News @ M-Media

Tag: SaudiArabia

  • ကိုဗစ်ကန့်သတ်မှုလျော့ချရန် ဆော်ဒီကပြင်ဆင်၊ ဟဂျ်နှင့် အွမ္မရာကို ဆက်လက်ဆိုင်းငံ့ထားမည်

    ကိုဗစ်ကန့်သတ်မှုလျော့ချရန် ဆော်ဒီကပြင်ဆင်၊ ဟဂျ်နှင့် အွမ္မရာကို ဆက်လက်ဆိုင်းငံ့ထားမည်

    မေ ၂၇၊ ၂၀၂၀
    M-Media

    -Covid-19 ပြန့်နှံ့မှုကြောင့် ဆောင်ရွက်ထားရတဲ့ ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို ဆော်ဒီအာရေဗျက လျော့ခဖို့ ပြင်ဆင်နေပြီး မြင့်မြတ်ရာ နေရာတွေတည်ရှိတဲ့ မက္ကာမြို့ကိုတော့ ဆက်လက် ပိတ်ထားမှာ ဖြစ်ပါတယ်။

    ကန့်သတ်မှုလျော့ချရေး ပထမအဆင့်ကို မေလ ၂၈ ရက် ကြာသာပတေးနေ့မှာ စတင်မှာဖြစ်ပါတယ်။ ဒီအဆင့်မှာ ၂၄ နရီ ကာဗျူးထုတ်ပြန်ထားမှုကို မနက် ၃ နာရီကနေ ၆ နာရီအထိ လျော့ချပေးမှာ ဖြစ်ပါတယ်။

    မေလ ၃၁ ရက်နေ့စတင်ပြီး ပြည်တွင်းခရီးသွားမှု၊ ဗလီဝတ်ကျောင်းတော်တွေမှာဝတ်ပြုမှု၊ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်မှုတွေကို ပြန်လည်ခွင့်ပြုပေးမှာပါ။ မက္ကာမြို့မှာ ၂၄ နာရီ ကာဖျူးထုတ်ပြန်ထားမှုကတော့ ဆက်လက်ရှိနေမှာဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့မှ လျော့ချဖို့ စီစဉ်ထားပါတယ်။

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်သန်းချီ လာရောက်ကြတဲ့ ဟဂျ်နဲ့ အွမ္မရာဟ် ဘုရားဖူးခရီးစဉ်တွေကိုတော့ ဆက်လက်ပိတ်ထားမှာဖြစ်ပါတယ်။

    ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို လျော့ချပေး​ပေမယ့် တစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၁ မီတာခွာရမယ့် social distancing လမ်းညွှန်ချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။ လူ ၅၀ ထက်ပိုစုတာကို ဆော်ဒီအာဏာပိုင်တွေက ဆက်လက်ပိတ်ပင်ထားပါတယ်။

    လက်လီ၊ လက်ကားဆိုင်တွေ၊ စျေးဝယ်စင်တာတွေ၊ ကော်ဖီဆိုင်တွေအပါအဝင် တစ်ချို့စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်။

    ဆော်ဒီဟာ ရွေ့လျားသွားလာမှုကန့်သတ်မိန့်ကို မတ်လအစောပိုင်းလောက်ကတည်းက နိုင်ငံရဲ့ ဒေသတစ်ချို့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မြင့်မြတ်ရာနေရာတွေတည်ရှိတဲ့ မက္ကာနဲ့ မဒီနာမြို့တွေအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ ကန့်သတ်မှုတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဟဂျ်ဘုရားဖူးခရီးစဉ်အတွက် တိတိကျကျ ထုတ်ပြန်ပေးရန် ဆော်ဒီကို အင်ဒိုနီးရှား တိုက်တွန်း

    ဟဂျ်ဘုရားဖူးခရီးစဉ်အတွက် တိတိကျကျ ထုတ်ပြန်ပေးရန် ဆော်ဒီကို အင်ဒိုနီးရှား တိုက်တွန်း

    မေ ၂၀၊ ၂၀၂၀
    M-Media

    -အခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ်ကို ခွင့်ပြုမလား၊ ခွင့်မပြုဘူးလားဆိုတာနဲ့ပတ်သက်ပြီး တိတိကျကျ ထုတ်ပြန်ပေးဖို့ ဆော်ဒီအာရေဗျကို အင်ဒိုနီးရှားက တိုက်တွန်းလိုက်ပါတယ်။

    ဟဂျ်ဘုရားဖူးခရီးစဉ်ဟာ ငွေကြေးတတ်နိုင်ပြီး၊ ကျန်းမာရေးကောင်းမွန်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာ တစ်ကြိမ် မလုပ်မနေရ တာဝန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဟဂျ်ကာလအတွင်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂.၅ သန်းလောက် ဆော်ဒီအာရေဗျကို သွားရောက်ခဲ့ပါတယ်။

    အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုအတွက် အွမ္မရာဟ်ဘုရားဖူး အစီအစဉ်ကို ဆော်ဒီအစိုးရက မတ်လမှာ ဖျက်သိမ်းခဲ့ပြီး၊ ဟဂျ်ခရီးစဉ် လာရောက်ဖို့ စီစဉ်နေမှုကို ခေတ္တ ဆိုင်းငံ့ပေးထားဖို့လည်း ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    အခုနှစ်ဟဂျ်ဘုရားဖူးကာလဟာ ဇူလိုင်လအကုန်မှာ ကျရောက်မှာဖြစ်ပြီး ခွင့်ပြုမှာလား၊ ခွင့်မပြုဘူးလားဆိုတာကို ဆော်ဒီအစိုးရက မထုတ်ပြန်သေးပါဘူး။

    အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနက ရမ်ဇန်ဥပုသ်လမကုန်ခင် ဒီကိစ္စအတွက် ဆုံးဖြတ်ချက် ထုတ်ပြန်ပေးဖို့ ဆော်ဒီအာရေဗျကို တိုက်တွန်းခဲ့ပါတယ်။

    “ဟဂျ်ကို ခွင့်ပြုမှာလား၊ ရပ်ဆိုင်းမှာလားဆိုတဲ့ တရားဝင်ဆုံးဖြတ်ချက်မျိုး မကြာမီ ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုမန် ဖာသူရဟ်မန်က ပြောပါတယ်။

    အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်ပြီး ယခုနှစ် ဟဂျ်ခရီးစဉ်သွားရောက်ဖို့အတွက် လူပေါင်း ၂၃၁၀၀၀ လောက် စာရင်းပေးထားပါတယ်။

    ဖာသူရဟ်မန်က ဟဂျ်ခရီးစဉ် ဝန်ဆောင်မှုအတွက် အင်ဒိုနီးရှားက ဆော်ဒီကို ငွေကြိုပေးထားတာမျိုး မရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Daily Mail

  • ဝါကျွတ်အီးဒ်နေ့ ဝတ်ပြုဆုတောင်းမှုကို မိမိတို့အိမ်တွင်သာ ပြုလုပ်ရန် ဆော်ဒီမွဖ်သီချုပ် တိုက်တွန်း

    ဝါကျွတ်အီးဒ်နေ့ ဝတ်ပြုဆုတောင်းမှုကို မိမိတို့အိမ်တွင်သာ ပြုလုပ်ရန် ဆော်ဒီမွဖ်သီချုပ် တိုက်တွန်း

    မေ ၁၈၊ ၂၀၂၀
    M-Media

    -မကြာခင်ကြာရောက်တော့မယ့် ‘အီဒွလ်ဖိသီရ်’ ၀ါကျွတ်အီးဒ်ပွဲတော်မှာ ဝတ်ပြုဆုတောင်းမှုတောင်းမှုတွေကို မိမိတို့နေအိမ်မှာ တစ်ဦးချင်းဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ ဆောင်ရွက်နိုင်တယ်လို့ ဆော်ဒီအာရေဗျ ဓမ္မသတ်မှူးချုပ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    တစ်လတာ ကြာမြင့်ခဲ့တဲ့ ရမ်ဇန်ဥပုသ်လဟာ မေလ ၂၃၊ ၂၄ ရက်တွေမှာ ကုန်ဆုံးမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက အစ္စလာဘာသာဝင်တွေဟာ ဝါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲကြမှာ ဖြစ်ပါတယ်။

    ဝါကျွတ်အီးဒ်နေ့ မနက်စောစောမှာ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီး အားလုံးဟာ ဗလီဝတ်ကျောင်းတော်တွေမှာ ဝတ်ပြုဆုတောင်းလေ့ ရှိကြပါတယ်။

    ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ဗလီဝတ်ကျောင်းတော်တွေအပါအဝင် ကမ္ဘာတစ်ဝှမ်း ဘာသာရေးအဆောက်အဦးတွေ ပိတ်ထားရပြီး၊ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းမှုတွေလည်း လုပ်ဆောင်လို့ မရပါဘူး။

    ဆော်ဒီဓမ္မသတ်မှူးချုပ် မွဖ်သီ ရှိခ် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က အီဒ်းနေ့ ဝတ်ပြုဆုတောင်းမှုကို မိမိတို့ရဲ့ နေအိမ်မှာပဲ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်​စေ ပြုလုပ်ခွင့်ရှိတယ်လို့ မနေ့က ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ဝါကျွတ်အီးဒ်နေ့ ဝတ်ပြုဆုတောင်းမှု မတိုင်ခင် လှူဒါန်းရတဲ့ ‘ဖိသ်ရာ’ အလှူဒါနကိုလည်း ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေကနေတစ်ဆင့် လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

    Covid-19 ပြန့်နှံ့နေတာကြောင့် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ လုံးအပါအဝင် ဆော်ဒီအာရေဗျ တစ်နိုင်ငံလုံးက ဗလီဝတ်ကျောင်းတော်တွေအားလုံး ပိတ်ထားရပါတယ်။

    Ref: Alarabiya

  • မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် တိုးချဲ့မှုလုပ်ငန်းများ ပြန်စ

    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် တိုးချဲ့မှုလုပ်ငန်းများ ပြန်စ

