News @ M-Media

Tag: SaudiArabia

  • တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်းတွင် သေနတ်ပစ်ခေတ်မှုဖြစ်
    ====================
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတစ်ခုအနီး ဘတ်စ်ကားမှတ်တိုင်နားမှာ ရပ်နေတဲ့ လူတွေကို ပါလက်စတိုင်းတစ်ဦးက ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်မှု မနေ့က ဖြစ်ပွားခဲ့ပြီး အစ္စရေးအခြေချအိမ်ယာမှာ နေထိုင်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့ရဲ့ပိုင်နက်ကို အစ္စရေးက ကျူးကျော်သိမ်းပိုက်ကာ တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်မှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေဟာ အဲဒီအိမ်ယာတွေ၊ အိမ်ယာမှာနေထိုင်သူတွေကို မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အစ္စရေးစစ်တပ်က မနေ့က တိုက်ခိုက်မှုမှာ ပါဝင်သူကို ရှာဖွေနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ပြည်တွင်းရေးကို ၀င်မစွက်ရန် ထရမ့်ကို ပြင်သစ် သတိပေး
    =====================
    အမေရိကန်ရဲ့ နိုင်ငံရေးကို ပြင်သစ်က ၀င်မရှုပ်တဲ့အတွက် ပြင်သစ်နိုင်ငံရေးကို အမေရိကန်က ၀င်ရှုပ်တာလည်း မကြိုက်ဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အခွန်မြင့်တက်မှု၊ လူနေမှုအဆင့်အတန်း နိမ့်ကျမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဆန္ဒပြမှုဟာ ၄ ပတ်တိုင်လာခဲ့ပြီး ခဲတွေနဲ့ပစ်ပေါက်တာ၊ ကားတွေမီးရှို့တာ၊ ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖျက်ဆီးတာတွေလည်း ဖြစ်နေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြင်သစ်အစိုးရပေါ်လစီကို လှောင်ပြောင်တဲ့ မှတ်ချက်တစ်ခုကို မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။  Jean-Yves Le Drian က အဲဒီရေးသားမှုမှာ ထရမ့်အသုံးပြုခဲ့တဲ့ဓာတ်ပုံဟာ ပြင်သစ်ကဓာတ်ပုံမဟုတ်ဘဲ လွန်ခဲ့တဲ့လအနည်းငယ်က လန်ဒန်မှာဖြစ်ခဲ့တဲ့ ဓာတ်ပုံဖြစ်ကြောင်း၊ ထရမ့်ရဲ့ရေးသားမှုကို ရှုတ်ချကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ခြစားမှုကို တိုက်ဖျက်မှ အာဏာဆက်ရှိမည်ဟု မလေးဝန်ကြီးချုပ်ပြော
    ===============
    ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အနိုင်ရချင်ရင် ခြစားမှုကင်းရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မနေ့မှာ ပြုလုပ်ခဲ့တဲ့ ပရဟိတ ညစာစားပွဲမှာ သူဦးဆောင်တဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) ကို တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံပါတီတွေ ပေါင်းစည်းထားတဲ့ PH ဟာ အခုနှစ်ဇွန်လမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး မဟာသီက ဒီလိုအနိုင်ရမှုဟာ ခြစားမှုကို ဆန့်ကျင်တိုက်ဖျက်မယ်လို့ ပြောကြားခဲ့တဲ့အတွက်ဖြစ်ကြောင်း၊ ဒီကိစ္စကို ဆက်မလုပ်တော့ဘူးဆိုရင် သူဦးဆောင်နေလည်း ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မရှိတော့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မလေးရှားအစိုးရဟာ လက်ရှိမှာ စီးပွားရေး ပြန်လည်ထူထောင်လာအောင် လုပ်ဆောင်နေပြီး မဟာသီက ဒီအကျိုးကျေးဇူးတွေကို လာမယ့်နှစ်မှာ ခံစားရမယ်လို့ ဆိုပါတယ်။

