News @ M-Media

Tag: saudi_arabia

  • အီရန်နှင့် စစ်ဖြစ်မည်မဟုတ်ဟု ဆော်ဒီပြော

    အီရန်နှင့် စစ်ဖြစ်မည်မဟုတ်ဟု ဆော်ဒီပြော

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    saudi 2
    ဆော်ဒီကာကွယ်ရေးဝန်ကြီး မိုဟာမက် ဘင် ဆလ်မန်

    – နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်နေသော်လည်း မိမိတို့မှာ အီရန်နှင့် စစ်မက်ဖြစ်ပွားမည်မဟုတ်ဘဲ မိမိတို့နှစ်နိုင်ငံကို စစ်ဖြစ်စေရန် တွန်းပို့နေသူများမှာ စိတ်သဘောထား မမှန်သူများသာဖြစ်သည်ဟု ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    “ဆော်ဒီနဲ့ အီရန်အကြား စစ်ဖြစ်တာဟာ ဒေသတွင်းမှာ ကပ်ဆိုးကြီးကို အစပျိုးလိုက်တာပါပဲ။ ပြီးတော့ ကျန်ရှိနေတဲ့ ကမ္ဘာတစ်ဝှမ်းလုံးကိုလည်း ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပါလိမ့်မယ်။ သေချာတာကတော့ ကျွန်တော်တို့ ဒီလိုမျိုး အဖြစ်မခံပါဘူး” ဟု ဆလ်မန်က The Economist နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    ရှီအာဘာသာရေခေါင်းဆောင်အား ဆော်ဒီက ကွပ်မျက်မှုနှင့်ပတ်သက်၍ အီရန်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများမှာ ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ပြီး၊ ထိုအဖြစ်အပျက်ကြောင့် ဆော်ဒီက အီရန်နှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ဆော်ဒီ၏ ထိုလုပ်ရပ်ကြောင့် ကမ္ဘာ့နိုင်ငံများက စိုးရိမ်မိကြောင်း ပြောကြားခဲ့ကြသည်။

    ထိုကဲ့သို့ တင်းမာမှုများက စစ်ရေးပဋိပက္ခအသွင် ဆောင်သွားတော့မည်ဆိုသည့် ဖော်ပြမှုများလည်း ရှိခဲ့သည်။ သို့သော်လည်း ဆော်ဒီကာကွယ်ရေးဝန်ကြီးက ထိုကဲ့သို့ ဖြစ်မည်မဟုတ်ဟု ဆိုသည်။

    “(စစ်ဖြစ်ပွားဖို့ဆိုတာဟာ) ကျွန်တော်တို့ လုံးဝ မစဉ်းစားတဲ့အရာပါ။ ဒါမျိုးဖြစ်လာဖို့ တွန်းပို့နေတဲ့သူတွေဟာ စိတ်ထားမမှန်သူတွေပါပဲ” ဟု ဆလ်မန်က ထည့်သွင်းပြောကြားခဲ့သည်။

    ဆွေးနွေးရန် အဆင်သင့်ရှိနေ

    အီရန်သမ္မတ ဟာဆန်ရူဟာနီကလည်း ဆော်ဒီနှင့် သံတမန်ရေးရာတင်းမာမှု လျော့ပါးရေးအတွက် ဆွေးနွေးရန် အဆင်သင့်ရှိနေသည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ ဒေသတွင်းက နိုင်ငံအားလုံးနဲ့ ရင်းနှီးချစ်ခင်မှု၊ ညီရင်းအကိုဖြစ်မှုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို လိုချင်ပါတယ်” ဟု ရူဟာနီက ဆိုသည်။ ထို့ပြင် ဆော်ဒီအနေဖြင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်မှုကို ပြန်စဉ်းစားရန်အတွက် ဆော်သြခဲ့ပြီး IS အား ဘုံရန်သူအဖြစ် သဘောထားကာ တိုက်ခိုက်မှုတွင် အပြုသဘောဆောင်သည့် ကူညီမှုများကို ပေးရန်အတွက်လည်း တိုက်တွန်းခဲ့သည်။

    ရူဟာနီမှာ တီဟီရန်ရှိ ဆော်ဒီသံရုံးအား တိုက်ခိုက်မှုတွင် ပါဝင်သူများကို ဖမ်းဆီး၊ အရေးယူ၊ အပြစ်ပေးရန် အတွက်လည်း တရားရေးဌာနကို အမိန့်ပေးထားသည်။

    “တိုက်ခိုက်တဲ့သူတွေဟာ ရာဇ၀တ်ကောင်တွေဖြစ်ပြီး သူတို့ရဲ့ တရားမဲ့တဲ့ ဒီလုပ်ရပ်၊ အစ္စလာမ့်ရဲ့ သွန်သင်မှုနဲ့ မကိုက်ညီတဲ့ ဒီလုပ်ရပ်ဟာ အီရန်ရဲ့ နိုင်ငံတကာ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်” ဟူ ရူဟာနီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT, IINA

