News @ M-Media
Tag: SaudiArabia
  • မတ်စ်ဂျစ်ဒ်ဟရမ်တွင် အာရပ်အမျိုးသားတစ်ဦး ခုန်ချသတ်သေ
    မတ်စ်ဂျစ်ဒ်ဟရမ်တွင် အာရပ်အမျိုးသားတစ်ဦး ခုန်ချသတ်သေ
    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media
    မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်
    – ဟဂ်ျဘုရားဖူး လာရောက်ကြသူတွေထဲက အာရပ်လူမျိုးတစ်ယောက်ဟာ သောကြာနေ့မနက်ပိုင်းက မက္ကာမြို့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ ခေါင်မိုးပေါ်ကနေ ခုန်ချကာ သတ်သေသွားခဲ့တယ်လို့ သိရပါတယ်။
    ဒီအဖြစ်အပျက်မှာ အခြား ဟဂ်ျဘုရားဖူးနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
    မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်လုံးရဲ့ ဂေါပကအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် ဘင် မိုဟာမက် အလ် မန်ဆူရီက ဒီအဖြစ်အပျက်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ဒီလို သတ်သေတာဟာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘဲ ဇွန်လကလည်း ပြင်သစ်နိုင်ငံသားတစ်ဦး ခုန်ချ သတ်သေခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်က ဆော်ဒီနိုင်ငံသားတစ်ဦး မတ်စ်ဂျစ်ဟရမ်က ကအ်ဘာ ၀တ်ကျောင်းတော်အရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေဖို့ ကြိုးစားခဲ့ပြီး လုံခြုံရေးတွေက တားဆီး ဟန့်တားခဲ့ရပါတယ်။
    အစ္စလာမ့်ဓမ္မပညာရှင်တွေကတော့ အစ္စလာမ်သာသနာမှာ မိမိကိုယ်ကိုယ်သတ်သေတာဟာ လုပ်ခွင့်မရှိဘဲ လုပ်မယ်ဆိုရင် ငရဲကြီးကြောင်း ထုတ်ပြန်ထားပါတယ်။
    Ref: Arab News
  • ဟဂ်ျဘုရားဖူးတွေ အခမဲ့ မျှဝေအသုံးပြုနိုင်မယ့် မီနာက စမတ်အိပ်ခန်းငယ်
    ဟဂ်ျဘုရားဖူးတွေ အခမဲ့ မျှဝေအသုံးပြုနိုင်မယ့် မီနာက စမတ်အိပ်ခန်းငယ်
    သြဂုတ် ၁၈၊ ၂၀၁၈
    M-Media
    အခမဲ့အသုံးပြုနိုင်မယ့် အိပ်ခန်းငယ်လေးများ
    – ကဒ်တစ်ခုကို ဝှေ့ယမ်းကာ အိပ်ခန်းငယ်လေးတစ်ခုရဲ့ တစ်ခါးကို ဖွင့်လိုက်တဲ့ မန်ဆူရ် အလ်-အေမာရ်ရဲ့ အပြုအမူဟာ ဂျပန်က နာမည်ကျော် အိပ်ခန်းငယ်ဟိုတယ်တွေကို သတိရစေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ အသေးစား အိပ်ခန်းလေးဟာ တနင်္ဂနွေနေ့ (သြဂုတ် ၁၉) ရက်နေ့မှာ စတင်မယ့် အစ္စလာမ်ဘာသာဝင်တို့ ဟဂ်ျပြုရာ ဆော်ဒီအာရေဗျမှာ ဖြစ်ပါတယ်။
    လာမယ့်ရက်အနည်းငယ်အတွင်း ဆော်ဒီက မီနာဒေသမှာ ဒီလို အိပ်ခန်းငယ်လေးတွေကို စတင်အသုံးပြုသွားဖို့ ရှိနေပါတယ်။ ၆ ရက်တာကြာမြင့်မယ့် ဟဂ်ျကျင့်စဉ်ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်ပြီး လူပေါင်း ၂ သန်းလောက် မီနာမှာ စုရုံးကြမှာ ဖြစ်ပါတယ်။
    ရာစုနှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ ဟဂ်ျကျင့်စဉ်ကို အခုနှစ်မှာ ခေတ်မီနည်းလမ်းတွေနဲ့ လွယ်ကူအောင် ဆော်ဒီအစိုးရက ဆောင်ရွက်ရာမှာ အခမဲ့အသုံးပြုနိုင်မယ့် စမတ် အိပ်ခန်းငယ်လေးတွေ ထားရှိပေးမယ့် အစီအစဉ်လည်း ပါဝင်လာပါတယ်။
    ချက်ခြင်းလက်ငင်း ဘာသာပြန်နိုင်ဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေမှာ အသုံးပြုနိုင်မယ့် အက်ပလီကေးရှင်းတွေကိုလည်း ဆော်ဒီအစိုးရက စီစဉ်ပေးထားပါတယ်။
    အေမာရ်ဦးဆောင်တဲ့ ဆော်ဒီပရဟိတအဖွဲ့ Haji and Mutamer Gift Charitable Association ဟာ ဟဂ်ျဘုရားဖူးတွေ အိပ်စက်အနားယူနိုင်ဖို့အတွက် လာမယ့် ရက်အနည်းငယ်အတွင်းမှာ စမတ်အိပ်စင် ၁၈ ခုကနေ ၂၄ ခုအထိ စီစဉ်ပေးသွားဖို့ ရှိနေပါတယ်။
    ဖိုက်ဘာမှန်သားနဲ့ ပြုလုပ်ထားတဲ့ အိပ်ခန်းငယ် တစ်ခုချင်းစီဟာ ၃ မီတာရှည်ကာ တစ်မီတာမြင့်ပြီး၊ မွေ့ယာ၊ အိပ်ယာခင်း၊ လေးအေးပေးစက်နဲ့ ညအိပ်မီးတွေ ပါဝင်မှာဖြစ်ပါတယ်။
    အိပ်ခန်းငယ်လေးတွေကို အသုံးပြုချိန်မှာ အလျားလိုက် ချထားနိုင်ပြီး အသုံးမပြုတဲ့အခါ ဒေါင်လိုင် သိမ်းဆည်းထားနိုင်ပါတယ်။
    “ဟဂျင်ကျင့်စဉ်အတွင်း ဘုရားဖူးတွေ သက်တောင့်သက်သာဖြစ်အောင် ဘယ်လို စီစဉ်ပေးရမလဲဆိုတာကို ကျွန်တော်တို့ အမြဲတမ်း စဉ်းစားနေတာပါ” လို့ အေမာရ်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    မျှဝေအသုံးပြုမှုစနစ်
    ဒီအိပ်ခန်းငယ်လေးတွေဟာ ဟဂ်ျကျင့်စဉ်အတွင်း ဟိုတယ်မငှားနိုင်တဲ့ ဘုရားဖူးတွေ အနားယူဖို့မလွယ်တဲ့ ပြဿနာအတွက် အဖြေလည်း ဖြစ်ပါတယ်။
    ဘုရားဖူးတစ်ယောက်ဟာ ဒီအိပ်ခန်းငယ်လေးတွေမှာ ၃ နာရီလောက် အိပ်စက် အနားယူနိုင်မှာ ဖြစ်ပါတယ်။ အိပ်ခန်းငယ်လေးတွေကို ဂျပန်ကတင်သွင်းတာဖြစ်ပြီး တစ်ခုကို ကန် ၁၁၁၄ ဒေါ်လာလောက် ကျသင့်ပါတယ်။
    အသုံးပြုသူက ဘုရားဝတ်ပြုဖို့အတွက် ထသွားမယ်ဆိုရင် ဟဂ်ျဝန်ထမ်းတွေက ဒီအိပ်ခန်းတွေကို သန့်ရှင်းရေးလုပ်ကာ အခြားတစ်ဦး အသုံးပြုဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။
    “ဒီဟာကို အသုံးပြုဖို့ စိတ်ကူးဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိနေပြီး ဂျပန်နဲ့ ကမ္ဘာ့အခြားမြို့ကြီးတွေမှာ သုံးနေကြပါတယ်။ ကျွန်တော်ဆီက လူများလွန်းတဲ့ မြင့်မြတ်ရာနေရာတွေနဲ့ မက္ကာအတွက် ဒီဟာလေးတွေက တော်တော်လေး အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်” လို့ အေမာရ်က ပြောပါတယ်။
    ဆော်ဒီအာရေဗျအနောက်ပိုင်း မက္ကာနဲ့ မီနာမြို့တို့က မြင့်မြတ်ရာနေရာတွေမှာ အဓိကဆောင်ရွက်ရတဲ့ ဟဂ်ျကျင့်စဉ်မှာ ဒီအိပ်ခန်းငယ်လေးတွေအပြင် ကား၊ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတွေကို မျှဝေအသုံးပြုတဲ့စနစ်ဟာလည်း လူကြိုက်များလာပါတယ်။