    ဂျာနယ်လစ်အသတ်ခံရမှုကိစ္စအတွက် သံသယရှိသူများကို ဆော်ဒီက တူရကီထံ လွှဲပေးမည် မဟုတ်
    ===================
    အောက်တိုဘာလအတွင်းက အစ္စဘူလ် ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံလိုက်ရတဲ့ ကိစ္စအတွက် တူရကီက ဖမ်းဝရမ်းထုတ်ထားသူတွေကို လွှဲပြောင်းပေးသွားမှာ မဟုတ်ဘူးလို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီရ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဆော်ဒီ ထောက်လှမ်းရေးအကြီးအကဲဟောင်း အဟ်မဒ် အလ်-အက်ဆရီနဲ့ ဆော်ဒီတော်ဝင်မိသားစုအကြံပး အာအွဒ် အလ်- ကာတာနီတို့ကို တူရကီက ဗုဒ္ဓဟူးနေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ အက်ဆရီဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အနီးကပ်လူယုံဖြစ်ပြီး သူ့ရဲ့ တံးခါးပိတ်အစည်းအဝေးတွေမှာ အမြဲတမ်း
    ပါဝင်ခွင့်ရခဲ့ပါတယ်။ အလ်-ဂျူဘီရ်က တူရကီထံကနေ အထောက်အထားတွေ တောင်းထားပေမယ့် ရသင့်ရထိုက်တဲ့ လမ်းကြောင်းကနေ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera,CNA

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    ကယ်လီဖိုးနီးယား တောမီး

    ကာရှုဂျီအသတ်ခံမှု အိမ်ရှေ့မင်းသားနှင့် မပတ်သက်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးပြော
    ===================
    ဆော်ဒီဂျာနယ်လစ် ဂျမားလ်ကာရှိုဂျီ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံရမှုဟာ မတော်တဆ ဖြစ်ရပ်သာဖြစ်ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ကြိုးကိုင်တယ်ဆိုတဲ့ ပြောကြားမှုတွေဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘိုင်းရ် မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ထောက်လှမ်းရေး စီအိုင်အေက ကာရှိုဂျီကို သတ်ဖို့ ဘင် ဆလ်မန်က အမိန့်ပေးတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားတာပါ။ ဒီကိစ္စကြောင့် ဘင်ဆလ်မန်ကို ထီးနန်းမလွှဲရေး ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းက စီစဉ်နေတယ်ဆိုပြီး ရိုက်တာသတင်းဌာနက အခုသီတင်းပတ်အစောပိုင်းမှာ ဖော်ပြခဲ့ပြီး ဒီသတင်းကိုလည်း ဂျူဘိုင်းရ်က ပယ်ချခဲ့ပါတယ်။

    တောမီးကြောင့် အိုးအိမ်စွန့်ခွာရသည့် အမေရိကန်ပြည်သူများ မိုးကြီးမှုဒဏ်ကို ထပ်မံခံစားနေရ
    ===================
    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေဟာ မိုးသည်းထန်စွာရွာသွန်းပြီး စိုစွတ်မှုဒဏ်ကို ထပ်မံခံစားနေရပါတယ်။ ပြည်နယ်သမိုင်းတစ်လျှောက် အဆိုးဆုံးဖြစ်တဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၃ ဦးအထိ ရှိခဲ့ပြီး ၅၆၀ လောက် ပျောက်ဆုံးနေပါတယ်။ ဆက်လက်လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမားတွေက ကြိုးစားငြှိမ်းသက်နေရပြီး သေဆုံးသူထပ်မရှိနိုင်တော့ပေမယ့် အိုးအိမ်စွန့်ခွာရသူတွေ ထပ်တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို အဆင့်လျှော့ချ ပြုလုပ်
    =================
    အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်နေတဲ့ Foal Eagle စစ်ဆင်ရေးကို မူလစီစဉ်ထားတဲ့ ပမာဏကနေ မြောက်ကိုရီးယားနဲ့ သံခင်တမန်ခင်း မထိထိုက်စေတဲ့ ပမာဏအထိ လျှော့ချပြုလုပ်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ လာမယ့်နှစ် နှစ်ဆန်းပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတာပါ။ ခေါင်းဆောင်နှစ်ဦးဟာ ဇွန်လက တွေ့ဆုံကာ နျူကင်းစင်ရေးကိစ္စ ဆွေးနွေးခဲ့ပေမယ့်လည်း ထင်သာမြင်သာတဲ့ တိုးတက်မှုမျိုး မရသေးပါဘူး။ အမေရိကန်ဟာ နျူကင်းစင်ရေးဆောင်ရွက်ပြီးမှ ပိတ်ဆို့မှုအားလုံး ဖယ်ရှားလိုတဲ့ဆန္ဒ ရှိနေပြီး မြောက်ကိုရီးယားက ဒီအချက်ကို လက်မခံပါဘူး။

