News @ M-Media

Tag: SaudiArabia

  • နာမည်ကြီးဂျာနယ်လစ်ကို ဆော်ဒီအစိုးရက ကြေစားငှားပြီး တူရကီတွင် သတ်ခိုင်းခဲ့ဟု New York Times ဖော်ပြ

    နာမည်ကြီးဂျာနယ်လစ်ကို ဆော်ဒီအစိုးရက ကြေစားငှားပြီး တူရကီတွင် သတ်ခိုင်းခဲ့ဟု New York Times ဖော်ပြ

    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media

    ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို မ၀င်မီ စီစီတီဗီမှ တွေ့ရသည့် ကာရှိုဂျီ

    – အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို ၀င်ရောက်သွားပြီးနောက် ပျောက်ဆုံးသွားတဲ့ ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီဟာ ကြေးစားအဖွဲ့ရဲ့ သတ်ဖြတ်မှုကို ခံရကာ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက် လက်စဖျောက်ခံလိုက်ရတယ်လို့ New York Times သတင်းစာက မနေ့မှာ ဖော်ပြလိုက်ပါတယ်။

    အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြခဲ့တာဖြစ်ပြီး ၁၅ ဦးအပါအ၀င်တဲ့ ကြေးလူသတ်အဖွဲ့ကို ဆော်ဒီ ထိပ်တန်းအာဏာပိုင်တွေက ကောင်စစ်ဝန်ရုံးထဲမှာ ချထားခဲ့တာဖြစ်ကြောင်း၊ အဖွဲ့ထဲမှာပါဝင်တဲ့ မှုခင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူက အရိုးဖြတ်တဲ့ လွှနဲ့ ကာရှိုဂျီရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ခဲ့ကြောင်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    ကြေးစားလူသတ်အဖွဲ့ဟာ ဒီလုပ်ငန်းကို ၂ နာရီအတွင်း အပြီးအစီးဆောင်ရွက်ကာ တူရကီကနေ အခြားနိုင်ငံတွေကို လူခွဲထွက်ခွာသွားတယ်လို့ တူရကီအာဏာပိုင်တွေက နယူးယောက်တိုင်းမ်စ်ကို ပြောကြားခဲ့ပါတယ်။

    ကာရှိုဂျီဟာ အနောက်နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေက သံတမန်အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့သူဖြစ်ပြီး ဆော်ဒီဘုရင့်အစိုးရကို ဝေဖန်ထောက်ပြလေ့ရှိသူလည်း ဖြစ်ပါတယ်။

    တူရကီက ကာရှိုဂျီဟာ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံလိုက်ရတယ်လို့ ပြောကြာထားပြီး ကောင်စစ်ဝန်ရုံးထ၀င်ရှာဖို့ ဆော်ဒီအစိုးရထံမှာ ခွင့်တောင်းထားပါတယ်။

    ဆော်ဒီကတော့ တူရကီရဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုပြီး ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က ကောင်စစ်ဝင်ရုံးထဲကနေ ထွက်သွားတယ်လို့ ပြန်ရှင်းထားပါတယ်။

    တူရကီအစိုးရနဲ့နီးစပ်တဲ့ ပြည်တွင်းသတင်းစာ Daily Sabah က ဆော်ဒီကြေးစားလူသတ်အဖွဲ့က အဖွဲ့ဝင် ၁၅ ဦးရဲ့ ပုံတွေ၊ အမည်တွေကို မနေ့မှာ ထုတ်ပြန်ခဲ့ပြီး တူရကီအာဏာပိုင်တွေက အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်မကာကွယ်လည်း ဆော်ဒီ ဆက်လက်တည်တံ့မည်ဟု အိမ်ရှေ့မင်းသား ပြော

    အမေရိကန်မကာကွယ်လည်း ဆော်ဒီ ဆက်လက်တည်တံ့မည်ဟု အိမ်ရှေ့မင်းသား ပြော

    အောက်တိုဘာ ၆၊ ၂၀၁၈
    M-Media

    – ဆော်ဒီဟာ ဘယ်သူ့အကာအကွယ်မှ မရှိဘဲနဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် ရပ်တည်နိုင်တယ်လို့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပြီး ပြည်သူလူထုကလည်း တော်ဝင်မိသားစုကို ထောက်ခံကြတယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ ကာကွယ်ပေးမှုသာ မရှိဘူးဆိုရင် ဆော်ဒီဟာ ၂ ပတ်တောင်မခံဘူးဆိုတဲ့ အခုတစ်ပတ်အစောပိုင်းက ထရမ့်ရဲ့ပြောကြားမှုကို မင်းသားက တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

