News @ M-Media
Tag: SaudiArabia
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၁၉၊ ၂၀၁၈
    M-Media
    မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း ဟာမီဒီ
    တရုတ်စီမံကိန်းတစ်ခုကို သီရိလင်္ကာ ပယ်ဖျက်
    ==============
    ဒေါ်လာ သန်း ၃၀၀ တန် အိမ်ယာဆောက်လုပ်ရေး စီမံကိန်း တရုတ်ကုမ္ပဏီကို တင်ဒါပေးထားမှုကို သီရိလင်္ကာနိုင်ငံက ပယ်ဖျက်လိုက်ပြီး အိန္ဒိယနိုင်ငံကို လုပ်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။ သီရိလင်္ကာနိုင်ငံ တောင်ပိုင်းက တရုတ်ရဲ့ ဆိပ်ကမ်းစီမံကိန်းတွေနဲ့ အခြား အခြေခံအဆောက်အဦး ဆောက်လုပ်မှုတွေဟာ အကြွေးထောင်ချောက်ထဲ ရောက်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတဲ့အချိန် ဒီလို ပယ်ဖျက်လိုက်တာပါ။ အိန္ဒိယဟာ သီရိင်္ကာမြောက်ပိုင်းမှာ အိမ်ယာတွေ၊ လေဆိပ်တစ်ခုနဲ့ ဆိပ်ကမ်းတစ်ခုတို့ကို ဆောက်လုပ်ပေးခဲ့ပါတယ်။ သီရိလင်္ကာဟာ တရုတ်ကို အကြွေးမဆပ်နိုင်တာကြောင့် နိုင်ငံတောင်ပိုင်းက အရေးပါတဲ့ ဆိပ်ကိမ်းတစ်ခုကို နှစ် ၁၀၀ နီးပါး တရုတ်လက်ထဲ ထိုးအပ်ထားရပါတယ်။
    ဆော်ဒီသတင်းထောက် အသတ်ခံရသည်ဟု ယုံကြည်ကြောင်း ထရမ့်ပြော
    ======================
    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ပျောက်သွားတဲ့ ၀ါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ် ကာရှိုဂီ သေဆုံးသွားပြီလို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပြီး၊ ဆော်ဒီအစိုးရရဲ့ လက်ချက်သာဖြစ်မယ်ဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ကြုံရမယ်လို့ သတိပေးလိုက်ပါတယ်။ တူရကီက ကာရှိုဂျီကို ဆော်ဒီအစိုးရကခန့်ထားတဲ့ ကြေးစား ၁၅ ဦးက သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသံအထောက်အထားတွေ၊ ဗီဒီယိုအထောက်အထားတွေ ရှိတယ်လို့ ဆိုပါတယ်။ ဆော်ဒီဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ပြီး ကာရှိုဂီကိစ္စအတွက် ထရမ့်က ဖာဖာထေးထေး ပြောဆိုမှု  ရှိနေတယ်လို့ ဝေဖန်ခံနေရပါတယ်။
    အာဖဂန်ထိပ်တန်းဗိုလ်ချုပ် တာလီဘန်တို့၏ လုပ်ကြံသတ်ဖြတ်မှု ခံရ
    ======================
    အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်က ထိပ်တန်းဗိုလ်ချုပ် အဘ်ဒူလ်ရာဇစ်ဟာ မနေ့က တာလီဘန်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်မှာ အမေရိကန် စစ်ဖက်တာဝန်ရှိသူတွေနဲ့ အစည်းအဝေးပြီး သက်တော်စောင့်တစ်ယောက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ရာဇစ်အပြင် ပြည်နယ် ထောက်လှမ်းရေးအကြီးအကဲ အဘ်ဒူလ် မိုဟ်မင်လည်း သေဆုံးခဲ့သလို၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဇာလ်မိုင် ၀ီဆာ ဒဏ်ရာရခဲ့ပါတယ်။ တာလီဘန်ကလူတွေ အာဖဂန်အစိုးရအတွင်းစည်းအထိ စိမ့်ဝင်တိုက်ခိုက်မှုတွေဟာ အခုနှစ်ပိုင်းအတွင်း မြင့်တက်လာခဲ့ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ အမေရိကန်စစ်ဖက်က လေးစားတဲ့ ရာဇစ်ဟာ အရင်ကလည်း လုပ်ကြံမှုတွေကို ခံခဲ့ရပြီး အသက်အန္တရာယ်ကနေ သီသီကလေး လွတ်မြောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
    မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် ဖမ်းခံရ
    =====================
    ဒုတိယ၀န်ကြီးချုပ်ဟောင်း အဟ်မဒ် ဇာဟစ် ဟာမီဒီကို မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က မနေ့မှာ ဖမ်းဆီးလိုက်ပြီး သူဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ Yayasan Akal Budi ဖောင်ဒေးရှင်းမှာ ရန်ပုံငွေတွေကို မလျော်ကန်စွာ သုံးစွဲမှုနဲ့ပတ်သက်လို့ စွဲချက် ၄၀ ကျော်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဟာမီဒီဟာ အခုနှစ်အတွင်း ကော်မရှင်ရဲ့ ခေါ်ယူမေးမြန်းမှုကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။ မလေးရှားမီဒီယာတွေက ဟာမီဒီဟာ သူနဲ့ သူ့ဇနီးရဲ့ အကြွေးဝယ်ကဒ်ဘီလ်တွေကို ပေးဆောင်ဖို့အတွက် ဖော်ဒေးရှင်းကနေ ရင်းဂစ် ၈ သိန်း (၁၉၇၆၀၀ ဒေါ်လာ) အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဟာမီဒီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူ့ရဲ့လက်ထောက်က မှားပေးခဲ့တာဖြစ်ကြောင်း၊ အဲဒီငွေကို ပြန်ပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera, CNA
  • အွမ္မရာဟ်ပြုသူများအပေါ် အခွန်ကောက်ခံမှုကို ဆော်ဒီ ပယ်ဖျက်
    အွမ္မရာဟ်ပြုသူများအပေါ် အခွန်ကောက်ခံမှုကို ဆော်ဒီ ပယ်ဖျက်
    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီ အိမ်ရှေ့မင်းသားတို့ တွေ့ဆုံမှု
    – ပါကစ္စန်ဝန်ကြီးချုပ်ရဲ့ တောင်းဆိုမှုကြောင့် အွမ္မရာဟ်သွားသူတွေအပေါ် အခွန်ကောက်ခံမှုကို ဆော်ဒီက ပယ်ဖျက်လိုက်ပါတယ်။
    ၂ နှစ်အတွင်း အွမ္မရာဟ် တစ်ကြိမ်ထက်ပို သွားရောက်သူတွေကို ဆော်ဒီက အခွန် ရီယဲလ်နှစ်ထောင်စီ ကောက်ခံနေတာ ဖြစ်ပြီး ဒီအတွက် ပါကစ္စတန်ပြည်သူတွေက စောဒက တက်ခဲ့ကြပါတယ်။
    လူတစ်ချို့သာ အွမ္မရာဟ် ထပ်ခါခါ သွားရောက်နေမှုကို တားဆီးဖို့အတွက် ကမ္ဘ့ာနိုင်ငံအားလုံးက လူတွေကို အခွန်တပ်တာဖြစ်ကြောင်း၊ ဒါပေမယ့် အီဂျစ်နဲ့ တူရကီတို့ကလည်း ဒီအခွန်ကို ပယ်ဖျက်ဖို့ တောင်းဆိုနေတဲ့အတွက် ပယ်ဖျက်ပေးလိုက်ကြောင်း ဆော်ဒီဖက်က ပြန်ကြားခဲ့တယ်လို့ သာသနာရေးနဲ့ ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေး ၀န်ကြီးဌာန ၀န်ကြီး မိုဟာမက် မွတ်ရှ်တက်က ပြောကြားခဲ့ပါတယ်။
    နှစ်စဉ် ဟဂ်ျဘုရားဖူးခရီး သွားရောက်တဲ့ အစီအစဉ် ပိုမို အဆင်ပြေစေဖို့အတွက် လေကြောင်းလိုင်း တင်ဒါခေါ်ဖို့ စီစဉ်နေတယ်လို့ ၀န်ကြီးက လွှတ်တော်မှာ ထည့်သွင်း တင်ပြခဲ့ပါတယ်။
