News @ M-Media

Tag: SaudiArabia

  • ဆော်ဒီတွင် ဒစ်ဂျစ်တယ်တရားရုံးစနစ်ကြောင့် အမှုဖြေရှင်းချိန် ၁၀ ဆ ကျော် ပိုမြန်လာ

    ဆော်ဒီတွင် ဒစ်ဂျစ်တယ်တရားရုံးစနစ်ကြောင့် အမှုဖြေရှင်းချိန် ၁၀ ဆ ကျော် ပိုမြန်လာ

    စက်တင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    ဆော်ဒီတရားရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုက်

    – ဆော်ဒီ တရားရေးဝန်ကြီးဌာနက မိတ်ဆက်ခဲ့တဲ့ ဒစ်ဂျစ်တယ် ခုံရုံးစနစ်ကြောင့် ပြဿနာတွေကို ဖြေရှင်းရာမှာ အချိန် ၁၀ ကျော် ပိုမို မြန်ဆန်လာခဲ့တယ်လို့ သိရပါတယ်။

    စီးပွားရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးတဲ့ အဲဒီ ဒစ်ဂျစ်တယ်ခုံရုံးစနစ်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တာဖြစ်ပြီး အခုအချိန်အထိ အမှုပေါင်း ၄၆၀၀၀ ကျော်ကို ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

    ဒီစနစ်ကို ဆော်ဒီတရားရေးဝန်ကြီးဌာန ၀ဘ်ဆိုက်ကနေတစ်ဆင့် အသုံးပြုနိုင်မှာဖြစ်ပြီး အမှုနှင့်ပတ်သက်တဲ့ နှစ်ဖက်စာရွက်စာတမ်းတွေအားလုံးကို အွန်လိုင်းကနေတစ်ဆင့် တင်သွင်းရမှာဖြစ်ကာ ယခင်က ၂ လလောက်ကြာတဲ့ အမှုတစ်ခုကို အခုအချိန်မှာ ၃ ရက်လောက်သာ ကြာမြင့်ပါတယ်။

    “ဒီစနစ်ဟာ စက္ကူလေလွင့်မှု ပမာဏတော်တော်များများကို လျှော့ချနိုင်ခဲ့ပြီး အမှုသည်တွေနဲ့ ဆက်သွယ်မှုလုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်” လို့ ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တရားရေးဝန်ကြီး ၀ါလစ် အလ် ဆာမာနီက ရီယာ့ဒ်၊ ဂျစ်ဒါနဲ့ ဒမ်မန်ဒေသတို့မှာ ဒီလို ဒစ်ဂျစ်တယ် တရားရုံးစနစ်တွေကို ဖန်တီးပေးထားတားမှုဟာ နိုင်ငံရဲ့ စီးပွားရေးကို ၂၀၃၀ ရည်မှန်းချက်အတိုင်း တိုးတက်စေဖို့ အထောက်အကူဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း ဒီစနစ်ကနေတစ်ဆင့် ဆော်ဒီနိုင်ငံသားနဲ့ ဆော်ဒီမှာနေထိုင်သူ သန်း ၂၀ လောက် တရားရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ခံစားခဲ့ရပါတယ်။

    Ref: Arab News

  • မက္ကာ၊ မဒီနာ အုပ်ချုပ်စီမံလုပ်ငန်း ခေါင်းဆောင်ပိုင်းတွင် အမျိုးသမီး ၄၁ ဦး ပါဝင်

    မက္ကာ၊ မဒီနာ အုပ်ချုပ်စီမံလုပ်ငန်း ခေါင်းဆောင်ပိုင်းတွင် အမျိုးသမီး ၄၁ ဦး ပါဝင်

    စက်တင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်

    – အစ္စလာမ်သာသနာရဲ့ အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်များရှိရာ မက္ကာနဲ့ မဒီနာမြို့တို့ရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ခေါင်းဆောင်ပိုင်းနေရာတွေမှာ အမျိုးသမီး ၄၁ ဦး ခန့်အပ်ထားတယ်လို့ ‘မြင့်မြတ်သော ၀တ်ကျောင်းတော်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန’ က သတင်းထုတ်ပြန်ပါတယ်။

