီနာအုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆယ် ဘင် ဆလ်မန်က ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    မင်းသားဟာ ဘဒရ်မြို့နေပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပြီး ခရီးသွားလာရေးလုပ်ငန်းအတွက် မြို့ရဲ့သမိုင်းဝင်ပြီး အရေးပါပုံကို အထူးအလေးပေး ပြောကြားခဲ့ပါတယ်။ နိုင်ငံထဲကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားနဲ့ ဧည့်သည်တော်တွေအတွက်လည်း ခရီးသွားလာရေးဆိုင်ရာ အစီအစဉ်တွေနဲ့ ၀န်ဆောင်မှုတွေကို အားကောင်းအောင် ပြုလုပ်နေမှုတွေနဲ့ ပတ်သက်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပြည်သူလူထုအကျိုးစီးပွားအတွက် ဆော်ဒီအစိုးရရဲ့ စီမံကိန်းတွေအောင်မြင်ရေး ကဏ္ဍအားလုံးအကြား ပူးပေါင်းဆောင်ရွက်ဖို့၊ ညှိနှိုင်းဆောင်ရွက်သွားဖို့အတွက်လည်း ဆလ်မန်က အလေးထား ပြောကြားခဲ့ပါတယ်။ ခရီးသွားလာရေး ကော်မရှင်နဲ့ စည်ပင်သာယာရေးအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း မင်းသားက ချီးကျူးခဲ့ပါတယ်။

    ဆော်ဒီအစိုးရရဲ့ ဘဒရ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေမှာ အထွေထွေဆေးရုံဆောက်လုပ်တာ အမျိုးသား၊ အမျိုးသမီးတွေအတွက် အဆင့်မြင့်ပညာရေးရရှိအောင် ဆောင်ရွက်တာ၊ လမ်း၊ တံတားနဲ့ အိမ်ယာတွေတည်ဆောက်တာတွေ ပါဝင်ပြီး ဥပဒေစိုမိုးရေးအဖွဲ့တွေ၊ စည်ပင်သာသာရေးအဖွဲ့တွေအတွက် အခြေခံအဆောက်အဦးတွေကိုလည်း တိုးချဲ့တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။

    အဲဒီစီမံကိန်းတွေမှာ လူမှုဖူလုံရေးနဲ့ အာမခံလုပ်ငန်း၊ အလုပ်အကိုင်ရှာဖွေပေးရေး စတဲ့ ပြည်သူလူထု ၀န်ဆောင်မှုလုပ်ငန်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

    Ref : Arabnews

  • မက္ကာတွင် အစ္စလာမ့်ယဉ်ကျေးမှုပြတိုက်တစ်ခု တည်ဆောက်မည်

    မက္ကာတွင် အစ္စလာမ့်ယဉ်ကျေးမှုပြတိုက်တစ်ခု တည်ဆောက်မည်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    makkah

    – ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်တဲ့ Mossessian Architecture က ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ “သက်ဝင်ယုံကြည်မှုအိုအေစစ်” လို့ခေါ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြတိုက်တစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေလို့ သိရပါတယ်။

    အစ္စလာမ်သာသနာ၊ အစ္စလာမ့်ယဉ်ကျေးမှု၊ အစ္စလာမ့်သမိုင်းတွေနဲ့ပက်သက်ပြီး အလေးပေးပြသမယ့် အဲဒီ ယဉ်ကျေးမှုဆိုင်ရာပြတိုက်တစ်ခု တည်ဆောက်ဖို့ တင်ဒါခေါ်ယူမှုအတွင်းမှာ Mossessian Architecture က အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။

    အဆိုပါပြတိုက်ကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကြီးရဲ့ ၇ ကီလိုမီတာအကွာအဝေးက ၅၆၀၀ စကွဲယားမီတာ အကျယ်အ၀န်းရှိတဲ့နေရာမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ပြတိုက်ထဲမှာ ပါဝင်မယ့်အရာတွေကတော့ ဧည့်ကြိုဆိုရေးနေရာ၊ အစ္စလာမ့်သမိုင်းဆိုင်ရာ ဓာတ်ပုံပြခန်း၊ ဇာတ်ရုံတစ်ခု၊ စာအုပ်ဆိုင်တစ်ခု၊ သင်ကြားရေးပြုလုပ်နိုင်မယ့် အခန်းတွေ ပါဝင်မှာဖြစ်ပြီး ပြတိုက်ရဲ့ အမိုးပေါ်မှာတော့ ရာသီဥတုကို ထိန်းညှိပေးမယ့် ပန်းခြံတစ်ခုနဲ့ စားသောက်ဆိုင်တွေ ပါဝင်မှာဖြစ်ပါတယ်။

