News @ M-Media

Tag: SaudiArabia

  • မက္ကာနှင့် မဒီနာမှ မြင့်မြတ်ရာဗလီနှစ်လုံး မကြာခင် ပြန်ဖွင့်တော့မည်

    မက္ကာနှင့် မဒီနာမှ မြင့်မြတ်ရာဗလီနှစ်လုံး မကြာခင် ပြန်ဖွင့်တော့မည်

    ဧပြီ ၃၀၊ ၂၀၂၀
    M-Media

    -မက္ကာမြို့က ‘မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ’ မဒီနာမြို့က ‘မတ်စ်ဂျစ်ဒ်နဗဝီ’ ဗလီတို့ကို လူအများ ဝတ်ပြုနိုင်အောင် ပြန်လည်ဖွင့်ပေးဖို့ စီစဉ်နေတယ်လို့ ဂေါပကအဖွဲ့ အကြီးအကဲ ရှိခ် အဘ်ဒူလ်ရဟ်မန် အလ်-ဆူဒိုက်စ်က ပြောကြားလိုက်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုကြောင့် ဆော်ဒီအာရေဗျ တစ်နိုင်ငံလုံးမှာ ဗလီဝတ်ကျောင်းတော်တွေကို ပိတ်ထားပြီး မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် နှစ်လုံးမှာတော့ ဗလီဆရာတွေနဲ့ ဝန်ထမ်းတွေ ရမ်ဇာန်ဥပုသ်လ သာရာဝီ ဝတ်ပြုမှုကို ခွင့်ပြုထားပါတယ်။

    အလ်-ဆူဒိုက်စ်က မြင့်မြတ်ရာဗလီတွေ ပိတ်ထားရတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝမ်းနည်းမှုနေ့ရက်တွေ မကြာခင် ကုန်ဆုံးတော့မယ်လို့ အင်္ဂါနေ့က သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေက ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    “အစ္စလာမ်လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ ဝမ်းနည်းမှုတွေ ပျောက်ကင်းသွားမယ့်ရက်တွေ ရောက်လာပါတော့မယ်။ မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ ခုမှာ ဝတ်ပြုဆုတောင်းလို့ရတဲ့နေ့၊ ဆဖာရ်နဲ့ မရ်ဝါတောင်တွေကို ဆအီပြုလို့ရတဲ့နေ့၊ ကိုတော်မြတ်ရဲ့ ဂူဗိမာန်တော်ကို သွားရောက်ဂါရ၀ပြုကာ အဲဒီမှာ ဝတ်ပြုဆု​တောင်းလို့ရမယ့် နေ့ရက်တွေ လာတော့မှာပါ”

    အစိုးရဟာ ဒီ မြင့်မြတ်ရာဗလီနှစ်လုံးမှာ ဘေးအန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ရေးအတွက် စိတ်အားထက်သန်စွာ လုပ်ဆောင်နေတယ်လို့လည်း အလ်-ဆူဒိုက်စ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆော်ဒီ ဟဂျ်နှင့် အွမ္မရာ ဘုရားဖူးရေးရာဝန်ကြီးဌာနက မက္ကာနဲ့ မဒီနာမြို့တွေက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ လုံးကို မကြာခင် ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    လက်ရှိ မတ်စ်ဂျစ်ဒ်ဟရမ်နဲ့ မတ်စ်ဂျစ်ဒ် နဗဝီ ဗလီဝတ်ကျောင်းတော် နှစ်လုံးမှာ အပူချိန်တိုင်း ကင်မရာတွေ တပ်ဆင်နေပြီး အခြား ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။

    Ref: Saudi Gazette

  • မြင့်မြတ်ရာဗလီနှစ်ခုတွင် လူအကန့်အသတ်ဖြင့် သာရာဝီဝတ်ပြုရန် ဆော်ဒီခွင့်ပြု

    မြင့်မြတ်ရာဗလီနှစ်ခုတွင် လူအကန့်အသတ်ဖြင့် သာရာဝီဝတ်ပြုရန် ဆော်ဒီခွင့်ပြု

    ဧပြီ ၂၂၊ ၂၀၂၀
    M-Media

    -မကြာမီကျရောက်တော့မယ့် ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်ခုမှာ သာရာဝီဝတ်ပြုဆုတောင်းမှုကို လူအကန့်အသတ်နဲ့ ပြုလုပ်ဖို့ ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်က ဒီကနေ့မှာ ခွင့်ပြုလိုက်ပါတယ်။

    Covid-19 ကပ်ရောဂါ ပြန့်ပွားမှုကြောင့် ဆော်ဒီဟာ မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ ခု အပါအဝင် နိုင်ငံအတွင်းက ဗလီအားလုံးမှာ ဝတ်ပြုဆုတောင်းမှုကို ပိတ်ပင်ထားတာပါ။ အွမ္မရာဘုရားဖူးခရီးစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ပြီး ဇူလိုင်လမှာ ကျရောက်မယ့် ဟဂျ်ဘုရားဖူးကာလ ပြင်ဆင်မှုတွေကို ရပ်ဆိုင်းထားဖို့လည်း ကမ္ဘာတစ်ဝှမး်က အစ္စလာမ်ဘာသာဝင်တွေကို ဆော်ဒီက ပန်ကြားထားပါတယ်။

