News @ M-Media

Tag: SaudiArabia

  • ယခုနှစ် ဟဂျ်ခရီးသည်အရေအတွက်ကို လျှော့ချရန် ဆော်ဒီစဉ်းစားနေ

    ယခုနှစ် ဟဂျ်ခရီးသည်အရေအတွက်ကို လျှော့ချရန် ဆော်ဒီစဉ်းစားနေ

    ဇွန် ၁၀၊ ၂၀၂၀
    M-Media

    လှုပ်ရှားသွားလာမှု ကန့်သတ်မိန့်ထုတ်ပြန်ပြီးနောက် တွေ့ရသည့် မက္ကာမြို့မှ ကအ်ဘာ ဝတ်ကျောင်းတော်

    -ကိုရိုနာရောဂါ ထပ်မံ မပြန့်ပွားရေးအတွက် အခုနှစ် ဟဂျ်ကာလမှာ ကမ္ဘာတစ်ဝှမ်းက ဘုရားဖူးခရီးသည် အရေအတွက်ကို သိသိသာသာလျှော့ချဖို့ ဆော်ဒီအစိုးရက စဉ်းစားနေတယ်လို့ နီးစပ်သူတွေက တနင်္လာနေ့မှာ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ကျန်မာရေးကောင်းမွန်ပြီး ငွေကြေးတတ်နိုင်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတွေအတွက် တစ်သက်မှာတစ်ကြိမ် ဟဂျ်ဘုရားဖူးသွားဖို့ ဟာ မလုပ်မနေရ ဘာသာရေးတာဝန်တစ်ခု ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဟဂျ်ကာလအတွင်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂.၅ သန်းလောက် ဆော်ဒီအာရဗျကို လာရောက်ခဲ့ကြပါတယ်။ အခုနှစ်မှာတော့ Covid-19 ပြန့်နှံ့နေတာကြောင့် ဟဂျ်ဘုရားဖူးခရီး လာရောက်ဖို့ စီစဉ်ထားမှုကို ခေတ္တရပ်ဆိုင်းထားကြဖို့ ဆော်ဒီအာဏာပိုင်တွေက မတ်လမှာ အစ္စလာမ်ဘာသာဝင်တွေကို ဆော်ဩထားပါတယ်။

    ဇူလိုင်လမှာ ကျရောက်မယ့် ဟဂျ်ကာလမှာ ဘုရားဖူးခရီးသည်တွေ ဝင်ရောက်ခွင့်ပြုမလား၊ မပြုဘူးလားဆိုတာကို ဆော်ဒီက တိတိကျကျထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    ဆော်ဒီက ဒီကိစ္စနဲ့နီးစပ်တဲ့ ရင်းမြစ်နှစ်ခုကတော့ နိုင်ငံတစ်နိုင်ငံချင်းစီ မူလကသတ်မှတ်ထားတဲ့ ဟဂျ်ဘုရားဖူးခရီးသည် ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုသာ လာခွင့်ပြုဖို့ စဉ်စားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    သက်ကြီးရွယ်အိုတွေကို လာခွင့်မပြုတာ၊ လာခွင့်ပြုတဲ့သူတွေကိုလည်း ကျန်းမာရေး တင်းတင်းကြပ်ကြပ်စစ်ဆေးတာလို ကန့်သတ်မှုတွေလည်း လုပ်ဆောင်ဖို့ရှိတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် တစ်ချို့ ဆော်ဒီအာဏာပိုင်တွေက ဟဂျ်ခရီးစဉ်ကို လုံး၀ ဖျက်သိမ်းဖို့ ဆန္ဒရှိနေကြတယ်လို့ အဲဒီရင်းမြစ်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ဟဂျ်ရဲ့ အဓိကနေရာဖြစ်တဲ့ မက္ကာမြို့ကို ဆော်ဒီအာဏာပိုင်တွေက တံခါးပိတ်ထားပါတယ်။

    ဆော်ဒီဟဂျ်နဲ့ အွမ္မရာဝန်ကြီးဌာနကတော့ ဒီသတင်းအတွက် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

    Ref: Reuters

  • ယခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ်ကို ဖျက်သိမ်းဟု အင်ဒိုနီးရှား ကြေငြာ

    ယခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ်ကို ဖျက်သိမ်းဟု အင်ဒိုနီးရှား ကြေငြာ

    ဇွန် ၃၊ ၂၀၂၀
    M-Media

    -Covid-19 ကပ်ရောဂါ ပြန်နှံ့ကူးစက်မှာကို စိုးရိမ်တဲ့အတွက် ယခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ် စေလွှတ်မှုကို ဖျက်သိမ်းလိုက်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက​ ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ဟဂျ်ဘုရားဖူးခရီးစဉ်ဟာ ငွေကြေးတတ်နိုင်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာ တစ်ကြိမ် မလုပ်မနေရ သတ်မှတ်ထားတဲ့ ဘာသာရေးတာဝန်တစ်ရပ်ဖြစ်ပါတယ်။ အခုနှစ် ဟဂျ်ဘုရားဖူးကာလဟာ ဇူလိုင်လကုန်မှာ ကျရောက်မှာပါ။