    ဆော်ဒီနဲ့ ပင်လယ်ကွေ့နိုင်ငံတစ်ချို့မှာ အမေရိကန်တပ်ဖွဲ့တွေ တော်တော်များများချထားပြီး ဒီအတွက် ထရမ့်က လက်ခံထားတဲ့နိုင်ငံတွေကို စစ်စားရိတ် အကုန်အကျခံစေချင်နေတာ ဖြစ်ပါတယ်။

    ဘင် ဆလ်မန်က ထရမ့်ရဲ့ ဒီမှတ်ချက်ကို ပယ်ချလိုက်ပြီး ဆော်ဒီဟာ အမေရိကန်ဆိုတာ မရှိခင်ကတည်းက မိမိတို့နိုင်ငံက တည်ရှိနေခဲ့တာဖြစ်ကြောင်း နောက်ထပ် နှစ်ပေါင်း ၂၀၀၀ လောက်ကိုလည်း ပြဿနာ နည်းနည်းလောက်နဲ့ ဖြတ်သန်းရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “တကယ်တော့ ကျွန်တော်တို့လုံခြုံရေးအတွက် ဘယ်သူ့ကိုမှ ပိုက်ဆံပေးမှာ မဟုတ်ပါဘူး”

    ဒါပေမယ့် ထရမ့်နဲ့ အလုပ်လုပ်ရတာကို ကြိုက်နှစ်သက်ပြီး အခုမှတ်ချက်ဟာ မဟာမိတ်နိုင်ငံတွေအကြား အသေးအမွှား သဘောထားကွဲလွဲမှုသာဖြစ်ကြောင်း ဘင် ဆလ်မန်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref : RT

  • အမေရိကန်မကာကွယ်လျှင် ဆော်ဒီ နှစ်ပတ်မခံဟု ထရမ့်ပြော

    အမေရိကန်မကာကွယ်လျှင် ဆော်ဒီ နှစ်ပတ်မခံဟု ထရမ့်ပြော

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    – အမေရိကန်ရဲ့ ကာကွယ်ပေးမှုသာ မရှိဘူးဆိုရင် ဆော်ဒီဘုရင် ဆလ်မန်ရဲ့ အုပ်စိုးမှုဟာ ၂ ပတ်တောင် ခံမှာမဟုတ်ဘူးလို့ သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    အင်္ဂါနေ့က မစ္စစီပီမှာပြုလုပ်တဲ့ လူထုထောက်ခံပွဲအခမ်းအနားတစ်ခုမှာ ထရမ့်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး၊ ရေနံဈေး မြင့်တက်နေတဲ့အတွက် ရေနံထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ အခြေအတင်ဖြစ်နေတဲ့အချိန် ဒီလိုစကားမျိုး ထွက်လာတာလည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့ ဆော်ဒီအာရေဗျကို ကာကွယ်ပေးထားတာပါ။ သူတို့ချမ်းသာတယ်လို့ ခင်ဗျားတို့ပြောမလား။ ကျွန်တော် ဘုရင်ဆလ်မန်ကို ချစ်တယ်။ ဒါပေမယ့် ‘ဘုရင်ကြီး – ခင်ဗျားကို ကျွန်တော်တို့ ကာကွယ်ပေးထားတာနော်။ ကျွန်တော်တို့မရှိဘဲနဲ့ ခင်ဗျား ၂ ပတ်တောင် ခံမှာမဟုတ်ဘူး။ ကျွန်တော်တို့စစ်စားရိတ်အတွက် ခင်ဗျား ပိုက်ဆံပေးရမယ်’ လို့ ကျွန်တော် ပြောခဲ့တယ်”

    ဘုရင်ဆလ်မန်ကို ဒီစကား ဘယ်တုန်းကပြောခဲ့သလဲဆိုတာကိုတော့ ထရမ့်က ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

    ဆော်ဒီဟာ ကမ္ဘာ့ ထိပ်တန်း ရေနံတင်ပို့တဲ့နိုင်ငံဖြစ်ပြီး ရေနံထုတ်လုပ်သူများအဖွဲ့ အိုပက်ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ထရမ့်ကတော့ ကမ္ဘာတစ်ဝှမ်း ရေနံဈေးမြင့်တက်လာမှုအတွက် အိုပက်နိုင်ငံတွေကို အပြစ်တင်ထားပါတယ်။