    ဌာနဥက္ကဌ ဒေါက် အဘ်ဒူလ်ရဟ်မန် အလ်-ဆူဒိုင်းစ်က မြင့်မြတ်သော ဗလီဝတ်ကျောင်းတော် နှစ်ခုက ၀န်ဆောင်မှုကဏ္ဍတွေကို တိုးတက်စေရေး ဆောင်ရွက်ရာမှာ အမျိုးသမီးတွေ ထိထိရောက်ရောက်နဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဒီလို ခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီရဲ့ ၂၀၃၀ ရည်မှန်းချက်မှာ နိုင်ငံအတွင်းက အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်စွာတာဝန်ပေးရေးတို့ ပါဝင်ပြီး အခုလို ခန့်အပ်မှုက ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    လတ်တလော မက္ကာ ကျန်းမာရေးဌာနမှာ ညွှန်ကြားရးမှူးအဖြစ် အမျိုးသမီး ၃ ဦး ခန့်အပ်ခံခဲ့ရပြီး သူတို့တွေကတော့ ဟင်ဒါဝီယာ ကျန်းမာရေးစင်တာက ဒေါက်တာ ရှာဟဒ် မိုဟာမက် ရူမာနီ၊ အလ်ဒီယာဖာခရိုင် ကျန်းမာရေးစင်တာက နဟ်လာလ် ဟဒဒ်၊ အလ်-အစ္စကန် ကျန်းမာရေးစင်တာက ဟာတွန် ဘင်သီ အဘ်ဒူလာတို့ ဖြစ်ပါတယ်။

    ဂျစ်ဒါမြို့ စည်ပင်သာယာရေးဌာန ပြန်လည်ဖွဲ့စည်းမှုမှာလည်း အမျိုးသမီးတွေကို ခေါင်းဆောင်ပိုင်းနေရာတွေ ပေးအပ်ခဲ့ပါတယ်။

    စည်ပင်သာယာရေးဌာနများ ကြီးကြပ်အုပ်ချုပ်ရေးမှူး ရာထူးကို အေမာနီ မဟ်မူဒ်ဆိုတဲ့ အမျိုးသမီးက ရယူထားပါတယ်။

    Ref: Saudigazeete

  • ပြုပြင်ပြောင်းလဲရေးသမား ထိပ်တန်းအစ္စလာမ့်ပညာရှင်ကို ဆော်ဒီက သေဒဏ်ပေးရန် ကြိုးပမ်း

    ပြုပြင်ပြောင်းလဲရေးသမား ထိပ်တန်းအစ္စလာမ့်ပညာရှင်ကို ဆော်ဒီက သေဒဏ်ပေးရန် ကြိုးပမ်း

    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media

    နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင် ဆလ်မန် အလ်-အောင်ဒါ

    – နိုင်ငံတကာက ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ဦးလို့ သတ်မှတ်ထားတဲ့ နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင် ဆလ်မန် အလ်-အောင်ဒါကို ဆော်ဒီအစိုးရရှေ့နေတွေက သေဒဏ်ပေးဖို့ တရားရုံးမှာ တောင်းဆိုလိုက်ပါတယ်။

    မနှစ်က အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တစ်ယောက် သူနဲ့သဘောထားကွဲလွဲသူတွေကို နှိမ်နှင်းမှုအတွင်း အလ်-အောင်ဒါဟာ စက်တင်ဘာလမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

    မနေ့က တရားစွဲဆိုမှုအတွင်း အစိုးရရှေ့နေတွေက စွဲချက်ပေါင်း ၃၇ ခု တင်ခဲ့ပြီး အသက် ၆၁ နှစ်အရွယ် အလ်-အောင်ဒါကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    လန်ဒန်အခြေစိုက် ဆော်ဒီလူ့အခွင့်အရေးအဖွဲ့ ALQST နဲ့ အခြား တက်ကြွလှုပ်ရှားသူတွေက စွဲချက်တွေထဲမှာ တော်ဝင်မိသားစုကို ဆန့်ကျင်အောင် လှုံ့ဆော်မှု၊ ကွဲလွဲတဲ့ သဘောထားတွေ ဖြန့်ဝေမှု စတာတွေ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အလ်-အောင်ဒါရဲ့ သားဖြစ်သူ အဘ်ဒူလာက သူ့ဖခင်ကို ဆော်ဒီအစိုးရက တရားစွဲဆိုမှုတွေထဲမှာ တမန်တော်မိုဟမ္မဒ်သခင်ရဲ့ ကိုယ်ကျင့်တရားတွေကို မြှင့်တင်ဖို့ရည်ရွယ်တဲ့ Al-Nusra အဖွဲ့ ကူဝိတ်မှာ တည်ထောင်မှု၊ ဥရောပ ဖသ်ဝါဓမ္မသတ်နှင့် သုတေသနကောင်စီမှာ ပါဝင်မှု၊ နိုင်ငံတကာ မွတ်စလင်ဓမ္မပညာရှင်များ သမဂ္ဂမှာ ပါဝင်မှု၊ Twitter မှာ စာရေးသားမှုတွေနဲ့ ပတ်သက်တဲ့ စွဲချက်တွေ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ရဲ့ ဆော်ဒီအရေး တက်ကြွလှုပ်ရှားသူ ဒါနာ အဟ်မဒ်က ဆော်ဒီရဲ့ ဒီလိုတရားစွဲဆိုမှုဟာ စိတ်ပျက်စရာကောင်းပြီး အုပ်ချုပ်သူမိသားစုနဲ့ အမြင်မတူကြောင်း ပြောရင် သေဒဏ်ကျခံရမယ်ဆိုတဲ့ ကြောက်စရာ သတင်းစကားတစ်ခုကို ပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီ တော်ဝင်အသိုင်းအ၀ိုင်းဖြစ်တဲ့ အလ်-ဆာအွဒ် မိသားစုဟာ သူတို့နဲ့ သဘောထား မတူသူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေ့ရှိပါတယ်။

    အလ်-အောင်ဒါဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ဆော်သြတိုက်တွန်းတဲ့အတွက် ၁၉၉၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ ထောင်ချခံခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာလည်း အလ်-အောင်ဒါက ရွေးကောက်ပွဲ ကျင်းပရေး၊ အာဏာခွဲဝေရေး ဆော်သြတိုက်တွန်းခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပြုပြင်ပြောင်းလဲရေးသမားတွေကို အကြီးအကျယ် ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ ထိပ်တန်း အစ္စလာမ့်ဓမ္မပညာရှင်တွေဖြစ်တဲ့ အ၀ဒ် အလ်-ကာရ်နီ၊ ဖာရ်ဟန် အလ်-မာလ်ကီ၊ မိုစတာဖာ ဟာဆန်၊ ဆာဖရ် အလ်-ဟာဝါလီတို့လည်း ပါဝင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ

    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media

    ဂျပန်မုန်တိုင်း

    တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်တွင် လူ ၉ ဦး သေဆုံး
    ================
    ၂၅ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ တိုင်ဖုန်းမုန်တိုင်း ဂျီဘီကြောင့် ဂျပန်နိုင်ငံမှာ သေဆုံးသူ ၉ ဦး ရှိလာပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အိုဆာကာမြို့က လေဆိပ်ဟာ ရေတွေဖုံးလွှမ်းသွားတာကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ရပြီး ခရီးသည် တော်တော်များများကလည်း လေဆိပ်မှာ သောင်တင်ခဲ့ပါတယ်။ လက်ရှိမှာ မုန်တိုင်းဟာ နိုင်ငံအလယ်ပိုင်းကို ဦးတည်နေတာကြောင့် တစ်နိုင်ငံလုံးမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    စပိန်တွင် အခွန်ရှောင်မှုအတွက် မော်ရင်ဟို ထောင်တစ်နှစ်ကျ
    ==========
    စပိန်နိုင်ငံမှာ အခွန်ရှောင်မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် တစ်နှစ်ကို မန်ယူနည်းပြ မော်ရင်ဟိုက လက်ခံလိုက်တယ်လို့ စပိန်မီဒီယာတွေက မနေ့မှာ ဖော်ပြပါတယ်။ စပိန်ဥပဒေအရ ၂ နှစ်အောင် ထောင်ဒဏ်တွေဟာ ဆိုင်းငံ့ထောင်ဒဏ်တွေဖြစ်တာကြောင့် မော်ရင်ဟိုအနေနဲ့ အမှန်တကယ် ထောင်ကျဖို့ မရှိပါဘူး။ အခွန်ရှောင်မှုအတွက် ကန်ဒေါ်လာ ၁.၁၅ သန်း ဒဏ်ငွေပေးဆောင်ဖို့ အရင်က အမိန့်ချခဲ့ပေမယ့် အဲဒီ ဒဏ်ငွေကိစ္စမှာ မော်ရင်ဟိုဟာ စာရွက်စာတမ်းတစ်ချို့ လိမ်လည်တင်ပြတာကို တွေ့ရတာကြောင့် အခုလို နောက်ထပ် ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။

