News @ M-Media

Tag: SaudiArabia

  • ဂျာနယ်လစ် ကာရှိုဂျီအသတ်ခံရမှုအတွက် လူ ၁၁ ဦးကို ဆော်ဒီက ပထမဆုံး ရုံးထုတ်

    ဂျာနယ်လစ် ကာရှိုဂျီအသတ်ခံရမှုအတွက် လူ ၁၁ ဦးကို ဆော်ဒီက ပထမဆုံး ရုံးထုတ်

    ဇန်န၀ါရီ ၃၊ ၂၀၁၉
    M-Media

    – နာမည်ကြီး ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၁၁ ယောက်ကို ပထမဆုံး တရားရုံးတင်ခဲ့တယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တော်ဝင်အသိုင်းအ၀ိုင်းကို ဝေဖန်လေ့ရှိတဲ့ ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

    တူရကီအစိုးရက ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးထဲမှာပဲ အသတ်ခံလိုက်ရတယ်လို့ ပျောက်ဆုံးပြီး ရက်အနည်းငယ်အကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဆော်ဒီအစိုးရက အစောပိုင်းမှာ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ကာရှိုဂျီနဲ့ ကောင်စစ်ဝန်ရုံးက ၀န်ထမ်းတွေ ထိုးကြိတ်ကျရင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြို့တော်ရီယာ့ဒ်က ဒီကနေ့ ပထမဆုံးကြားနာမှုမှာ ဆော်ဒီရှေ့နေချုပ်က သံသယရှိသူ ၁၁ ဦးထဲက ၅ ဦးကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ Saudi Press Agency သတင်းဌာနက ဖော်ပြပါတယ်။

    ဆော်ဒီအစိုးရရှေ့နေတွေရဲ့ ထုတ်ပြန်ချက်မှာ ဒီကိစ္စအတွက် သက်သေအထောက်အထားတွေ ပေးဖို့ တူရကီအစိုးရကို တောင်းဆိုထားတယ်လို့ ဖော်ပြထားပါတယ်။

    ကာရှိုဂျီ အသတ်ခံရမှုအတွက် ဆော်ဒီအစိုးရက ဖမ်းဆီးထားတဲ့ သူတွေထဲမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တော်တော်လေးနီးစပ်တဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်းလည်း ပါဝင်ပါတယ်။

    တူရကီအစိုးရက ဖမ်းဆီးထားသူတွေကို သူတို့ဆီလွှဲပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဆော်ဒီအစိုးရက လက်မခံပါဘူး။ အခုလို ဆော်ဒီက ရုံးတင်စစ်ဆေးတာကြောင့် ပွင့်လင်းမြင်သာမှုရှိမှာ မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ဆော်ဒီ၏ ပထမဆုံးစက်ရုပ် အစိုးရဌာနတွင် အလုပ်ဝင်

    ဆော်ဒီ၏ ပထမဆုံးစက်ရုပ် အစိုးရဌာနတွင် အလုပ်ဝင်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံရဲ့ ပထမဆုံးစက်ရုပ်ဟာ တနင်္ဂနွေနေ့က ဆော်ဒီ အစိုးရဌာနတစ်ခုမှာ ပထမဆုံး အလုပ်ဝင်ခဲ့တယ်လို့ သိရပါတယ်။

    နည်းပညာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့ကျင်ရေးဌာန TVTC မှာ အလုပ်ဝင်တာဖြစ်ပြီး ဌာနက ၀န်ထမ်းကဒ်နဲ့ အလုပ်အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ပေးအပ်ခဲ့ပါတယ်။ စက်ရုပ် အလုပ်ခန့်အပ်မှု အခမ်းအနားကို ဆော်ဒီ ပညာရေးဝန်ကြီး အဟ်မဒ် အလ်-အီစနဲ့ TVTC အကြီးအကဲ အဟ်မဒ် အလ်-ဖာဟစ်တို့ တက်ရောက်ခဲ့ပါတယ်။