    Ref: The News
  • မန်ယူအသင်းကို ၀ယ်ယူရန် ဆော်ဒီအိမ်ရှေ့မင်းသား စိတ်ဝင်စားနေ
    မန်ယူအသင်းကို ၀ယ်ယူရန် ဆော်ဒီအိမ်ရှေ့မင်းသား စိတ်ဝင်စားနေ
    အောက်တိုဘာ ၁၆၊ ၂၀၁၈
    M-Media
    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်
    – နိုင်ငံရဲ့ စီးပွားရေးကို ပိုမိုမျှတအောင် ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂလန်ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတစ်ခုက မနေ့မှာ ဖော်ပြခဲ့ပါတယ်။
    ဥရောပ ဘောလုံးနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားတဲ့ ကာတာနဲ့ ယူအေအီးက စီးပွားရေးသမားတွေလိုပဲ ဆော်ဒီ တော်ဝင် မိသားစုကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ချင်နေတာပါ။
    ကာတာက လုပ်ငန်းရှင်တွေဟာ ပြင်သစ်လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီကို ၂၀၁၂ ခုနှစ်မှာ ၀ယ်ယူခဲ့ပြီး ဒေါ်လာဘီလီယံချီ သုံးစွဲကာ အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကာတာဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကိုလည်း လက်ခံကျင်းပဖို့ ရှိနေပါတယ်။
    ယူအေအီးဘီလီယံနာ ရှိခ် မန်ဆူရ် ဘင် ဇေယဒ်ဟာ ၂၀၀၈ ခုနှစ်မှာ မန်ချက်စတာစီးတီးအသင်းကို ပေါင် သန်း ၂၁၀ နဲ့ ၀ယ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အသင်းရဲ့တန်ဖိုးဟာ ပေါင် ၂ ဘီလီယံ ရှိလာခဲ့ပါတယ်။
    မန်ချက်စတာယူနိုက်တက်အသင်းကို လက်ရှိမှာ အမေရိကန်သူဌေး ဂလေဇာ မိသားစုက ပိုင်ဆိုင်တာဖြစ်ပြီး ဘင် ဆလ်မန်အနေနဲ့ ၀ယ်ယူမယ်ဆိုရင် ပေါင် ၄ ဘီလီယံ လောက် ပေးရဖို့ ရှိနေပါတယ်။
    မန်ယူဟာ ဆော်ဒီနဲ့ ရေရှည်ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပြီး နိုင်ငံရဲ့ ဘောလုံးကဏ္ဍ တိုးတက်ရေး ကူညီဖို့အတွက် ပြီးခဲ့တဲ့နှစ်မှာ ဆော်ဒီအားကစားအာဏာပိုင်အဖွဲ့နဲ့ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
    အသင်းရဲ့ ပူးတွဲဥက္ကဌ အဗ်ရမ် ဂလေဇာဟာ လာမယ့်သီတင်းပတ် ဆော်ဒီမှာပြုလုပ်မယ့် Davos in the Desert အစည်းအဝေးကို တက်ရောက်ဖို့ရှိနေပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါပေမယ့် တရားဝင် ထုတ်ပြန်မှုတော့ မရှိသေးပါဘူး။
    Ref : Press TV
  • ပိတ်ဆို့မှုလုပ်ပါက အမေရိကန်ကို ဆော်ဒီက ဆန့်ကျင်ရန်ရှိနေ
    ပိတ်ဆို့မှုလုပ်ပါက အမေရိကန်ကို ဆော်ဒီက ဆန့်ကျင်ရန်ရှိနေ
    အောက်တိုဘာ ၁၅၊ ၂၀၁၈
    M-Media
    – Washington Post သတင်းထောက် ဂျမားလ် ကာရှိုဂျီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်မယ်ဆိုရင် အမေရိကန်ကိုဆန့်ကျင်မယ့် ဆောင်ရွက်မှု ၃၀ လောက်ကို ဆော်ဒီက ပြုလုပ်ဖို့ ရှိတယ်လို့ ဆော်ဒီအစိုးရနဲ့ နီးစပ်သူတွေကို ကိုးကားပြီး AlArabiya သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