    ဒီခရီးစဉ်ကို အင်ဒိုနီးရှားက အစ္စလာမ်ဘာသာဝင် ၂ သိန်း ၂ သောင်းကျော်လောက် သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှား သာသနာရေးဝန်ကြီး ဖက်ချ်ရူလ် ရာဇီရဲ့ ဂျကာတာမြို့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဆော်ဒီအာဏာပိုင်တွေက အာမခံချက် မပေးတဲ့အတွက် ဟဂျ်အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဆော်ဒီအာဏာပိုင်တွေဖက်က ရေရေရာရာ မသိရတဲ့အတွက် ၂၀၂၀ ခုနှစ် ဟဂျ်ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သိပ်ကို ခါးသီးပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ဘုရားဖူးသူတွေ၊ ဒီခရီးစဉ်က ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်”

    Covid-19 ပြန့်နှံ့မှုကြောင့် ဟဂျ်နဲ့ အွမ္မရာဟ် ဘုရားဖူးခရီးစဉ်ကို ရပ်ဆိုင်းထားတယ်လို့ မတ်လမှာ ဆော်ဒီအာဏာပိုင်တွေက ကြေငြာခဲ့ပါတယ်။ မကြာခင်ကျရောက်တော့မယ့် ဟဂျ်ကာလနဲ့ပတ်သက်လို့ တိတိကျကျ ထုတ်ပြန်ပေးဖို့အတွက် ပြီးခဲ့တဲ့မေလမှာ အင်ဒိုနီးရှားက တောင်းဆိုခဲ့ပေမယ့် ဆော်ဒီဖက်က မတုန့်ပြန်ခဲ့ပါဘူး။

    မဒီနာက ‘မတ်စ်ဂျစ်ဒ်နဗဝီ’ ဗလီ အပါအဝင် နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေကို စည်းကမ်းချက်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဆော်ဒီအာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် မက္ကာမြို့ကိုတော့ ပြန့်ဖွင့်ပေးခြင်း မရှိသေးပါဘူး။

    ပြီးခဲ့တဲ့နှစ် ဟဂျ်ဘုရားဖူးကာလအတွင်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂.၅ သန်းလောက် ဆော်ဒီကို သွားရောက်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ ဟဂျ်ခရီးစဉ်သွားရောက်သူ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ထိရောက်မှုရှိသည့် ရုရှားထုတ် ကိုဗစ်ဆေးကို ဆော်ဒီတွင် စမ်းသပ်မည်

    ထိရောက်မှုရှိသည့် ရုရှားထုတ် ကိုဗစ်ဆေးကို ဆော်ဒီတွင် စမ်းသပ်မည်

    ဇွန် ၁၊ ၂၀၂၀
    M-Media

    -ရုရှားနိုင်ငံမှာထုတ်လုပ်ပြီး ကိုဗစ်ကုသရမှာ ထိရောက်မှုရှိနေတဲ့ ဆေးတစ်မျိုးကို ဆော်ဒီအာရေဗျမှာ စသင်စမ်းသပ် အသုံးပြုတော့မှာ ဖြစ်ပါတယ်။

    Avifavir လို့ အမည်ပေးထားတဲ့ အဲဒီဆေးဝါးကို ရုရှားရဲ့ နိုင်ငံပိုင်လုပ်ငန်း RDIF ကနေ ဦးဆောင်ပြီးဖန်တီးထုတ်လုပ်ထားတာပါ။ ဒီဆေးကို ဇွန်လ ၁ ရက် ဒီနေ့မှာ ထုတ်ပြဖို့ ရှိနေပါတယ်။

    RDIF အကြီးအကဲ ကီရ်ရီလ် ဒီမီထရီဗ်က ဒီဆေးဟာ ရုရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး၊ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုအတွင်း ရလဒ်ကောင်းရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီမှာ စမ်းသပ်အသုံးပြုဖို့အတွက် ဆော်ဒီနဲ့ ရုရှားအာဏာပိုင်တွေ သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။

    Avifavir ဆေးဝါးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့ ဆေးဝါးမျိုးဖြစ်ပြီး ရုရှားကထုတ်လုပ်ကာ ကုသရာမှာ ထိရောက်မှုရှိကြောင်း တွေ့ရတဲ့ ပထမဆုံး ဆေးဝါးလည်း ဖြစ်ပါတယ်။

    ဒီမီထရီဗ်ကတော့ ကိုဗစ်ကုသရေး ရုရှားက ထုတ်လုပ်တဲ့ဆေးဝါးတွေထဲမှာ ဒီဆေးက ပထမဆုံးမဟုတ်ပေမယ့် ထိရောက်မှုမှာတော့ အခြားဆေးဝါးတွေထက် သာလွန်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • မဒီနာမှ နဗဝီဗလီကို ဆော်ဒီက ပြန်ဖွင့်မည်