    ဆော်ဒီသို့ လက်နက်ရောင်းချမှုကို စပိန်ရပ်ဆိုင်း
    ===================
    ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ယီမင်ပြည်တွင်းစစ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် စပိန်က ဆော်ဒီကို ဒုံးကျည်ရာနဲ့ချီ ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ အရောင်းအ၀ယ်စာချုပ်ကို ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တာဖြစ်ပြီး ပေးထားတဲ့ ကန်ဒေါ်လာ ၁၀ သန်းကို ဆော်ဒီထံ ပြန်ပေးသွားမယ်လို့ စပိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ စပိန်ဟာ ယီမင်မှာ အရပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ လက ရှုတ်ချခဲ့ဖူးပါတယ်။

    အိန္ဒိယတွင် တံတားကျိုးကျမှုကြောင့် လူ ၁ ဦးသေဆုံး
    =================
    အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ်ပြည်နယ်မြို့တော် ကိုလ်ကတားမှာ မနေ့က တံတားတစ်ခု ကျိုးကျမှုကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အပျက်အဆီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိလားဆိုတာကို ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေနေကြပါတယ်။ အဲဒီတံတားသက်တမ်းဟာ နှစ် ၄၀ လောက်ရှိနေပြီး ကျိုးကျတဲ့ အကြောင်းအရင်းကို မသိရှိရသေးပါဘူး။ ၂၀၁၆ ခုနှစ် မတ်လမှာလည်း ကိုလ်ကတားက တံတားတစ်စင်း ကျိုးကျမှုကြောင့် လူ ၂ ဒါဇင်ကျော်လောက် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • မတ်စ်ဂျစ်ဒ်ဟရမ်တွင် အာရပ်အမျိုးသားတစ်ဦး ခုန်ချသတ်သေ

    မတ်စ်ဂျစ်ဒ်ဟရမ်တွင် အာရပ်အမျိုးသားတစ်ဦး ခုန်ချသတ်သေ

    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media

    မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်

    – ဟဂ်ျဘုရားဖူး လာရောက်ကြသူတွေထဲက အာရပ်လူမျိုးတစ်ယောက်ဟာ သောကြာနေ့မနက်ပိုင်းက မက္ကာမြို့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ ခေါင်မိုးပေါ်ကနေ ခုန်ချကာ သတ်သေသွားခဲ့တယ်လို့ သိရပါတယ်။

    ဒီအဖြစ်အပျက်မှာ အခြား ဟဂ်ျဘုရားဖူးနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

    မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်လုံးရဲ့ ဂေါပကအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် ဘင် မိုဟာမက် အလ် မန်ဆူရီက ဒီအဖြစ်အပျက်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ဒီလို သတ်သေတာဟာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘဲ ဇွန်လကလည်း ပြင်သစ်နိုင်ငံသားတစ်ဦး ခုန်ချ သတ်သေခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ဆော်ဒီနိုင်ငံသားတစ်ဦး မတ်စ်ဂျစ်ဟရမ်က ကအ်ဘာ ၀တ်ကျောင်းတော်အရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေဖို့ ကြိုးစားခဲ့ပြီး လုံခြုံရေးတွေက တားဆီး ဟန့်တားခဲ့ရပါတယ်။

    အစ္စလာမ့်ဓမ္မပညာရှင်တွေကတော့ အစ္စလာမ်သာသနာမှာ မိမိကိုယ်ကိုယ်သတ်သေတာဟာ လုပ်ခွင့်မရှိဘဲ လုပ်မယ်ဆိုရင် ငရဲကြီးကြောင်း ထုတ်ပြန်ထားပါတယ်။

    Ref: Arab News