    ကာရှိုဂျီဟာ အခုလအစောပိုင်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးတဲ့နောက် ပျောက်သွားတာဖြစ်ပါတယ်။
    တူရကီတာဝန်ရှိသူတွေက ဆော်ဒီအစိုးရဟာ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ကြေးစားအဖွဲ့နဲ့ ကာရှိုဂျီကို ကောင်စစ်ဝန်ရုံးထဲမှာ သတ်ဖြတ်ကာ အပိုင်းပိုင်းတုန်းပြီး လက်စဖျောက်ခဲ့ကြောင်း၊ ဒီအတွက် အသံအထောက်အထားတွေ၊ ဗီဒီယိုအထောက်အထားတွေ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
    ဆော်ဒီကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ သမ္မတထရမ့်ကလည်း ကာရှိုဂျီကို ဆော်ဒီအစိုးရက သတ်တာမှန်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ခြိမ်ခြောက်ထားပါတယ်။
    ဆော်ဒီအစိုးရနဲ့ နီးစပ်ပြီး Al-Arabiya သတင်းဌာနရဲ့ အထွေထွေမန်နေဂျာလည်းဖြစ်တဲ့ တာရ်ကီ အလ်ဒါခီလ်က အမေရိကန်က ပိတ်ဆို့မှုတွေလုပ်လာရင် ရေနံဈေးကို တက်ပစ်တာ၊ ရေနံကို တရုတ်ယွမ်နဲ့ အရောင်းအ၀ယ်လုပ်တာ၊ အီရန်နဲ့မဟာမိတ်ဖွဲ့တာ၊ ရုရှားတပ်တွေ လက်ခံတာအပါအ၀င် အမေရိကန်ကို ဆန့်ကျင်တဲ့ ဆောင်ရွက်မှု ၃၀ လောက် လုပ်သွားမယ့် ဆော်ဒီအစိုးရရဲ့ အစီအစဉ်တစ်ခုကို သိရှိခဲ့ရကြောင်း မနေ့က Al-Arabiya မှာ ဆောင်းပါးရေးပြီး ဖော်ပြခဲ့ပါတယ်။
    “ရေနံဈေးက တစ်စည်ကို ဒေါ်လာ ၈၀ လောက်ဖြစ်သွားရင် ထရမ့်ဒေါသထွက်မယ်။ ဒေါ်လာ ၁၀၀၊ ၂၀၀ ဒါမှမဟုတ် အဲဒီထက် ၂ ဆလောက်လည်း တက်သွားနိုင်ပါတယ်” လို့ တာရ်ကီက ဆိုပါတယ်။
    ဒါ့အပြင် အမေရိကန်အပေါ် မှီခိုမှုကို လျှော့ချကာ တရုတ်၊ ရုရှား၊ အီရန်တို့နဲ့ ဆက်ဆံရေး နီးကပ်အောင် လုပ်နိုင်ကြောင်း၊ ရေနံရောင်းချမှုကိုလည်း တရုတ်ယွမ်ငွေနဲ့ လုပ်ဆောင်လာနိုင်ကြောင်း ဆောင်းပါးက ဆိုပါတယ်။
    “အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို တုန့်ပြန်ရာမှာ တဘူးက်မြို့မှာ ရုရှား စစ်အခြေစိုက်စခန်းကို လက်ခံသွားမယ့်ကိစ္စ မပါဘူးလို့ ပြောလို့မရပါဘူး” ဆော်ဒီရဲ့ အနောက်မြောက်ပိုင်းမှာတည်ရှိတဲ့ တဘူးက်မြို့မှာ မဟာဗျူမြောက် ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
    ဆော်ဒီအစိုးရဟာ ဟားမက်စ်နဲ့ ဟစ်ဇ်ဘိုလာတို့ကို ရန်သူကနေ မိတ်ဆွေအဖြစ် ဆက်ဆံပြီး၊ အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေဆီ ထောက်လှမ်းသတင်းအချက်အလက် မျှဝေတာတွေကို ရပ်ဆိုင်းနိုင်ကြောင်း၊ အမေရိကန်က လက်နက်ဝယ်ယူတာတွေကို ရပ်ဆိုင်းပြီး၊ အမေရိကန်လုပ်ငန်းတွေ ဆော်ဒီမှာ လုပ်ကိုင်ခွင့်ကို တားဆီးနိုင်ကြောင်း၊ အလ်ဒါခီလ်ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
    “တကယ်လို့ ပိတ်ဆို့မှုတွေသာ ပြုလုပ်မယ်ဆိုရင် ဒါတွေဟာ ဆော်ဒီအစိုးရက တွန့်ဆုတ်မှုမရှိဘဲ တန်ပြန်ဆောင်ရွက်မယ့် အချက် ၃၀ ကျော်ထဲက တစ်ချို့ဖြစ်တယ်လို့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေနဲ့ နီးစပ်တဲ့ ရင်းမြစ်တွေက ပြောပါတယ်”
    Ref: RT
  • နာမည်ကြီးဂျာနယ်လစ်ကို ဆော်ဒီအစိုးရက ကြေစားငှားပြီး တူရကီတွင် သတ်ခိုင်းခဲ့ဟု New York Times ဖော်ပြ
    နာမည်ကြီးဂျာနယ်လစ်ကို ဆော်ဒီအစိုးရက ကြေစားငှားပြီး တူရကီတွင် သတ်ခိုင်းခဲ့ဟု New York Times ဖော်ပြ
    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media
    ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို မ၀င်မီ စီစီတီဗီမှ တွေ့ရသည့် ကာရှိုဂျီ
    – အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို ၀င်ရောက်သွားပြီးနောက် ပျောက်ဆုံးသွားတဲ့ ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီဟာ ကြေးစားအဖွဲ့ရဲ့ သတ်ဖြတ်မှုကို ခံရကာ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက် လက်စဖျောက်ခံလိုက်ရတယ်လို့ New York Times သတင်းစာက မနေ့မှာ ဖော်ပြလိုက်ပါတယ်။
    အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြခဲ့တာဖြစ်ပြီး ၁၅ ဦးအပါအ၀င်တဲ့ ကြေးလူသတ်အဖွဲ့ကို ဆော်ဒီ ထိပ်တန်းအာဏာပိုင်တွေက ကောင်စစ်ဝန်ရုံးထဲမှာ ချထားခဲ့တာဖြစ်ကြောင်း၊ အဖွဲ့ထဲမှာပါဝင်တဲ့ မှုခင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူက အရိုးဖြတ်တဲ့ လွှနဲ့ ကာရှိုဂျီရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ခဲ့ကြောင်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
    ကြေးစားလူသတ်အဖွဲ့ဟာ ဒီလုပ်ငန်းကို ၂ နာရီအတွင်း အပြီးအစီးဆောင်ရွက်ကာ တူရကီကနေ အခြားနိုင်ငံတွေကို လူခွဲထွက်ခွာသွားတယ်လို့ တူရကီအာဏာပိုင်တွေက နယူးယောက်တိုင်းမ်စ်ကို ပြောကြားခဲ့ပါတယ်။
    ကာရှိုဂျီဟာ အနောက်နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေက သံတမန်အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့သူဖြစ်ပြီး ဆော်ဒီဘုရင့်အစိုးရကို ဝေဖန်ထောက်ပြလေ့ရှိသူလည်း ဖြစ်ပါတယ်။
    တူရကီက ကာရှိုဂျီဟာ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံလိုက်ရတယ်လို့ ပြောကြာထားပြီး ကောင်စစ်ဝန်ရုံးထ၀င်ရှာဖို့ ဆော်ဒီအစိုးရထံမှာ ခွင့်တောင်းထားပါတယ်။
    ဆော်ဒီကတော့ တူရကီရဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုပြီး ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က ကောင်စစ်ဝင်ရုံးထဲကနေ ထွက်သွားတယ်လို့ ပြန်ရှင်းထားပါတယ်။
    တူရကီအစိုးရနဲ့နီးစပ်တဲ့ ပြည်တွင်းသတင်းစာ Daily Sabah က ဆော်ဒီကြေးစားလူသတ်အဖွဲ့က အဖွဲ့ဝင် ၁၅ ဦးရဲ့ ပုံတွေ၊ အမည်တွေကို မနေ့မှာ ထုတ်ပြန်ခဲ့ပြီး တူရကီအာဏာပိုင်တွေက အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
    Ref: Aljazeera