    ဒီကနေ့ထုတ်ပြန်တဲ့ အမိန့်မှာတော့ ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာက ‘မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော်’ နဲ့ မဒီနာက ‘တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်’ နှစ်လုံးမှာ သာရာဝီဝတ်ပြုဆုတောင်းမှုကို ခွင့်ပြုကြောင်း ဖော်ပြထားပါတယ်။

    ဒါပေမယ့် အဲဒီဗလီတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုသာ ခွင့်ပြုမှာဖြစ်ပြီး ပုံမှန် ဝတ်ပြုနေကျ ရကအသ် (၂၀) အစား အကျဉ်းချုံးကာ (၁၀) ရကအသ်သာ ဝတ်ပြုရမှာ ဖြစ်ပါတယ်။

    မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေကို တာဝန်ယူထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ရမ်ဇာန်ဥပုသ်လအတွင်း ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေး လစ်ဟင်းမှုမရှိဖို့ စီမံထားတယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာနီ ဘင် ဟိုစနီ ဟိုင်ဒါက ပြောကြားခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်တွေဆီ အပြင်လူတွေဝင်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားမှာ ဖြစ်သလို၊ ပိုးသတ်မှုလုပ်ငန်း၊ ဗလီဝန်ထမ်းတွေရဲ့ ကျန်းမာရေး စောင့်ကြည့်မှုလုပ်ငန်း​တွေကိုလည်း ဆော်ဒီအာဏာပိုင်တွေက တိုးမြှင့်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ နှစ်စဉ်ကျင်းပနေတဲ့ စုပေါင်းဝါဖြေပွဲကို ဒီနှစ်မှာ ကျင်းပမှာမဟုတ်တော့ဘဲ မက္ကာနဲ့ မဒီနာ အုပ်ချုပ်ရေးအဖွဲ့တွေက ဝါဖြေပွဲတွေကို လိုက်လံဝေငှမှာ ဖြစ်ပါတယ်။

    ရမ်ဇာန်ဥပုသ်လအတွင်း သာရာဝီဝတ်ပြုမှု၊ ဝါကျွတ်အီးဒ်ပွဲတော် ဝတ်ပြုဆုတောင်းမှုတွေကို အိမ်မှာ ပြုလုပ်ကြဖို့ ဆော်ဒီ အစ္စလာမ့်ဓမ္မသတ်မှူးချုပ်က အခုတစ်ပတ်အစောပိုင်းမှာ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဆော်ဒီမှာ Covid-19 ကူးစက်သူဟာ ၁၁၆၃၁ ဦးရှိပြီး သေဆုံးသူ ၁၀၉ ဦး ရှိပါတယ်။

    Ref: Alarabiya

  • ကိုဗစ်တိုက်ဖျက်ရေးအတွက် ဆော်ဒီက WHO ကို ဒေါ်လာ သန်း ၅၀၀ လှူဒါန်း

    ကိုဗစ်တိုက်ဖျက်ရေးအတွက် ဆော်ဒီက WHO ကို ဒေါ်လာ သန်း ၅၀၀ လှူဒါန်း

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -ကမ္ဘာတစ်ဝှမ်း လက်ရှိ ပြန့်နှံ့နေတဲ့ Covid-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ဆော်ဒီအာရေဗျက WHO ကို ကန်ဒေါ်လာ သန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

    WHO အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus က ဆော်ဒီရဲ့ ဒီလှူဒါန်းမှုအတွက် ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆော်ဒီဘုရင်နဲ့ ပြည်သူတွေက ကန်ဒေါ်လာ သန်း ၅၀၀ ရက်ရက်ရောရော လှူဒါန်မှုအတွက် အထူးကျေးဇူးတင်ရှိကြောင်း ကျွန်တော် ပြောကြားလိုပါတယ်။ အခြား G20 နိုင်ငံတွေအနေနဲ့လည်း ဆော်ဒီရဲ့ ခြေလှမ်းအတိုင်း လိုက်ပါဆောင်ရွက်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

    ဆော်ဒီဟာ WHO လက်အောက်က ကူးစက်ရောဂါဆိုင်ရာအဖွဲ့ကို သန်း ၁၅၀၊ ကာကွယ်ဆေး ထုတ်လုပ်မှုဆိုင်ရာအဖွဲ့ကို သန်း ၁၅၀နဲ့ အခြား ကျန်းမာရေးအဖွဲ့တွေကို သန်း ၂၀၀ စုစုပေါင်း သန်း ၅၀၀ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

    Covid-19 ကပ်ရောဂါဟာ နိုင်ငံပေါင်း ၁၉၀ ကျော်က လူပေါင်း ၂.၂ သန်းလောက်ကို ကူးစက်နေပြီး သေဆုံးသူက ၁၅၀၀၀၀ ကျော်လာပြီဖြစ်ပါတယ်။

