News @ M-Media

Tag: SaudiArabia

  • ဆော်ဒီမှ မြင့်မြတ်ရာ ဗလီနှစ်ခုတွင် ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

    ဆော်ဒီမှ မြင့်မြတ်ရာ ဗလီနှစ်ခုတွင် ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

    မတ် ၃၊ ၂၀၂၀
    M-Media

    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်တွင် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းနေစဉ်

    -အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို ဆော်ဒီအစိုးရက တိုးမြှင့်ဆောင်ရွက်နေပါတယ်။

    ဗိုင်းရပ်စ်ပြန့်နှံ့လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ပြီးခဲ့တဲ့တစ်ပတ်မှာ အွမ္မရာဘုရားဖူးခရီးစဉ်ကို ဆော်ဒီက ယာယီပိတ်ပင်လိုက်ပြီး ပြည်ပက ခရီးသွားတွေကိုလည်း ပြည်တွင်းဝင်ရောက်မှု ကန့်သတ်လိုက်ပါတယ်။ ဗိုင်းရပ်စက်ကူးစက်နေသူကိုလည်း ဆော်ဒီမှာ မနေ့က ပထမဆုံး တွေ့ရှိခဲ့ရပါတယ်။

    လက်ရှိမှာတော့ ဆော်ဒီဟာ တစ်နိုင်ငံလုံးမှာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်နဲ့ မဒီနာက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်တွေမှာ အထူးအလေးထားပြီး ဆောင်ရွက်နေပါတယ်။

    ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေမှာ ဗလီနဲ့ ဗလီပရဝုဏ်က ကြမ်းပြင်တွေ၊ ကောဇောတွေကို စက်နဲ့ ပိုးသတ်ဆေးဖြန်းတာ၊ ဝတ်ပြုဆောင် ဝင်ပေါက်အားလုံးမှာ လက်ဆေးဂျယ်တွေ ထားပေးတာ၊ ကောဇောဆေးကြောတဲ့စက်ရုံမှာ ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ဆောင်ချက် ထည့်သွင်းတာ၊ ကောဇောလဲလှယ်မှုနဲ့ လျှော်ဖွတ်မှုအကြိမ်အရေကို တိုးမြှင့်တာတွေ ပါဝင်ပါတယ်။

    ဇမ်ဇမ်ရေတွင်းကိုလည်း ဆော်ဒီအာဏာပိုင်တွေက ပိုးသတ်​ပေးထားပြီး၊ ဗလီဝတ်ကျောင်းတော်တွေရဲ့ တစ်ခြား သန့်ရှင်းရေးလုပ်ငန်းတွေကိုလည်း အရင်ကထက် ပိုမိုတိုးမြှင့်ဆောင်ရွက်လာပါတယ်။

    Ref: Arab News

  • အွမ္မရာဗီဇာကြေးနှင့် ဝန်ဆောင်ခများကို အေးဂျင့်ဆီမှ ပြန်ထုတ်နိုင်ဟု ဆော်ဒီကြေငြာ

    အွမ္မရာဗီဇာကြေးနှင့် ဝန်ဆောင်ခများကို အေးဂျင့်ဆီမှ ပြန်ထုတ်နိုင်ဟု ဆော်ဒီကြေငြာ

    မတ် ၂၊ ၂၀၂၀
    M-Media

    -ပြည်ဝင်ခွင့် ယာယီပိတ်ပင်မှုကြောင့် ဝင်ခွင့်မရတဲ့ အွမ္မရာဘုရားဖူးခရီးသွားတွေ ပေးထားတဲ့ ဗီဇာကြေးနဲ့ ဝန်ဆောင်ခတွေကို ပြန်ထုတ်ပေးသွားမယ်လို့ ဆော်ဒီအာရေဗျ ဟဂျ်နှင့် အွမ္မရာဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် အန္တရာယ်ကြောင့် ဆော်ဒီအာရေဗျဟာ အခုနှစ် အွမ္မရာ ဘုရားဖူးခရီးစဉ်ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ယာယီပိတ်ပင်လိုက်တာပါ။

    အွမ္မရာဘုရားဖူးခရီးစဉ်အတွက် ငွေကြေးပေးအပ်ထားတဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်ခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာ အွမ္မရာအေးဂျင့်တွေဆီကနေ ဗီဇာကြေးနဲ့ ဝန်ဆောင်ခတွေကို ပြန်ထုတ်လို့ရပြီး အဲဒီအတွက် အီလက်ထရောနစ် ဝန်ဆောင်မှုလည်း ထားရှိပေးထားတယ်လို့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်​ပြထားပါတယ်။

    ဒီကိစ္စအတွက် ဝန်ကြီးဌာနကို မေးမြန်းလိုတယ်ဆိုရင် ဖုန်းနံပါတ် ၀၀၉၆၆-၉၂၀၀၀၂၈၁၄ ဒါမှမဟုတ် အီးမေးလ် [email protected] တို့ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ဆိုပါတယ်။

    အွမ္မရာဘုရားဖူးခရီးသွားတွေအပြင်၊ ကိုရိုနာဗိုင်းရပ်စ်သစ် ပြန့်နှံ့နေတဲ့ နိုင်ငံက ခရီးသွားတွေ၊ ပင်လယ်ကွေ့နိုင်ငံတွေက နိုင်ငံသားတွေကိုလည်း ဆော်ဒီက ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း ၁၄ ရက်နေထိုင်ခဲ့ပြီး ရောဂါလက္ခဏာ မပြခဲ့သူတွေ၊ အလုပ်ဗီဇာ၊ စီးပွားရေးဗီဇာ၊ မိသားစု အလည်အပတ်ဗီဇာ ကိုင်ဆောင်ထားသူတွေကတော့ ပြည်ဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။

    Ref: Saudi Gazette

  • မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် ပိုးသတ်မှုလုပ်ငန်းများ လုပ်ဆောင်နေ

    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် ပိုးသတ်မှုလုပ်ငန်းများ လုပ်ဆောင်နေ

    ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀
    M-Media

    -COVID-19 ဗိုင်းရပ်စ် ပြန့်နှံ့မှာကို စိုးရိမ်တဲ့အတွက် အွမ္မရာဘုရားဖူးခရီးစဉ်တွေကို ယာယီ ပိတ်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေငြာပြီးတဲ့နောက် ဆော်ဒီအာရေဗျဟာ မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ပိုးသတ်မှုလုပ်ငန်းကို လုပ်ဆောင်နေပါတယ်။

    ဗလီအတွင်း ခင်းထားတဲ့ ကောဇောတွေကို သိမ်းဆည်းတာ၊ ဗလီပရဝုဏ်အတွင်း ပိုးသတ်ဆေးရေတွေနဲ့ သန့်ရှင်းရေး လုပ်ဆောင်နေတဲ့ ဓာတ်ပုံတွေဟာ မနေ့က ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံလာခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း ဆော်ဒီအာရေဗျကို ကမ္ဘာတစ်ဝှမ်းက ဘုရားဖူးခရီးသည် ၂.၅ သန်းလောက် လာရောက်ခဲ့ကြပါတယ်။ လက်ရှိ အွမ္မရာဘုရားဖူးခရီးစဉ် ပိတ်ပင်မှုဟာ ယာယီသာဖြစ်တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောကြားခဲ့ပေမယ့် ရက်စွဲအတိအကျကို ထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။

    လာမယ့် ဧပြီလမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လ ကျရောက်မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ဟဂျ်ဘုရားဖူးကာလ ဖြစ်ပါတယ်။ လက်ရှိ ဆော်ဒီအာရေဗျမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်သူ မရှိပေမယ့် အိမ်နီးချင်းနိုင်ငံတစ်ချို့နဲ့ အရှေ့အလယ်ပိုင်းက အခြားနိုင်ငံတစ်ချို့မှာ ကူးစက်မှု သေဆုံးမှုတွေ ရှိလာပါတယ်။

    Ref: Metro

  • COVID-19 ဗိုင်းရပ်စ်ကြောင့် အွမ္မရာဘုရားဖူးခရီးစဉ်များကို ဆော်ဒီက ယာယီရပ်ဆိုင်း

    COVID-19 ဗိုင်းရပ်စ်ကြောင့် အွမ္မရာဘုရားဖူးခရီးစဉ်များကို ဆော်ဒီက ယာယီရပ်ဆိုင်း

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀
    M-Media

    -ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် စိုးရိမ်ရမှုကြောင့် အစ္စလာမ်ဘာသာဝင်တွေ မက္ကာဟ်ကို အွမ္မရာ ဘုရားဖူးခရီး လာရောက်မှုနဲ့ မဒီနာက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော် သွားရောက်လည်ပတ်မှုတွေကို ဆော်ဒီအာရေဗျက ယာယီပိတ်ပင်လိုက်ပါတယ်။

    ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံအတွင်း ဗိုင်းရပ်စ် ပြန့်နှံမှုမရှိအောင် ကြိုတင်ကာကွယ်ရေးတွေ အမြင့်ဆုံး လုပ်ဆောင်ထားဖို့လိုတယ်ဆိုတဲ့ ကျန်းမာရေး တာဝန်ရှိသူတွေရဲ့ အကြံပေးချက်အရ ဒီလို ပိတ်ပင်လိုက်တာလို့ ဖော်ပြထားပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်သစ် ဖြစ်ပွားနေတဲ့ နိုင်ငံက ခရီးသွားတွေ ဝင်ရောက်မှုကိုလည်း ဆော်ဒီက ပိတ်ပင်ထားပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းမှာ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်နှံ့မှု သိသိသာသာ မြင့်တက်လာပြီး အီရန်နိုင်ငံမှာဆိုရင် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ ကူဝိတ်၊ ဘာရိန်း၊ အိုမန်၊ လက်ဘနွန်၊ အီရတ်နဲ့ ယူအေအီးနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတွေကို တွေ့လာရပါတယ်။

    ဆော်ဒီအာရေဗျမှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူ မရှိသေးပါဘူး။ ဆော်ဒီနိုင်ငံသားတွေနဲ့ ပင်လယ်ကွေ့နိုင်ငံတွေက နိုင်ငံသားတွေ ဆော်ဒီနိုင်ငံကို လာရောက်တာ၊ ဆော်ဒီကနေ အခြားနိုင်ငံကို သွားရောက်လည်ပတ်တာတွေကိုလည်း ဆော်ဒီက ယာယီ ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် နိုင်ငံခြားက ဆော်ဒီနိုင်ငံသားတွေ နေရပ်ပြန်လာမှု၊ ဆော်ဒီက ပင်လယ်ကွေ့နိုင်ငံသားတွေ မိမိနေရပ် ပြန်မှုကိုတော့ ခြွင်းချက်အဖြစ် ခွင့်ပြုထားပါတယ်။

    လက်ရှိ ပိတ်ပင်ထားမှုဟာ ယာယီသာဖြစ်ပြီး အာဏာပိုင်တွေက အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ကာ လိုအပ်တာတွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Alarabiya

  • ဘင်္ဂလားဒေ့ရှ်တွင် ဆော်ဒီကုမ္ပဏီများ ဒေါ်လာ ဘီလီယံ ၃၀ အထိ ရင်းနှီးမြှုပ်နှံရန် ရှိနေ

    ဘင်္ဂလားဒေ့ရှ်တွင် ဆော်ဒီကုမ္ပဏီများ ဒေါ်လာ ဘီလီယံ ၃၀ အထိ ရင်းနှီးမြှုပ်နှံရန် ရှိနေ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀
    M-Media

    -ဆော်ဒီအာရေဗျက ကုမ္ပဏီတွေဟာ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံမှာ ကန်ဒေါ်လာ ဘီလီယံ ၃၀ ဖိုးလောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    ဆော်ဒီက ကုမ္ပဏီကြီး ၇ ခုအပါအဝင် နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေက ကိုယ်စားလှယ် ၄၀ လောက်ပါတဲ့ အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ၂ ရက်ကြာ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို မြို့တော်ဒါကာမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဆော်ဒီအဖွဲ့ကို နိုင်ငံခြားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မာဟီရ် အလ်-ဂါစင်က ဦးဆောင်တာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် စီးပွားရေးဆက်ဆံမှုဌာနရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ တာဝန်ရှိသူ ဖိုင်ဆဲလ် ဇာဟူရ်က ဆွေးနွေးပွဲအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေး အဓိကထား ဆွေးနွေး သဘောတူညီချက်မူကြမ်းတစ်ခု ရရှိခဲ့ကာ ကြာသာပတေးနေ့မှာ လက်မှတ်ထိုးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီအာရေဗျမှာ အလုပ်လုပ်ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်အလုပ်သမားတွေ အဆင်ပြေလွယ်ကူ ချောမွေ့စေရေး ဆောင်ရွက်ပေးဖို့လည်း နှစ်ဖက်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

    “ဆော်ဒီလုပ်ငန်းရှင်တွေဟာ ဘင်္ဂလားဒေ့ရှ်မှာ ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်နေတယ်။ တိုင်းပြည်က ဘယ်လောက်ဖြုန်းပေးနိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်” လို့ ဇာဟူရ်က ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (BIDA) ရဲ့ အမှုဆောင်ဥက္ကဌ မိုဟာမက် ဆီရာဇူလ် အစ္စလာမ်က ဆော်ဒီလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံနိုင်တဲ့ပမာဏာ မြင့်မားတာကြောင့် နိုင်ငံမှာ လာရောက်လုပ်ကိုင်ဖို့ အလွန်ဆန္ဒရှိကြောင်း၊ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ လုပ်ငန်းရှင်တွေကို ဆွဲဆောင်နိုင်ဖို့ အဓိကထား လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မနေ့က အစည်းအဝေးမှာ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု၊ ပုဂ္ဂလိကလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဆွေးနွေးခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Arab News