    “ဒီအိပ်ခန်းငယ်လေးတွေဟာ စက်ဘီးကို တစ်နာရီငှားစီးပြီး၊ အချိန်ပြည့်ရင် နောက်တစ်ယောက်အတွက် ထားခဲ့ရတဲ့ မျှဝေအသုံးပြုမှု စနစ်လိုပါပဲ” လို့ အေမာရ်က ပြောပါတယ်။
    အခုနှစ်အစောပိုင်းမှာ စမတ်အိပ်စဉ် ၁၂ ခုကို စမ်းသပ်အသုံးပြုမှုဟာ အောင်မြင်ခဲ့ပြီး၊ ရမ်ဇာန်ဥပုသ်လမှာ အဲဒီအိပ်ခန်းငယ်လေးတွေကို တစ်နေ့ အယောက် ၆၀ လောက်အသုံးပြုခဲ့ကြတယ်လို့လည်း အေမာရ်က ဆိုပါတယ်။
    ကမ္ဘာတစ်ဝှမ်းက ဘုရားဖူးခရီးသည်ပေါင်း ၂ သန်းလောက်ကို လက်ခံနေရာချထားပေးရာမှာ ဆော်ဒီအစိုးရဟာ အခုအနောက်ပိုင်း နောက်ဆုံးပေါ် နည်းစနစ်တွေကို အသုံးပြုလာခဲ့ပါတယ်။
    Ref: CNA
  • လူ့အခွင့်အရေးကိစ္စ ဝေဖန်မှုကြောင့် ဆော်ဒီက ကနေဒါသံအမတ်ကို နှင်ထုတ်
    လူ့အခွင့်အရေးကိစ္စ ဝေဖန်မှုကြောင့် ဆော်ဒီက ကနေဒါသံအမတ်ကို နှင်ထုတ်
    သြဂုတ် ၆၊ ၂၀၁၈
    M-Media
    ဖမ်းဆီးထားသည့် တက်ကြွလှုပ်ရှားသူကို ပြန်လွှတ်ပေးရေး ဆန္ဒပြမှု
    – လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရမှုကို ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ခဲ့တဲ့အတွက် ဆော်ဒီဟာ ကနေဒါသံအမတ်ကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပြီး ကနေဒါက သူတို့သံအမတ်ကိုလည်း ပြန်လည်ခေါ်ယူခဲ့ပါတယ်။
    ကနေဒါနိုင်ငံသားတစ်ဦးရဲ့ ဆွေမျိုးအပါအ၀င် လတ်တလော ဆော်ဒီက ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတွေကို ချက်ခြင်း လွှတ်ပေးဖို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့တစ်ပတ်မှာ တိုက်တွန်းဆော်သြခဲ့ပြီး ဒီလိုဖမ်းဆီးမှုအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    ဒီလိုဝေဖန်မှုကို မကျေနပ်တဲ့အတွက် ဆော်ဒီဆိုင်ရာ ကနေဒါသံအမတ် ဒန်းနစ်ဟိုရက်ကို တိုင်းပြည်က ၂၄ နာရီအတွင်း ထွက်သွားဖို့အတွက် အသိပေးခဲ့တယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက Saudi Press Agency က ဒီကနေ့မှာ ဖော်ပြပါတယ်။
    ဒါ့အပြင် ကနေဒါနဲ့ ဒေါ်လာဘီလီယံချီ ကုန်သွယ်ရေးလုပ်ငန်းအားလုံးကိုလည်း ရပ်ဆိုင်ခဲ့ပြီး၊ ကနေဒါက သူတို့သံအမတ်ကိုလည်း ဆော်ဒီက ပြန်ခေါ်ထားပါတယ်။
    ဆော်ဒီဟာ မေလကတည်းက အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဒါဇင်ကျော်လောက်ကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ပြီး ‘လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)’ အပါအ၀င် ကမ္ဘာတစ်ဝှမ်းက ဆော်ဒီရဲ့ ဒီလုပ်ရပ်ကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။