    ပြတိုက်အပြင်ဘက်နံရံမှာ အစ္စလာမ်ကိုလက်ခံကျင့်သုံးနေတဲ့ ကမ္ဘာ့နိုင်ငံတစ်ခုစီကနေ ထွက်ရှိတဲ့ ကျောက်တွေနဲ့ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။ အတွင်းဘက် နံရံမှာတော့ မက္ကာမြို့အနီးမှာရှိတဲ့ တောင်တွေဆီကရတဲ့ ဟီဂျာဇီကျောက်နဲ့ မွမ်းမံချယ်သသွားမှာဖြစ်ပါတယ်

    “အခုဆောက်လုပ်မယ့် မက္ကာပြတိုက်ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းက အရပ်ရပ်က သန်းပေါင်းများစွာသော မွတ်စလင်တွေရဲ့ သက်ဝင်ယုံကြည်မှုကို ပြိုင်ဘက်ကင်း ထင်ဟပ်ပြသနိုင်မှာ ဖြစ်ပါတယ်။ မွတ်စလင်တွေရဲ့ အမြင့်မြတ်ဆုံးမြို့တော်မှာ ဒီလိုယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံမျိုး မရှိသေးပါဘူး” ဟု Mossessian Architecture ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။

    ၂၀၀၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Mossessian Architecture ကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတစ်ဝှမ်းမှာ ဗိသုကာဆိုင်ရာ စီမံကိန်းတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

    Ref: Arabnews

  • အစားအစာလေလွင့်မှု ထိန်းချုပ်ရေး ဆော်ဒီဆွေးနွေး

    အစားအစာလေလွင့်မှု ထိန်းချုပ်ရေး ဆော်ဒီဆွေးနွေး

    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media

    food waste

    – မြေအောက်ရေအပါအ၀င် တိုင်းပြည်ရဲ့သဘာဝသယံဇာတတွေကို ခြိမ်းခြောက်နေတဲ့အတွက် အစားအစာတွေ လေလွင့်မှုကို လျှော့ချဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်ရမယ်လို့ ဆော်ဒီနိုင်ငံ တော်ဝင်တရားရုံးတော်က အမိန့်ပေးညွှန်ကြားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီး အဗ္ဗဒူလ်ရာဟ်မန်အလ်ဖဒ်လီက ပြောကြားလိုက်ပါတယ်။

    မကြာသေးခင်က လေ့လာချက်တစ်ခုအရ ဆော်ဒီအာရေးဗီးယားရဲ့ တိုးပွားလာတဲ့လူဦးရေကြောင့် ယခုနှစ်မှာ အစားအစာပြုန်းတီးမှု တန်ချိန် ၁၄ သန်း ရှိရာကနေ ၂၀၂၀ ခုနှစ်မှာ တန်ချိန် ၁၇.၅ သန်း ရှိလာမယ့်အပြင် အလေအလွင့်တွေကို ပြန်လည်သိမ်းဆည်းရမယ့် ကုန်ကျစရိတ်ဟာ နှစ်စဉ် ဆော်ဒီရီယဲလ် သန်းပေါင်း ၃၆၀ လောက် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

    ‘အစားအစာ လေလွင့်ပြုန်းတီးမှုလျှော့ချရေး” ခေါင်းစဉ်နဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ဦးစီးဆောင်ရွက်တဲ့ အ
    လုပ်ရုံဆွေးနွေးပွဲတစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ ယူစွဖ် အလ်-ဆအစ်ဖ် တင်သွင်းတဲ့ စာတမ်းတစ်စောင်အရ ဆော်ဒီနိုင်ငံသားတိုင်းဟာ တစ်နှစ်မှာ ပျမ်းမျှ ၅၁၁ ကီလိုဂရမ်နှုန်း၊ တစ်ရက်မှာ ၁.၂ မှ ၁.၄ ကီလိုဂရမ်နှုန်း အစားအစာလေလွင့်မှုကို ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

    ဥယျာဉ်၊ ပန်းခြံတွေကထွက်တဲ့ အော်ဂဲနစ် ပစ္စည်းတွေနဲ့ စားကြွင်းစားကျန်တွေဟာ တစ်နိုင်ငံလုံး စွန်ပစ်ပစ္စည်းတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိပြီး၊ အစာကြွင်းအကျန် သီးသန့်ဆိုရင်တော့ တစ်နိုင်ငံလုံးက စွန့်ပစ်ပစ္စည်းတွေရဲ့ ၂၈ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါဟာ မင်္ဂလာပွဲတွေနဲ့ အခြားသော လူမှုရေးပွဲတွေမှာ အစားအသောက် ပိုလျှံမှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။

    မက်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော်ကြီးရဲ့ တရားဟောဆရာနဲ့ ရှေ့ဆောင်အီမာန်ဖြစ်ပြီး၊ အကြီးတန်း ဓမ္မပညာရှင်များကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ရှိုက်ဆွာလေ ဘင် ဟူမိုဒ် တင်သွင်းတဲ့ စာတမ်းမှာတော့ အစားအသောက်ဖြုန်းတီးခြင်းဟာ အပြစ်ထိုက်တယ်လို့ ဖော်ပြထားပါတယ်။

    Ref: Arabnews