ဖေဖော်ဝါရီ ၃၊ ၂၀၁၆
M-Media
– ပြီးခဲ့တဲ့ တစ်ပတ်က နိုင်ငံအရှေ့ပိုင်း အလ်-အဟ်ဆာမှာရှိတဲ့ ရှီယိုက်ဗလီတစ်လုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့မှုအပေါ် ဆော်ဒီအစိုးရအဖွဲ့က တနင်္လာနေ့မှာ ဝေဖန်ရှုတ်ချလိုက်ပြီး အကြမ်းဖက်သမားတွေနဲ့ နောက်ကွယ်က ထောက်ပံ့ပေးသူတွေကို ဖမ်းဆီးကာ တရားဥပဒေရှေ့မှောက် ပို့ဆောင်နိုင်အောင် ကြိုးပမ်းအားထုတ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်သမားတွေဟာ လူ့အသက်ကို လေးစားတန်ဖိုထားရကောင်းမှန်းမသိဘဲ လုပ်ဆောင်နေကြတာဖြစ်ပြီး သူတို့ရဲ့လုပ်ရပ်တွေက အစ္စလာမ့်တရားတော်အရရော၊ လူသားချင်းစာနာထောက်ထားမှုအရပါ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ရီယာ့ဒ်မြို့တော်က ယမာမာနန်းတော်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ဆွေးနွေးပွဲမှာ ၀န်ကြီးတွေက ပြောကြားခဲ့တာပါ။
ဆွေးနွေးပွဲအစမှာ ဘုရင်ဆလ်မန်က ဂျာမန်အဓိပတိနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ဆီက လက်ခံရရှိခဲ့တဲ့ ဖုန်းခေါ်ဆိုမှုနဲ့ပတ်သက်တဲ့ အကြောင်းတွေကို အကျဉ်းချုပ်ကို ဖော်ပြခဲ့ပြီး၊ တူရကီဝန်ကြီးချုပ်၊ အမေရိကန် ဗဟိုစစ်ဌာနချုပ်က တပ်မှူး၊ အင်ဒိုနီးရှားနဲ့ မလေးရှား ကာကွယ်ရေးဝန်ကြီးများ၊ ဘရူးနိုင်း ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံမှု အသေးစိတ်ကိုလည်း အစီရင်ခံခဲ့ပါတယ်။ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းဖို့အတွက် ဒီနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့လည်း ဘုရင်ကြီးက ဆိုပါတယ်။
အစည်းအဝေးမှာ ရှီယိုက်ဗလီဗုံးခွဲခံရမှုကိစ္စ၊ ယီမင်စစ်ပွဲကိစ္စတွေကိုလည်း ဆော်ဒီဝန်ကြီးတွေက ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဆော်ဒီအာရေဗျက ရှီယိုက်ပြည်သူအများစုနေထိုင်တဲ့ ဒေသက ဗလီဝတ်ကျောင်းတော်တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး IS အကြမ်းဖက်အဖွဲ့ကတော့ သူတို့လက်ချက်ကို ကြေငြာခဲ့ပါတယ်။
Ref: Arabnews
Leave a Reply
You must be logged in to post a comment.