    Ref: Aljazeera
  • ဆော်ဒီဆရာဝန်တစ်ဦး ဆေးဘက်ဆိုင်ရာ အောင်မြင်မှုတစ်ခု ရရှိ
    ဆော်ဒီဆရာဝန်တစ်ဦး ဆေးဘက်ဆိုင်ရာ အောင်မြင်မှုတစ်ခု ရရှိ
    သြဂုတ် ၅၊ ၂၀၁၈
    M-Media
    ဒေါက်တာ ခါလစ် အလ်-ဆဟ်လီ (လယ်)
    – ဆော်ဒီအာရေဗျက ဆရာဝန်တစ်ဦးဟာ လေဖြတ်စေနိုင်တဲ့ ပရိုတိန်းတစ်မျိုးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ဆေးပညာနယ်ပယ်မှာ အောမြင်မှုတစ်ခုကို ရယူနိုင်ပါတယ်။
    ဒေါက်တာ ခါလစ် အလ်-ဆဟ်လီဖြစ်ပြီး platelet လို့ခေါ်တဲ့ သွေးဆဲလ်လေးတွေကို စုသွားပြီး သွေးကိုခဲသွားစေတဲ့ ပရိုတိန်းတစ်မျိုးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီပရိုတိန်းကြောင့် လေဖြတ်စေနိုင်ပြီး အလ်-ဆဟ်လီက ဒီလိုသွေးခဲမှုကို လျှော့ချပေးမယ့် ဒြပ်ပေါင်းတစ်ခုကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။
    ပါရဂူဘွဲ့အတွက် လေ့လာရာကနေ ဒီလိုတွေ့ရှိခဲ့တာဖြစ်ပြီး သူ ဖန်တီးဖော်ထုတ်ခဲ့တဲ့ ဒြပ်ပေါင်းကို လူနဲ့ တိရိစ္ဆာန် နှစ်မျိုးစလုံးမှာ စမ်းသပ်ရာမှာ သွေးခဲမှုကို ၆၇ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တာကို တွေ့ခဲ့ရပါတယ်။
    လက်ရှိမှာ ဗြိတိန်နှလုံးရောဂါဆိုင်ရာ အသင်းနဲ့ ဆေးဝါးကုမ္ပဏီတစ်ခုတို့ဟာ ဒေါက်တာ ခါလစ် အလ်-ဆဟ်လီနဲ့ ပူးပေါင်းကာ လေ့လာမှုဆက်လုပ်ဖို့ ကမ်းလှမ်းထားပါတယ်။
    Ref : Saudigzeette
  • Apple အား ပူးတွဲတည်ထောင်သူကို ဆော်ဒီက နည်းပညာသံတမန်အဖြစ် ခန့်အပ်
    Apple အား ပူးတွဲတည်ထောင်သူကို ဆော်ဒီက နည်းပညာသံတမန်အဖြစ် ခန့်အပ်
    သြဂုတ် ၄၊ ၂၀၁၈
    M-Media
    – နိုင်ငံရဲ့ နည်းပညာကဏ္ဍ တိုးတက်ပြီး ဒေသတွင်းမှာ ထိပ်တန်းဖြစ်လာဖို့အတွက် ဆော်ဒီက Apple ကို ပူးတွဲထောင်သူ ၀ုဇ်နီယက်ကို နည်းပညာသံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။
    ဆော်ဒီ ‘ဆိုက်ဘာလုံခြုံရေး၊ ပရိုဂမ်နှင့် ဒရုန်းဆိုင်ရာ အသင်း (SAFCSP)’ အကြီးအကဲ ဆအွဒ် ဘင် အဘ်ဒူလာ အလ် ကာတာနီဟာ မနေ့က အခမ်းအနားတစ်ခုမှာ ၀ုဇ်နီယက်ကို သံတမန်ခန့်အပ်လွှာ ပေးအပ်ခဲ့ပါတယ်။
    ဆော်ဒီဟာ NEOM ဆိုတဲ့အမည်နဲ့ အီဂျစ်နယ်စပ် တဘူးက်မှာ နည်းပညာမြို့တော်တစ်ခု တည်ဆောက်နေပြီး ၀ုဇ်နီယက်ကတော့ ဒီစီမံကိန်းကို အားကျတယ်လို့ ဆိုပါတယ်။
    “ဒါဟာ သိပ်မကြာခင်မှာ ရေးသားတော့မယ် ဆော်ဒီရဲ့ ထူးခြားတဲ့ သမိုင်းစာမျက်နှာတစ်ခု ဖြစ်ပြီး၊ နိုင်ငံတကာက အတုယူရမယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။ နည်းပညာ သံတမန်အဖြစ် ဒီစီမံကိန်းကို ပံ့ပိုးကူညီရမယ့်အတွက်လည်း ကျွန်တော် ပျော်ရွှင်မိပါတယ်”
    Ref: Arab News