    Ref: Aljazeera

  • ဂျာနယ်လစ်ကာရှိုဂျီကို ဆော်ဒီအိမ်ရှေ့မင်းသားက သတ်ခိုင်းခဲ့ဟု စီအိုင်အေ ကောက်ချက်ချ

    ဂျာနယ်လစ်ကာရှိုဂျီကို ဆော်ဒီအိမ်ရှေ့မင်းသားက သတ်ခိုင်းခဲ့ဟု စီအိုင်အေ ကောက်ချက်ချ

    နိုဝင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုမှာ သတ်ဖို့အမိန့်ကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပေးတာဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ CIA တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ၀ါရှင်တန်ပို့စ် သတင်းဌာနက မနေ့မှာ ဖော်ပြလိုက်ပါတယ်။

    အိမ်ရှေ့မင်းသားနဲ့ ဆော်ဒီအစိုးရကို ဝေဖန်ရေးသားလေ့ရှိတဲ့ ဆော်ဒီထိပ်တန်း ဂျာနယ်လစ် ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က ကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးနောက် သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

    ဒီကိစ္စအတွက် အစောပိုင်းမှာ ဆော်ဒီက ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ရုံးထဲမှာ စကားများရင်း သတ်ဖြတ်ခံလိုက်ရတာ  ဖြစ်တယ်လို့ ဆိုပါတယ်။

    ကြာသာပတေးနေ့က ဆော်ဒီရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ထောက်လှမ်းရေး ဒုတိယအကြီးအကဲဟောင်းက လူ ၁၅ ဦးပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းကာ တူရကီလွှတ်ပြီး ကာရှိုဂျီကို ဆော်ဒီပြန်လာရေး ဖျောင်းဖျဖို့ စီစဉ်ခဲ့ကြောင်း၊ ဒါပေမယ့် ဖျောင်းဖျလို့ မရတဲ့အတွက် ကြိုတင်စီစဉ်ပြီး သတ်ဖြတ်ခိုင်းခဲ့ကြောင်း၊ ကျူးလွန်သူ ၅ ဦးကို သေဒဏ်ပေးနိုင်အောင် မိမိတို့က စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ဒါပေမယ့် ၀ါရှန်ပို့စ်က ဖော်ပြရမှာ စီအိုင်အေက ဒီသတ်ဖြတ်မှုကို အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က တိုက်ရိုက် အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေကလည်း ဒီသုံးသပ်ချက်ကို ယုံကြည်ကြောင်း ရေးသားထားပါတယ်။

    ဒီသတင်းကို အမည်မဖော်လိုတဲ့ စီအိုင်အေအရာရှိတွေထံကနေ ၀ါရှင်တန်ပို့စ်က ရရှိခဲ့တာ ဖြစ်ပါတယ်။ အိမ်ဖြူတော်နဲ့ အမေရိကန်အစိုးရတို့ကတော့ ဒီသတင်းအတွက် အတည်ပြုချက် ပေးတာမျိုး မရှိပါဘူး။

    Ref: Ajazeera

  • ဂျာနယ်လစ်ကာရှိုဂျီအား သတ်ဖြတ်သူများကို သေဒဏ်ပေးမည်ဟု ဆော်ဒီကြေငြာ

    ဂျာနယ်လစ်ကာရှိုဂျီအား သတ်ဖြတ်သူများကို သေဒဏ်ပေးမည်ဟု ဆော်ဒီကြေငြာ

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    အသတ်ခံလိုက်ရသည့် ဂျာနယ်လစ် ကာရှိုဂျီ