    အဲဒီစက်ရုပ်ဟာ အီလက်ထရောနစ် တွက်ချက်မှုစနစ်နဲ့ ၀န်ဆောင်မှုပေးမှာဖြစ်ပြီး TVTC က လုပ်တဲ့ ပြပွဲတွေ၊ အခမ်းအနားတွေနဲ့ လှုပ်ရှားမှုတွေမှာ လာရောက်လည်ပတ်သူတွေကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

    ဆော်ဒီရဲ့ ‘၂၀၃၀ ရည်မှန်းချက်’ မှာ နည်းပညာဆိုင်ရာ အဆင်မြှင့်တင်ရေး စီမံကိန်းလည်း ပါဝင်ပြီး အခုလို စက်ရုပ်တွေကို အသုံးပြုမှုက ပြည်သူတွေကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထိတွေ့မှုရရှိစေတယ်လို့ အလ်-အီဆာက ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ဆော်ဒီဟာ လူသားပုံစံ ဖန်တီးထားတဲ့ စက်ရုပ် Sophia ကို နိုင်ငံသားပေးခဲ့ပြီး ကမ္ဘာ့ ပထမဆုံး နိုင်ငံသားဖြစ်တဲ့ စက်ရုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    Ref: Arabia

  • ဆော်ဒီရှိ မြင့်မြတ်သော ဗလီများတွင် မသန်စွမ်းသူများ အဆင်ပြေစေရန် ပိုမိုဆောင်ရွက်ပေးထား

    ဆော်ဒီရှိ မြင့်မြတ်သော ဗလီများတွင် မသန်စွမ်းသူများ အဆင်ပြေစေရန် ပိုမိုဆောင်ရွက်ပေးထား

    ဒီဇင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – မက္ကာနဲ့ မဒီနာကို ဟဂ်ျ၊ အွမ္မရာဟ် ဘုရားဖူးခရီး လာရောက်ကြတဲ့ မသန်စွမ်းသူတွေ လွယ်ကူစေဖို့အတွက် လက်ဟန်ဘာသာစကားနဲ့ လမ်းညွှန်တဲ့သူတွေ၊ မျက်မမြင်တွေဖတ်လို့ရမယ့် ကုရ်အာန်စာအုပ်တွေ အပါအ၀င် အခြား ၀န်ဆောင်မှုအသစ်တွေကို ဆော်ဒီအာဏာပိုင်တွေက ဆောင်ရွက်ပေးထားပါတယ်။

    မြင့်မြတ်တဲ့ ဗလီဝတ်ကျောင်းတော်နှစ်ခု ဆိုင်ရာ အထွေထွေအုပ်ချုပ်မှုဌာနရဲ့ တာဝန်ရှိသူ အဟ်မဒ် အလ် ဘူရ်ကာတီက မသန်စွမ်းသူတွေဟာ ထူးခြားတဲ့ အစွမ်းအစရှိကြသူတွေဖြစ်ပြီး၊ ဘုရားဖူးကာလတွေမှာ သူတို့တွေအတွက် လွယ်ကူအဆင်ပြေစေမယ့် နည်းလမ်းတွေကို ဖန်တီးပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီလို ဆောင်ရွက်ပေးထားမှုတွေထဲမှာ ကုန်အာန်ကျမ်းတော်မြတ်ကို ထောက်လိုက်တာနဲ့ အသံထွက်မယ့် စမတ်ဘောပင်၊ စာအုပ်မကိုင်နိုင်သူတွေအတွက် အဆင်ပြေစေမယ့် ရွေ့လျား စာအုပ်တင်စင် ထားပေးထားတာတွေလည်း ပါဝင်ပါတယ်။ မျက်မမြင်တွေ လက်နဲ့ထောက် ဖတ်ရှုနိုင်မယ့် ကုရ်အာန်ကျမ်းတော်မြတ်၊ အခြား ဘာသာရေး စာအုပ်စာပေတွေကို ထားရှိပေးထားပြီး မသန်စွမ်းသူတွေကို ၀တ်ပြုချိန်နဲ့ အခြားကိစ္စတွေမှာလည်း ကူညီလမ်းညွှန်ပေးနိုင်မယ့် သီးသန့်ဝန်ထမ်းတွေကိုလည်း မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ ထားရှိပေးထားပါတယ်။