    မေ ၁၄၊ ၂၀၂၀
    M-Media

    -အစ္စလာမ်ဘာသာမှာ အမြင့်မြတ်ဆုံး ဝတ်ပြုရာနေရာအဖြစ် သတ်မှတ်ထားတဲ့ မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရဝုဏ် တတိယအကြိမ်မြောက် တိုးချဲ့ရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့အတွက် ဆော်ဒီအစိုးရက ခွင့်ပြုချက် ထုတ်ပေးလိုက်ပါတယ်။

    အခု တိုးချဲ့ရေးလုပ်ငန်းမှာ အဝင်အထွက်ဂိတ်ပေါက်နဲ့ မျက်နှာကြက်ထည့်သွင်းရေး၊ ဗိသုကာလက်ရာမြောက် မုခ်ဦး တည်ဆောက်ရေး၊ ဝတ်ပြုရာရင်ပြင် တိုးချဲ့ရေးနဲ့ အခြားလုပ်ငန်းတွေ ပါဝင်မှာပါ။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ရွေ့လျားသွားလာမှု ကန့်သတ်ထားတဲ့အတွက် ဝတ်ပြုသူတွေ ဘုရားဖူးတွေ မရှိချိန် တို့ချဲ့ရေးလုပ်ငန်းတွေကို စနစ်တကျ၊ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရေးအတွက် ​မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် နှစ်လုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ မနေ့က စည်းဝေးဆွေးနွေးခဲ့ကြပါတယ်။

    စီမံကိန်းတွေ ပြီးစီးရေး၊ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ထဲကို ဝင်ရောက်သူတွေအားလုံး အဆင်ပြေချော့မွေ့စေရေး၊ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ရေး အစိုးရက တိုက်တွန်းထားတယ်လို့လည့် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြောကြားခဲ့ပါတယ်။

    Ref: Saudi Gazette

  • ကာကွယ်ရေးတွင် ဆော်ဒီ-အမေရိကန် ခိုင်မာသည့်ဆက်ဆံရေး ဆက်လက်တည်ရှိမည်

    ကာကွယ်ရေးတွင် ဆော်ဒီ-အမေရိကန် ခိုင်မာသည့်ဆက်ဆံရေး ဆက်လက်တည်ရှိမည်

    မေ ၉၊ ၂၀၂၀
    M-Media

    -ကာကွယ်ရေးနယ်ပယ်မှာ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေး ဆက်လက်တည်ရှိသွားမယ်လို့ အမေရိကန်နဲ့ ဆော်ဒီ ခေါင်းဆောင်တွေက ထပ်လောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

    မနေ့က ဆော်ဒီဘုရင် ဆလ်မန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖုန်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့ပြီးနောက်ပိုင်း ရေနံထုတ်လုပ်မှု လျှော့ချဖို့ ထရမ့်ရဲ့ ပြောကြားမှုကို ဆော်ဒီက နားမထောင်တဲ့အတွက် နှစ်နိုင်ငံ တင်းမာမှုတွေ ရှိနေတာပါ။

    အဲဒီနောက်ပိုင်းမှာ ဆော်ဒီမှာ ချထားတဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ် ၂ ခုကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ ထရမ့်က ပြောကြားထားပါတယ်။

    မနေ့က ဆွေးနွေးမှုမှာတော့ ကမ္ဘာ့စွမ်းအင်စျေးတွက် တည်ငြိမ်ဖို့ အရေးကြီးတယ်ဆိုတာကို ခေါင်းဆောင် နှစ်ဦးက သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျုဒ် ဒီရီက ပြောကြားခဲ့ပါတယ်။

    “ကမ္ဘာ့စွမ်းအင်စျေးကွက်တွေမှာ တည်ငြိမ်ဖို့ အရေးကြီးတယ်ဆိုတာကို ခေါင်းဆောင် ၂ ဦးက သဘောတူခဲ့ကြပါတယ်။ ပြီးတော့ ကာကွယ်ရေးဆိုင်ရာမှာ အမေရိကန်-ဆော်ဒီ ခိုင်မာတဲ့ မိတ်ဆက်ဆံရေး ဆက်လက်ထားရှိဖို့လည်း ထပ်လောင်း သန္ဓိဌာန် ပြုခဲ့ကြပါတယ်”

    အိမ်ဖြူတော်ရဲ့ ကြေငြာချက်မှာ ပက်ထရီယော့ ဒုံးခွင်းကိစ္စ မပါဝင်ဘဲ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုလည်း ဖြေကြားခဲ့ခြင်း မရှိပါဘူး။

    ဆော်ဒီက ထုတ်ပြန်မှုမှာတော့ ထရမ့်ဟာ ဒေသတွင်း သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ရေးနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် ထရမ့်က ထပ်မံ ကတိပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ပက်ထရီယော့ဒုံးခွင်းစနစ်တွေကို ပြန်ရုပ်သိမ်းမယ့်ကိစ္စဟာ ဆော်ဒီအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို လျော့ချဖို့ မဟုတ်သလို၊ ရေနံကိစ္စ ဖိအားပေးဖို့လည်း မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera