News @ M-Media

Tag: SaudiArabia

  • ဆော်ဒီ၏ ပထမဆုံးစစ်သမီးအဖွဲ့ အောင်မြင်စွာ သင်တန်းဆင်း

    ဆော်ဒီ၏ ပထမဆုံးစစ်သမီးအဖွဲ့ အောင်မြင်စွာ သင်တန်းဆင်း

    စက်တင်ဘာ ၂၊ ၂၀၂၁
    M-Media

    -ဆော်ဒီအာရေဗျရဲ့ ပထမဆုံး စစ်သမီးတွေဟာ မနေ့က အမျိုးသမီးစစ်သင်တန်းကျောင်းကနေ အောင်မြင်စွာ သင်တန်းဆင်းခဲ့ပြီ ဖြစ်ပါတယ်။

    သင်တန်းဆင်းပွဲအခမ်းအနားကို စစ်ဦးစီးအရာရှိချုပ် ဖေယဒ် အလ်-၇ူဝေလီအပါအဝင် စစ်ဖက် ထိပ်တန်းပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

    ဆော်ဒီစစ်တပ်ရဲ့ ပညာရေးနဲ့ လေ့ကျင့်သင်ကြားမှုဆိုင်ရာ အကြီးအကဲ ​ဗိုလ်ချုပ် အဒဲလ် အလ်-ဘာလာဝီက အမျိုးသမီးစစ်သည်တွေကို နိုင်ငံကာ စံချိန်စံညွှန်းနဲ့အညီ သင်ရိုးရေးဆွဲကာ စစ်ပညာ၊ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို သင်ကြားပေးခဲ့ကြောင်း၊ အနာဂတ် စစ်တပ်ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက် အောင်မြင်ရေးမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်က အထောက်အကူပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူမှုရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ ဆော်ဒီအာရေဗျဟာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး နိုင်ငံအတွင်းရှိနေတဲ့ ရှေးရိုးစွဲအမြင်တွေ၊ ကန့်သတ်မှုတွေ ပယ်ဖျက်တာကိုလည်း လုပ်ဆောင်နေပါတယ်။

    နှစ်ပေါင်းများစွာ ရှိလာတဲ့ အမျိုးသမီးကားမောင်းခွင့် ပိတ်ပင်ထားမှုကို ၂၀၁၈ ခုနှစ်မှာ ပယ်ဖျက်ခဲ့သလို၊ အမျိုးသားအုပ်ထိန်းသူပါမှ ခရီးသွားခွင့်ရှိတဲ့ ကန့်သတ်ချက်ကိုလည်း ၂၀၁၇ ခုနှစ်မှာ ပယ်ဖျက်ခဲ့ပါတယ်။

    နိုင်ငံစစ်တပ်မှာ အမျိုးသမီးတွေ စစ်မှုထမ်းခွင့်ကို အခုနှစ်အစောပိုင်းကစတင်ပြီး ခွင်ပြုခဲ့ပါတယ်။ အသက် ၂၁ နှစ်ကနေ ၄၀ အရွယ်အတွင်းရှိတဲ့ အမျိုးသမီးတွေဟာ ဆော်ဒီကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ဒုံးကျည်တပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Al Arabiya

  • ရုရှားနှင့်ဆော်ဒီ စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူစာချုပ်ချုပ်

    ရုရှားနှင့်ဆော်ဒီ စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူစာချုပ်ချုပ်

    ဩဂုတ် ၂၄၊ ၂၀၂၁
    M-Media

    ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဖိုမင်နှင့် ဆော်ဒီ ဒုတိယကာကွယ်ရေးဝန်ကြီး မင်းသား ခါလစ်

    -ဆော်ဒီအာရေဗျနဲ့ ရုရှားတို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သဘောတူညီချက်တစ်ရပ်ကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဆော်ဒီ ဒုတိယကာကွယ်ရေးဝန်ကြီး မင်းသား ခါလစ်ဘင် ဆလ်မန်ဟာ နိုင်ငံတကာ စစ်ဖက်နည်းပညာဆိုင်ရာ ဖိုရမ်ကို တက်ရောက်ဖို့အတွက် ရုရှားနိုင်ငံကို ရောက်ရှိနေချိန် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင်နဲ့ တွေ့ဆုံပြီး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

    မင်းသား ခါလစ်ဟာ ရုရှားကာကွယ်ရေဝန်ကြီး ဆာဂျီရှိုဂူနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေကို ​ဆွေးနွေးခဲ့ကြပါတယ်။

    “ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေး ကျွန်တော်တို့ရဲ့ ဘုံကြိုးပမ်းအားထုတ်မှုတွေ အကြောင်းဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း မျှဝေသုံးသပ်ခဲ့ကြပါတယ်” လို့ မင်းသားခါလစ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဆော်ဒီဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး အခုနှစ်တွေအတွင်း ရုရှားနဲ့ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

    Ref: Arab News

  • ဆော်ဒီအာရေဗျ၏ Made in Saudi စီမံကိန်းတွင် ကုမ္ပဏီ ၉၀၀ ကျော်မှတ်ပုံတင်ထား

    ဆော်ဒီအာရေဗျ၏ Made in Saudi စီမံကိန်းတွင် ကုမ္ပဏီ ၉၀၀ ကျော်မှတ်ပုံတင်ထား

    ဩဂုတ် ၂၃၊ ၂၀၂၁

    M-Media 

    – ပြည်ပသွင်းကုန် လျှော့ချရေးနဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေး ရည်ရွယ်တဲ့ Made in Saudi စီမံကိန်းမှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီပေါင်း ၉၀၀ ကျော်ရှိတယ်လို့ ဆော်ဒီအာရေဗျ ပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (SEDA) က ပြောပါတယ်။ 

    Made in Saudi စီမံကိန်းကို အခုနှစ် မတ်လက စတင်ခဲ့ပြီး အီလက်ထရောနစ်၊ ဆောက်လုပ်ရေးပစ္စည်း၊ ဓာတုဗေဒပစ္စည်း အပါအဝင် လုပ်ငန်းကဏ္ဍပေါင်း ၁၆ ခုပါဝင်ကာ နောက်ပိုင်းမှာ အခြားကဏ္ဍတွေကိုလည်း တိုးချဲ့ဖို့ ရှိနေပါတယ်။ 

    လက်ရှိ စာရင်းသွင်းထားတဲ့ ကုမ္ပဏီ ၉၀၀ ကျော်ဟာ ကုန်ပစ္စည်းပေါင်း နှစ်ထောင်ကျော်ကို ထုတ်လုပ်မှာဖြစ်ပါတယ်။ 

    နိုင်ငံစီးပွားရေး ရေနံအပေါ်မှီခိုနေရမှုကို လျှော့ချရေးနဲ့ နယ်ပယ်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆော်ဒီဟာ ၂၀၃၀ စီမံကိန်း ထားရှိဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းထဲမှာ ကုန်ထုတ်လုပ်ငန်းတိုးမြှင့်ပြီး ပြည်တွင်းမှာသာမက ပြည်ပကိုပါတင်ပို့နိုင်ရေး ဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။ 

    Made in Saud စီမံကိန်းကို ဆော်ဒီအစိုးရက ထိထိရောက်ရောက် ပံ့ပိုးကူညီပေးပြီး ၂၀၃၀ ရောက်ရင် ပြည်တွင်း ကုတ်ထုတ်မှုလုပ်ငန်းဟာ နိုင်ငံ GDP ရဲ့ ၆၅ ရာခိုင်နှုန်းရှိရေး၊ ရေနံမဟုတ်တဲ့ ကုန်ပစ္စည်းတင်ပို့မှု ၅၀ ရာခိုင်နှုန်းအထိ ရှိရေး ရည်မှန်းထားတာ ဖြစ်ပါတယ်။ 

    Ref: Saudi Gazette

  • ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားသားများကို ဆော်ဒီက အွမ္မရာဟ်ပြုခွင့်ပေးမည်

    ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားသားများကို ဆော်ဒီက အွမ္မရာဟ်ပြုခွင့်ပေးမည်

    ဩဂုတ် ၈၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံခြားသားတွေကို အွမ္မရာဟ် ဘုရားဖူးခွင့်ပြုမယ်လို့ ဆော်ဒီအာရေဗျက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။

    နိုင်ငံခြားသားတွေဟာ ဩဂုတ်လ ၉ ရက်နေ့က စတင်ပြီး လျှောက်ထားနိုင်မှာပါ။ ပထမပိုင်းမှာ တစ်လကို လူပေါင်း ၆ သောင်း အွမ္မရာဟ်ပြုခွင့်ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာ တစ်လ ၂ သန်းအထိ တိုးမြှင့် ခွင့်ပြုပေးမယ်လို့ ဆော်ဒီ ဟဂျ်နှင့် အွမ္မရာဟ်ရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ဆော်ဒီက နိုင်ငံခြားသား ဘုရားဖူးခရီးသည်တွေကို ဝင်ခွင့်မပြုတာ ၁၈ လရှိသွားပြီ ဖြစ်ပါတယ်။