    မဒီနာမှ နဗဝီဗလီကို ဆော်ဒီက ပြန်ဖွင့်မည်

    မေ ၃၀၊ ၂၀၂၀
    M-Media

    -အစ္စလာမ်သာသနာကို စတင်တည်ထောင်သူ တမန်တော် မုဟမ္မဒ် တည်ဆောက်ခဲ့တဲ့ မဒီနာက ‘မစ်တ်ဂျစ်ဒ်နဗဝီ’ ဗလီဝတ်ကျောင်းတော်ကို တနင်္ဂနွေ​နေ့ကနေစပြီး ဖွင့်ပေးတော့မယ်လို့ ဆော်ဒီအာဏာပိုင်တွေက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    Covid-19 ပြန့်နှံ့မှုကြောင့် တိုင်းပြည်ကို ၂ လတာ တံခါးပိတ်ကာ ရွေ့လျားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မြင့်မြတ်ရာနေရာတွေတည်ရှိရာ မက္ကာမြို့ကလွဲပြီး နိုင်ငံတစ်ဝှမ်းက ဗလီတွေကို မေလ ၃၁ ရက်နေ့ကနေ စတင်ဖွင့်ပေးဖို့ ဆော်ဒီက ပြင်ဆင်နေတာပါ။

    အစ္စလာမ်သာသနာမှာ ဒုတိယအမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ ‘နဗဝီ’ ဗလီဝတ်ကျောင်းတော်လည်း ဖွင့်ပေးမယ့်အထဲမှာ ပါဝင်ပါတယ်။

    ဆော်ဒီ အစ္စလာမ့်ရေးရာဝန်ကြီးဌာနဝန်ကြီး အဘ်ဒူလတစ်ဖ် ဘင် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က ဖွင့်ပေးဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဗလီတွေဟာ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗလီတွေကို ဖွင့်လှစ်ပေးခဲ့ပေမယ့် ဝတ်ပြုဆုတောင်းသူတွေဟာ အစိုးရက ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။

    Ref : Arab News

  • နိုင်ငံတစ်ဝှမ်း ဗလီ ၉ သောင်းကျော်ကို ဆော်ဒီက ပြန်ဖွင့်မည်

    နိုင်ငံတစ်ဝှမ်း ဗလီ ၉ သောင်းကျော်ကို ဆော်ဒီက ပြန်ဖွင့်မည်

    မေ ၂၉၊ ၂၀၂၀
    M-Media

    -ဆော်ဒီအာရေဗျနိုင်ငံမှာ တနင်္ဂနွေနေ့ကစတင်ကာ ဗလီဝတ်ကျောင်းတော်ပေါင်း ၉ သောင်းကျော်ကို ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဒီဗလီတွေကို ပိုးသတ်တာ၊ သန့်ရှင်းတာတွေ လုပ်ဆောင်ထားတယ်လို့ ဆော်ဒီအာဏာပိုင်တွေက မနေ့မှာ ထုန်ပြန်ခဲ့ပါတယ်။

    ဒါပေမယ့် ဝတ်ပြုသူတွေဟာ အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကိုတော့ လိုက်နာရမှာ ဖြစ်ပါတယ်။ ဘုရားဝတ်ပြုဖို့အတွက် ကိုယ်လက်သန့်စင်တာကို အိမ်မှာ ပြုလုပ်ခဲ့ရမှာဖြစ်ပြီး၊ ဗလီထဲမဝင်ခင် လက်ကို ပိုးသတ်ဂျယ်နဲ့ ပိုးသတ်ရမှာ ဖြစ်ပါတယ်။

    ကုရ်အာန်ကျမ်းစာရွတ်ဖတ်မယ်ဆိုရင်တော့ ဗလီက ကျမ်းစာအုပ်ကို အသုံးမပြုဘဲ မိမိတို့ရဲ့ဖုန်းက ကျမ်းစာ အက်ပလီကေးရှင်းကနေ ဖတ်ရှုတ်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဗလီအတွင်း ဝတ်ပြုတဲ့အချိန်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ၆ ပေ ခွာထားရမှာ ဖြစ်ပါတယ်။

    သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါ ရှိသူတွေနဲ့ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေကိုတော့ နေအိမ်မှာပဲဝတ်ပြုဖို့ အစိုးရက ပန်ကြားထားပါတယ်။

    ၂ လတာ ကြာမြင့်နေ့ပြီဖြစ်တဲ့ ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဆော်ဒီက အခုတစ်ပတ်မှာ စတင်ဖြေလျော့ပေးခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်း ဗလီတော်တော်များများမှာ တနင်္ဂနွေနေ့ကစလို့ ဝတ်ပြုဆုတောင်းခွင့် ပေးပေမယ့် မြင့်မြတ်ရာနေရာတွေရှိရာ မက္ကာမြို့ကိုတော့ ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။

    Ref : Arab News