  • ဆော်ဒီက အီရန်နှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်

    ဆော်ဒီက အီရန်နှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်

    ဇန်န၀ါရီ ၄၊ ၂၀၁၆
    M-Media

    iran a

    – ထိပ်တန်း ရှီအာ ဘာသာရေးပညာရှင်တစ်ဦးကို ဆော်ဒီက ကွပ်မျက်မှု၏ နောက်ဆက်တွဲအဖြစ် တီဟီရန်ရှိ ဆော်ဒီသံရုံး တိုက်ခိုက်ခံရပြီးနောက်ပိုင်း အီရန်နှင့် သံတမန်အဆက်အသွယ်ကို ဖြတ်တောက်လိုက်ပြီဟု ဆော်ဒီအာရေဗျက ကြေငြာလိုက်သည်။

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီရ်က ယမန်နေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တီဟီရန်ရှိ ၎င်းတို့သံအဖွဲ့အား ၄၈ နာရီအတွင်း ပြန်လာရန် အမိန့်ပေးထားသည်။ ထို့ပြင် မိမိတို့၏ သံအဖွဲ့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး ဆော်ဒီသို့ ပြန်လာနေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်သွင်းကြေငြာခဲ့သည်။

    နောက်ပိုင်းတွင်မူ ဆော်ဒီသံအဖွဲ့အား တင်ဆောင်လာသည့် လေယာဉ်မှာ ယူအေအီးနိုင်ငံ ဒူဘိုင်းသို့ ရောက်ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနမှာ စနေနေ့က လူ ၄၇ ဦးကို အကြမ်းဖက်မှု စွဲချက်များဖြင့် ကွပ်မျက်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် အလ်-ကိုင်းဒါးခေါင်းဆောင်နှင့် ရှီအာ ဘာသာရေးခေါင်းဆောင် နီမာရ် အလ်-နီမာရ်လည်း ပါဝင်ခဲ့သည်။

    ကွပ်မျက်လိုက်သူများထဲမှ အများစုမှာ ၂၀၀၃ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်များက ဆော်ဒီတွင် အလ်-ကိုင်းဒါးမှ ဆောင်ရွက်သည်ဆိုသော တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူများဖြစ်သည်။

    နီမာရ်မှာ အကြမ်းဖက်မှုပြုလုပ်ရန် လှုံ့ဆော်ပေးသည်ဟု စွပ်စွဲခံရပြီး ၂၀၀၁ ခုနှစ်က ဆော်ဒီအရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကို ဦးဆောင်သည်ဟု စွဲချက်တင်ခံထားရသည်။ ၎င်းအား ဆူပူထကြွအောင် လှုံ့ဆော်ခြင်း၊ ဥပဒေမနာခံခြင်းနှင့် လက်နက်ကိုင်ဆောင်ခြင်းတို့ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    နီမာရ်ကမူ နိုင်ငံရေးစွဲချက်များကို ငြင်းဆိုခြင်း မပြုခဲ့သော်လည်း လက်နက်ကိုင်ဆောင်ခြင်း သို့မဟုတ် အကြမ်းဖက်ရန် ဆော်သြခြင်း စသည့် စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။ နီမာရ်မှာ အီရန်နိုင်ငံတွင် ဘာသာရေးဆိုင်ရာများကို ဆယ်စုနှစ်တစ်ခုကြာ လေ့လာခဲ့သူဖြစ်သည်။

    ၎င်းအား ကွပ်မျက်မှုကြောင့် နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး တီဟီရန်ရှိ ဆော်ဒီသံရုံးမှာလည်း စနေနေ့ညပိုင်းက မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

    တနင်္ဂနွေနေ့ အစောပိုင်းတွင်မူ အီရန်သမ္မတ ဟာဆန်ရူဟာနီက အဆိုပါ သံရုံးတိုက်ခိုက်မှုတွင် ပါဝင်သူများကို ဖမ်းဆီးရန် အမိန့်ပေးခဲ့ပြီး နီမာရ်အား ကွပ်မျက်မှုကိုလည်း ရှုတ်ချခဲ့သည်။

    Ref: Aljazeera

  • IS ကို အစ္စလာမ့် စစ်ရေးမဟာမိတ်အဖွဲ့က ချေမှုန်းနိုင်မည်ဟု ဆော်ဒီ မွဖ်သီချုပ် ပြော