    စနေနေ့မှာ ထရမ့်ဟာ ဘုရင်ဆလ်မန်ကို ဖုန်းခေါ်ခဲ့ပြီး ရေနံဈေးကွက် တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေနံထုတ်လုပ်မှုကို ထိန်းညှိဖို့ ဆွေးနွေးခဲ့ပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကူဝိတ်ကိုသွားရောက်ပြီး ရေနံထုတ်လုပ်မှု တိုးမြှင့်ဖို့ကိစ္စကို ကူဝိတ်ခေါင်းဆောင်နဲ့ ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ တိုးတက်မှု မရှိသေးပါဘူး။

    ဆော်ဒီအပါအ၀င် ပင်လယ်ကွေ့နိုင်ငံမှာ အမေရိကန်စစ်တပ်တွေ တပ်စွဲထားပြီး ထရမ့်က ဒီကုန်ကျစားရိတ်အတွက် လက်ခံထားတဲ့နိုင်ငံတွေကို ပေးစေချင်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    ဂါဇာပြည်သူများ ဆန္ဒပြနေစဉ်

    သူလျှိုလုပ်သည်ဟုဆိုကာ တရုတ်ကျောင်းသားတစ်ဦးကို အမေရိကန်ဖမ်းဆီး
    ===================
    ချီကာဂိုကို ကျောင်သားဗီဇာနဲ့ ရောက်နေတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို သူလျှိုစွဲချက်နဲ့ အမေရိကန်က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျီချောင်ချွင်ဆိုသူဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အမေရိကန်ကို ရောက်နေတာဖြစ်ပါတယ်။ သူဟာ အမေရိကန် သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးဖို့ လူစုနေသလို၊ စစ်လက်နက် လုပ်ငန်းရှင်တွေအပါအ၀င် အမေရိကန်နိုင်ငံသား ၈ ဦးရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို တရုတ်ထောက်လှမ်းရေးကိုပို့ရမယ့်အလုပ် လုပ်ဆောင်နေတယ်လို့လည်း အမေရိကန်က စွပ်စွဲထားပါတယ်။

    ကုလညီလာခံတွင် အမေရိကန်အစိုးရကို အီရန်သမ္မတ ဝေဖန်
    =================
    ကမ္ဘာ့ခေါင်းဆောင်တစ်ချို့ဟာ နိုင်ငံတကာတန်ဖိုးတွေ၊ အသင်းအဖွဲ့တွေကို အလေးမထားဘဲ လုပ်ချင်ရာလုပ်နေတာကြောင့် ကမ္ဘာကြီးရဲ့ လုံခြုံရေးဟာ ထိခိုက်နေတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက မနေ့က ကုလအထွေထွေညီလာခံမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ မည်သူမည်ဝါလို့ ထည့်သွင်းမပြောခဲ့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ရည်ညွှန်းပုံရပါတယ်။ ထရမ့်ကလည်း သူ့ရဲ့ မိန့်ခွန်းမှာ အီရန်နဲ့ အရှေ့အလယ်ပိုင်းက ကိစ္စတွေကို သတိပေးခဲ့ပါတယ်။ ရူဟာနီက လက်ရှိ အမေရိကန်အစိုးရဟာ နိုင်ငံတကာအသင်းအဖွဲ့တွေကို မထိရောက်အောင် လုပ်နေတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂါဇာစီးပွားရေးပြဿနာကို ကမ္ဘာ့ဘဏ် သတိပေး
    =====================
    အစ္စရေးရဲ့ ပိတ်ဆို့မှုဒဏ်ကို ၁၀ စုနှစ်ချီ ခံနေရတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသက စီးပွားရေးဟာ တစ်ရှိန်ထိုး ကျဆင်းနေတယ်လို့ ကမ္ဘာ့ဘဏ်က မနေ့မှာ အစီရင်ခံစာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။ အခုနှစ် ပထမ ၃ လပတ်အတွင်း ဂါဇာစီးပွားရေးဟာ ၆ ရာခိုင်နှုန်း ထပ်ကျခဲ့ပြီး၊ အလုပ်လက်မဲ့နှုန်းကလည်း ၅၀ ရာခိုင်နှုန်း ကျော်လာတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ ဒီလို စီးပွားရေး ကျဆင်းရခြင်း အကြောင်းအရင်းဟာ အစ္စရေးရဲ့ပိတ်ဆို့မှု၊ ဟာမက်စ်အဖွဲ့ရဲ့ အုပ်စိုးမှု၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ဘက်ဂျက်ဖြတ်တောက်မှု၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက အကူအညီလျှော့ချမှုတွေကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အရှေ့အလယ်ပိုင်း အမြန်ဆုံးလျှပ်စစ်ရထားလိုင်းကို ဆော်ဒီ ဖွင့်လှစ်
    ==================
    အရှေ့အလယ်ပိုင်းက အမြန်ဆုံး လျှပ်စစ်ရထားလိုင်း ဖြစ်လာမယ့် ဟာရာမိန်း ရထားလိုင်းကို ဆော်ဒီက မနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ မက္ကာမြို့၊ မဒီနာမြို့၊ ကင်းအဘ်ဒူအဇစ်စီးပွားရေးမြို့တော်၊ ဂျစ်ဒါမြို့၊ ဂျစ်ဒါလေဆိပ်တွေကို ဆက်သွယ်ထားတဲ့ အဲဒီရထားလိုင်းဟာ ဟဂ်ျနဲ့ အွမ္မရာ လာရောက်သူတွေ အဆင်ပြေလွယ်ကူ ချောမွေ့စေဖို့အတွက် ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး ဆော်ဒီရဲ့ ၂၀၃၀ စီမံကိန်းအရ နိုင်ငံရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်ဖို့လည်း ဖြစ်ပါတယ်။

    Ref: Arab News, Aljazeera, CNA

  • ဆော်ဒီ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃ ဦး ထိပ်တန်းဆုတစ်ခု ရရှိ

    ဆော်ဒီ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃ ဦး ထိပ်တန်းဆုတစ်ခု ရရှိ

    စက်တင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – ကမ္ဘာထိပ်တန်း လူမှုအကျိုးပြုဆုတစ်ခုဖြစ်တဲ့ Right Livelihood Award အတွက် အကျဉ်းကျနေတဲ့ ဆော်ဒီလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃ ဦး ရွေးချယ်ခံခဲ့ရပါတယ်။

    Right Livelihood Award ဆုကို ‘ဒုတိယနိုဘယ်ဆု’ လို့လည်းခေါ်ဆိုပြီး ၁၉၈၀ ခုနှစ်မှာ ဂျာမန်-ဆွီဒင် ပရဟိတသမား Jakob von Uexkull က စတင်ဖန်တီးခဲ့ကာ ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်စွမ်းရှိတဲ့ သူတွေကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။

    ယခုနှစ်အတွက် ဆုရရှိသူ ဆော်ဒီ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃ ဦးဟာ အဘ်ဒူလာ အလ်-ဟာမစ်၊ မိုဟာမက် ဖာဟဒ် အလ်-ကွတာနီနဲ့ ၀ါလစ် အဘူ အလ်-ခိုင်ရ်တို့ ဖြစ်ကြပါတယ်။

    Right Livelihood Award ကတော့ သူတို့တွေဟာ ဆော်ဒီအာရေဗျက မိသားစုတစ်စု ကြီးစိုးတဲ့ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ကြီးကြီး၊ သတ္တိရှိရှိ ကြိုးစားသူတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရွေးချယ်ခံရသူ ၃ ဦးဟာ အာဏာရှင်စနစ်ကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ စိတ်ခေါ်ကာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးရဖို့၊ စည်းမျဉ်းခံဘုရင်စနစ် ထူထောင်ဖို့ ဆော်သြခဲ့ကြသူတွေ ဖြစ်ပါတယ်။ လူအများပါဝင်တဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ဖို့ သူတို့ရဲ့ ရဲရဲဝင့်ဝင့်ကြိုးပမ်းမှုကြောင့် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ထောင်ဒဏ်တွေ ချခံထားရပြီး အခု ထောင်ထဲမှာ ဖြစ်ပါတယ်” လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    အလ်-ကွာတာနီနဲ့ အလ်-ဟာမစ်တို့ဟာ HASEM ‘လို့ခေါ်တဲ့ ဆော်ဒီ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အသင်း’ ကို တည်ထောင်ထားကြသူတွေ ဖြစ်ပါတယ်။

    Right Livelihood Award ဆုကို အရင်က ရရှိကြသူတွေထဲမှာ အမေရိကန်လုံခြုံရေးဌာနရဲ့ လုပ်ရပ်တွေကို ဖွင့်ချခဲ့တဲ့ ကွန်ပျူတာပညာရှင် အက်ဒ၀ပ်စနိုးဒင်၊ ယူကေအခြေစိုက် နိုင်ငံတကာလက်နက်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ CAAT၊ ဆီးရီးယားက ကယ်ဆယ်ရေးအဖွဲ့ White Helmets တို့လည်း ပါဝင်ပါတယ်။

    ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera