News @ M-Media

ဆော်ဒီမှ မြင့်မြတ်ရာ ဗလီနှစ်ခုတွင် ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

မတ် ၃၊ ၂၀၂၀
M-Media

မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်တွင် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းနေစဉ်

-အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို ဆော်ဒီအစိုးရက တိုးမြှင့်ဆောင်ရွက်နေပါတယ်။

ဗိုင်းရပ်စ်ပြန့်နှံ့လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ပြီးခဲ့တဲ့တစ်ပတ်မှာ အွမ္မရာဘုရားဖူးခရီးစဉ်ကို ဆော်ဒီက ယာယီပိတ်ပင်လိုက်ပြီး ပြည်ပက ခရီးသွားတွေကိုလည်း ပြည်တွင်းဝင်ရောက်မှု ကန့်သတ်လိုက်ပါတယ်။ ဗိုင်းရပ်စက်ကူးစက်နေသူကိုလည်း ဆော်ဒီမှာ မနေ့က ပထမဆုံး တွေ့ရှိခဲ့ရပါတယ်။

လက်ရှိမှာတော့ ဆော်ဒီဟာ တစ်နိုင်ငံလုံးမှာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်နဲ့ မဒီနာက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်တွေမှာ အထူးအလေးထားပြီး ဆောင်ရွက်နေပါတယ်။

ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေမှာ ဗလီနဲ့ ဗလီပရဝုဏ်က ကြမ်းပြင်တွေ၊ ကောဇောတွေကို စက်နဲ့ ပိုးသတ်ဆေးဖြန်းတာ၊ ဝတ်ပြုဆောင် ဝင်ပေါက်အားလုံးမှာ လက်ဆေးဂျယ်တွေ ထားပေးတာ၊ ကောဇောဆေးကြောတဲ့စက်ရုံမှာ ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ဆောင်ချက် ထည့်သွင်းတာ၊ ကောဇောလဲလှယ်မှုနဲ့ လျှော်ဖွတ်မှုအကြိမ်အရေကို တိုးမြှင့်တာတွေ ပါဝင်ပါတယ်။

ဇမ်ဇမ်ရေတွင်းကိုလည်း ဆော်ဒီအာဏာပိုင်တွေက ပိုးသတ်​ပေးထားပြီး၊ ဗလီဝတ်ကျောင်းတော်တွေရဲ့ တစ်ခြား သန့်ရှင်းရေးလုပ်ငန်းတွေကိုလည်း အရင်ကထက် ပိုမိုတိုးမြှင့်ဆောင်ရွက်လာပါတယ်။

Ref: Arab News