    IS ကို အစ္စလာမ့် စစ်ရေးမဟာမိတ်အဖွဲ့က ချေမှုန်းနိုင်မည်ဟု ဆော်ဒီ မွဖ်သီချုပ် ပြော

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    mufti

    – အစ္စလာမ်ဘာသာဝင် အများစုရှိသည့် နိုင်ငံ ၄၀ ကျော် ပါဝင်ကာ အသစ်ဖွဲ့စည်းလိုက်သော အစ္စလာမ့်စစ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့မှာ IS အဖွဲ့ကို ချေမှုန်းနိုင်လိမ့်မည်ဟု ဆော်ဒီ မွဖ်သီချုပ် ရှိခ် အဗ္ဗဒူလ်အဇီးဇ်သည် ပြောကြားလိုက်သည်။

    မွဖ်သီချုပ်မှာ IS အဖွဲ့ကို အစ္စရေးစစ်တပ်၏ လက်ခွဲတစ်ခုအဖြစ် ဝေဖန်ပြောဆိုခဲ့ပြီး IS အဖွဲ့သားများမှာ အစ္စလာမ်နှင့် မွတ်ဆလင်များအား အကြီးအကျယ် ထိခိုက်ပျက်စီးအောင် ဒုက္ခပေးနေသည်ဟု ဆိုသည်။

    “ဒီလူတွေကို ဘယ်လိုနည်းနဲ့မှ အစ္စလာမ်ကို လိုက်နာကျင့်သုံးသူတွေအဖြစ် သတ်မှတ်လို့ မရပါဘူး။ ဖြစ်နိုင်တာက မွတ်ဆလင်တွေကို မိစ္ဆာဒိဌိတွေလို့ စွပ်စွဲပြီးတော့ သွေးချောင်းစီးသတ်ဖြတ်ပြီး အစ္စလာမ့် ခလီဖာတွေကို ဖြုတ်ချတော်လှန်ဖို့ ထကြွခဲ့တဲ့ ခါရာဂျိုက်စ်အဖွဲ့ရဲ့ မျိုးဆက်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်” ဟု မွဖ်သီချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

    မကြာသေးခင်က IS ခေါင်းဆောင် ဘဂ္ဂဒါဒီမှာ အစ္စရေးအား ခြိမ်းခြောက်ခဲ့သည့်ဖြစ်ရပ်ကို ရည်ညွှန်း၍လည်း “အစ္စရေးကို ခြိမ်းခြောက်ပြောဆိုမှုဟာ လိမ်ညာမှုသက်သက်ပဲ ဖြစ်ပါတယ်၊ တကယ်တော့ IS ဆိုတာ အစ္စရေးစစ်သားတွေပါပဲ” ဟု ပြောကြားခဲ့သည်။

    Ref: IINA

  • လူသေမှုရင်ဆိုင်နေရသူ ဖိလစ်ပိုင်အလုပ်သမားအတွက် ဆော်ဒီအလုပ်ရှင်က လျော်ကြေးပေး ကယ်ထုတ်ခဲ့

    လူသေမှုရင်ဆိုင်နေရသူ ဖိလစ်ပိုင်အလုပ်သမားအတွက် ဆော်ဒီအလုပ်ရှင်က လျော်ကြေးပေး ကယ်ထုတ်ခဲ့

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    money

    – ကားမတော်တဆမှုတစ်ခုတွင် အိန္ဒိယနိုင်ငံသားတစ်ဦးကို သေစေခဲ့သော ဖိလစ်ပိုင်တစ်ဦးအား အမှုမှလွတ်မြောက်စေရန်အတွက် တရားလိုဘက်မှတောင်းဆိုသော အသက်လျော်ကြေး ရီယဲလ် ၂၂၅၀၀၀ ကို ဆော်ဒီသူဌေးနှစ်ဦးမှ ပေးချေခဲ့သည်ဟု သိရသည်။

    အသက်လျော်ကြေးကို သေဆုံးသူ၏ ဆွေမျိုးများက တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသားမှာ အဆိုပါ သူဌေးနှစ်ဦး၏ လုပ်ငန်းများတွင် လုပ်ကိုင်ပေးနေသည့် အလုပ်သမားတစ်ဦးဖြစ်သည်။ ဆော်ဒီတရားရုံးကမူ ဖိလစ်ပိုင်အမျိုးသားကို အမှုပိတ်၍ လွှတ်ပေးရန် အကျဉ်းထောင်အား အမိန့်ပေးခဲ့သည်။

    အဆိုပါ ဖိလစ်ပိုင်အမျိုးသားမှာ ဆော်ဒီအလယ်ပိုင်း အလ်ရက်စ်မြို့၌ ဗန်ကားတစ်စီးမောင်းစဉ် လမ်းလျှောက်လာသူ အိန္ဒိယနိုင်ငံသားကို တိုက်မိကာ နေရာတွင် သေဆုံးသွားခြင်းဖြစ်သည်။ ဖိလစ်ပိုင်သံရုံးကမူ ဆော်ဒီသူဌေးများ၏ ထိုအပြုအမူအတွက် ကျေးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Arabnews

  • မီးလောင်နေသော ဆေးရုံမှ ကလေးငယ် ၇ ဦးကို ဆော်ဒီသူနာပြုတစ်ဦး သက်စွန့်ဆံဖျား ကယ်တင်ခဲ့

    မီးလောင်နေသော ဆေးရုံမှ ကလေးငယ် ၇ ဦးကို ဆော်ဒီသူနာပြုတစ်ဦး သက်စွန့်ဆံဖျား ကယ်တင်ခဲ့

    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    saudi

    – ဆော်ဒီအာရေဗျနိုင်ငံ ဂျာဇန်ဆေးရုံတွင် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့သော မီးလောင်မှုအတွင်း သူနာပြုတစ်ဦးမှာ လသားကလေးငယ် ၇ ဦးကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့သည်ဟု သိရသည်။

    ဆေးရုံ၏ ပထမထပ်မှ စတင်ခဲ့သော အဆိုပါမီးလောင်မှုအတွင်း အမီရာ အစ္စမာအီလ်နှင့် လုပ်ဖော်ကိုင်ဖက်များမှာ ကလေးဆောင်မှ ကလေးငယ် ၇ ဦးကို အန္တရာယ်များကြားမှ ကယ်တင်ခဲ့ကြခြင်းဖြစ်သည်။ ကြာသာပတေးနေ့ နံနက် ၁ နာရီခန့်တွင် သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ညှော်နံ့ရကြောင်း ပြောကြားခဲ့သည်ဟု မီးလောင်မှုကြောင့် ထိတ်လန့်နေသည့် အစ္စမာအီလ်က ဆိုသည်။

    စောစောပိုင်းတွင် သူမမှာ မည်သည့်အနံ့မှ မရခဲ့သော်လည်း သွားရောက်ကြည့်ရှုသည့်အခါ ပိုးသတ်ဆေးထားသော အခန်းတွင်းမှ မီးခိုးငွေ့များထွက်ပေါ်လာသည်ကို တွေ့ရခဲ့လေသည်။ ထို့နောက် အမျိုးသမီးလုံခြုံရေးများက မီးလောင်နေသည်ဟု အော်ဟစ်ပြီး အားလုံးကို အခန်းထဲမှ ထွက်ရန် ပြောဆိုခဲ့သည်ဟု မီရာ အစ္စမာအီလ်က မီးလောင်မှုဖြစ်စဉ်ကို ပြန်ပြောင်းပြောကြားခဲ့သည်။

    သူမနှင့် လုပ်ဖော်ကိုင်ဖက်များမှာ ကလေးအဆောင်အားလှမ်းကြည့်လိုက်သည့်အခါတွင် အဆောင်အ၀တွင် မီးတောက်များ လောင်မြိုက်နေသည်ကို တွေ့ခဲ့ရသည်။

    “ကျွန်မသူငယ်ချင်းတွေနဲ့အတူ ကျွန်မပါ စပြီး အော်ငိုတော့တာပဲ၊ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်ပြီး အပြင်ထွက်မပြေးတော့ပါဘူး။ ကလေးဆောင်မှန်တံခါးတွေကို ရိုက်ခွဲဖွင့်ဖို့ လုံခြုံရေးတွေကို ကျွန်မ ပြောလိုက်ပါတယ်။ ကျွန်မ၀င်ပြီး အထဲရောက်တဲ့အခါမှာ ကလေး ၇ ယောက်ကို တွေ့ပါတယ်။ ဒါနဲ့ ကလေး လေးယောက်ကို အ၀တ်တစ်ခုထဲထည့်ပြီး သူငယ်ချင်းတွေကို အပြင်ယူသွားဖို့ ပြောလိုက်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။ သူမနှင့် အခြားသော လုပ်ဖက်ကိုင်ဖက်များမှာ ကလေးဆောင်မှ ကျန်ကလေးများနှင့် အထူးကြပ်မတ်ကုသဆောင်တွင် တွေ့ရှိသော ကလေးများ၏ အသက်ကို ကယ်တင်နိုင်ခဲ့လေသည်။

    “ကလေးအားလုံးကို အပြင်ကို ခေါ်ထုတ်သွားနိုင်ပါတယ်၊ အခြေအနေလည်းကောင်းကြပါတယ်” ဟု သူမက ဆိုသည်။ အစ္စမာအီလ်က သူမမှာ အကူအညီအော်ဟစ်တောင်းခံနေသည့် သက်ကြီးရွယ်အိုများ၊ သေဆုံးသွားသူများကို တွေ့ရှိခဲ့ရပြီး ထိုမြင်ကွင်းကြောင့် ယခုအချိန်အထိ အိပ်မပျော်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arabnews