    အလ် ဘူရ်ကာတီက မသန်စွမ်းသူတွေ ၀တ်ပြုရာနေရာကို အလွယ်တကူ ၀င်ရောက်နိုင်ရေးအတွက် သီးသန့်ဝင်ပေါက်တွေ ထားရှိပေးထားတယ်လို့ ဆိုပါတယ်။

    အွမ္မရာဟ်ဘုရားဖူးခရီး လာရောက်တဲ့ အီဂျစ်နိုင်ငံသား အဟ်မဒ် ဘာဒါဝီက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ဒီလို ၀န်ဆောင်မှုမျိုး ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    မသန်စွမ်းသူတွေအတွက် ဘီးတပ်ကုလားထိုင်တွေ၊ မျက်မမြင်တွေသုံးနိုင်မယ့် လမ်းညွှန်တုတ်တွေကိုလည်း မြင့်မြတ်ရာနေရာတွေမှာ ထားရှိပေးထားပါတယ်။

    Ref: Arab News

  • ပင်လယ်နီ-အေဒင်ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့မည်

    ပင်လယ်နီ-အေဒင်ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့မည်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးမှာ အရေးပါတဲ့ အေဒင်ပင်လယ်ကွေ့၊ ပင်လယ်နီတွေနဲ့ ထိစပ်နေတဲ့ နိုင်ငံ ၇ နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခု ဖွဲ့စည်းဖို့အတွက် မနေ့က ဆော်ဒီမှာ သဘောတူညီချက်တစ်ခု ရရှိခဲ့ကြပါတယ်။

    အီဂျစ်၊ ဒီဘူတီ၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဂျော်ဒန်နဲ့ ဆော်ဒီနိုင်ငံတို့က ကိုယ်စားလှယ်တွေဟာ ရီယာ့ဒ်မှာ မနေ့က တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြတာပါ။ အဖွဲ့ဝင်ဖြစ်လာမယ့် နိုင်ငံတွေက ကျွမ်းကျင်သူတွေဟာ နောက်ပိုင်း ကိုင်ရိုမှာ အသေးစိတ်ဆွေးနွေးမှုတွေလည်း လုပ်ဖို့ရှိနေပါတယ်။

    “ဒီအဖွဲ့ဟာ မိမိတို့နိုင်ငံနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ ဒေသတည်ငြိမ်ဖို့၊ အဖွဲ့ဝင်နိုင်ငံတွေအကြား စုပေါင်းအင်အားတစ်ခု ပေါ်ပေါက်လာဖို့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီဒေသက နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆွေးနွေးမှု ပိုမိုလုပ်နိုင်လေလေ၊ အပြင်က မလိုလားအပ်တဲ့ လွှမ်းမိုးမှုတွေ လျှော့ကျလေလေပါပဲ” လို့ ဆွေးနွေးပွဲအပြီးမှာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘိုင်းရ်က ပြောကြားခဲ့ပါတယ်။

    မနေ့က ဆွေးနွေးပွဲမှာ အီသီယိုးပီးယားနဲ့ အီရစ်ထရီယာနိုင်ငံတွေ ပါဝင်ခြင်း မရှိခဲ့ပါဘူး။

    ဥရောပ၊ အမေရိကန်နဲ့ အာရှဒေသကို ရေနံတင်ပို့ရာမှာ အရေးပါတဲ့လမ်းကြောင်းဖြစ်တဲ့ အလ်-မန်ဒဘ်ရေလက်ကြားဟာ ပင်လယ်နီမှာ ရှိတာဖြစ်ပါတယ်။

    အလ်-ဂျူဘိုင်းရ်က အစည်းအဝေးအတွင်း ကုန်သွယ်ရေး တိုးမြှင့်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစည်းအဝေးမှာ ဆော်ဒီက ဒေသအတွင်း လုပ်ဆောင်မယ့် စီမံကိန်းကြီးတွေကို ချပြခဲ့ပြီး အဲဒီအထဲမှာ အီဂျစ်၊ ဂျော်ဒန်တို့နဲ့ ဆောင်ရွက်မယ့် ကန်ဒေါ်လာ ဘီလီယံ ၅၀၀ တန် စီးပွားရေးဇုန်နဲ့ ဇိမ်ခံခရီးသွားလုပ်ငန်း စီမံကိန်းလည်း ပါဝင်ပါတယ်။

    Ref: Arab News

  • ကမ္ဘာမြေကိုစောင့်ကြည့်နိုင်မည့် ပြည်တွင်းဖြစ် ဂြိုဟ်တုနှစ်လုံးကို ဆော်ဒီ လွှတ်တင်

    ကမ္ဘာမြေကိုစောင့်ကြည့်နိုင်မည့် ပြည်တွင်းဖြစ် ဂြိုဟ်တုနှစ်လုံးကို ဆော်ဒီ လွှတ်တင်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    – ကမ္ဘာမြေပြင်ကို စောင့်ကြည့်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်မယ့် ပြည်တွင်းဖြစ်ဂြိုဟ်တုနှစ်ခုကို ဆော်ဒီအာရေဗျက ပြီးခဲ့တဲ့တစ်ပတ်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    Sat 5a နဲ့ Saudi Sat5b လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုနှစ်ခုကို ဆော်ဒီအာရေဗျရဲ့ တိကျမှုမြင့်မားတဲ့ အဝေးထိန်း ဂြိုဟ်တု ဒုတိယမျိုးဆက် ဖြစ်ပြီး ‘ကင်းအဘ်ဒူလ်အဇစ် သိပ္ပံနဲ့ နည်းပညာမြို့တော်’ (KACST) ကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံ ဂျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာရဲ့ ပတ်လမ်းအနိမ့်တွေကနေ အရည်အသွေးမြင့် ပုံရိပ်တွေကို ရိုက်ကူးကာ ဆော်ဒီအစိုးရဌာနတွေဆီ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီပုံတွေဟာ မြို့ပြစီမံကိန်းတွေအတွက် အသုံးဝင်မှာဖြစ်သလို ကမ္ဘာမြေပြင်ပေါ်က လှုပ်ရှားပြောင်းလဲမှုတွေကို စောင့်ကြည့်ရာမှာလည်း အကူအညီ ဖြစ်စေမှာ ဖြစ်ပါတယ်။

    လရဲ့ အမှောင်ဘက်ခြမ်းကို လေ့လာရေးဆိုတဲ့ တရုတ်ရဲ့ Chang’e စီမံကိန်းနဲ့ပူးပေါင်းကာ KACST ဟာ ဂြိုဟ်တု ၁၃ ခု လွှတ်တင်ထားပြီး မြေပြင်နဲ့ ရေပြင် စောင့်ကြည့်ရေးစနစ်တွေအတွက် အသုံးပြုနေပါတယ်။

    ဆော်ဒီရဲ့ ၂၀၃၀ စီမံကိန်း Vision2030 မှာ နိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ နည်းပညာတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်အသုံးပြုနိုင်ရေး၊ ဂြိုဟ်တုတည်ဆောက်ရေးလို အဆင့်မြင့်နည်းပညာကဏ္ဍအတွက် ဆော်ဒီလူငယ်တွေကို ပံ့ပိုးပေးရေး လုပ်ငန်းလည်း ပါဝင်ပါတယ်။

    Ref: Arab News