    Ref: Arab News

  • ဂီတဖျော်ဖြေပွဲတွင် ဓားနှင့်ဝင်ထိုးသူကို ဆော်ဒီက ကွပ်မျက်

    ဂီတဖျော်ဖြေပွဲတွင် ဓားနှင့်ဝင်ထိုးသူကို ဆော်ဒီက ကွပ်မျက်

    ဧပြီ ၁၈၊ ၂၀၂၀
    M-Media

    -ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဂီတဖျော်ဖြေပွဲတစ်ခုမှာ စပိန်အကသမား ၃ ဦးကို ဓားနဲ့ဝင်ထိုးသူကို ကြာသာပတေးနေ့မှာ ကွပ်မျက်လိုက်တယ်လို့ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ကျူးလွန်သူဟာ အသက် ၃၃ နှစ်အရွယ် အီမဒ် အလ်-မန်ဆူရီဖြစ်ပြီး ယီမင်နိုင်ငံသား ဖြစ်ပါတယ်။ ဆော်ဒီအာဏာပိုင်တွေက အလ်-မန်ဆူရီဟာ အလ်-ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်သူဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အလ်-ကိုင်းဒါကတော့ တိုက်ခိုက်မှုကို သူတို့လုပ်တယ်လို့ မပြောပါဘူး။

    ရီယာ့ဒ်မြို့က အဘ်ဒူလာပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ ဂီတဖျော်ဖြေပွဲမှာ အလ်-မန်ဆူရီက စင်ပေါ်တက်ပြီး ဖျော်ဖြေနေသူ ၃ ဦးကို ဓားနဲ့ ထိုးခဲ့တာပါ။ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့ပြီး သေဆုံးမှုတော့ မရှိပါဘူး။

    ဆော်ဒီအထူးခုံရုံးက အလ်-မန်ဆူရီကို အကြမ်းဖက်စွဲချက်အပါအဝင် စွဲချက်အများအပြားနဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ဆက်နွယ်တဲ့ အခြားတစ်ဦးကိုတော့ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

    ရုပ်ရှင်ရုံတွေ၊ ဖျော်ဖြေပွဲတွေကို ဆယ်စုနှစ်ချီ ပိတ်ထားတဲ့ ဆော်ဒီအာရေဗျမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က Vision 2030 စီမံကိန်းနဲ့ ၂၀၁၈ ခုနှစ်မှာ ပြန်ဖွင့်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း ရီယာ့ဒ်မှာ ဖျော်ဖြေပွဲတစ်ချို့ ကျင်းပခဲ့ပေမယ့် အခုတိုက်ခိုက်မှုပြီးတဲ့နောက် စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: BBC

  • ဆော်ဒီနှင့် ယူအေအီးတို့က ယီမင်စစ်ပွဲတွင် တစ်ဖတ်သက် အပစ်ရပ်

    ဆော်ဒီနှင့် ယူအေအီးတို့က ယီမင်စစ်ပွဲတွင် တစ်ဖတ်သက် အပစ်ရပ်

    ဧပြီ ၉၊ ၂၀၂၀
    M-Media

    -​ ယီမင်​ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်နေမှုကို ၂ ပတ်တာ ရပ်ဆိုင်းလိုက်တယ်လို့ ဆော်ဒီ-ယူအေအီး မဟာမိတ်အဖွဲ့က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြန့်နှံ့နေတဲ့အချိန် တိုက်ခိုက်မှုတွေ ရပ်တန့်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်း ဆော်ဩပြီး ရက်ပိုင်းအကြာမှာ ဆော်ဒီနဲ့ ယူအေအီးတို့ရဲ့ ဒီလို တစ်ဖက်သတ် အပစ်ရပ်ကြေငြာချက် ထွက်ပေါ်လာခဲ့တာပါ။ ဟူသီ သူပုန်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။

    အပစ်ရပ်မှုဟာ ယီမင်စံတော်ချိန် ကြာသာပတေးနေ့ နေ့လည် ၁၂ နာရီက စတင် သက်ရောက်မှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို တားဆီးဖို့ဖြစ်တယ်လို့ မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာရ်ကီ အလ်-မာလ်ကီရဲ့ ပြောကြားမှုကို ကိုးကားပြီး ဆော်ဒီသတင်းဌာန SPA က ဖော်ပြခဲ့ပါတယ်။

    အစိုးရကို ဟူသီ သူပုန်တွေက ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစလို့ ယီမင်မှာ ပြည်တွင်းစစ် စဖြစ်လာတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ်အဖွဲ့က ယီမင်အစိုးရဖက်ကနေ ဝင်တိုက်ပေးခဲ့ပါတယ်။

    စစ်ပွဲကြောင့် လူ ၁ သိန်းကျော် သေဆုံးခဲ့ပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြီးမားတဲ့ အကြပ်အတည်းတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

    Ref: Aljazeera