    – အောက်တိုဘာ ၂ ရက်နေ့ အစ္စတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် ကာရှိုဂျီကို သတ်ဖြတ်မှုမှာ ပါဝင်သူ ၅ ဦးကို သေဒဏ်ပေးဖို့ ဆောင်ရွက်မယ်လို့ ဆော်ဒီ ဒုတိယရှေ့နေချုပ် ရှာလန် အလ်-ရှာလန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အဲဒီကိစ္စအတွက် လက်ရှိမှာ ဆော်ဒီက လူ ၂၁ ဦးကို စစ်ဆေးနေပြီး ၁၁ ဦးကို လူသတ်မှုနဲ့ တရားစွဲထားပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ ရာဇ၀တ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ ဒီလူတွေရဲ့အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    ကာရှိုဂျီဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ ဆော်ဒီအစိုးရကို ဝေဖန်သူဖြစ်ပြီး သူအသတ်ခံရမှုမှာ ဆော်ဒီထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်တယ်လို့ တူရကီက စွပ်စွဲထားပါတယ်။ ဆော်ဒီဟာ အစပိုင်းက ဒီလူသတ်မှုကို ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ကောင်စစ်ဝန်ရုံးက ၀န်ထမ်းတွေနဲ့ ထိုးကြိတ်ကြရင်း ကာရှိုဂျီ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီကနေ့ မြို့တော်ရီယာ့ဒ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလ်-ရှာလန်က ထောက်လှမ်းရေးဒုတိယအကြီးအကဲ အဟ်မဒ် အလ်-အက်ဆီရီကိုဟာ ကာရှိုဂျီ ဆော်ဒီပြန်လာအောင် ဆွဲဆောင်ဖို့အတွက် အဖွဲ့တစ်ခုဖွဲ့ကာ တူရကီကို စေလွှတ်ခဲ့တယ်ကြောင်း၊ ဆွေးနွေးမှု အဆင်မပြေတဲ့အတွက် သတ်ခိုင်းခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    သတ်ဖြတ်ဖို့အတွက် စက်တင်ဘာ ၂၉ ရက်နေ့ကတည်းက စီစဉ်ခဲ့တာဖြစ်ပြီး လူသတ်မှုမဖြစ်ခင် ကောင်စစ်ဝန်ရုံးက စောင့်ကြည့်ကင်မရာတွေကို တစ်စုံတစ်ယောက်က ပိတ်ထားခဲ့ကြောင်း၊ အဲဒီလူတွေကို စုံစမ်းစစ်ဆးမှုမှာ ဖော်ထုတ်နိုင်ခဲ့ကြောင်း သူက ဆိုပါတယ်။

    နန်းတော်ရဲ့အကြံပေးဟောင်း ဆအွဒ် အလ်-ကွာတာနီကို တိုင်းပြည်ကနေထွက်ခွာခွင့် ပိတ်ပင်ထားပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့လည်း အလ်-ရှာလန်က ပြောကြားခဲ့ပါတယ်။

    သတ်ဖြတ်ပြီးနောက် ကာရှိုဂျီရဲ့အ၀တ်အစားကို ၀တ်ဆင်ခဲ့သူတွေ၊ နာရီ၊ မျက်မှန်တွေအပါအ၀င် သူ့ရဲ့ပစ္စည်းတွေကို အမှိုက်ပုံးထဲ ပစ်ခဲ့သူတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆော်ဒီက ဆိုပါတယ်။

    တူရကီ စုံစမ်းစစ်ဆေးရေးမှူးတွေက ကာရှိုဂျီကို သတ်ဖြတ်ပြီးတဲ့နောက် အလောင်းကို အပိုင်းပိုင်းတစ်ကာ လက်ဆွဲအိတ် ၅ အိပ်နဲ့ သယ်ထုတ်သွားပြီး ကောင်စစ်ဝန်ရုံးနဲ့ သိပ်မဝေးတဲ့ ကောင်စစ်ဝန်အိမ်မှာ အက်စစ်နဲ့ဖျောကာ ဖျောက်ဖျက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

    သတ်ဖြတ်မှုဖြစ်စဉ်ကို အသံသွင်းယူထားတဲ့မှတ်တမ်းတွေကို ဆော်ဒီ၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေကို ပေးလိုက်တယ်လို့လည်း တူရကီက ပြောထားပါတယ်။

    ဒါပေမယ့် အလ်-ရှာလန်က တူရကီထံကနေ ဒီမှတ်တမ်းတွေရဖို့ တောင်းခံထားပေမယ့် အခုအချိန်အထိ မရသေးဘူးလို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    တူရကီနိုင်ငံခြားရေးဝန်ကြီးက ဆော်ဒီရဲ့ ဒီထုတ်ပြန်ချက်တွေဟာ ကျေနပ်စရာမကောင်းဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဘရာဇီးလ် ဂန္တ၀င်ကစားသမား ရော်နယ်ဒဟို ဆော်ဒီတွင် ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်မည်

    ဘရာဇီးလ် ဂန္တ၀င်ကစားသမား ရော်နယ်ဒဟို ဆော်ဒီတွင် ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်မည်

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    ဖိုရမ်တွင်တွေ့ရသည့် ရော်နယ်ဒင်ဟို

    – လာမယ့်နှစ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ဘရာဇီးလ်အသင်းရဲ့ ဂန္တ၀င်ဘောလုံးကစားသမား ရော်နယ်ဒင်ဟိုက Arab News သတင်းဌာနနဲ့ မနေ့က အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

    “ဆော်ဒီပြည်သူတွေထံကနေရရှိတဲ့ နွေးထွေးတဲ့ကြိုဆိုမှု၊ ဖော်ရွေမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဘောလုံးကစားသမားတစ်ယောက် ဖြစ်ချင်တဲ့ ဆော်ဒီကလေးငယ်တွေအတွက် သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ”

    ရော်နယ်ဒင်ဟိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အတည်ထောင်ထားတဲ့ Misk Foundation က ကျင်းပတဲ့ Misk Global Forum ကို တက်ရောက်ဖို့ ဆော်ဒီအာရေဗျကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

    ဖိုရမ်မှာ ဒင်ဟိုက ဘုရားသခင်ဟာ သူ့ကို ဘောလုံးပါရမီပေးထားပြီး ကလပ်အသင်းနဲ့ နိုင်ငံအသင်းတွေမှာ ကမ္ဘာကျော် ကစားသမာတွေနဲ့ တွဲဖက်ကစားခွင့်ရခဲ့တာ ကံကောင်းမှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကိုယ့်ကိုယ်ကိုပြင်ဆင်ပါ။ လုပ်ဖောင်ကိုင်ဖက်တွေ၊ အသင်းဖော်တွေကို ကူညီပါ။ မာန်မတက်ဖို့က အရေးကြီးပါတယ်။ မိမိကိုယ်ကို နှိမ့်ချပါ” လို့ ရော်နယ်ဒင်ဟိုက ပရိတ်သတ်တွေကို အကြံပြုခဲ့ပါတယ်။

    ပြင်းပြင်းထန်ထန်ကြိုးစားဖို့၊ စာများများဖတ်ဖို့ အရှုံးကိုမကြောက်ရွံ့ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်ဆို အကြိမ်ပေါင်းများစွာ ကျရှုံးဖူးပါတယ်။ ဘောလုံးမှာက ဒီလိုပါပဲ။ အမြဲတမ်း အနိုင်ကြီးပဲမဟုတ်ဘူး။ အရှုံးကနေလည်း သင်ခန်းစာယူတတ်ရတယ်။ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့”

    ဘောလုံးကစားမှုကနေ အနားယူခဲ့ပြီးတဲ့နောက် မိမိအနေနဲ့ လူငယ်မျိုးဆက်သစ်တွေကို ပြန်လည်ပေးဆပ်ဖို့ ကြိုးစားနေတယ်လို့လည်း ရော်နယ်ဒင်ဟိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Arab News