    အွမ္မရာဟ်ပြုခွင့် လျှောက်ထားရာမှာ နိုင်ငံခြားသားတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ကို တစ်ပါတည်း တင်ပြရမှာဖြစ်ပါတယ်။ ဆော်ဒီအာရဗျက ကိုဗစ်ကြောင့် ပြည်ဝင်ခွင့်ပိတ်ထားတဲ့ နိုင်ငံတွေက ကာကွယ်ဆေးထိုးပြီးသား လူတွေဟာ ရောက်ရောက်ချင်း ကွာရန်တင်း ဝင်ရမှာပါ။

    ဆော်ဒီဟာ ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်ကတည်းက အွမ္မရာဟ်ဘုရားဖူးခွင့် ပိတ်ထားရာကနေ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြည်တွင်းက ကာကွယ်ဆေးထိုးပြီးသားသူတွေအတွက် ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ် ဟဂျ်တို့ကို ဆော်ဒီက နိုင်ငံအတွင်းမှာရှိနေတဲ့ လူအနည်းငယ်ကိုသာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Saudi Press

  • ဆော်ဒီ-အီရန် ပြန်လည်သင့်မြတ်မှုကို လာမယ့်သီတင်းပတ်အတွင်း တွေ့ရဖွယ်ရှိ

    ဆော်ဒီ-အီရန် ပြန်လည်သင့်မြတ်မှုကို လာမယ့်သီတင်းပတ်အတွင်း တွေ့ရဖွယ်ရှိ

    ဇူလိုင် ၃၁၊ ၂၀၂၁

    M-Media 

    -အရှေ့အလယ်ပိုင်း ရန်ဘက်နိုင်ငံတွေဖြစ်ကြတဲ့ ဆော်ဒီအာရေဗျနဲ့ အီရန်တို့အကြား ပြန်လည်သင့်မြတ်မယ့် အခင်းအကျင်းအသစ်တစ်ခုကို လာမယ့်တစ်ပတ်အတွင်း မြင်တွေ့ရဖွယ်ရှိတယ်လို့ ဒေသတွင်း မီဒီယာ​တွေက ဖော်ပြပါတယ်။ 

    ဆော်ဒီက ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်လိုက်တဲ့ကိစ္စ နောက်ဆက်တွဲ အီရန်မြို့တော် တီဟီရန်က ဆော်ဒီကောင်စစ်ဝန်ရုံးကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဆော်ဒီနဲ့ အီရန်တို့အကြား သံတမန်ဆက်ဆံရေး အဆုံးသတ်သွားတာပါ။

    ဒါပေမယ့် အခုနှစ် ဧပြီလကစလို့ နှစ်နိုင်ငံ ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပြီး ဒီကိစ္စမှာ အီရတ်က ကြားဝင်စေ့စပ်ပေးနေပါတယ်။ ဒီဆွေးနွေးမှုရဲ့ အသီးအပွင့်ကို ​လာမယ့်တစ်ပတ်အတွင်း တွေ့မြင်ရဖွယ် ရှိပါတယ်။

    အီရန်သမ္မတသစ် အီဘရာဟင် ရိုင်စီရဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပမယ့် ကျမ်းကျိန်ပွဲ အခမ်းအနားကို ကိုစားလှယ်အဖွဲ့တစ်ခု စေလွှတ်ဖို့ ဆော်ဒီက သတင်စကားပါးထားကြောင်း အီရန်မီဒီယာတွေက ဖော်ပြပါတယ်။ ရိုင်စီဟာ ဇွန်လ ၂၁ ရက်နေ့မှာလုပ်တဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ အတိတ်က အဖြစ်အပျက်တွေကို သင်ပုန်းချေပြီး ဆော်ဒီနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ဆော်ဒီအာရဗျနဲ့ အီရန်တို့ဟာ ဒေသတွင်း ပဋိပက္ခတွေမှာ ဆန့်ကျင်ဖက်အဖွဲ့တွေကို ထောက်ခံအားပေးနေကြပါတယ်။

    အရှေ့အလယ်ပိုင်းက ရန်ဖက်နှစ်နိုင်ငံ အခုလို ပြန်လည်သင့်မြတ်တာဟာ ဒေသတွင်းက ပြဿနာတွေအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိနိုင်ပြီး၊ အာရပ်နိုင်ငံတွေကို Abraham Accords နဲ့ သိမ်းသွင်းကာ အီရန်ကို ရင်ဆိုင်ဖို့ ကြိုးစားနေတဲ့ အစ္စရေးအတွက် ထိုးနှက်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref : Asia Times